Wednesday, January 14, 2015

ဘွားသက်ရှည်


ဝါးထရံတွေ ပတ်ချာလည်ကာပြီး ဓနိမိုးထားတဲ့ အိမ်ငယ်လေးထဲမှာ အဘွားအိုတစ်ယောက် လဲလျောင်းနေတယ်။ ဘုန်းကြီးကျောင်း ပရ၀ုဏ်ထဲ တည်ဆောက်ထားတဲ့ အဲဒီအိမ်ငယ်လေးမှာ အဖီချထားတဲ့ ဓနိရွက်တွေက ပတ်ဝန်းကျင်က လယ်ကွင်းတွေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပူတွေကို သဘာဝအတိုင်း အတော်သင့် အံတု နိုင်တာ တွေ့ရတယ်။


ခမ်းနားထည်ဝါမှု မရှိတဲ့ ဒီအိမ်ငယ်လေးမှာ မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ အဘွားဒေါ်မြကြည်နေထိုင်တယ်။ အဘွားရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ၁၂၅၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁) ရက်နေ့ မှာ မွေးဖွားခဲ့တယ်လို့ ဖော်ပြထားတယ်။ အင်္ဂလိပ်လိုတော့ ၁၈၉၂ ခုနှစ်ပါ။ ဒီတော့ အခုလက်ရှိမှာ သူ့အသက်က(၁၂၃) နှစ် ထဲကို ရောက်နေပြီ။

ကျွန်တော်ရောက်သွားတော့ လဲလျောင်းနေတဲ့ အဘွားဒေါ်မြကြည်က အားယူထထိုင်ရင်း ဧည့်ဝတ်ပြုဖို့ကြိုးစားတယ်။ ဧည့်သည်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေဟန်ရှိတဲ့ အဘွားရဲ့မျက်နှာမှာ အနှောင့်အယှက်ဖြစ်ဟန် မတွေ့ရဘူး။ သူ့ကိုယ်ပေါ်မှာ အဖြူရောင်အနွေးထည် အင်္ကျီနဲ့ အနီရောင် ချိတ်ထဘီကို ၀တ်ဆင်လို့။

“ ငှက်ပျောသီး ချကျွေးပါဦး”

အနားကို ရောက်လာကြတဲ့ အိမ်နီးနားချင်းတွေကို အဘွားဒေါ်မြကြည်က ပြောရင်း ဧည့်ဝတ်ပြုစေတယ်။ သူတို့တွေကပဲ သားသမီး မြေးမြစ်တွေနဲ့ အနေဝေးနေတဲ့ အဘွားကို စောင့်ရှောက်လာခဲ့ကြတာ။ သူတို့တွေကပဲ အဘွားရဲ့ သားသမီးရင်းချာတွေလိုဖြစ်နေကြတာ။ အခုတော့လည်း အဘွားရဲ့ အိမ်ငယ်လေးမှာ ၀ိုင်းအုံလို့။

အဘွားဒေါ်မြကြည်ရဲ့ အခန်းတစ်ခန်းသာရှိတဲ့ ပကာသနမဲ့တဲ့ အိမ်ငယ်လေးထဲမှာ အမြင့်နံရံမှာချိတ်ထားတဲ့ ဘုရားပုံတော်တွေရယ်၊ မွေ့ယာလေးတစ်ခုရယ်၊ သေတ္တာငယ်တစ်လုံးရယ်၊ ဖုန်တက်နေတဲ့ ၀ှီးချဲတစ်ခုရယ်၊ ကြက်တိန်ညင်မလေးတစ်ကောင်ရယ်နဲ့ အသုံးအဆောင်ပစ္စည်း တချို့ရယ်ပဲ တွေ့ရတယ်။

“နေကောင်းရဲ့လားအဘွား” လို့ မေးကြည့်တော့ ပထမ တစ်ခွန်းမှာ သူမကြား။ အကြားအာရုံက ချို့တဲ့နေရှာပြီ။ အဘွားရဲ့လက်ကို ကိုင်ပြီး အနီးကပ်မေးဖို့ စောင့်ရှောက်သူတွေကပြောတော့မှ အဆင်ပြေသွားတယ်။

“ မကောင်းဘူး။ နားမကောင်းဘူး။ မျက်စိ မကောင်းဘူး။ အကြောတွေ တက်နေတယ်” လို့ အဘွားဒေါ်မြကြည်က ပြန်ဖြေတယ်။

ပြီးခဲ့တဲ့ရက်က အဘွားနေထိုင်တဲ့ ပေါက်ချိုင်ကုန်းကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ရွာတစ်ခုမှာလုပ်တဲ့ အလှူမှာ ကန်တော့ခံသွားခဲ့ရလို့ ပင်ပန်းနေရှာတယ်။ ဒါပေမဲ့ အဘွားဒေါ်မြကြည်က ကြိုးစားထထိုင်ရင်း ဧည့်ဝတ်ပြုရှာတယ်။

“ဆေးလိပ် အဖြူ သောက်ကြဦး” လို့ စဥ့်ရည်သုတ် ဆေးလိပ်ခွက်ကလေး ရှေ့တိုးပေးရင်း ပြောတယ်။

ဆေးလိပ်အဖြူဆိုတာ စီးကရက်ကို ညွှန်းဆိုပြီး ပြောတာပါ။  သူကိုယ်တိုင်လည်း ဆေးပေါ့လိပ်ကို ရှိုက်ဖွာနေတယ်။

သူသောက်နေကျ ဆေးပေါ့လိပ်က မြင်းခြံမြို့ကထုတ်တဲ့ “ဆင်မင်း” တံဆိပ် ဆေးပေါ့လိပ်ပါ။ အဲဒီ ဆေးပေါ့လိပ်ကလွဲလို့ တခြားဆေးပေါ့လိပ်တွေ မသောက်တဲ့အတွက် ဆင်မင်းဆေးပေါ့လိပ်ကို အစည်းလိုက် ၀ယ်ပေးထားရကြောင်း ပြုစုပေးနေကြတဲ့ အိမ်နီးနားချင်းတွေက ပြောတယ်။

အဘွားကို ဘယ်အရွယ်လောက်ကစပြီး ဆေးလိပ် သောက်တတ်ခဲ့တာလဲလို့ မေးကြည့်တော့

“ ငါးနှစ်သမီး၊ အဖေက ဆေးလိပ်မီးတို့ခိုင်းလို့ မီးတို့ရင်း သောက်ပစ်လိုက်တာ တစ်ဆုံကုန်ရော။ ဟိုတုန်းက ဆေးတံပေါ့” လို့ ဖြေတယ်။

အဘွားဒေါ်မြကြည်ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရွာမှာ အဖ ဦးကာ၊ အမိဒေါ်ဖွားအုံတို့က မွေးဖွားခဲ့တာပါ။ အသက် (၂၀)လောက်မှာ ဦးအောင်ဝ နဲ့ အိမ်ထောင်ကျခဲ့ပြီး ဦးအောင်ဝ ကွယ်လွန်ပြီးတဲ့နောက် ဦးနီ နဲ့ ထပ်ပြီး အိမ်ထောင်ပြုခဲ့တယ်။ ပထမ အိမ်ထောင်နဲ့ သားတစ်ဦး၊ ဒုတိယ အိမ်ထောင်နဲ့ သမီး (၃) ဦးထွန်းကားခဲ့ပြီး လက်ရှိမှာတော့ သမီး (၂)ဦးသာ အသက်(၈၀) ၀န်းကျင်အရွယ်တွေနဲ့ နေထိုင်လျှက်ရှိဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ အဲဒီအကြောင်းတွေကို အဘွားဒေါ်မြကြည်က လုံးစေ့ပတ်စေ့ ပြန်မပြောပြနိုင်တော့ပါဘူး။ သူ့ကို ပြုစုနေတဲ့ အိမ်နီးချင်းတွေက ပြန်ပြောပြလို့သာ သိရတာပါ။ အဘွားဒေါ်မြကြည်ကတော့ သူ့မှာ မြေး ဘယ်နှယောက်ရှိမှန်းတောင် မမှတ်မိတော့ပါဘူး။

“လက်ရှိ သမီး နှစ်ယောက်ပဲရှိတော့တာ။ ဒီရွာမှာမနေဘူး။ မယ်တော်စု နဲ့ ဗျင်းကလော မှာနေကြတာ။ ဒီရွာမှာက မြေးတွေပဲရှိတော့တယ်။ အရင်အိမ်ထောင်နဲ့ရတဲ့ သားကလည်း အသက် (၈၀) ကျော်မှာ ဆုံးသွားတယ်။ ကျန်ခဲ့တဲ့ သမီး (၂) ယောက်ကလည်း အခုဆို (၈၀) ၀န်းကျင်တွေ ဖြစ်နေပြီ”လို့ အဘွားဒေါ်မြကြည်ကို စောင့်ရှောက်နေတဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဦးသန်းရွှေက ပြောပြတယ်။

အဘွားရဲ့ဆွေမျိုးရင်းချာတွေက အနီးနားမှာ မရှိတော့တာကြောင့် အိမ်နီးနားချင်းတွေကပဲ သူ့ကို ပြုစုစောင့်ရှောက်နေကြရတယ်။ အော်ခေါ်သံကြားရင် ကြားတဲ့သူက အပြေးသွားပြီး လိုအပ်တာလေးတွေ လုပ်ပေးကြရတယ်။ ညဘက်တွေ ဆိုရင်တော့ ဘယ်သူမှမရှိဘဲ အိမ်ငယ်ကလေးထဲမှာ အဘွားတစ်ယောက်တည်းပေါ့။

“အရင်တုန်းကတော့ ရွာထဲမှာနေတာ။ ရွာထဲနေတုန်းကတော့ ထန်းရွက်တဲလေးပေါ့။ ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်လာရင် အသက်ကကြီးတော့ ၄,၅ ခါလောက် နားနားပြီးလာရတယ်။ အဲဒါနဲ့ မဖြစ်ဘူးဆိုပြီး ဘုန်းကြီးက ကျောင်းထဲခေါ်ထားလိုက်တာ” လို့ ဦးသန်းရွှေက ပြောပြတယ်။

အခုဆိုရင် အဘွားဒေါ်မြကြည် တစ်ယောက် ဘုန်းကြီးကျောင်းပရ၀ုဏ်ထဲက အိမ်ကလေးမှာ နေလာတာ ဆယ်စုနှစ်တစ်ခု ရှိလာခဲ့ပြီ။ မြေးတွေနဲ့ အိမ်နီးချင်းတွေက ကျွေးတဲ့နံနက်စာရယ်၊ ဘုန်းကြီးကျောင်းကကျွေးတဲ့ နေ့လယ်စာရယ်ကိုပဲ အဓိကစားသောက်ရင်း နေထိုင်လာခဲ့ပေမယ့် ကျန်းမာရေးပြသနာကြီးကြီးမားမား မရှိဘူးလို့ အိမ်နီးချင်းတွေက ဆိုတယ်။

“ သူက တစ်နေ့ (၂) နပ်ပဲစားတယ်။ ညစာ မစားဘူး။ ညဘက်ဆို မုန့်ခြောက်လေးတွေနဲ့ ပြီးတာ။  အညှီအဟောက်လည်း မစားဘူး။ အသီးအရွက်နဲ့ ငါးခြောက်ကလေးတွေပဲစားတာ။ ငါးနဲ့ ပဲကလွဲလို့ ဘာမှ မစားဘူး” လို့ အဘွားဒေါ်မြကြည်ရဲ့ အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းခင်က ပြောတယ်။

အဘွားကတော့ ကျွန်တော်တို့ကိုဧည့်ခံရတာ ညောင်းလာဟန်တူတယ်။ အနားက ခေါင်းအုံးကလေးကို ယူခိုင်းပြီး လှဲလျောင်းအနားယူနေတယ်။ ဒါတောင် “စားကြပါဦး ငှက်ပျောသီး” လို့ ပြောရင် အလှူပွဲမှာ ကန်တော့ခံရထားတဲ့ ဖီးကြမ်းငှက်ပျောသီး ခပ်စိမ်းစိမ်းလေးကို ရှေ့တိုးပေးနေသေးတယ်။

ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့ရဲ့ တရားဝင်အသိအမှတ်ပြုချက်အရ ကမ္ဘာ့အသက်အကြီးဆုံးပုဂိုလ်ကတော့ ပြင်သစ်နိုင်ငံသူ အဘွားအို ဂျင်းကလဲမန့်ဖြစ်ပြီး ၁၉၉၇ ခုနှစ်၊ သြဂုတ်လ (၄) ရက်မှာ မကွယ်လွန်မီအချိန်အထိ (၁၂၂)နှစ်နဲ့ (၁၆၄) ရက်ကြာ အသက်ရှင်နေထိုင်ခဲ့ သူဖြစ်ပါတယ်။

လက်ရှိအသက်ရှင်နေထိုင်လျှက်ရှိသူတွေအထဲမှာတော့  ဂျပန်နိုင်ငံသူ အဘွားအို အိုကာဝါက အသက်အကြီးဆုံးအဘွားအိုအဖြစ် ထိပ်ဆုံးက တရားဝင်အသိအမှတ်ပြုခံထားရပြီး အခုဆိုရင်(၁၁၆) နှစ်နဲ့ ရက်ပေါင်း (၃၀၀) ကျော် ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဘွားဒေါ်မြကြည်က လက်ရှိအချိန်ထိ အသက် (၁၂၃) နှစ်အရွယ်နဲ့ အသက်ရှင်နေထိုင်ဆဲဖြစ်တာကြောင့် အဲဒီစံချိန်တွေအားလုံးကို ကျော်ဖြတ်နိုင်ဖွယ်ရှိပေမယ့်လည်း ဂင်းနစ်မှတ်တမ်းအဖွဲ့ရဲ့ တရားဝင်အသိအမှတ်ပြုမှုကို မခံရသေးတာက မချင့်မရဲဖြစ်စရာကောင်းပါတယ်။

 မြန်မာနိုင်ငံသားတွေအထဲမှာတော့ နာဂလူမျိုး အဘိုးအို ခေါင်ဘူအုတ် ကလည်း (၁၂၂)နှစ်နဲ့ အသက်အကြီးဆုံးလူသားဖြစ်လာတယ်လို့ သတင်းဌာနတချို့က ပြီးခဲ့တဲ့နှစ်အတွင်းက ဖော်ပြခဲ့ဖူးပေမယ့်လည်း ဂင်းနစ်မှတ်တမ်းအဖွဲ့ရဲ့ တရားဝင် အသိအမှတ်ပြုခြင်းကိုတော့ မခံခဲ့ရပါဘူး။

ကျွန်တော်တို့ စကားပြောဆိုနေကြတုန်း ရွာထဲက စကားပြောတတ်စအရွယ်ကလေးတစ်ယောက်က “ည ည” “ည ည” နဲ့ မပီကလာ ပီကလာ ခေါ်ရင်း အဘွားဒေါ်မြကြည်အနားရောက်လာတယ်။ အဘွားဒေါ်မြကြည်ကို လူကြီးတွေရော၊ ကလေးတွေပါ ချစ်ပုံရတယ်လို့ ကျွန်တော်တွေးလိုက်မိတယ်။

“ကဲ….လာ….လာ။ ဒီ ဘွားဘွားကြီးပဲ၊လူရှင်းတုန်း ကန်တော့ကြ” ဆိုတဲ့ အသံနဲ့အတူ လူကြီးတစ်ယောက်နဲ့ ကလေးငယ်တစ်သိုက် ကျွန်တော်တို့ရှိရာ ရောက်လာကြတယ်။

“ဘွားဘွားကြီးလို အသက်ရှည်အောင်၊ ကန်တော့ ရတယ်။ ကန်တော့ကြ၊ ကန်တော့ကြ”

ပါးကွက်ကြားကိုယ်စီနဲ့ ကလေးငယ်တွေက အဘွားဒေါ်မြကြည်ရှေ့မှာ ၀ိုင်းအုံပြီး ကန်တော့နေခိုက် အဖိုးဖြစ်ဟန်တူတဲ့ သူက ပြုံးစစနဲ့ မြေးတွေကို ကြည့်နေတယ်။

သူကတော့ အမရပူရမြို့နယ်၊ ဆင်ရွာ၊မြင်းမူး ကျေးရွာဘက်က ဦးသံချောင်း လို့ခေါ်တဲ့ အမျိုးသားကြီးပါ။ ပေါက်ချိုင်ကုန်း ကျေးရွာမှာ လယ်ယာလုပ်ငန်းတွေလာရောက်လုပ်ကိုင်ရင်း အဘွားဒေါ်မြကြည်နဲ့ ခင်မင်ရင်းနှီးခဲ့တာလို့ သူကပြောပြတယ်။ အဘွားဒေါ်မြကြည်ဆီကို လာလာကြည့်ရှုရင်း ကြုံကြိုက်တဲ့ အခါတိုင်း မြေးတွေကိုပါခေါ်လာပြီး ကန်တော့စေတယ်လို့ ဆိုတယ်။ အခုလည်း အနီးနားကျေးရွာတစ်ခုက အလှူကိုလာရင်း မြေးတွေကို လာပြတာ လို့ ဦးသံချောင်းက ပြောတယ်။

သူက “ ကိုယ်သိသလောက်တော့ အဘွားက မြေးတွေနဲ့ပဲနေရရှာတာ။ သားသမီးတွေက အသက်တွေလည်းကြီးကုန်ကြပြီဆိုတော့ လာမကြည့်နိုင်ကြတော့ဘူး” လို့ ဆိုတယ်။

အချိန်က မွန်းလွဲပိုင်းကို ရောက်လာခဲ့ပြီ။ အပြင်မှာ နေက ခြစ်ခြစ်တောက်ပူပြင်းနေပေမယ့် အဘွားဒေါ်မြကြည်ကတော့ အနွေးထည် အင်္ကျီတွေဝတ်ဆင်ရင်း သူ့ရဲ့အိမ်ငယ်လေးထဲမှာ လဲလျောင်းအနားယူနေတယ်။ အနားမှာ တော့ အဖွားရဲ့ အချစ်တော် “မိကံ” လို့ နာမည်ပေးထားတဲ့ ကြက်တိန်ညင်မလေးက လူးလာခေါက်တုံ့သွားလာရင်း အစာရှာနေတယ်။

မိခင်ကြက်မကြီးသေသွားတော့ မပေါက်သေးဘဲ ကျန်ရစ်ခဲ့တဲ့ ကြက်ဥလေးကို အဘွားဒေါ်မြကြည်က ငရုတ်သီးထည့်တဲ့ အိပ်ထဲမှာ ဂွမ်းစလေးတွေခံပြီး အပူပေးမွေးရင်း “မိကံ” ကြီးပြင်းလာခဲ့တာ။ “မိကံ”ရဲ့အသက်ကလည်း အခုဆို ဆယ်စုနှစ် တစ်စု နီးပါးရှိလာခဲ့ပြီး “ဘွားသက်ရှည်” နဲ့ ပေါင်းပြီး “ကြက်သက်ရှည်” ဖြစ်နေပြီပေါ့။

ကျွန်တော် ဘုန်းကြီးကျောင်း ပရ၀ုဏ်အတွင်း လှည့်ပတ်လေ့လာရင်း အဘွားရဲ့အိမ်ငယ်နားပြန်ရောက်တော့ အဖွားက တဲအိမ်ငယ်လေးကို တံခါးပိတ်လို့ အနားယူနေပြီ။

မနီးမဝေးက ရေအုတ်ကန်မှာတော့ (၂) ပါးသာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက တစ်ပါးတည်းသော ကျောင်းနေဆရာတော် ဦးဓမ္မပါလက ဆွမ်းချိုင့်တွေ ရေးဆေးကြောရင်း အလုပ်ရှုပ်နေတာတွေ့ရတယ်။

ဦးသံချောင်း ရဲ့ မြေးတသိုက်ကတော့ ကျောင်းဝန်းအတွင်း မှာ ပြေးလွှားဆော့ကစားနေကြလို့ ။ အဲဒီနောက်တော့ ကျွန်တော်လည်း အဘွားဒေါ်မြကြည်ရဲ့ အိမ်နီးချင်းတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။

 ဇော်နောင်လင်း


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...