Monday, January 5, 2015

ဗမာ့ဂီတမြစ်တစ်စင်း

(၁၉၆၀) နှောင်း (၁၉၇၀) မျိုးဆက် အတွက် Beatles တွေ ဘယ်လောက် ကောင်းကောင်း ကိုယ့်ဆီက Playboy အဖွဲ့ကို ပိုစွဲလမ်း နှစ်သက်ကြတယ်။
သိန်းတန် ဂစ်တာ တီးဟန်ကို စွဲတယ်။ သန်းနိုင် ရဲ့ ဒရမ် ရိုက်ချက်တွေကို ကြိုက်တယ်။ သိန်းတန် + သန်းနိုင် အတွဲ ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး ယစ်မူးကြတယ်။ သန်းနိုင် က “ပေတရာ လမ်းမ အနက်ရောင်လေး အပေါ် ငါ.. လျှောက်သွားရင်းနဲ့ လက်မှာ အဖော်.. ဒူးယား စီးကရက် တလိပ်ကို.. ရှိုက်ကာဖွာ..” အော်ရင် အသည်း ခိုက်အောင် ဖြစ်ကြတယ်။

တော်မီကျော်နိုင် ရဲ့ အဆို၊ အတီး၊ စင်မြင့် Performance တွေက ခေတ်ကို ဦးဆောင်နေတယ်။ Aces ရဲ့ အော်စတင်ဇေဗီယာ၊ E-Machine ရဲ့ ပီမော်ဂင်၊ King ရဲ့ ဒိုမီနိုတင်မောင် (မူဆာ)၊ ELF က တက္ကသိုလ်အေးမောင် အစရှိတဲ့ ဗမာ့ ရှေးဦး ဂစ်တာသမားများ၊ ဂီတသမားများကို အထူး ကြွေခဲ့ကြတယ်။
ဒီလိုပဲ ကျနော် တို့ (၁၉၈၀) နှောင်း၊ (၁၉၉၀) လူငယ်များ အတွက်လည်း တီဗွီဖန်သားပြင်က မြင်ရတဲ့ Jon Bon Jovi ထက်၊ Rachie Sambora ထက်၊ အရှင်လတ်လတ် မျက်စိရှေ့ မြင်နေရတဲ့ စင်မြင့် ထက် က ကိုဃ Dr. Martens ဖိနပ်ကိုစီး အသံချဲ့စက်အပေါ် ခြေတဖက် နင်းတင်ရင်း ဆံပင် ဝဲချနေတာ ကို ငယ်သံပါအောင် အော်ရင်း အားပေးတယ်။ ကိုဇော်ကြီး ရဲ့ ပြင်းရှတဲ့ Lead Solo တွေက ကြက်သီးမွေးညင်းထစေတယ်။ ဦးဘွဲ့ ရဲ့ ဂစ်တာ တီးဟန် ကို ခိုက်တယ်။
ပက်ထရစ်မေလာ က “ဖွတ်ချက်ကလေး Aces ပေါ့ ဟေ့.. ဖွတ်ချက်ကလေး စီးဖူးသလား.. ဟေ့” လုပ်ရင် သွေးတွေ ကြွလာတယ်။ ဒဲရစ်မေလာ ရဲ့ “အပြာရောင် ကော်ဖီဆိုင်မှာ အပြေးအလွှာလေး လိုက်ရှာလို့” ဗလုံးဗထွေး ဆိုသံက ထိတယ်။
ဂျေမောင်မောင် ဆိုတာ ဗမာ့ ရော့ခ်ဂီတ ရဲ့ ပြယုဂ်ပဲ၊ “ကိုယ်တယောက်တည်း အိပ်နေမယ်၊ အိပ်နေမယ်” သူ အော်ရင် မဆီမဆိုင် သွေးတွေ ဆူလာရတယ်။
ကိုဇာလျန်း၊ ကိုရဲလွင်တို့ ရဲ့ တည်ငြိမ်တဲ့ ဂစ်တာ ဘေ့စ် လိုက်သံတွေက ကျနော်တို့ရဲ့ ရင်ခုန်သံ တွေပဲ။
ခိုင်ထူး ကက်ဆက်တိပ်ခွေတွေ ထဲက မိုးကျော် ရဲ့ ဂစ်တာ Lead Solo တွေကို ဆွေးဆွေး မြည့်မြည့် ခံစားတယ်၊ “သိလား..” က အချိန်တိုင်း ရင်ထဲ ရောက်လာတတ်တယ်။
“တေးသွားလေးနှိုးလို့.. နိုးလာစဉ်မှာ လင်းအရုဏ်ငြိမ်သက်ဆဲ..” ဆိုတဲ့ ခင်မောင်တိုး ရဲ့ အသံဝါကြီးနဲ့ မဇ္စ္ဈိမလှိုင်း ရဲ့ အဖွင့်တေးဂီတ ပေါင်းစပ်မှု “လေပြည်ညင်း” က မနက်တိုင်း ရင်ဘတ် နှလုံးသားကို တိုက်ခတ်နေတယ်။
စိုင်းခမ်းလိတ်၊ ကိုနေဝင်း တို့ရဲ့ တေးဂီတ သံစဉ်၊ စာသား တွေက ဘဝ ဒဿနတွေပဲ။
စိုင်းထီးဆိုင် ရဲ့ သာယာနာပျော်ဖွယ် အသံ က ကျနော်တို့ အတွက် တရားသံပဲ။
ခင်ဝမ်း၊ မွန်းအောင် တို့ရဲ့ သီချင်းသံ တွေက ည ည ဂီတ ဝတ်ပြုခြင်း တမျိုးပဲ။
ခင်ဝမ်း ရဲ့ “ဧရာဝတီ” နဲ့ ကိုငှက်ရဲ့ “ရာဇဝင်များရဲ့သတို့သမီး” က ကျနော်တို့ အတွက် နိုင်ငံတော်သီချင်းပဲ။
ကျနော် တို့ အတွက် Ritchie Blackmore၊ Michael Schenker၊ Carlos Santana မရှိလည်း နေလို့ ရနိုင်ပေမဲ့ သူတို့ မရှိရင်တော့ အသက် ဝိညာဉ် တွေ ကင်းမဲ့ သွားမယ်။
Deep Purple ထက် ဗမာပြည် ရဲ့ Deep Purple သွှအောင်၊ ဂျွန်သင်ဇမ်း တို့ကို (ကျနော်တို့) ပိုလိုအပ်တယ်။
သူတို့ရဲ့ ဂုဏ်ကျေးဇူးက ဗမာ့လူ့အဖွဲ့အစည်း အတွက် ကြီးလှတယ်။
ဒီထဲမှာ ကိုဇော်ကြီး ရဲ့ အခန်းကဏ္ဍ က ထိပ်ပိုင်းနေရာမှာ ရှိတယ်။ ဆိုတော့ Steve Vai မရှိလည်း၊ Joe Satriani ရဲ့ ဂစ်တာ သံကို နားမထောင်ဖူးလည်း ဗမာပြည် လူသာမန် များ အတွက် ကိစ္စ မရှိဘူး၊ ကိုဇော်ကြီး မရှိခဲ့ရင်တော့ မဖြစ်ဘူး။
ဂီတသမား မိတ်ဆွေ တယောက် က ဆိုဖူးတယ်။ (၁၉၈၀) ခုနှစ် အလယ်များ မှာ ဗမာပြည် ရဲ့ အကောင်းဆုံး ဂစ်တာသမား အဖြစ် ကိုဘွဲ့မှူးနဲ့ ကိုဖိုးဇော်ကြီးလို့ သူတို့ သတ်မှတ်တယ်၊ ဒါပေမဲ့ ပြဿနာက ဘယ်သူက ‘တစ်’၊ ဘယ်သူ က ‘နှစ်’ လို့ မခွဲနိုင်တာပဲ လို့ ဆိုဖူးတယ်။ ဘယ်သူ ဗိုလ် ဖြစ်ဖြစ်၊ ပရိသတ် အတွက်တော့ နှစ်ယောက်လုံး က ဂစ်တာဘုရား ချည်းပါပဲ။ ကိုဇော်ကြီး အကြိုက်ဆုံး ဂစ်တာသမား ကတော့ စူပါစတားအဖွဲ့က ဂီတမှူး (ကို) ဟန်ငွေထွန်း (ရေမွန်) လို့ ကိုမျိုး (အိုင်အာ) နဲ့ အင်တာဗျူးမှာ ပြောဖူးခဲ့တာ သတိရတယ်။
Van Halen Tapping တီးတာ ဗမာပြည်က သာမန်လူအများအတွက် လက်လှမ်းမမီနိုင်၊ စိတ်မဝင်စားနိုင်။ ဒါပေမဲ့ စောဘွဲ့မှူး၊ ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) နှစ်ဦး ရဲ့ Finger Tapping တီးဟန်ကို ဗမာပြည် အတွက် ရှေးဦး (၈၀) ခုနှစ်များရဲ့ စင်မြင့်ထက်မှာ မြင်ရ၊ ကက်ဆက်တိပ်ခွေများမှာ ကြားရတော့ သူတို့ နှစ်ဦးဟာ ကျနော်တို့ အတွက် ဗမာ့ ဂစ်တာ ဘုရား နှစ်ဆူပါပဲ။
ကိုဇော်ကြီး ကို ပင်တိုင် မဇ္စ္ဈိမလှိုင်း အဖွဲ့နဲ့ တွဲ ပြီး အနောက်တိုင်း ဂီတ နဲ့ အရှေ့တိုင်း ရိုးရာ ဟန် ပေါင်းစပ်မှု ဂီတ ပုံစံ ကို ပရိသတ် အများ နှစ်သက်ကြတယ်။ မဇ္စ္ဈိမလှိုင်း ရဲ့ တည်ငြိမ် အေးဆေးတဲ့ ဂီတ မှာ ကိုဇော်ကြီး ရဲ့ ထူးခြား စူးရှတဲ့ စူးရဲရဲ Lead ဂစ်တာ အသံ Intro အဝင်တွေ၊ Solo အတီးတွေ စတဲ့ ကိုယ်ပိုင်ဟန် ဆန်းသစ် တီထွင်မှုတွေ ကို လူတွေ စွဲကြတယ်။
ကိုဇော်ကြီး T-4 အဖွဲ့အနေနဲ့တီးတဲ့ ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြားသံစဉ်မှီး တေးစုတွေကိုလည်း ဂီတ ဝါသနာရှင်၊ အထူးသဖြင့် ဂစ်တာ ဝါသနာ ရှင်မျာ စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ကြတယ်။ ကိုယ်ပိုင်သံစဉ် တီးခတ်မှုတွေမှာ ထိုးထွင်း ဖန်တီး တီးခတ်နိုင်မှု၊ နိုင်ငံခြား သံစဉ်မှီးတွေကို တီးရာမှာ မူရင်း နိုင်ငံတကာ ဂစ်တာ သမား များ လက်ရာ အတိုင်း အမီ တီးနိုင်မှုတွေကြောင့် ကိုဇော်ကြီး ကို ပရိသတ်များ က လေးစား အားပေး ကြရုံသာမက ဂီတ သမားများ အချင်းချင်းလည်း လေးစားသမှု ရှိကြတယ်။ လူငယ် ပရိုဂစ်တာသမားများ အတော်များများ အတွက် ကိုဇော်ကြီး ဟာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ Role Model တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတဲ့ ဖွင့်ဟမူတွေ အမြဲကြားခဲ့ရတယ်။
ကိုဇော်ကြီး ရဲ့ ဂီတ သီအိုရီ နိုင်နင်းမှု၊ ဂီတပညာ ပြည့်ဝမှု တွေ အတွက်လည်း လူအများ လေးစားခဲ့ရတယ်။ မဇ္စ္ဈိမလှိုင်း မှာ ကိုမောင်မောင်၊ ဇော်မျိုးထွဋ်၊ ခင်မောင်တိုး တို့ (၃) ဦးဟာ ဂီတ စီမံခန့်ခွဲမှု Musical Arrangement ကို ဝါသနာ စူးနစ် အဓိက လုပ်ခဲ့ကြသူတွေပါပဲ။
ဒါ့အပြင် ကိုဇော်ကြီး က ဂီတမှူး အဖြစ်နဲ့ သင်္ကြန်မိုး အပါအဝင် အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပေါင်းမြောက်မြားစွာကို တာဝန်ယူ ဆောင်ရွက်၊ ဂီတ စီမံ ခဲ့တယ်။ ရုပ်ရှင်အကယ်ဒမီ ဆုတွေလည်း နောက်ခံ ဂီတအတွက် ရခဲ့တယ်။ ဂီတအလုပ်နဲ့ ပဲ ဘဝ တလျှောက်လုံး နေသွား၊ သေသွားခဲတယ်။
ကိုဇော်ကြီး ပေးဆပ်ခဲ့တဲ့ ဂီတ အလုပ်၊ ဂီတ ကျေးဇူး များက ဗမာပြည် အတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ။
(၂၀၁၃) ဒီဇင်ဘာ ထဲ မှာ ထွက်ခဲ့တဲ့ ဆလိုင်းသွှအောင် + ဆလိုင်းဂျွန်သင်ဇမ်း + ဆလိုင်းသျှမ်းလျှန် (၃) ယောက် အုပ်စုရဲ့ နှစ်ပေါင်း (၃၀) အကြာ အခွေ သစ်မှာ ကိုဇော်ကြီး Session Player အနေနဲ့ ဝင်တီးပေးခဲ့တဲ့ ရော့ခ်သီချင်း နှစ်ပုဒ် လက်သံဟာ သူ့ရဲ့ နောက်ဆုံး ဖြစ်မယ်ထင်တယ်။ ဂီတ မိတ်ဆွေ တယောက်က အဲဒီ အခွေသစ် ကို နားထောင်ရင်း တီးခတ်သူ Player Line-up မသိသေးတော့ သီချင်း တချို့ နားထောင်ပြီး “ဟ.. Lead သမား က ကိုဘွဲ့မှူး အဆင့် အတိုင်းပါပဲလား” လို့ တအံတသြ ဖြစ်ရကြောင်း ဆိုဖူးတယ်။ နောက် အတီး လူစာရင်း တပုဒ်ချင်း သိရတော့ မှ အဲ့ဒီ သီချင်းတွေက ကိုဇော်ကြီး တီးကြောင်း သိရတော့ မအံ့သြတော့ကြောင်း ပြောတယ်။
(၅၀) ကျော် ကိုဇော်ကြီး တယောက် လက်မကျ သေးဘူး ဆိုတာ ပရိသတ်များ သိရ၊ ကြားရ၊ ဝမ်းသာရ ဖြစ်နေတုန်းမှာ မထင်မှတ်ဘဲ (၂၀၁၄) နှစ်စမှာပဲ ရုတ်တရက် ဆုံးခဲ့ရှာတယ်။
ဒါမျိုး ဂီတ အလုပ်တွေ အပြင် ကိုဇော်ကြီး ဟာ နောက်ဆုံး မဆုံးခင် အချိန်ထိ ဗမာ့ ဂီတလောကမှာ အမြဲတမ်း မထင်ပေါ်၊ အနှိမ်ခံ ဖြစ်လေ့ရှိတဲ့ အတီးသမားများ ဘက်က ဦးဆောင် မားမားမတ်မတ် ရပ်ရင်း အတီးပညာရှင်များ မှန်မှန်ကန်ကန်၊ မျှမျှတတ အကျိုးခံစားခွင့် ရရေး အတွက်လည်း တက်တက်ကြွကြွ ဆော်သြ နေခဲ့တာကို သတိထားမိခဲ့တယ်။
အလုပ်တွေ အများကြီး ဆက်လုပ်နိုင်ဖို့ အကောင်ဆုံး အရွယ် (၅၀) ကျော်မှာ အချိန်မတိုင်ဘဲ ခရီးဆက် ထွက်ခွာသွားတာဟာ အင်မတန် နှမြောဖို့ ကောင်းလှသလို ဗမာ့ဂီတလောက အတွက် (စကားအဖြစ်မဟုတ်တဲ့) တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ပါပဲ။
ငြိမ်းချမ်းအေး
(ဂီတမှူး ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း) (ဖွား ၃၁ မေ ၁၉၆၀ -- ဆုံး - ၀၅ ဇန်နဝါရီ ၂၀၁၄) ကွယ်လွန်ခြင်း (၁) နှစ်ပြည့် အမှတ်တရ “ဗမာ့ဂီတမြစ်တစ်စင်း” ပြည်လည်ကောက်နှုတ်လိုက်ပါသည်။ ဗမာ့ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ နှင့် ဂီတသမားများ ကျန်းမာ သက်ရှည်ပါစေ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...