Sunday, January 18, 2015

အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ

ယခုတစ်ပါတ်ဝတ္ထုတိုအသစ်ကဏ္ဍအတွက် Nyein Thwin ဟုအမည်ရသည့် Facebook Account ပိုင်ရှင်ပေးပို့လာသည့် အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ အက်ဆေးကိုရွေးချယ်ဖော်ပြလိုက်ပါသည်။
အဖေနဲ့ပတ်သတ်ပြီး ပထမဆုံး ကျွန်တော်မှတ်မိတာ အိမ်ခန်းထဲက စစ်ခြင်ထောင်ကြီးတစ်ခုထဲမှာ ။ကာလအားဖြင့် ၈၈ ၀န်းကျင်လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မိသားစုတစ်စုလုံး ၀ဲခြောက်တွေပေါက်ကြတယ်။ အဲဒီ ၀ဲတွေ ကုတ်ရတာလည်း ဇိမ်တစ်မျိုးပဲ ။
ဒါပေမယ့် ရေချိုးတဲ့အချိန် အင်မတန် စပ်တယ်။ နောက်ပြီး ပုစွန်တို့ ၊ အမဲသားတို့ ရှောင်ရတော့ ဟင်းကောင်းကောင်း မစားရဘူး ။ ဒီလိုနဲ့ ဇိမ်ရှိရှိ ကုတ်ရပေမယ့် ကြာတော့ အဲဒီရောဂါကို ပျောက်ချင်လာတယ် ။ အဖေက ကျွန်တော်သိသလောက် ငှက်ပျောရွက်အခြောက်ကို မီးရှို့ပြာချပြီး ပင်နီဆီလင်နဲ့ ရောတယ် ။နောက် အုန်းဆီနဲ့ ဆတူလောက် စပ်ပြီး ကျွန်တော်နဲ့အစ်ကိုကြီးကို ဘီးနဲ့ခြစ်ခြစ်ပြီး ဆေးလိမ်းပေးတယ်။ ကျွန်တော်တို့ကို လိမ်းပေးပြီး အမေ့ကိုပါ ဆက်လိမ်းပေးတယ်။ ခြေထောက်တွေ ၊ပေါင်ခြံတွေပါမကျန် လိမ်းပေးတယ် ။ ဆေးလိမ်းလိုက် ၊ ယပ်တောင်နဲ့ ယပ်ခတ်လိုက် ၊ မီးခွက်နဲ့ မြှောက်မြှောက်ကြည့်လိုက်နဲ့ အဖေ့ရဲ့ပုံရိပ်ကိုကြည့်ရင်း အားအင်တွေ ပြည့်နေသလို ၊ လုံခြုံနေသလို ခံစားရတယ်။
ကျွန်တော်တို့နေတဲ့နေရာက တိုက်နယ်ကျေးရွာကြီးတစ်ခုနဲ့ ချောင်းတစ်ချောင်းသာခြားတဲ့ ရွာကလေးတစ်ရွာပါ ။ အဖေက ရွာမှာ ပေါ်တာလိုက် ချန်ပီယံ ။ ပေါ်တာလိုပြီဆို ရွာမှာ အလှည့်ကျ သွားရတယ် ။ မသွားချင်ရင် အဖေ့ကိုလာငှား ။ သွားရမယ့် နယ်မြေကိုကြည့်ပြီး ဈေးကွာတတ်တယ် ။ အဖေ ပေါ်တာလိုက်ရင် ပိုက်ဆံတစ်ချို့ ယူသွားတတ်တယ် ။ လမ်းထဲမှာ တပ်ကြပ်ကြီး တစ်ယောက်ကို ငွေနည်းနည်း ပေးပြီး ထွက်ပြေးလို့ရတဲ့ နည်းလမ်းကို သုံးတယ် ။ တစ်ခါတစ်လေ ကားပေါ်က ခုန်းဆင်းပြေးရတဲ့အခါရှိတယ်။ တစ်ခါတစ်လေ ရေသွားခပ်ရင်း အချက်ပြတာနဲ့ ထွက်ပြေး ၊ ညှိထားတဲ့ တပ်ကြပ်ကြီးက သေနတ်နဲ့ နည်းနည်းလွဲပစ်ပြီး ပြေးခဲ့ရတဲ့ အခါတွေလည်းရှိခဲ့တယ် ။ ပေါ်တာလိုက်သွားပြီး သုံးလေးရက်အတွင်း ပြန်ရောက်လာတဲ့ အဖေ့ကို စားစရာ တစ်သီကြီးနဲ့ ကြိုခဲ့ရတာ အကြိမ်ပေါင်း မနည်းဘူး ။
ဒါပေမယ့် မဲသဝေါ-၀မ်းခါ တိုက်ပွဲမှာတော့ အဖေ ထွက်ပြေးလို့ မရဘဲ ပါသွားတယ် ။ အဖေတို့က ရိက္ခာလှည်းတွေ မောင်းရတယ် ။ ရှေ့မှာ လှည်းတွေ မိုင်းထိရင် ဘေးကိုဆွဲချ ၊ ရိက္ခာတွေ ရသလောက် ၀ိုင်းတင်ပြီး ဆက်သွားရတယ် ။ အဖေ့စကားအရ တပ်မတော်သားတွေ အထိနာတဲ့ တိုက်ပွဲ ။ ပေါ်တာတွေလည်း မသက်သာဘူး ။ အဖေတို့လည်း ပြေးလို့မရနဲ့ နှစ်လသုံးလလောက် တိုက်ပွဲထဲမှာပဲ လူသေအလောင်းတွေကို အကာအကွယ်ယူပြီး နေရတယ် ။ ရေခပ်ရမယ့်နေရာက ရန်သူ့နယ်မြေထဲ ဖြစ်နေလို့ အနားက ငှက်ပျောပင်တွေကို အရေညှစ်ပြီး သောက်ရတဲ့ အခါတွေလည်း ရှိခဲ့တယ် ။တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် ထိုးစစ်ဆင်ကြလို့ နှစ်ရက်လောက် ထမင်းမစားရဘဲ ၀ပ်နေရတဲ့ အခါတွေလည်း ရှိခဲ့တယ် ။မထူးတဲ့အဆုံးမှာ အဖေတို့ပေါ်တာတစ်ချို့ အရဲစွန့်ပြီး ထွက်ပြေးကြတယ် ။တောထဲမှာဆိုတော့ ပြေးရင်းနဲ့ လူစုကွဲသွားတယ် ။အဖေက အရိုင်းကရင် ( သူတို့အခေါ်) တွေနေတဲ့ အစုတစ်စုကို ရောက်သွားပြီး သောင်တင်နေတယ်။ အဖေ ပေါ်တာပါသွားနဲ့နေ့နဲ့ ပြန်ရောက်တဲ့နေ့ဟာ အမေ့အပြောအရ သုံးလနီးနီး ကြာတယ်။
တကယ်တော့ အဖေပေးသွားတဲ့ ပိုက်ဆံဟာ လေးငါးဆယ်ရက် သုံးလောက်ရုံပါ ။ အဲဒီအချိန်က အစ်ကိုကြီးက သုံးတန်း ။ကျွန်တော်က နှစ်တန်း ။ အမေကလည်း အဖေ့ရဲ့ ကြံဖန်မှုအောက်မှာ အေးအေးလူလူ နေခဲ့ရတယ်။ ထင်းဆိုလည်း မပူရ ၊ ဆန်ဆိုလည်း မပူရနဲ့ ။ ခုတော့ အမေလည်း မနေသာတော့ဘူး ။ ဆယ်မိုင်လောက်ဝေးတဲ့ ရွာတစ်ရွာကို အမေနဲ့အတူ ကျွန်တော် လိုက်သွားရတယ် ။အစ်ကိုကြီးကိုတော့ ကျောင်းပေးတတ်လိုက်တယ်။ အဲဒီရွာမှာ အမေ့ရဲ့မောင်ရှိတယ်။ ပြန်လာတော့ အရန်သင့်ချက်လို့ရတဲ့ အမဲသားပြုတ်လှော် တစ်ချို့ရယ် ၊ ဆန်ဆယ်ပြည်နီးပါရယ် ပြန်ပါလာတယ်။ ကျွန်တော်က အမဲသားထုပ်ကိုဆွဲ ၊ အမေက ဆန်ကိုရွက်ပြီး လှည်းလမ်းအတိုင်း နားလိုက် ၊ ရွက်လိုက်နဲ့ ပြန်လာခဲ့ကြတယ်။ အမေကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပါပဲ။ ဒါပေမယ့် တစ်ကိုယ်လုံး ချွေးတွေရွဲပြီး အင်မတန် ပင်ပန်းနေတာ တွေ့ရတယ်။ အမေ့ကိုကြည့်ပြီး ကျွန်တော် အဖေ့ကို သတိရမိတယ်။
အိမ်နားမှာလည်း အမေ့ရဲ့ ၀မ်းကွဲညီမတစ်ယောက်ရှိတယ် ။အိမ်ထောင်နဲ့ပါ ။ သူ့ယေကျာ်း ချောင်းထဲဆင်းတာ ၊ အင်းထဲလယ်ထဲ သွားတာဆိုရင် အစ်ကိုကြီးကို အမေက ထည့်ပေးလိုက်တယ်။ ချောင်းထဲမှာ ပိုက်ချရင် အစ်ကိုကြီးက လှေပဲ့နင်းလိုက်ပေးရတယ် ။အင်းပက်တာ ၊ ပုရစ်တူးတာတို့ဆိုရင်လည်း ပုလိုင်းကိုင်တာ ၊ ပေါက်တူး ၀ိုင်းကိုင်တာတို့ လုပ်ပေးရတယ်။ ပြန်လာရင် ရတဲ့အထဲက အနည်းငယ် ခွဲပေးလေ့ရှိတယ် ။ ကျွန်တော်တို့ မိသားစုရဲ့ ထမင်းတစ်နပ်အတွက်တော့ အူစိုရုံကလေး ရတာပေါ့ ။ တစ်နေ့ ပုရစ်သွားတူးတော့ အစ်ကိုကြီး ပါသွားတယ်။ ပြန်လာပြီး ချောင်းထဲ ခြေလက်သွားဆေးနေတုန်း အမေက ပုရစ် လေးငါးကောင်ကို ယူပြီး ကျွန်တော့အတွက် လှော်ပေးလိုက်တယ်။ ကျွန်တော့ ထမင်းပန်ကန်ထဲက ပုရစ်တွေကို တွေ့တာနဲ့ လင်မယားနှစ်ယောက်လုံး အမေ့ကို ရန်တွေ့တာ ကတ်ကတ်လန်နေတာပဲ ။အမေကတော့ ခလေး ဗိုက်ဆာနေလို့ပါ အများကြီးလည်း မဟုတ်ပါဘူးလို့ တောင်းပန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဖေ့ကိုပဲ သတိရနေမိတယ်။ ထမင်းကိုလည်း မစားချင်ဘဲနဲ့ ဆက်စားနေမိတယ်။
ဒီလိုနဲ့ ရပ်တည်လာတာ နှစ်လနီးနီး ကြာခဲ့တယ်။ ထင်းလိုရင် ချောင်းထဲမှာ အမေနဲ့အစ်ကိုကြီးတို့ လှေတစ်စင်းနဲ့ ထွက်ရှာကြတယ် ။ကမ်းပေါ်ရောက်ရင် ကျွန်တော်က ၀ိုင်းသယ် ။ ထင်းတုံးကြီးထင်ပြီး အနားကို လှေနဲ့လှော်သွားပြီးမှ လူသေဖြစ်နေလို့ ပြန်လှော်ပြေးလာရတဲ့ အကြောင်းကို အမေတို့ ပြောနေတာကိုလည်း အမှတ်ရမိသေးတယ်။ အဖေနဲ့လည်း လုံးဝ အဆက်အသွယ် မရဘူး ။တစ်ချို့က သေပြီးလို့တောင် ပြောကြတယ်။ တစ်နေ့ မြို့နယ်မှာ ဘော်လုံးသွားကန်ဖို့ ကျောင်းမှာ လူရွေးပွဲလုပ်တယ်။ ရွေးတဲ့အထဲမှာ အစ်ကိုကြီးလည်း ပါတယ်။ ဒါပေမယ့် အ၀တ်အစားနဲ့ ဖိနပ်အတွက် ပါတဲ့သူတိုင်း ငွေငါးကျပ် ထည့်ရတယ် ။အမေ့မှာ ငွေငါးကျပ် မရှိဘူး ။ အစ်ကိုကြီးကလည်း ၀ါသနာပါတော့ ကန်ချင်နေရှာတယ် ။အမေလည်း ရွာထဲလှည့်ပြီး လိုက်ချေးကြည့်ပေမယ့် ဘယ်သူမှ ချေးမပေးဘူး ။ အမေကတော့ ငါးယောကျာ်း သေပြီထင်လို့ မချေးချင်ကြတာလားဆိုပြီး အိမ်မှာ လာပြန်ညည်းတယ်။ အစ်ကိုကြီးလည်း မကန်ဖြစ်တော့ဘူး ။ အမေနဲ့ အစ်ကိုကြီးမျက်နှာတွေကြည့်ပြီး ကျွန်တော်ကတော့ အဖေ့ကိုပဲ သတိရနေမိပြန်တယ်။
အခက်ခဲတွေ ကျော်လွှားရင်းနဲ့ နောက်ထပ် တစ်လလောက်အကြာ ကျွန်တော်တို့ ဂေါ်လီလှိမ့်နေကြတဲ့အချိန်မှာ အဖေ ပြန်ရောက်လာတယ် ။အရင်လို မုန့်တွေ ၊ စားစရာတွေလည်း မပါဘူး ။ရုပ်လည်း မှတ်မိတယ် ဆိုရုံလောက်ကိုပဲ ကျသွားတယ်။ အဖေ ပြန်ရောက်လာတော့ ပတ်ဝန်းကျင်က လူတစ်ချို့ အဖေ့နားဝိုင်းလာပြီး သတင်းမေးကြတယ်။ ကျွန်တော်လည်း ဂေါ်လီတွေ ပစ်ချပြီး အဖေ့ဆီ ပြေးသွားတယ် ။ဝမ်းသာတာလည်း ပြောပြမတတ်လောက်အောင်ပဲ ။အားအင်းတွေ ဘယ်ကရောက်လာမှန်းမသိဘဲနဲ့ကို လူက လန်းလန်းဆန်းဆန်း ဖြစ်လာတယ်။ အမေကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ အဖေ့မျက်နှာကိုပဲ စိုက်ကြည့်နေတယ်။ အမေကလည်း ကွပ်ပစ်ပေါ်ထိုင်ရင်း ဘေးနားကလူတွေ မေးတာဖြေလိုက် ၊ ကျွန်တော့ခေါင်းကို ပုတ်လိုက်နဲ့ တိုက်ပွဲအောင်တဲ့ စစ်သူကြီးတစ်ယောက်လို ဂုဏ်ယူနေတာ တွေ့ရတယ်။
ညနေကျတော့ အဖေရယ် ၊ ရွာလူကြီးရယ် ၊ အနားက လူတစ်ချို့ရယ် ကွပ်ပစ်ပေါ်မှာ စကားဝိုင်းဖွဲ့ကြတယ် ။အဖေက အတွေ့အကြုံတွေ ပြောပြတယ် ။ ကျန်တဲ့သူတွေက နားထောင်လိုက် ၊ ဖြတ်မေးလိုက် ၊ရေနွေးကြမ်းသောက်လိုက်နဲ့ စည်ကားနေတယ်။ အမေက ရေနွေးအိုးတည် ။ အစ်ကိုကြီးက အမေ့နားမှာ ၊ ကျွန်တော်က အဖေ့ပေါင်နားမှာ ။ အဖေက တိုက်ပွဲမှာ ဘယ်လိုတွေ သေကြောင်း ၊ တစ်ချို့စစ်ဗိုလ်တွေဆို ငယ်ငယ်လေးနှင့် သနားစရာကောင်းကြောင်း ၊ မိုင်းထိသဖြင့် ဒီအတိုင်း ထားခဲ့ရတဲ့ လှည်းတွေ ၊ နွားတွေနဲ့ လူတွေအကြောင်းကို စီကာပတ်ကုံး ပြောပြတယ်။ နောက်ပြီး ထွက်ပြေးရင်းနဲ့ လူစုကွဲသွားလို့ အရိုင်းကရင်( အဖေတို့အခေါ်) တွေနေတဲ့ ရွာစုကို ရောက်သွားပုံ ၊ အဲဒီက လူတစ်ချို့ လယ်ထဲက ကြွက်အဖြူ သေးသေးတွေ အရှင်ကြီးကို လက်နဲ့ညှစ်ပြီး ထမင်းနဲ့ တို့စားပုံ ၊ ကြံခင်းသေးသေးထဲမှာ မျက်စိလည်အောင်လုပ်တဲ့ ပယောဂအတတ်တွေ တတ်ကြပုံကို အဖေက စိတ်ဝင်စားဖွယ် ပြောပြတယ် ။ဖြစ်နိုင် ၊ မဖြစ်နိုင်ဆိုတာကို ခွဲခြားမတတ်ပေမယ့် စိတ်ဝင်းစားဖို့တော့ အင်မတန်ကောင်းတယ်။
အဖေက အစုံလုပ်တတ်တော့ အလုပ်က သိပ်မရှားဘူး ။ မိုးရာသီဆို လယ်ထွန်တာ ၊ မျိုးနုတ်တာတွေ နေ့စားလိုက်လုပ်တယ် ။တံငါကတော့ အဖေ မလုပ်ဘူး ။ နွေဘက်ဆို ချောင်းတစ်ဖက်ကမ်းက တိုက်နယ်ရွာကြီး (ယခုမြို့) မှာ ဆိုက်ကားနင်းတာ ၊ ကုန်ထမ်းတာတို့ သွားလုပ်တယ် ။ အလုပ်အင်မတန် မရှိတော့မှသာ တံငါအလုပ်ကို အဖေလုပ်တယ်။ ဒီလိုနဲ့ ကျွန်တော် သုံးတန်းနှစ်မှာ ကျောင်းအုပ်ဆရာမကြီးက အိမ်ကို ရောက်လာပြီး အဖေ့ကို စကားလာပြောတယ်။ ဒီမှာဆက်နေရင် လေးတန်းနဲ့ ကျောင်းပြီးပြီ ဖားရှာငါးရှာနဲ့ ဘ၀ဆုံးမှာဖြစ်ကြောင်း ၊ ခလေးတွေက ပညာရေးကောင်းကြောင်း ၊ သူတို့ရှေ့ရေးကို စဉ်းစားသင့်ကြောင်း ပြောပြီးတော့ ဆရာမကြီး ပြန်သွားတယ် ။ ဆရာမကြီး ပြန်သွားတော့ အိမ်ဘေးက ကွပ်ပစ်ပေါ်မှာ အဖေ ထိုင်လိုက် ၊ လှဲချလိုက်နဲ့ နဖူးပေါ်လက်တင်ပြီး အကြာကြီး စဉ်းစားနေတာကို တွေ့ရတယ်။
ကျွန်တော် လေးတန်းတတ်မယ့်နှစ်မှာ အထက်တန်းကျောင်းရှိတဲ့ တစ်ဖက်ကမ်းက တောမကျ မြို့မကျ ရွာကြီးကို အဖေတို့ပြောင်းတယ် ။ အဲဒီအချိန်က အမေ့မှာ အမွှာညီမလေး နှစ်ယောက်ကို မီးဖွားပြီးစ အချိန် ။ အဖေက ပြည်သူ့စစ်ထဲကိုဝင်တယ်။ အမေကတော့ သဘောမကျဘူး ။အဖေကလည်း ဒီနည်းလမ်း တစ်ခုပဲရှိကြောင်း အမေ့ကို ဖြောင်းဖျတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ပြည်သူ့စစ် မိသားစုတွေနေတဲ့ ၀င်းကြီးတစ်ခုထဲကို မျက်စိသူငယ် နားသူငယ်နဲ့ ရောက်သွားကြတယ်။ အဖေက လက်သမားလည်း လုပ်တတ်တော့ မကြာခင် အိမ်ကလေးတစ်လုံး ဖြစ်သွားတယ်။ ၀င်ဝင်ချင်းဆိုတော့ ဟိုလူကခိုင်း ၊ ဒီလူက ပါဝါပြနဲ့ အဖေလည်း သီးခံရတယ်။ ကျွန်တော်တို့ကတော့ သူငယ်ချင်း အသစ်တွေနဲ့ ကျောင်းအသစ်မှာ တတ်နေရလို့ ပျော်နေပြီ ။တစ်နေ့ အရင်ဝင်ထားတဲ့ ပြည်သူ့စစ်တစ်ယောက်က အဖေ့ကို ဟိန်းလားဟောက်လား လုပ်တာ မခံနိုင်လို့ အဖေ ဓါးမြောင်ထုတ်ပြီး တစ်ပြိုင်နက်ထဲ အဲဒီလူပေါ် ခုန်အုပ်လိုက်တယ် ။ ဒါပေမယ့် သားသမီးတွေ မျက်နှာနဲ့ အဖေ့ဒေါသတွေကို ပြန်လျော့လိုက်ကြောင်း အမေ့ကို ပြောပြနေတာ ကျွန်တော်ကြားလိုက်တယ်။
နှစ်ပေါင်းများစွာ အလုပ်ကြမ်းနဲ့ ပေါ်တာလိုက်ခဲ့တဲ့ ဒါဏ်တွေကြောင့် ကျွန်တော် ရှစ်တန်းနှစ်အစလောက်မှာ အဖေ့ကို ဆရာဝန်က နှလုံးရောဂါလို့ အမည်တပ်လိုက်တယ် ။ ဆေးလိပ်ကိုလည်း အမေ တားနေတဲ့ကြားထဲက အဖေမဖြတ်နိုင်ခဲ့ဘူး ။အရက်ကတော့ အဖေ မသောက်ဘူး ။ အလုပ်မှာ စိတ်တိုစရာတွေကြုံရင် အဖေ အမောဖောက်လာတာတွေ စိပ်လာတယ်။ တစ်ခါတစ်လေ ဂိတ်ကလူတွေ အသိလာပေးတဲ့အချိန်ဆို အဖေ ဆေးရုံပေါ်ကို ရောက်နေပြီ။ကုတင်ပေါ်မှာ အသက်ကို လုရှူနေပြီး ဗိုက်က ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတဲ့ အဖေ့ကို ကျွန်တော် မကြည့်ရက်ခဲ့ဘူး ။အဲဒီအချိန်က အောက်ဆီဂျင်ဗူးလည်း မရှိဘူး ။ဆရာဝန်တောင် နှစ်နဲ့ချီပြီး မရှိတဲ့ အချိန်တွေ ရှိခဲ့တယ်။ သူနာပြုဆရာမတစ်ချို့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်နေကြတယ်။ အမေကတော့ ဘေးကနေ ရပ်ကြည့်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်ဘူး ။ ဒီလိုနဲ့ အဖေ ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။
အဖေ ဆေးရုံသုံးခါလောက် တတ်ရတော့ ပြည်သူ့စစ်ခေါင်းဆောင်က တပ်နဲ့တွဲပြီး နယ်မြေကင်းလှည့်တဲ့ နေရာတွေမှာ အဖေ့ကို မထည့်တော့ဘဲ ဂိတ်မှာ အထိုင်နေရတဲ့ နေရာမှာပဲ ချထားတော့တယ်။ ကျွန်တော်တို့လည်း အရွယ်ရောက်နေပြီဆိုတော့ ရေထမ်းတာ ၊ ကုန်ထမ်းတာတို့လုပ်ပြီး တစ်ဖက်က ၀င်ငွေရှာရတယ်။ အဲဒီအချိန် အဖေ့ရဲ့ ကျန်းမာရေးက အတော်ကို ယိုင်နဲ့နေပြီ။ ကျွန်တော်တို့ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံတစ်ချို့ကို ကြည့်ပြီး အဖေက ငါ မင်းတို့ ပိုက်ဆံတွေကို စားမပျော်ပါဘူးကွာ ဆိုပြီး မကြာမကြာ ပြောရှာတယ်။ နောက်ပြီး စာကျိုးစားဖို့လည်း တတွတ်တွတ် ပြောရှာတယ်။ အဖေ့ကို ပြန်လုပ်ကျွေးနိုင်လို့ ကျွန်တော်တို့က ၀မ်းသာပေမယ့် အဖေကတော့ ကုလားထိုင်မှာ ထိုင်ပြီး အဝေးကြီးကို ငေးကြည့်နေတယ်။ ကျွန်တော်တို့တွေ ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားမှာ အင်မတန် စိတ်ပူကြောင်း အမေ့ကို မကြာမကြာ ပြောရှာတယ်။
တစ်နေ့ အပေါ်အကျီ င်္ကို ပုခုံးပေါ်တင် ၊ လက်ကလည်း ခါးကို အားပြုရင်းနဲ့ ဂိတ်ကနေ အဖေပြန်လာတယ် ။အဲဒီအချိန် ကျွန်တော်က ကိုးတန်း ၊ အစ်ကိုကြီးက ဆယ်တန်း တတ်နေတယ် ။ညီမတွေကတော့ အတန်းငယ်သေးတယ်။ တီဗွီကနေ မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုပြီး မကြာမကြာ ကြော်ငြာနေတာ အမှတ်ရသေးတယ်။ ကုလားထိုင်မှာ ထိုင်ပြီးတော့ အဖေ အမောတွေ ဖောက်လာတယ်။ သွားသွားလာလာလည်း မလုပ်နိုင်တော့ဘူး ။ အမေကတော့ တတ်သလောက်မှတ်သလောက် ပြုစုပါတယ်။ ဆေးရုံကလည်း အိမ်နဲ့နီးတော့ အခြေအနေ ဆိုးလာရင် ဆေးရုံကိုတင်လိုက်၊ နည်းနည်း သက်သာလာရင် ပြန်ဆင်းလိုက်နဲ့ တဖြည်းဖြည်း အမေ အိပ်ရာထဲ လဲတဲ့အထိ ဖြစ်သွားတယ်။ မထနိုင်တော့ဘူး ။ ဒီလိုနဲ့ မှတ်မှတ်ရရ ၁၉၉၆ သင်္ကြန်နှစ်ဆန်း ၂ ရက် ညနေ ၆ နာရီခွဲမှာ အဖေဆုံးတယ်။
အဖေဆုံးတော့ အမေ မျက်ရည် မဆည်နိုင်ဘူး ။ အစ်ကိုကြီးလည်း မျက်ရည်ကျ ၊ ညီမတွေလည်း ငို ။ ကျွန်တော်ကတော့ မငိုမိဘူး ။ငိုချင်ပေမယ့် ငိုမထွက်ဘူး ။ အဖေ့ရဲ့ စွမ်းနိုင်သလောက်နဲ့ တွန်းတင်ခဲ့တဲ့ ကျွန်တော်တို့ မိသားစုတွေရဲ့ ဘ၀တွေကို ဒီထက်ကောင်းမွန်အောင် လုပ်ရမယ်ဆိုတဲ့ အသိတွေ အဖေ့ရဲ့ အသက်မဲ့နေတဲ့ ရုပ်ကလပ်ကိုကြည့်ပြီး ကျွန်တော့စိတ်ထဲ ဖြစ်ပေါ်လာတယ်။ နောက်နေ့ကျတော့ နီးစပ်တဲ့သူတွေ ၊ ရွာက ဆွေမျိုးတွေ ရောက်လာကြတယ်။ အမေ့ကို အသက်ငယ်သေးတော့ ခလေးတွေ ရှေ့ရေးကိုကြည့်ပြီး သင့်တော်တဲ့အချိန်မှာ အိမ်ထောင် ထပ်ပြုသင့်ကြောင်း တိုက်တွန်းကြပေမယ့် အမေ လက်မခံခဲ့ဘူး ။အဲဒီအချိန် အမေ့အသက်က ၃၇ နှစ် ။ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို အားပြုပြီး ရှေ့ဆက်ဖို့ အမေ စဉ်းစားထားပုံရပါတယ်။ ဒါတွေဟာ အဖေနဲ့ ပတ်သတ်တဲ့ ကျွန်တော့ရဲ့ အမှတ်တရများပဲလို့ ဆိုချင်ပါတယ်။
ငြိမ်းသွင်စိုး
စာမူရှင်များဖိတ်ခေါ်ခြင်း
-----------------------------------------
နိုင်ငံတကာနှင့် မြန်မာဝတ္ထုတိုများ Facebook Page ၏ ၀တ္ထုတိုအသစ်ကဏ္ဍ တွင် ဖော်ပြရန်အတွက် ပင်ကိုယ်ရေး၊ ဘာသာပြန် ၀တ္ထုတို နှင့် အက်ဆေးများ ကို Message Box မှတဆင့် ပေးပို့နိုင်ပါသည်။
ပေးပို့လာသည့် စာမူများထဲမှ ရွေးချယ်ခံရသည့်စာမူများကို အပါတ်စဉ်တနင်္ဂနွေနေ့တိုင်း တစ်ပါတ်လျှင်တစ်ပုဒ်နှုန်းဖြင့် ဖော်ပြသွားမည် ဖြစ်ပါသည်။
ရွေးချယ်ခံရသည့် စာမူရှင်များကို စာမူခ အနေဖြင့် ၅၀၀၀ ကျပ်တန် ဖုန်းကဒ် တစ်ကဒ် ပေးပို့သွားမည်ဖြစ်ပါသဖြင့် စာမူပေးပို့ရာတွင် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကိုယ်တိုင်ရေးသားကြောင်းဝန်ခံချက်၊ ဂျာနယ်၊မဂ္ဂဇင်းစသည်တို့တွင် ဖော်ပြခံထားရသည့် စာမူဖြစ်ပါက ဖော်ပြခံခဲ့ရသည့် ဂျာနယ်၊ မဂ္ဂဇင်းအမည် တို့ကို ပါ စာမူ၏ အောက်တွင်တစ်ပါတည်း ရေးသားပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Admins Team
Chosen One Digital Media

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...