Monday, January 19, 2015

ဖွင့်ဆောင်းမရတဲ့ ထီး

Cho Pain Naung


အထွေအထူးတော့ မဟုတ်ဘူး။ ကျနော် ညက အရင်ညတွေတုန်းကလိုပဲအိပ်လိုက်တယ်။ မနက်မိုးလင်းလာတော့ အရင်မနက်တွေတုန်း ကလိုပဲ ထလိုက်တယ်။ ထလိုက်တာအကောင်းပါ။ နိုးနိုးချင်း မှန်ထဲကိုကြည့်လိုက်တော့ ကျနော့်ကိုယ်ကျနော် လန့်သွားတယ်။ ကျနော့် မျက်နှာက အရင်လိုမဟုတ်ဘူး။ တခုခုလိုနေသလိုလို၊ ပိုနေသလိုလို ထင်ရတယ်။ တခြားခံစားချက်တွေက အတူတူပဲပေမယ်လို့ ကျနော့်မျက်နှာ ပြောင်းလဲသွားတဲ့ကိစ္စက ဘာကြီးမှန်းကို မသိဘူး။ မှန်ထဲကလူကို ကျနော်မရင်းနှီးဘူးဖြစ်နေတယ်။အတွေးတွေနဲ့ နိုးလာပေမယ်လို့ အိပ်ရာနိုးရတာ ဒီမျက်နှာကြီးမြင်လိုက်ရတာနဲ့ကို နေမပျော်တော့ဘူး။ ကျနော့်မျက်နှာတစ်မျိုးဖြစ်သွားတာကို ကျနော်သိပ်ခံစားနေလို့ မဖြစ်ဘူး။ ဒီတစ်နေ့အဖို့ ကျနော်အလုပ်တွေကတအားများတယ်။ ဖုန်းဘီလ်ဆောင်ရမယ်၊ ပြီးတော့ ဂက်စ်လိုင်းပေါက်နေတာ ဖုန်းဆက်အကြောင်း ကြားထားတာကြာလှရှိပြီ။ ခုထိ လာမလုပ်ပေးသေးဘူး။ အဲဒါ လူကိုယ်တိုင်လိုက်ပြောရမယ်။ ပြီးတော့ စာတစ်စောင်သွားထည့်ရမယ်။ ပြီးတော့ ညနေစာအတွက် ဈေးသွားဝယ်ရမယ်။ ချက်ရပြုတ်ရမယ်။ ပြီးရင် ကျနော့်အမျိုးသမီးရဲ့ ၂၅ နှစ်မြောက်မွေးနေ့အတွက် ပန်းစည်းလက်ဆောင်သွားဝယ်ရမယ်။ ညနေကျရင် ကျနော်တို့ စားနေကျ စားသောက်ဆိုင်လေးမှာချိန်းထားကြတယ်။ ညနေစာအတူ စားမယ်။ ပြီးရင် ရုပ်ရှင်ညပွဲသွားကြည့်မယ်။ ပြီးရင် တိတ်ဆိတ်ပြီး ရှင်းလင်းနေတဲ့ နီယွန်မီးရောင်တွေအောက်က လမ်းမတွေပေါ်မှာ လေညှင်းခံရင်း လမ်းတူတူလျှောက်ကြမယ်။ ပြီးရင် ဒီည ကျနော်တို့ အိမ်မပြန်ဘူး။ ဟိုတယ်တစ်ခုမှာ ညအိပ်ဖို့လုပ်ထားတယ်။ ဒီညကို ကျနော်တို့ လူပျိုအပျိုတုန်းကအတိုင်း ကုန်ဆုံးဖို့ဆုံးဖြတ်ထားတယ်။ ကျနော့်အတွေးတွေက ဒီတစ်နေ့အတွက် သိပ်လှနေတာဖြစ်တာကြောင့် ကျနော့်မျက်နှာ ပုံစံပြောင်းသွားတာကိုတောင် အရေးမကြီးပါဘူးလို့ သတိပေးမိတဲ့အထိပဲ။

ကျနော်ရေချိုးခန်းဝင်လိုက်တယ်။ ဘေဇင်မှာ ကုန်းပြီးမျက်နှာသစ်လိုက်တယ်။ မျက်နှာသစ်ပြီး ပြန်မော့လိုက်တော့ မှန်ထဲမှာ လူတစ်ယောက်။ ကျနော်လန့်သွားတယ်။ ဒီလူကို ကျနော်မသိဘူး။ မရင်းနှီးဘူး။ ဘယ်သူလဲမသိဘူး။ ကျနော် အနောက်ကို ပြန်လှည့် ကြည့်လိုက်တယ်။ အနောက်မှာ ဘယ်သူမှ မရှိနေဘူး။ ကျနော် မှန်ဘက်ပြန်လှည့်လိုက်ပြီး အတည်ပြုလိုက်တယ်။ မှန်ထဲကလူဟာ ကျနော်ပဲ။ ကျနော့်မျက်နှာပဲ။ ကျနော့်အရင်တုန်းက မျက်နှာဟာ ဒါမဟုတ်ပေမယ်လို့ ခုမြင်နေရတာ ကျနော်ပဲဆိုတော့ ကျနော်လက်ခံရ မှာပေါ့။ ပြသနာမရှိပါဘူးလို့ ကိုယ့်ကိုကိုယ် ပြောလိုက်တယ်။ ကျနော်ရင်းနှီးနှီး မရင်းနှီးနှီး ကျနော့်ခေါင်းမှာကပ်နေတာ ကျနော့်မျက်နှာဆိုရင် ဒါကျနော့်မျက်နှာပဲ။ အဲဒီမျက်နှာပေါ်က အမွှေးအမျှင်တွေကို ကျနော်ရိတ်ဖယ်ပစ်လိုက်တယ်။ ရှင်းလင်းသွားတဲ့ မျက်နှာမှာ ကျနော်ဟာ သန့်လို့ပြန့်လို့ပဲ။ ကျနော် ပြုံးပြလိုက်တယ်။ မှန်ထဲကလူက ကျနော့်ကို ပြန်ပြုံးပြတယ်။ ဆောရီး။ ကျနော် ဒီလို မပြောသင့်ဘူးနော်။ မှန်ထဲကလူဟာ ကျနော်ပဲဆိုတော့ .. ။
တစ်နေကုန် လုပ်စရာအလုပ်တွေအကုန်လုပ်ပြီးတဲ့နောက် အမျိုးသမီးအတွက် ပန်းစည်းသွားဝယ်တယ်။ သူအကြိုက်ဆုံးဖြစ်တဲ့ အဖြူရောင် များများပါတဲ့ နှင်းဆီပန်းတစ်စည်းတွေ့တယ်။ မဆိုးပါဘူး။ သူကြိုက်နိုင်တယ်။ ကျနော် ၀ယ်လိုက်တယ်။ ပန်းဆိုင်က ပြန်ထွက်လာပြီးတော့ ကျနော်စားသောက်ဆိုင်မှာ စောင့်နေမယ့်အကြောင်း သူ့ကိုဖုန်းဆက်ပြောလိုက်တယ်။ ပြောပြီးဖုန်းချပြီးမှ ကျနော် သတိရသွားတယ်။ ကျနော့်မျက်နှာကို ကျနော်တောင် မမှတ်မိရင် ကျနော့်မိန်းမ မှတ်မိပါ့မလား။ ကျနော် ဖုန်းပြန်ဆက်လိုက်တယ်။ “အင်း ..။” လို့ သူဖုန်းထူးတယ်။ အသံနားထောင်ရတာ တစ်ခုခုလုပ်နေတဲ့ပုံပဲ။ ဈေးဝယ်နေတာတို့ ဘာတို့ပေါ့လေ။ “ကိုယ် မင်းကို တစ်ခု အရေးကြီးတာပြောဖို့ကျန်နေတယ်။ ခုပြောရင် အဆင်ပြေမလား။” လို့ မေးလိုက်တော့ သူက “ခဏနေ စားသောက်ဆိုင်မှာ တွေ့မယ်လေ။ အဲဒီကျမှ ပြောလို့ဖြစ်မလား။ စားသောက်ဆိုင် မရောက်ခင် ကျမသိမှဖြစ်မယ့်ကိစ္စမို့လား။” လို့  ပြန်မေးတယ်။ ကျနော် သူ့ကို အားနာသွားတယ်။ “အင်း မဟုတ်ပါဘူး။ ဒါဆို ကိုယ်ရင်ဘတ်မှာ နှင်းဆီလေးတစ်ပွင့်ထိုးထားမယ်နော်။” လို့ ကျနော် ပြန်ပြောလိုက်တယ်။ သူတုံ့ပြန်တဲ့အသံက အဘိဓာန်တွေထဲမှာ မရှိတဲ့အသံမျိုးမို့ ကျနော်အခုကြားလိုက်တဲ့ အသံကို စာရိုက်ပြဖို့ မလွယ်ဘူး။ အာမေဋိတ်လို့ပဲ လွယ်လွယ်ပြောလိုက်ပါစို့ရဲ့။ ပြီးတော့ မှတ်ချက်တစ်ခုချတယ်။ “ကြောင်တောင်တောင်နဲ့..။ ” တဲ့။
ကျနော် စားသောက်ဆိုင်ကို ချိန်းထားတဲ့အချိန် အတိအကျရောက်တယ်။ သူကတော့ ထုံးစံအတိုင်း နည်းနည်းလေးဆိုရုံနောက်ကျတတ် တယ်။ ကျနော်ကတော့ သူ့ကိုချစ်သူဘ၀တည်းက ခွင့်လွှတ်ထားပြီးသားဆိုတော့ သိပ်ပြသနာမရှိလှဘူး။ ကျနော် ရင်ဘတ်ကို အမှတ်တမဲ့စမ်းလိုက်ရင်း နှင်းဆီထိုးမလာမိတာကို သတိရသွားတယ်။ အရန်သင့်ပဲ စားပွဲပေါ်က ပန်းအိုးထဲမှာ အ၀ါရောင်နှင်းဆီတစ်ပွင့် တွေ့တာနဲ့ ကျနော်ယူပြီး ရင်ဘတ်မှာထိုးထားလိုက်တယ်။ ဒါမှ သူကျနော့်ကိုမှတ်မိမယ်မဟုတ်လား။ ကျနော့်ကို သူမမှတ်မိခဲ့သည်ရှိ သော် သူဆိုင်ထဲဝင်လာတာနဲ့ ကျနော်တွေ့နိုင်အောင် ဆိုင်တံခါးဝဘက် မျက်နှာလှည့်ထိုင်နေလိုက်တယ်။ ဆိုင်ထဲက စားပွဲထိုးလေးက ကျနော့်ကို လာရယ်ပြတယ်။ “မတွေ့တာကြာပြီနော်။” လို့ ထပ်ပြောတယ်။ သူ့ကို ကျနော်မမြင်ဖူးဘူး။ သူကတော့ ကျနော့်ကို အတော် ကိုရင်းနှီးနေတဲ့ပုံနဲ့ကို လာနှုတ်ဆက်နေတာ။ ကျနော်အားနာတာနဲ့ အလုပ်တွေများနေလို့ မလာဖြစ်တာ ဖြစ်တဲ့အကြောင်း သူ့ကိုပြန်ပြောလိုက်တယ်။ သူကခေါင်းညိတ်ပြပြီး “ခင်ဗျားက ဘယ်ဆံပင်ပုံစံနဲ့ဖြစ်ဖြစ် လိုက်ဖက်နေတာပဲ။” လို့ ပြောပြီး ပြန်ထွက်သွား တယ်။ ဒီစကားက ဒီဆိုင်က ကျနော်နဲ့ အရမ်းရင်းနှီးတဲ့ စားပွဲထိုးလေးတစ်ယောက် ကျနော်ဒီဆိုင်လာထိုင်တိုင်း ပြောနေကျစကားပဲ။ ဒါပေမယ်လို့ သူ့မျက်နှာက ဘာဖြစ်သွားတာလဲ။ သူရော ကျနော့်လိုပဲ အိပ်ယာနိုးလာပြီး မျက်နှာပြောင်းသွားတာလား။ ဒါကြောင့် သူ့ကို ကျနော် မမှတ်မိတော့တာလား။ ဒါဆို သူ့ကိုယ်သူရော သူမှတ်မိရဲ့လား။ ပထမတော့ သူ့ကိုလှမ်းခေါ်ပြီး မေးလိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ တကယ်လို့များ ကျနော်တွေးသလို မဟုတ်ဘူးဆိုရင် သူကျနော့်ကို အရူးလို့ထင်သွားမှာပဲ။ ဒါကြောင့် ကျနော် မခေါ်ဖြစ် လိုက်တော့ဘူး။ ကျနော့်မိန်းမကိုပဲ ကျနော်ဆက်စောင့်နေလိုက်တော့တယ်။
ခဏကြာတော့ ဆိုင်တံခါးပေါက်ဝမှာ အမျိုးသမီးတစ်ယောက်ပျာပျာပျာပျာနဲ့ ၀င်လာတာကိုတွေ့လိုက်တယ်။ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ ကျနော့်အမျိုးသမီးလောက်ပဲထင်ရဲ့။ ဆံပင်ပုံလည်းတူတယ်။ ဒါပေမယ်လို့ စားသောက်ဆိုင်ကိုလာတာ ဒီလောက်ပျာယာခတ်နေဖို့ မလိုအပ်ဘူးထင်တာပဲ။ ယောက်ျားတစ်ယောက်အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ အိနြေ္ဒမရဘူး။ ကျနော်လည်း ကျနော့်အမျိုးသမီးကိုဆက်စောင့်နေလိုက်တယ်။ သူဘာလို့နောက်ကျနေပါလိမ့်။ ကျနော်ဖုန်းဆက်ကြည့်မလားလို့ ဖုန်းကိုထုတ်လိုက်တယ်။ ခုနကတွေ့လိုက်တဲ့ အမျိုးသမီးက ကျနော်နဲ့ မျက်နှာချင်းဆိုင်ကခုံမှာ ပျာပျာသလဲဝင်ထိုင်လိုက်ရင်း “ဆောရီးနော်။” လို့ အပြုံးနဲ့ပြောလာတယ်။ ကျနော် တစ်ချက်ကြောင်သွားတယ်။ ခုနကကြားလိုက်တဲ့အသံကတော့ ကျနော့်အမျိုးသမီး အသံပဲ။ သူနောက်ကျတိုင်း ပြောလေ့ရှိတဲ့အသံမျိုးနဲ့။ ဒါပေမယ်လို့ မျက်နှာက ကျနော့်အမျိုးသမီးမျက်နှာမဟုတ်ဘူး။ ကျနော်မျက်မှောင်ကျုံ့ပြီး သူ့ကို ကြည့်နေလိုက်တယ်။ ဘာလဲ ဒီမိန်းမ။
အဲဒီအမျိုးသမီးက ကျနော့်ကို မသင်္ကာသလိုကြည့်ရင်း ပြန်ပြောတယ်။ “ရှင် ဘာဖြစ်နေတာလဲ။ ကျမနောက်ကျလို့ စိတ်ဆိုးနေတာလား။ ဆောရီးပါရှင်။ ကျမဖုန်းက နာရီက နောက်ကျနေတာ။ အဲဒီနာရီနောက်အကျကြီးကို ကြည့်နေပြီးရှင့်ဆီလာဖို့ ရထားနောက်ကျသွားလို့ ခုချိန်မှ ရောက်လာရတာ။” တဲ့။ ကျနော် ဒီအမျိုးသမီးကို သေချာကြည့်လိုက်တယ်။ ကျနော် အာရုံမှောက်မှားနေတာလား။ အသံရော အရပ်အမောင်းရော အ၀တ်အစားရော ကိုယ်လုံးကိုယ်ထည်ရော ကျနော့်အမျိုးသမီးပါပဲ။ ဒါပေမယ်လို့ သူ့မျက်နှာက ဘာဖြစ်သွားတာလဲ။ ကျနော် မျက်တောင်တစ်ချက်ခတ်လိုက်တယ်။ ကျနော်အာရုံမှားတာဆိုရင် မျက်တောင်ခတ်လိုက်ရင် ပျောက်သွားနိုင်တယ်။ ဒါပေမယ်လို့ မျက်တောင်ဘယ်နှချက်ခတ်ခတ် သူ့ဒီမျက်နှာက ဒီမျက်နှာပဲ။ ကျနော် ခဏခဏမျက်တောင်ခတ် နေတာ သူတွေ့တော့စိတ်ပူတဲ့ဟန်နဲ့ ကျနော့်နဖူးကို လာစမ်းတယ်။“ရှင် ဒီနေ့ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ ဒီနေ့ အပြင် ထွက်ရတာများသွားလို့နဲ့ထင်တယ်။” လို့ ပြောလာတယ်။ ကျနော်ဖုန်းကိုထုတ်လိုက်တယ်။ ကျနော်က ကျနော့်မျက်နှာကို မမှတ်မိတာ ဆိုတော့ သူ့မျက်နှာကိုရော မမှတ်မိတာမျိုးမဖြစ်နိုင်ဘူးလား။ ခုနကစားပွဲထိုးလေး မျက်နှာကိုတောင်မမှတ်မိတာပဲ။ ကျနော့်အမျိုးသမီးရဲ့ ပုံက ကျနော့်ဖုန်းထဲမှာ အပြည့်ရှိတယ်။ တစ်ပုံလောက်ထုတ်ကြည့်လိုက်ရင် သိနိုင်တယ်။ ကျနော်ဖုန်း Gallery ကိုဖွင့်ကြည့်လိုက်တယ်။ Gallery ထဲမှာ ကျနော့်ရှေ့က အမျိုးသမီးရဲ့မျက်နှာကိုတွေ့ရတယ်။ ပုံတိုင်းသူ့ချည့်ပဲ။ ကျနော် လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ ဟုတ်တယ်။ ကျနော် ကျနော့်အမျိုးသမီးရဲ့ မျက်နှာကိုပါ မမှတ်မိတော့ဘူး။ ကျနော် သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ကိုကြည့်ပြီး ပြုံးပြလိုက်တယ်။
“တစ်ခုခုဖြစ်နေတာလား။”
“မဟုတ်ပါဘူး။ ဒါပေမယ်လို့ ကိုယ်ပြောစရာရှိတယ်။”             
အနားရောက်လာတဲ့  စားပွဲထိုးလေးကို သူကပြုံးပြပြီး စားစရာတွေမှာနေတာနဲ့ ကျနော်ပြောဖို့ကို ခဏရပ်ထားလိုက်တယ်။ စားပွဲထိုးလေး ပြန်ထွက်သွားတော့မှ ကျနော်မနက်က ဖြစ်တဲ့အကြောင်းစုံကို သူ့ကိုရှင်းပြလိုက်တယ်။ ပထမတော့ သူအံ့သြသလို၊ နောက်တော့ သရော်ချင်သလို၊ နောက်ဆုံးမှာတော့ ၀ါးလုံးကွဲရယ်ချလိုက်တော့တယ်။ ဘေးစားပွဲတွေက ကျနော်တို့ဝိုင်းကို လှည့်ကြည့် ကြတယ်။ ကျနော်တစ်ချက်ရှက်သွားတယ်။ ကျနော် သူ့ကို(ကျနော် အမျိုးသမီးကို) လူကြားသူကြားထဲ ဒီလိုမရယ်ဖို့ ပြောထားတာ ခဏခဏရှိပြီ။ သူနားမထောင်ခဲ့ဘူး။ ခုလည်း နားမထောင်ဘူး။ ကျနော်နည်းနည်းတော့ ရှက်လည်းရှက်သွား၊ ဒေါသလည်း ဖြစ်သွားပေမယ်လို့ ဘာမှမဖြစ်သယောင်ဆောင်နေလိုက်တယ်။
“ကိုယ်တကယ်ပြောတာ။” လို့ မျက်နှာထားတည်တည်နဲ့ ပြောရင်း ခုနကစားပွဲထိုးလေးရဲ့မျက်နှာက ပြောင်းသွားတာလား။ ဒါမှမဟုတ် ကျနော် မမှတ်မိတာလားမသိဘူးလို့ပါ ထည့်ပြောလိုက်တယ်။ သူခဏတော့ ငိုင်သွားတယ်။ ကြည့်ရတာ တစ်ခုခုကို တွေးနေတဲ့ပုံပဲ။ သူ အဆင်ပြေပြေတွေးလို့ရအောင် ကျနော် ငြိမ်နေလိုက်တယ်။ ကျနော့်မှာ တိုင်ပင်စရာက သူပဲရှိတယ်မဟုတ်လား။ တခြားလူတွေကို သွား ပြောကြည့်ပါလား။ ခုနက သူရယ်သလိုပဲ ကျနော့်ကို ရယ်မှာပေါ့။ ရယ်မယ့်အပြင် ကျနော့်နောက်ကွယ်မှာ ကျနော့်ကို စိတ်ပဲဖောက်ပြန် နေသယောင်ယောင်၊ ရူးချင်ယောင်ဆောင်နေသယောင်ယောင် ပြောနေကြလိမ့်မယ်။ ဒါကို ကျနော်မခံနိုင်ဘူး။ သူစဉ်းစားခန်းဝင်နေတုန်း ကျနော့်ရင်ဘတ်မှာ ထိုးထားတဲ့ နှင်းဆီပန်းပွင့်ဖတ်တွေကို ခွာနေလိုက်တယ်။
ခဏနေတော့ သူကျနော့်ကိုကြည့်တယ်။ “ကျမကို ဘယ်လိုမှတ်မိတာလဲဒါဆို.. ။” လို့မေးတယ်။ ကျနော် ဖုန်းကိုပြလိုက်တယ်။ သူဘာမှ မပြောဘူး။ ဆက်တွေးနေပုံပဲ။ သူတွေးနေတာကို ကြည့်ပြီး ကျနော့်ဖုန်းကို ကျနော်ပြန်ဖွင့်၊ သူ့ဓါတ်ပုံတွေ ပြန်လျှောက်ကြည့်နေလိုက်တယ်။ တစ်ယောက်တည်းပုံတွေကတော့ ဘာမှမဖြစ်ဘူး။ နောက်တော့ ယောက်ျားတစ်ယောက်နဲ့ တွဲရိုက် ထားတဲ့ပုံတွေကို ကျနော်တွေ့တော့ ဒေါသတစ်ချက်ဖြစ်သွားတယ်။ သူ့ကိုပြလိုက်တယ်။ ဒါဘယ်သူလဲလို့ မမေးခင်မှာပဲ “ရှင့်ကိုယ်ရှင် လည်းမမှတ်မိတော့ဘူး။ ဒီလိုလား။” လို့ အံ့သြဟန်နဲ့ သူကမေးတယ်။ ကျနော်က မှတ်မိတဲ့အကြောင်းနဲ့ မနက်ကတောင် ကျနော် ထွက်မလာသေးခင် မှန်ကြည့်ခဲ့သေးတယ်လို့ ပြောပြလိုက်တယ်။ သူက “ဒါဆို ဒီပုံထဲက ဘယ်သူလဲဆိုတာ ရှင်သိရမှာပေါ့။” လို့ ကျနော့်ကို ပြောတယ်။ ကျနော် ဓါတ်ပုံကို အသေအချာပြန်ကြည့်လိုက်တယ်။ ဟုတ်လား။ ဒီပုံထဲက လူဟာကျနော်ပဲလား။ ကျနော် မနက်ကတင် မှန်ကြည့်လာသေးတယ်။ မှန်ကြည့်ကြည့်ချင်းမှာ ကျနော့်မျက်နှာ ကျနော်မမှတ်မိပေမယ်လို့ (အသစ်ဖြစ်လာတယ်လို့ ထင်ရတဲ့) မျက်နှာကို မှတ်မိအောင် အသေအချာပြန်ကြည့်လာခဲ့တယ်။ ခုကျတော့ ဒီပုံထဲက မျက်နှာကို ကျနော်မမှတ်မိပြန်ဘူး။ ကျနော် ဘာတွေဖြစ်နေတာလဲ။ ကျနော်ရင်တွေ တဆတ်ဆတ်ခုန်နေခဲ့တယ်။
ကျနော်ညစာကို စိတ်မပါဘဲနဲ့စားတယ်။ ကျနော့်အတွေးဟာ ဟိုရောက်ဒီရောက်နဲ့။ ကျနော့်စိတ်ထဲ မတင်မကျလည်း ဖြစ်နေမိသေး တယ်။ ဘယ့်နှယ် .. ကိုယ့်မျက်နှာ ကိုယ်မမှတ်မိရဘူးရယ်လို့..။ မမှတ်မိတာကြီးကလည်း ချက်ချင်းကြီး။ မနေ့ကညအထိအကောင်း။ ကျနော့်မိန်းမကိုတောင် ကျနော် နောက်ပြောင်နေသေးတာ။ တီဗွီအစီအစဉ်တစ်ခုကြည့်ပြီး ရယ်မောနေကြသေးတာ။ ခုအဲဒီက မျက်နှာ တွေကို ကျနော်မမှတ်မိတော့ဘူးတဲ့။ မတော်တဆတစ်ခုခုဖြစ်သွားတာလည်းမဟုတ်။ ညကကြည်ကြည်လင်လင်အိပ်မောကျသွားပြီး မနက်ကလည်း ကြည်ကြည်လင်လင်ပြန်နိုးလာပြီး မှန်ကြည့်လိုက်မှ တလွဲတွေဖြစ်ကုန်တာ။ ကျနော့်အမျိုးသမီးကတော့ ကျနော်စိတ် ပြောင်းသွားအောင် ဟိုဟိုသည်သည်တွေလျှောက်ပြောပေးရှာတယ်။ ဘာမှမဖြစ်သယောင် သူပြောနေပေမယ်လို့ သူ့စိတ်ထဲက ဖြစ်နေတဲ့ စိုးရိမ်စိတ်တွေကိုတော့ သူမဖယ်ရှားနိုင်ခဲ့ဘူး။ ဒီတော့လည်း ကျနော့်အမျိုးသမီးကို ကျနော်ပဲ ပြန်ဖြေသိမ့်ရပြန်တယ်။
စားသောက်ပြီးတော့ ဆိုင်ကနေပြန်ထွက်လာတဲ့အထိ သူ့မျက်နှာသုန်မှုန်နေတုန်းပဲ။ ကျနော်သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ သူသိပုံ မပေါ်ဘူး။ ဒါမှမဟုတ် သူသတိမထားမိချင်ယောင်ဆောင်နေတယ်။ ကျနော်သူ့လက်ကို ဆက်ကိုင်ထားလိုက်တယ်။ ခဏနေတော့ သူက ဖုန်းဆက်တယ်။ ဘယ်သူ့ဆီဆက်မှန်းမသိပေမယ်လို့ ဆက်နေမှသိလိုက်တာကတော့ သူ့မိတ်ဆွေ စိတ်ရောဂါကုဆရာဝန် တစ်ယောက်ဆီကိုပဲ။ ကျနော့်အကြောင်း သူပြောပြနေတာကို ကြားရတယ်။ ဟိုဘက်ကဘာပြန်ပြောလဲတော့ သူပြောမှ ကျနော်သိရမှာပဲ ။ ကျနော် တခြားလည်းလုပ်စရာမရှိတာနဲ့ လမ်းလျှောက်နေရင်း သူဖုန်းဆက်တာကို ကြည့်နေလိုက်တယ်။ ခဏနေတော့ သူဖုန်းချလိုက် ပြီး ပြောတယ်။ “တစ်ခါတစ်လေမှာ လူတစ်ချို့ဟာ ဒီလိုပဲဖြစ်တတ်ပါတယ်တဲ့။ ဒါကို တဒင်္ဂမေ့လျော့ခြင်းလို့ ခေါ်တယ်တဲ့။ ဒါပေမယ်လို့ တစ်ရက် နှစ်ရက်အကြာ၊ ဒါမှမဟုတ် တချို့တွေဆို တစ်ညတည်းနဲ့တောင် ပြန်မှတ်မိလာတတ်တယ်တဲ့။ သိပ်ပြသနာမရှိပါဘူးလို့ ပြောတယ်။ ရက်နည်းနည်းကြာနေရင်တော့ သူနဲ့လာတိုင်ပင်ပါလို့ ဆိုတယ်။” တဲ့။ ကျနော် ခေါင်းညိတ်ပြလိုက်တယ်။
အရင်ကကျနော်တို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရုပ်ရှင်သွားကြည့်ဖို့ဦးတည်လိုက်တယ်။ ရုပ်ရှင်ရုံအောက်ရောက်တော့ ကျနော်ပေး ထားတဲ့ ပန်းစည်းကြီးကိုင်ပြီး ရုံထဲဝင်ပါမယ်လုပ်နေလို့ ကားထဲမှာပဲထားခဲ့ပါလို့ သူ့ကိုအတင်းကို တောင်းပန်ယူရတယ်။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဦး။ ပန်းစည်းအဖြူကြီးကိုင်ပြီး ရုပ်ရှင်ရုံထဲဝင်လာတဲ့ အမျိုးသမီးရယ်လို့ ဘယ်နားမှာရှိလို့လဲ။ ရှိခဲ့ရင်တောင် သူ့လို အသက် ၂၅ နှစ် တင်းတင်းပြည့်နေတဲ့ အမျိုးသမီးလတ်တစ်ယောက်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူး။ မြီးကောင်ပေါက်မလေးတွေ ချစ်သူက ပန်းစည်းပေး လိုက်လို့ ပျော်လို့ ပန်းစည်းကြီးကိုင်ပြီး ရုပ်ရှင်လာကြည့်တာဆိုရင်တော့ ထားပါတော့။ ခုဟာကတော့ ကြောင်တောင်တောင်ကြီးရယ်။ ကျနော်သူ့ကို အဲဒီလို ပြောပြတော့ သူကစိတ်ကောက်တယ်။ ဘယ်အရွယ်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက မထင်မှတ်ဘဲ အမှတ်တရ ၀ယ်ပေးတဲ့ ပစ္စည်း ဆိုရင်တော့ ၀မ်းသာအံ့သြဖြစ်ကြတာပဲ။ ပျော်ကြတာပဲ မဟုတ်လားတဲ့။ သူပြောတာလည်း ဟုတ်တုတ်တုတ်ဖြစ်နေ တဲ့အတွက် ကျနော်သူ့ကို လက်မြှောက်လိုက်တယ်။ ဒါပေမယ်လို့ အဲဒီပန်းစည်းကြီးကို သူကားထဲမှာပဲ ထားခဲ့ပါတယ်။
ကြည့်ရတဲ့ ရုပ်ရှင်ကားကတော့ကောင်းပါတယ်။ Fury ဆိုလားပဲ။ သိပ်တောင်မမှတ်မိချင်တော့ဘူး။ ဒါပေမယ်လို့ ခက်တာက ကျနော် အဲဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဆောင်တွေကို တစ်ယောက်မှမမှတ်မိတာပဲ။ တော်တော်ခွတော့ကျတယ်။ ဇာတ်ကားကတော့ အတော် ကောင်းတဲ့ကားပေမယ်လို့ ဇာတ်ဆောင်တွေကို ကျနော်မသိတဲ့အတွက် .. တစ်နည်း အဲဒီပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဆောင်တွေ ကို ကျနော်မမှတ်မိတဲ့အတွက် သူတို့ရဲ့ သမ္ဘာဟာ ဒီဇာတ်ကားပေါ်မှာ ဘယ်လောက်ထိလွှမ်းမိုးနေသလဲဆိုတာကို ကျနော် ခန့်မှန်းလို့ မရနိုင်ဘူးဖြစ်နေတယ်။ တစ်မျိုးတော့လည်း ကောင်းပါတယ်။ သူတို့ရဲ့ ပရိသတ်အပေါ်လွှမ်းမိုးနိုင်မှုအားဘယ်လောက်ရှိလဲ ကျနော် မသိတော့ သူတို့ရဲ့ ပင်ကိုယ်လုပ်ဆောင်နိုင်စွမ်းကို ကျနော် မြင်ရတာပေါ့။ ဇာတ်လမ်းက ကောင်းပုံရပေမယ်လို့ အမျိုးသမီးက ဒီဇာတ် လမ်းအပေါ်မှာ အာရုံရှိပုံမပေါ်ဘူး။ ကျနော်လည်း အထိုက်အလျောက်တော့ အာရုံမရှိပါဘူး။ ဒါပေမယ်လို့ ကျနော့်အမျိုးသမီးလောက် တော့ မစိုးရိမ်မိဘူး။ ခုနက သူ့အသိဆရာဝန်ကပြောတယ် မဟုတ်လား။ တဒင်္ဂဖြစ်တာပါလို့။ ကျနော်လည်း တဒင်္ဂဖြစ်တာပဲဖြစ်မှာပါ လို့ ယုံကြည်(ထားလိုက်)တယ်။ အများကြီး မစိုးရိမ်ဖို့လည်း ကျနော်သူ့ကို အားပေးနေရတယ်။ တမျိုးတော့ တမျိုးကြီးပဲ။ မျက်နှာတွေ ကို မမှတ်မိတော့တာက ကျနော်ဖြစ်နေပြီး တကယ်တမ်း မစိုးရိမ်ဖို့ ကြောက်ရွံ့မနေဖို့ ဘေးလူတွေကို အားပေးနေရတာလည်း ကျနော်ပဲ ဖြစ်နေပြန်ရော။ သူ့ကို မစိုးရိမ်ဖို့ ကျနော်ပြောနေပေမယ်လို့ ကျနော့်စိတ်ထဲမှာလည်း ကြောက်တော့ ကြောက်နေမိတယ်။ လူတွေကို မမှတ်မိနိုင်တော့တာက ပြသနာပဲ။ ကျနော်က လူပဲ။လူက လူကိုမမှတ်မိဘူးဆို ကျနော်ဘာလုပ်ရတော့မှာလဲ။ ဘယ်ကစ ဖြစ် တာမှန်းလည်း မသိ။ ဘယ်တော့ပျောက်မယ်မှန်းလည်း မသိ။ ပျောက်ပါ့မလားလည်း မသိ။ ကျနော်ရုတ်ချည်း ပတ်ဝန်းကျင်ကို ထိတ်လန့်လာတယ်။ သက်ပြင်းတစ်ခုချရင်း ကျနော့်ဘေးကို ရုတ်တရက်ကြည့်မိတော့ ကျနော်တစ်ချက်လန့်သွားတယ်။ နောက်မှ ကျနော့်ဘေးမှာထိုင်နေတာ ကျနော့်အမျိုးသမီးပါလားရယ်လို့ ကျနော်သတိပြုလိုက်မိတယ်။ ဘယ်လိုလဲ။ ခုနက ရုပ်ရှင်မပြခင်လေးကမှ လင်းကျင်းနေတုန်းမှာ ကျနော့်အမျိုးသမီးကို ကျနော်ကြည့်ပြီး စကားပြောနေလိုက်သေးတယ်။ ခုမှောင်သွားတာ ခဏလေးပဲရှိသေးတယ် ။ ချက်ချင်းကို သူ့ကိုကျနော် မမှတ်မိတော့ပြန်ဘူး။ ဟား ……… ကြာရင် ရူးသွားနိုင်တယ်။ ကျနော် မျက်စိမှိတ်ပြီးခေါင်းကိုမော့လိုက် တော့ ရုပ်ရှင်ရုံရဲ့မျက်နှာကျက်ကို တွေ့ရတယ်။ သူက ဒါကိုသတိပြုမိသွားတယ်။ အရမ်းစိတ်ကျဉ်းကျပ်နေရင် မကြည့်ပါနဲ့တဲ့။ အိမ်ပြန် ချင်လားတဲ့။ ကျနော်တို့ သူ့မွေးနေ့မှာ ရုပ်ရှင်ကြည့်မယ်။ အပြင်မှာအိပ်ပြီး အိမ်ထောင်မကျခင်ကလိုမျိုး နေမယ်လို့ ဆုံးဖြတ်ထားတာ ခုနေ ကျနော်က အိမ်ပြန်ချင်တယ်လို့များ ပြောလိုက်ရင် သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်လေး ကျနော့်ကြောင့် ပျက်စီးသွားမှာပေါ့။ ကျနော် ခေါင်းခါလိုက်တယ်။ ကျနော် ခေါင်းခါလိုက်ပေမယ်လို့ ကျနော် ဘာဖြစ်နေတယ်ဆိုတာကို သူသိပုံပဲ။ သူက ဒါဆို ပြန်ရအောင်လေလို့ စကားကမ်းလှမ်းလာတယ်။ ကျနော် မငြင်းမိဘူး။ ခေါင်းမှာ ငြီးစီစီဖြစ်နေတယ်။ ကျနော် ဖျားတော့မယ်ထင်တယ်။
ဟိုတယ်ကို သူပဲဦးဆောင်ပြီးခေါ်လာပေးတယ်။ ဟိုတယ်က ကျနော်တို့လာနေကျဟိုတယ်ပဲ။ ဒါပေမယ်လို့ ဟိုတယ်ဝန်ထမ်းတွေကို တစ်ယောက်မှ ကျနော်မသိဘူး။ အသစ်လဲထားတာလားလို့ မေးလိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ ကျနော့်အခြေအနေကို ကျနော် အချိန်မီ ပြန်ရိပ်မိလိုက်တဲ့အတွက် မမေးလိုက်တော့ဘူး။ အခန်းထဲကို ရောက်တဲ့အထိ ကျနော့်မှာ အရာရာကိုကြောက်နေသလိုပဲ။ မသိစိတ်က ကြောက်နေတယ် ပြောရမလား။ သူ့ကိုကြည့်ပြီး သူနေရထိုင်ရ အဆင်ပြေအောင် ရယ်ပြရတာလည်း ကျနော့်မှာ တစ်ဒုက္ခ။ သူ ကျနော့်ကိုပဲ တစ်ချိန်လုံး အကဲခတ်နေခဲ့တယ်။ ဘာလုပ်ပေးရမလဲလို့လည်း မေးပါတယ်။ ဒါပေမယ်လို့ ဘာလုပ်ပေးလို့ ကျနော် လူတွေကို ပြန်သတိရမှာလဲ။ ဘာမှလုပ်ပေးလို့မရဘူး။ ကျနော် ခေါင်းခါလိုက်တယ်။ ကျနော်က အအေးသောက်ရင်း သူက ဘီယာ သောက်ရင်း တီဗွီကြည့်နေလိုက်ကြတယ်။ ညတစ်နာရီကျော်တော့ ကျနော်တို့ အိပ်ယာဝင်ကြတယ်။ သူက ကျနော့်ရင်ခွင်ထဲ ၀င်အိပ် တယ်။ ကျနော် ချက်ချင်းအိပ်မပျော်ဘူး။ ကျနော် ဘာလုပ်ရမလဲ။ တီဗွီပြန်ဖွင့်လိုက်တယ်။ ပြည်တွင်းအစီအစဉ်တစ်ခုကို ကျနော် ကြည့် လိုက်တယ်။ ကျနော်သိတဲ့လူတစ်ယောက်ယောက်များ ပါမလားလို့။ တစ်ယောက်မှ မပါဘူး။ ဇာတ်လမ်းတစ်ပုဒ်ကြည့်လိုက်တယ်။ ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်သူနဲ့ နံမည်ကို တွဲပြတယ်။ နံမည်ကိုမြင်မှ ဒါဘယ်သူပါလားဆိုတာကို ကျနော်သိတယ်။ ကျနော် စိတ်ညစ်စပြုလာတယ်။ ပိုပြီးညစ်စပြုလာတယ်လို့ ပြောတာပါ။ ကျနော်ဘေးမှာအိပ်နေတဲ့ သူ့ကို ကြည့်လိုက်တယ်။ သူအိပ်နေတယ်။ ပထမတော့ သူ့ကိုနှိုးပြီး အိမ်ပြန်မယ်လို့ ပြောလိုက်မလားလို့။ ဒါပေမယ်လို့ ခုချိန်ကျနော်အိမ်ပြန်လိုက်ရင်ရော ဘာထူးသွားမှာလဲ။ ကျနော် ပြန်မှတ်မိလာဖို့ဆိုတာလည်း မသေချာ။ သူ့မွေးနေ့အထိမ်းအမှတ်အစီအစဉ်လေးတွေ ပျက်သွားလို့ သူ့မှာ စိတ်ပျက်သွားမှာပဲ ရှိမှာ။ ကျနော် သက်ပြင်းနောက်တစ်ချက်ထပ်ချရင်း သူ့ဘေးမှာ ကွေးကွေးလေးနေနေလိုက်တယ်။ အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ်။ ကျနော့်ကိုယ် ကျနော် သတိပေးတယ်။ အားပေးတယ်။ (မကြောက်နဲ့။ မင်းမနက်ကျရင် အားလုံးအကောင်းအတိုင်း ပြန်ဖြစ်သွားမှာ။ မင်းမိန်းမကိုလည်း မင်းပြန်မှတ်မိမယ်။ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေကိုအားလုံးကိုလည်း မင်းပြန်မှတ်မိပြီး ဟေး ဘယ်သူ .. နေကောင်းလား။ ကလေးတွေရော နေကောင်းကြလား။ ဘာညာ မင်းမေးဖြစ်နေလိမ့်မယ်။ မနက်စာကို မင်းမိန်းမနဲ့ အတူတူစားမယ်။ ပြီးတော့ မင်းမိန်းမရဲ့ မွေးနေ့မှာ ကြောင်တောင်တောင်ဖြစ်သွားတဲ့အတွက် မင်းမိန်းမကို တောင်းပန်ပြီး နောက်တစ်ရက် ညစာအတူ ပြန်ထွက်စားကြမယ်။ ဒါဆို မင်းမိန်းမလည်း စိတ်ကျေနပ်သွားမှာပဲ။ မင်းအားလုံးကို ပြန်မှတ်မိနေပြီဆိုတာကို မင်းမိန်းမသိရင် သိပ်ပျော် သွားမှာ။ မင်းထက်တောင် ပျော်ရင်ပျော်သွားနိုင်သေးတယ်။ စိတ်ကိုတင်းထား။ တစ်ရက် နှစ်ရက်ကြာအောင် မင်းပြန်မမှတ်မိလည်း ဘာဖြစ်သေးလဲ။ ခုနကဖုန်းဆက်တော့ ဆရာဝန်ကိုယ်တိုင်က တစ်ရက် နှစ်ရက်ကြာအောင် မေ့တတ်တာလည်း ရှိတယ်လို့ ပြောတယ် မဟုတ်လား။ တစ်ပတ်လောက် ကြာတော့ရော ဘာဖြစ်သေးလဲ။ မင်း အိမ်ပြင်မထွက်ဘဲနေလိုက်ပေါ့။ မင်းမိန်းမ အပြင်က ပြန်လာတယ် လို့ မင်းထင်ရင် မင်းမိန်းမ ဟုတ်မဟုတ် ဓါတ်ပုံပြန်ထုတ်ကြည့်ုလိုက်ပေါ့။ ဟုတ်တယ်ဆိုရင် တံခါးဖွင့်ပေးလိုက်။ မဟုတ်ဘူးဆိုလည်း ဘာကိစ္စလည်း ဘာညာမေး။ ဒီလောက်ပါပဲ။ တစ်ပတ်ထက် ကြာအောင် မေ့နေရင်လည်း ဘာဖြစ်သေးလဲ။ ဆရာဝန်က သူနဲ့ လာတိုင်ပင်လို့ရပါတယ်လို့ ခုနကတင် ပြောတယ်မဟုတ်လား။ သူနဲ့ တစ်ရက်ချိန်းပြီး သွားတွေ့လိုက်မှာပေါ့။ ဆေးတိုက်လည်း သောက်လိုက်မှာပေါ့။ လိုအပ်တဲ့ ဆေးကုသမှုဆိုလည်း လုပ်လိုက်မှာပေါ့။ အလွန်ဆုံး စိတ်ညှို့ကုတယ်တို့ ဘာတို့တောင် ရှိသေးတာပဲ မဟုတ်လား။ လိုအပ်ရင် လုပ်လိုက်မှာပေါ့။ ခုခေတ်က အားလုံးကုသလို့ ရနေတဲ့ခေတ်ပဲ။ ပြီးတော့ မင်းရောဂါက သေလောက်တဲ့ ရောဂါ မဟုတ်ဘူး။ မင်း သတိပြန်ရလာမှာ။ ဆက်ဆက် ပြန်မှတ်မိသွားမှာ။ )
ကျနော် ဒီလောက်တွေးယူလိုက်တော့ အရမ်းကိုအားတက်သွားတယ်။ ဟုတ်မှာပါ။ ဒီအတွေးအတိုင်းပဲ ဖြစ်မှာပါ။ ဒီတော့ ကျနော် ခုဘာလုပ်မလဲ။ အိပ်မယ်။ မနက်ကျရင် လန်းလန်းဆန်းဆန်းနိုးလာပြီး အမျိုးသမီးနဲ့ မနက်စာသွားစားမယ်။ ကျနော့်အတွေးနဲ့ ကျနော် မှေးခနဲ အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ ဟိုရောက်ဒီရောက်နဲ့ ဘာတွေလည်း မသိဘူးမက်တယ်။ ကျနော့်အလုပ်ထဲက သူငယ်ချင်း ရဲ့အဖေက မယားငယ်ယူသွားလို့တဲ့။ ဖြစ်ချင်တော့ အပြင်လောကမှာက အဲဒီသူငယ်ချင်းရဲ့အဖေဆိုတာ သိပ်ကို သမာသမတ်ကျတဲ့ မိသားစုကို အရမ်းချစ်တဲ့လူကြီး။ ဘာတွေမက်မှန်းလည်း မသိပါဘူး။ ဒီလိုပဲ ဟိုဟိုဒီဒီလျှောက်မက်သေးတယ်။ ကျနော်အသေအချာတော့ မမှတ်မိဘူး။ ရယ်လည်း ရယ်ရတယ်။ ပြီးတော့ မအီမလည်ကြီးလည်းဖြစ်တယ်။ အိပ်မက်ထဲ မအီမလည် ဖြစ်တာက ကျနော့်ကို အပြင်မှာပါ မအီမလည်ဖြစ်လာစေတယ်။ ကျနော် အိပ်ယာထဲအန်လိုက်မိတော့မလို့ပဲ။ ဒါပေမယ်လို့ အိပ်ပျော် ချင်နေတဲ့ ကျနော့်ကိုယ်ကျနော် အားနာတာနဲ့ အန်ချင်စိတ်ကို ပြန်ထိန်းပြီး ကြိုးစားပြန်အိပ်လိုက်တယ်။ အိပ်မက်တွေက ထပ်မက်ပြန် တယ်။ ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်းကြီး။ ကျနော်က ခုတည်းနေတဲ့ ဟိုတယ်အပေါ်ဆုံးထပ်ကို ရောက်သွားတယ်တဲ့။ တကယ်က ဒီဟိုတယ်ကိုသာ ကျနော် အခေါက်ခေါက်ရောက်ဖူးတာ။ ဟိုတယ်အပေါ်ကို တခါမှမော့မကြည့်ဖူးဘူး။ ဒါပေမယ်လို့ အိပ်မက်ထဲမှာက ကျနော်က ဟိုတယ်အပေါ်ဆုံးထပ်ပေါ်မှာ။ အောက်မှာ မြို့လယ်ခေါင်ရဲ့ အလှတွေကို မြင်နေရတယ်။ တိတ်ဆိတ်ပြီး လမ်းတွေဟာ ပြောင်ရှင်းပြီး လင်းထိန်ပြီး လူတွေလည်း မရှိတော့ဘူး။ ကျနော်က အဲဒီအပေါ်ဆုံးမှာ မတ်တပ်ရပ်နေတယ်။ ကျနော့်ခြေထောက်အောက် မှာ လေဟာနယ်။ ကျနော့်ခြေထောက်တွေဟာ လေဟာနယ်ထဲကို တဖြည်းဖြည်းချင်းရွှေ့နေတယ်။ နောက်နည်းနည်းနေရင် ကျနော် ပြုတ်ကျတော့မယ်။ ကျနော် ပြုတ်ကျတော့မှာကို ကြောက်လာတယ်။ ကျနော် ကိုယ့်ကိုကိုယ်သတ်သေနေတာလည်း မဟုတ်ဘူး။ ကျနော့်ဘ၀မှာ သတ်သေရလောက်အောင်လည်း ဘာပြသနာမှ ရှိမလာဖူးသေးဘူး။ ဒါပေမယ်လို့ ကျနော့်ကို အနောက်က တစ်ယောက်ယောက်က တွန်းနေသလိုပဲခံစားရတယ်။ ကျနော် ပြုတ်ကျတော့မယ်။ ကျနော်သေတော့မယ်။ ကျနော် နောက်ပြန်ဆုတ်ဖို့ကြိုးစားလိုက်သေးပေမယ်လို့ မအောင်မြင်လိုက်ဘူး။ ကျနော် အိပ်မက်ကနိုးမှ ရတော့မယ်။ ဒါပေမယ်လို့ မနိုးဘူး။ ဘယ်လိုလဲ။ ဘယ်လိုလဲ။ ကျနော် သေလို့မဖြစ်သေးဘူး။ကျနော့်မှာ အလုပ်တွေရှိသေးတယ်။ ကျနော်လက်ထပ်ထားတဲ့ အသစ်စက် စက်ပဲရှိသေးတဲ့ကျနော့်မိန်းမရှိသေးတယ်။ လူတွေကို မမှတ်မိလို့ စိတ်ညစ်နေရတဲ့အပြင် ကျနော်သေပါသေတော့မှာလား။ ပြသနာပဲ။ ကျနော်သေလို့ ကျနော့်အသုဘကို လာကြည့်တဲ့လူတွေကို ကျနော် မမှတ်မိရင် ကျနော်ဘယ်လိုမျက်နှာကြီးနဲ့ နေနေရမလဲ။ ဆွဲခေါ်ကြ ပါ။ တစ်ယောက်ယောက်ဆွဲခေါ်ကြပါ။
ကျနော် မွန်းကြပ်လာချိန်မှာ ရုတ်တရက်ကျနော့်အပေါ်မှာ တစ်ခုခုလေးလေးပင်ပင်ဖိစီးနေသလို ခံစားလိုက်ရတယ်။ ဟုတ်တယ်။ ဒါ သေမင်းပဲ။ ကျနော့်ကိုယ်ပေါ်မှာ တက်စီးနေပြီ။ ဟော .. ကျနော့်ကို တက်ခွနေတယ်။ ကျနော့်လက်တွေကို မလှုပ်နိုင်အောင် ကိုင်ထားတယ်။ သူ့လျှာကြီးတွေနဲ့ ကျနော့်ကိုလျက်နေပြီ။ စေးထန်းထန်းနဲ့ ။ အား. .. ကျနော့်ကို ကိုက်နေပြီ။ မဖြစ်ဘူး။ ကျနော် သေတော့မယ်။ နိုးမှ နိုးမှ။
ကျနော် အားကုန်သုံးပြီး ကျနော့်ကိုယ်ပေါ်က သေမင်းကို ကျနော်တွန်းဖယ်လိုက်တယ်။ တွန်းဖယ်လိုက်တယ်ဆိုတာထက် ကန်ထုတ် လိုက်တယ်ဆို ပိုမှန်မလားပဲ။ ကန်ထုတ်လိုက်တဲ့အားနဲ့ သေမင်းဟာ အခန်းထောင့်မှာ ပုံပုံလေးသွားကပ်နေတယ်။ ပြီးတော့ အဲဒီသေမင်းက ကျနော့်ကို အံ့သြနေတဲ့ဟန်နဲ့ကြည့်နေတယ်။ ထွက်သွား ထွက်သွားလို့ ကျနော် အော်ပစ်လိုက်တယ်။ သေမင်းက ရုတ်တရက်ထပြီး ကျနော့်နားလာမလို့ လုပ်သေးတယ်။ ကျနော် လက်သီးတွေကို လေထဲမှာ အတင်းစွပ်ထိုးနေလိုက်တယ်။ မလာနဲ့ မလာနဲ့လို့လည်း ပါးစပ်က ထပ်အော်လိုက်တယ်။ သေမင်းက ကျနော့်ကို အံ့သြနေဟန် ကြောက်ရွံ့နေဟန်နဲ့ ခပ်လှမ်းလှမ်းကနေ လှမ်းအကဲခတ်နေတယ်။ သူ့ပါးစပ်ကလည်း ကျနော့်ကိုကြည့်ပြီး ဘာတွေမှန်းမသိ တတွတ်တွတ်ပြောနေတယ်။ သူဘာပြောပြော ကျနော် မယုံဘူး။ ဘာပဲပြောပြော ဘာမှမဖြစ်နိုင်ဘူး။ ကျနော့်ရှေ့ကလူကို ကျနော်မသိဘူး။ မမြင်လည်း မမြင်ဖူးဘူး။ ဒါသေမင်းပဲ။ ခုနက ကျနော့်ကိုသေအောင်လုပ်မလို့ ကြံတာသူ။ ခဏနေဦး။ ဒါဆို ကျနော့်အမျိုးသမီး ဘယ်ကိုထွက်သွားလိုက်တာလဲ ကျနော်အိပ်နေတုန်း။ ကျနော်လိုက်ရှာမှ ဖြစ်မယ်။ ကျနော် ဘောင်းဘီကောက်စွပ်လိုက်ရင်း အခန်းအပြင်ကိုထွက်လိုက်တယ်။ သေမင်းက ကျနော့်ကိုလိုက်ဆွဲတယ်။ ဖယ်စမ်းလို့ ကျနော် သွေးရူး သွေးတန်းအော်ထုတ်ပစ်လိုက်တယ်။ အခန်းတံခါးကို ပိတ်ပြီးကျနော် ပြေးထွကိခဲ့တယ်။ ကျနော့် မိန်းမကို လိုက်ရှာမှ။ ညကြီးမင်းကြီး ဘယ်ထွက်သွားတာလဲ။ မဖြစ်ဘူး။ မနက်ကျရင် သူ့ကိုအကြောင်းစုံပြန်ပြောပြပြီး သူပြောတဲ့ဆရာဝန်ဆီ သွားတော့မယ်။ လောလောဆယ် ကျနော့်မိန်းမ ဘယ်မလဲ။ ကျနော်လိုက်ရှာမှ ဖြစ်မယ်။ အဆင်သင့်ပဲ လျှောက်လမ်းမှာ လျှောက်လာတဲ့စားပွဲထိုးလေးတစ်ယောက်ကို ကျနော့်မိန်းမကိုတွေ့မိသေးလားလို့ မေးလိုက်တယ်။


Inspired by (Faces In The Crowd)
(12:51 AM)
1/16/2015 (Thursday)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...