“ပန်းတိမ်မတတ်ခင် ရွှေခိုးသင်”
Soe Min
သူများကို ချွန်တွန်းလုပ်တတ်တဲ့ဆေးထိုးကြမ်းတဲ့ ကိုယ့်ကို သူများကလည်း မရောက်ရောက်အောင် ပို့တဲ့အခါ ပို့ကြပါတယ်။ အဲ့ဒါကတော့အခုလာမယ့် ၂၀၁၅ မှာ အမတ်တစ်နေရာလောက် ဝင်အရွေးခံပါလားတဲ့။ တချို့ကလည်း ဆရာ့လိုလူမျိုးတွေလွှတ်တော်ထဲမှာ အများကြီး ရှိသင့်တယ်တဲ့။ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောဗျာ။လူကိုများ ဖေ့စ်ဘုတ်ပေါ် ကြပ်ချင်တိုင်းကြပ်လို့ရတဲ့ သူတို့ဘဘကြီးတွေလို မှတ်နေတယ်။အမတ်မပြောနဲ့ ခုနေခါမယ် ဝန်ကြီးလုပ်ပါလား ဆိုလည်း မလုပ်ဘူး။ သမ္မတလုပ်ပါလား ဆိုရင်တောင်မလုပ်ဘူး။ စကားကို ကုန်နေအောင် ပြောလိုက်ဦးမယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သလိုခေါင်းဆောင်နေရာက စီမံခန့်ခွဲရတဲ့အလုပ်မှန်သမျှ ဘာတစ်ခုမှ မလုပ်ဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုပါရစီ။ အင်မတန်ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပါ။ အဲ့ဒါကတော့ ကိုယ်မှ မလုပ်တတ်တဲ့ဟာ။သူများက ခိုင်းရုံနဲ့ တတ်သလိုလို မှတ်သလိုလို ပါးစပ်ကြီးပါ စားရပြီးရော။ လူမတတ်လည်းလ္ဘက်ထုပ်တတ်လိမ့်မယ် ဆိုပြီး အသာလေး မီးစင်ကြည့်က အထက်ကခိုင်းသမျှ သံဃာစင်တင်မကဘူး၊ဘုရားစင်ပါ ကျွမ်းသဒ္ဒါလန်အောင် ရေပါဖို့အဓိက မလုပ်တတ်မှန်း ကိုယ့်အကြောင်းကိုယ် သိလို့ပါ။
ဒါလေးများ ဘာခက်တာလိုက်လို့မောင်ရာ။ တစ်ရာ့တစ်ပါးသော အကြံပေးတွေရုံးတော်ကြီးနဲ့ အပြည့်ခန့်ပြီး အစည်းအဝေးတွေ နေ့ညဥ့်မပြတ် ခေါ်တိုင်ပင်ရသားနဲ့။ စကားတောင်ကိုယ်တိုင် ပြောစရာမလိုဘူး။ ပြောရေးဆိုခွင့်ရှိသူ ဆို ခန့်ပလိုက်ရင် ယိုထားတဲ့အီအီးတောင်နန်းလုံးကြိုင်၊ ကိုင်တိုင်းမွှေး၊ နူးညံ့အိစက် ကရမက်ကလေးလို့ သတင်းစာအစောင်စောင်က အရောင်စုံဓါတ်ပုံနှင့်တကွဖော်ပြပေးလိမ့်မယ်။
ခေါင်းဆောင်ဆိုတာ နေရာတကာ အောက်ခြေသိမ်း ခွေးလှေးပျား တောအနှံ့လိုက်ပါစရာမှ မလိုတာ။ သူ့နေရာနဲ့သူ ထောင့်စေ့အောင် ခိုင်းတတ်ဖို့ပဲ လိုတာ။ စိတ်ကူးမလွဲစမ်းပါနဲ့။ဘာမှ မလုပ်တတ်ရင် ဟန်ပြကလေးပဲနေ။ ကျန်တာအကုန် ဆွေတွေမျိုးတွေ ကြည့်စီမံမှာပေါ့။ သမဒကြီးသာဖြစ်ပလေ့စီ။ တို့ပေတောရွာတစ်ရွာလုံး ကားတစ်စီးမှမရှိလည်း ပေတောအဲယားလိုင်း
ထောင်ပလိုက်လို့ရတယ်။(တိမ်လွှာမို့မို့လွင် အဆိုကောင်းတယ်ဆိုတဲ့ ဘဘကြီးတောင် အဲယားနွားထိုးကြီးထောင်ဖို့လိင်ပျံတွေ ဝယ်ပြီးပတဲ့။) လောက်လေးခွ ခါးကြားထိုးထားတဲ့ ညီတော်မောင်တွေ၊ တူတော်မောင်တွေကမြောက်ကိုရီးယား၊ ရုရှားထွက်ပြီး လက်နက်ကုန်သည်လုပ်ပေးလို့ရတယ်။ (အခုဆို ယူရေနီယန်ပွဲစားတောင် လုပ်လို့ရသေး။) မန်ကျည်းစေ့ဇယ်တောက်နေတဲ့ နှမလေးတွေ၊ တူမကလေးတွေက စိန်ကောင်းကျောက်ကောင်းရောင်းပေးလို့ရတယ်။ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ သည်နေရာ သည်ရာထူးဆိုတာဘယ်သူ့ဆီမှ အင်တာဗျူးဝင်ဖြေရတာ မဟုတ်ဘူး။ အောင်လက်မှတ်လည်း ပြစရာမလိုဘူး။ ဘယ်သူကရိုက်စစ်နေလို့မလုပ်တတ်ဘူး မလုပ်တတ်ဘူး ခါးခါးသည်းသည်း ငြင်းနေရသလဲ။
နောက်တော့လည်း သည်လိုပဲ လုပ်တတ်သွားတာပဲဥစ္စာ။မယုံရှေ့လူတွေ ကြည့်ပါလား။ အိုဘားမားတို့ ကင်ဂျုံအမ်းတို့ပြောတာပါ။ ဆေးစက်ကျရာ အရုပ်ကိုထင်လို့။ တွေ့တဲ့အတိုင်းပဲ။
မှန်တာပေါ့။ မှန်တာပေါ့။ သွေးထွက်အောင်ကို မှန်တာ။ ကိုယ့်အတွက်ကိုယ့်အကျိုး၊ ကိုယ့်အမျိုးစီးပွားအတွက် အတ္တနဲ့ ယှဉ်ကြည့်သရွေ့ အကြွင်းမဲ့တဲ့ အဖြေပဲ။လုံးဝမှန်တယ်။ ကွက်တိကိုက်တယ်။ ရှေ့ကသွားနှင့်ပြီးသူတွေ အားလုံး အဲသည်အတွေးအခေါ်နဲ့ပဲသွားခဲ့ကြတယ်။ ဒါပေမယ့် သူ့အတွက် ကိုယ့်အတွက်၊ သူ့ဘက်ကိုယ့်ဘက် ချစ်ခြင်းမုန်းခြင်းမပါပဲတိုင်းပြည်မျက်နှာတစ်ခုတည်းကို ကြည့်စဉ်းစားမယ်ဆိုရင်တော့ တက်တက်စင်အောင်ကို လွဲတယ်။ကိုယ်တို့မြန်မာပြည်ကြီး မဟာဒုက္ခ တွင်းဆုံးကျလျက် ဟေတီ နဲ့ လစ်ဗျား အကြားမှာ တင့်တယ်စွာစံပယ်နေရခြင်းရဲ့ အဓိက အကြောင်းတရားဟာ အဲသလို မလုပ်တတ်တဲ့သူတွေ ထင်ရာတက်တက်လုပ်နေကြခြင်းရဲ့အကျိုးဆက်တွေပဲ။ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ ဖုတ်သွင်းရထားဆိုက်သလို ပုဏ္ဏားဖြူ ပုဏ္ဏားညိုသမားဟူးရားကြီးတွေက လက္ခဏာတော်ဖတ်လို့ သင့်တော်နင်းကီးတယ်ဆိုပြီး လွှတ်တော်ကမဲခွဲဆုံးဖြတ်လိုက်ရုံနဲ့မပြီးဘူး။အဲ့ဒီကမှ စရတာ။ ခမည်းတော်ဘုရင်မင်းမြတ်က ယုံကြည်စိတ်ချစွာ ထီးနန်းလွှဲအပ် သွားလေတယ်ဆိုရုံနဲ့လည်း မရဘူး။ နောက်ဆုံး ကုန်ကုန်ပြောပါ့မယ်။ တတိုင်းလုံးတပြည်လုံး အူအူကြွက်ညှာလက်မှာညောင်ရေနဲ့ တခဲနက် တင်မြှောက်ပေးလိုက်ရုံနဲ့လည်း မပြီးသေးဘူး။ ဒါတွေက ရှင်ဘုရင်ဖြစ်တာပဲ ရှိတယ်။ အဲ ရှင်ဘုရင်လုပ်တယ်ဆိုတာကတော့ အဲသည်ကနေ ရှေ့ကိုနန်းမကျမချင်း ဆက်လက်အုပ်ချုပ်စီမံရတဲ့အလုပ်။ အဲ့ဒီအလုပ်တွေကို ကိုယ့်ဘာသာ လုပ်တတ်သလား မလုပ်တတ်သလားတောင် တစ်ခါမှတွေးမကြည့်ပဲနဲ့ ငါသာ ရှင်ဘုရင် ဖြစ်တော်မူခဲ့ရင်ဆို ထင်သလိုတက်တက် အုပ်ချုပ်လာခဲ့တာပဝေသဏီကတည်းက မဟုတ်ဘူးလားလို့။
တကယ်တော့ လူချင်းသာတူတာ အသက်ရှူချင်းကဖြင့် ဝေးကွာခြားနားလှပါသလေ။ ကိုယ့်မှာ ဆေးကျောင်းကလေးပြီးလို့ ဆရာဝန်ပဲ လုပ်တတ်တယ်။ မာစတာလေးရမှ ခွဲတတ်စိတ်တတ်ရုံရှိတယ်။ပြင်သစ်ကျောင်းကလေးဆင်းလို့ ထမင်းစားရေသောက် နှောက်နိုင်ရုံရှိတယ်။ စီမံခန့်ခွဲရေး၊အုပ်ချုပ်ရေး၊ သံခင်းတမန်ခင်း၊ တိုင်းရေးပြည်ရာများကို ဘယ်တုန်းကမှ သင်ကြားလေ့လာခွင့်မရခဲ့လို့နကန်းတစ်လုံးတောင် နားမလည်ဘူး။ ဒါကြောင့် ခုနေများ “သပြုသီးရာထူးတွေ လစ်လပ်ပါ့မောင်ရာ။လက်ညွှန်လေး ဒုညွှန်လေး လုပ်ဖို့ ဝါသနာမပါဘူးလား” လို့ မေးရင် ခါးခါးသည်းသည်း ငြင်းနေရတယ်။ဘုမသိဘမသိ လက်မှတ်တွေထိုးပြီး ထောင်ကျနေမစိုးလို့။ ဒါမျိုးဆိုတာ နိုင်ငံခေါင်းဆောင်များမွေးဖွားရာမြေကလာတဲ့ နောင်ဘွားညီဘွားများမှသာ ညောင်သီးလည်းစားတတ်၊ လေးညှို့သံလည်း နားထောင်တတ်၊ညောင်ပင်ကြီးလည်း လက်ညှိုးထိုးရောင်းတတ်တာ။ မြင်းကမြင်းအလုပ် နွားကနွားအလုပ် လုပ်တာပဲကောင်းတယ်။ ဗလမရှိ ဇမရှိနဲ့ ညွှန်မှူးညွှန်ချုပ်လုပ်ရတာ ပြုတ်စော်နံရုံတင်မကဘူး။ ချုပ်နံ့ပါသင်းတယ်။ကျုပ်တို့က ငါးစာတင်မကဘူး။ ငမြှားချိတ်လည်း မြင်တယ်။ ပြတ်ပြတ်ပဲ။ လုပ်နိုင်ဘူး။
ဒါပေသိ လုပ်နိုင်တဲ့သူများကျတော့ မြွေမှန်ရင် တွင်းဝင်ဖြောင့်လို့။ခလုပ်လည်းမထိ ဆူးလည်းမငြိ။ ဘာပဲပြောပြော ပညာသည်ကြီးတွေ ပညာကုန်သုံးနေတုန်း ကိုယ်လည်းပဲသင်ဆရာ မြင်ဆရာ ကြားဆရာ အရာကထားလို့ အတတ်ကောင်းပညာရပ်များကို လေ့လာလိုက်စားမိသည်ပေါ့နော်။အဲ့တော့ ဂိုဏ်းမသင့်အောင် ရိုရိုသေသေ အခုကစလို့ ဆြာ လို့ပဲ နာမ်စားသုံးတော့မယ်။ ဘူတွေမှန်းကွကို သိကြ ပြီးတာပဲ။ ဆြာသမားများဟာ ပါရမီ့ရှင်အစစ် ဧကန်ဖြစ်ပေတယ်။ အခုလေးတင်ပဲ ဆေးဘတ်ဂျက်ကျရာအရုပ်ထင်အောင် ခြယ်နေရင်းက ကနေ့နက်ဖြန် နယ်စပ်မှာ ဘင်္ဂါလီတွေနဲ့ ထုပ်ဆီးတိုးချေပါဦးဆိုလည်းဘရိဖင် ဆယ်မိနစ် နားထောင်လိုက်ရုံနဲ့ စင်ပေါ်တက်ကရမယ့်ဇာတ်ရုပ်ကို ခြုံငုံမိလေတယ်။ ဆောက်လုပ်ရေးကအား/ကာကိုသွားရမလား။ မီးရထားက ယဉ်ကျေးမှုကိုရွှေ့ရမလား။ ဖဲတစ်ထုပ်လုံး ဂျိုကာတွေချည့်ပဲ။တစ်တပ်လုံး သိမ်းကြုံး လိုရာသုံး သက်ဝေ။ ဟယ်ရီပေါ်တာတက်တဲ့ မှော်ဝင်ကျောင်းတော်ကြီးကများဆင်းလာသလား မသိပါဘူး။ ဘယ်နေရာရောက်ရောက် စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင်အိမ်ဖြစ်ရမယ်။ နန်းတော်ရှေ့ကို မေးလာကြရင် သူဋ္ဌေးဝါဒလို့ သူပြောပြလိမ့်မယ်။
ကိုယ်နဲ့လည်းအကျွမ်းတဝင်မရှိတဲ့ မတစ်ထောင်သားတွေကို ငခြောက်ဆိုပြားယောက်ဆိုကျား လားလားမှ အထွန့်မတက်နိုင်အောင် အုပ်ချုပ်တာ ပညာတော့ ရှိရမှာပေါ့လေ။ ကိုယ့်သင်ပေးတဲ့သူမရှိလည်းသူ့ကကွက်ကလေးတွေ ကြည့်အတုခိုးရအောင်။ အမယ် ဘာခက်တာကျလို့။ အရင်ဆုံးတော့ လူမွေးတဲ့ဆီကစတာပေါ့။ ကိုယ်က အရှင်ပီပီ တည်တည်သာနေစမ်းပါလေ။ နေ့ချင်းကြီးချင်တဲ့သူတွေ သူ့စားရိတ်နဲ့သူလာအမွေးခံလိမ့်မယ်။ လိုချင်တဲ့အကောင် ထိုင်ရာမထ ကောက်ရိုက်လိုက်ရုံပဲ။ ကျောသပ်ရင်သပ်၁၃ ကျပ်လောက် ပွတ်လိုက်ရင် တပ်ခ်ျစကရင်ကြီး ပွတ်လိုက်သလို ဌာနတစ်ခုလုံးရဲ့ အတွင်းရေးရောအပြင်ရေးပါ လုံးစေ့ပတ်စေ့ သံတော်ဦးတင်ရစေ့မယ်။ သူ့ချည့်နားမထောင်နဲ့။ အဲ့ဒါ တစ်ဘက်နား။သူနဲ့ မတည့်တဲ့ကောင်ရှာ။ နှစ်ဘက်ခွနားထောင်။ မှားတာမှန်တာ ကိုယ့်အလုပ်မဟုတ်ဘူး။ မသုံးသပ်နဲ့။ဆရာမွေးခံရလိမ့်မယ်။ မှားတဲ့သူကိုရော မှန်တဲ့သူကိုပါ ဘယ်လိုအသုံးချမလဲဆိုတာကသာ ကိုယ့်အလုပ်။အဲ့ဒါ ပထမခြေလှမ်းပဲ။
ဒုတိယခြေလှမ်းကတော့ နည်းနည်း အချိန်ယူရလိမ့်မယ်။ ကိုယ့်ဌာနမှာဘယ်သူဘယ်ဝါက ကိုယ့်အတွက် စိတ်ချရတယ်။ ဘယ်သူဘယ်ဝါကဖြင့် ကိုယ့်အတွက် စိတ်မချရဘူး။ မှန်မှန်ကန်ကန်သိအောင် လုပ်ရမယ်။ သိပ်မှန်အောင်သိချင်ရင်တော့ မှတ်ထားလိုက်။ တကယ်တမ်း စိတ်ချရတယ်ဆိုတာဘယ်သူမှ မရှိဘူး။ ဘယ်နေရာမှာမှ မရှိဘူး။ ဘယ်တိုင်းပြည်နဲ့မှ စစ်ဖြစ်မနေတဲ့ ကိုယ်တို့ခေါင်းဆောင်များဟာနောက်ကျောက ကျည်ဆံနဲ့ချည့် ကျရတာ။ သက်လုံးပုံ ယုံဖို့စိတ်မကူးနဲ့။ “လှေနစ်ရင် မင်းလည်းပါတယ်နော်”လို့ သာ သူတို့ယုံအောင် ချည်ထားလိုက်။ သူ့လူနဲ့ကိုယ့်လူကို သိပြီးပြီဆိုရင် ထုပ်ဆီးတိုးဖို့စရတော့မယ်။ လာ လာ ခွင်ခြား စည်းသားကွယ်။ ချေးမများနဲ့ သူငယ်ချင်းရယ်။
သည်ဌာနမှာ ကိုယ့်အတွက် စပါးမွှေးစူးစရာလူတွေကတော့ ကိုယ့်လိုပဲ အရင်လူကမွေးသွားနှင့်တဲ့သူတွေပါပဲ။ ရှင်ဘုရင်တွေ နန်းတက်ရင်တောင် သစ္စာပေးတဲ့ဆီက စရသေးတာ။ ကိုယ်ကအခုအသစ်ရောက်တဲ့ ရှင်ဘုရင်။ သူ့သစ္စာက ကိုယ့်ဆီမနေပဲ အရင်လူဆီနေရင် အဲ့ဒါ သေတ္တာဖောက်တာပဲ။သစ္စာဖောက်ကို ဘာလုပ်မလဲ။ ဖြုတ် ထုတ် သတ်။ ဖြုတ် ထုတ် သတ်။ မျောက်သားစားချင် မျောက်မျက်နှာကြည့်နေလို့ မဖြစ်ဘူး။ ဝင်ဝင်ချင်းမှာ နမူနာ ပုံစံ လက်သံကလေး ပြထားမှ ချိုထောင်နေတဲ့သူတွေအမြီးကုပ်သွားမှာ။ ဒါဟာ တကောင်းအဘိရာဇာက စခဲ့တဲ့ ရိုးရာ။ နန်းသိမ်းပွဲမှန်ရင် ရန်စွယ်ကိုလည်းချိုးရတယ်။ ရန်မျိုးကိုလည်း နှိမ်ရတယ်။ ဒါပြီးရင် ဆက်ရမယ့်ပွဲကတော့ ကိုယ့်သစ္စာခံတွေကိုတောက်ကြွားအောင် မြှောက်စား အမည်အရည် ဘွဲ့ထူးရာထူးလေးများ ပေးသနားဖို့ပဲ ဖြစ်တယ်။ သည်နှစ်ပွဲအပြီးမှာမင်းပရိသတ်အပေါင်းတို့က သူတို့ရှေ့လျှောက် ဘယ်သူ့ကို ဘယ်လိုခစားရတော့မယ်ဆိုတာ အန်ဒါစတွတ်သွားစေရမယ်။ပွဲထဲမှာ သူငယ်တော်ကလေးတွေ နေရာတော်ခင်းကတာ မြင်ဖူးတယ် မဟုတ်လား။ လက်ညှိုးကလေးနှစ်ချောင်းကိုအပေါ်ထောင်လိုက် အောက်စိုက်လိုက်နဲ့ အရပ်ရှစ်မျက်နှာ မွှေပြီးကတာ။ အဲ့ဒါ ရှင်ဘုရင် မထွက်ခင်ကရတဲ့ သမားစဉ်ပဲ။ တီးလုံးကလေးတောင် ဖွင့်ပေးလိုက်ချင်သေး။ “ရွှေလသာသာ ငွေလသာသာ။ ပျိုတို့အိမ်ခေါင်တောင်ဘက်ဖျားမှာ …။” ဆိုလားပဲ။
ဒါပြီးရင် ဆက်ကရမယ့်အခန်းကတော့ သိပ်မခက်တော့ပါဘူး။ ယိုးဒယားကန်တော့ခန်းပဲ။မြင်ဖူးတယ် မဟုတ်လား။ လက်ကလေးတစ်ဘက်က အပေါ်ကိုပင့်ပြီး နောက်တစ်ဘက်က
အောက်ကိုလက်ဝါးဖြန့်ထားရတာ။အထက်ကိုလည်း ပင့်တတ်ရမယ်။ အောက်ကိုလည်း ဖြန့်တတ်ရမယ်။ ကြားထဲမှာ ခါးကလေးယိမ်းပြီး လည်သလိုသာလှည့်ကချေတော့။ ဘဝမိုးမသောက်ခင် ကကြိုးမပျောက်အောင် ပါးမှာနံသာ ခါးမှာပုဝါနဲ့ ကပါကပါရွှေသုန္ဒရီပဲ။ မီးစင်ကြည့်ကတယ်ဆိုတာ သည်အဆင့်ကိုရောက်မှ လုပ်ရတာပါ။ စင်ပေါ်မှာ ဘယ်နားကလင်းသလဲ၊ ဘယ်မှာနေရင် ကိုယ့်ကို မြင်သာသလဲ၊ အကင်းပါးရတယ်။ ကိုယ်ဘယ်လောက် ကျွမ်းသဒ္ဒါလန်အောင်ကက၊ကုလားကာနောက်ကွယ် မှောင်ရိပ်ထဲရောက်နေရင်ဖြင့် အမောသာ အဖတ်တင်လိမ့်မယ်။ ကိုယ်ဘယ်လောက်တတ်သလဲဆိုတာသည်အခါမှာ မြင်လိမ့်မယ်။ ကိုယ်ဘယ်လောက် ဂွမ်းသလဲဆိုတာလည်း သည်အခါမှာပဲ မြင်ကြတယ်။ဖြစ်နိုင်ရင်တော့ လူရှိန်အောင်နေ။ တောပြောတောင်ပြော မပြောတာ ကောင်းတယ်။ နို့မို့ ကိုယ့်ခေါင်းထဲမှာဦးနှောက်ကျပ်မပြည့်တဲ့အကြောင်း တလောကလုံး ရိပ်မိကုန်မယ်။ ကိုယ်က ဆိုတတ်ငိုတတ် ဟဲတတ်ရင်ဖြင့်အသံကုန်သာ ဟစ်တော်မူ။ အဲ့သလို မဟုတ်ရင် ပြုံးပြုံးကလေးနဲ့ မျက်ထားချိုထားရင် လုံလောက်ပြီ။ပေါချင် အိမ်ကျမှ ကွကို ထမင်းလွတ်ပေါလို့ ဘာမှမဖြစ်ဘူး။
ဟောလာပြီဗျာ။ အများရွှင်တဲ့ နှစ်ပါးခွင်။ ယှဉ်ပြိုင်ကစရာ နှမကညာ လိုသမဟုတ်လား။ ဆြာသမားတို့ယှဉ်ကရမှာ မင်းသမီးက တစ်လက်တည်းရယ်။ ဒါပေမယ့် မကတတ်ရင် ရှော့ခ်ရှိတယ်။ ဟိုးအရင်လူများတုန်းကတော့ဘယ်အကွက်ခင်းရမှန်း မသိရင် ကုန်းရုပ်ကချည့်နေတာပဲ။ ဘွားတော်စီးတဲ့သင်္ဘောနောက်ကနေ သမ္ဗာန်တစ်ရာခပ်လို့လော်စပီကာလိုက်ဖွင့်တယ်။ အမလေး။ ဇာတ်ရှိန်တွေတက်နေတုန်းကဆို သေနတ်ကြီးနဲ့ချိန်ထားပြီးပစ်မိန့်မပေးလို့ ပုခုံးကအပွင့်တွေ ဆွဲဖြုတ်ပစ်တာ။ ဇာတ်ပို့တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ခိုးသားငါးရာတောင် ရအောင်ရှာကခဲ့သေး။ ဒါပေမယ့် ဇာတ်ကွက်က ပြောင်းခဲ့ပြီ။ သူဟာ သိပ်မကြာခင်မှာကိုယ့်အထက်ကဘောစ်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ သည်တော့ ပေါ့ပေါ့တန်တန် ဆက်ဆံလို့တော့မရဘူး။ ဖေ့စ်ဘုတ်ပေါ်တက်ဆဲပြီးရင် လူချင်းတွေ့တော့ ယောထမီလေးတစ်ထည်လောက် ကန်တော့ဟန်ဆောင်ဓါတ်ပုံထဲပါအောင် လုပ်ရသေးတာ။ တော်တော်ကြာ သူဖြုတ်ထုတ်သတ်လုပ်တဲ့ထဲ ကိုယ်ပါသွားတော့ဘယ့်နှယ်လုပ်မတုန်း။ အဲသည်ဗြဟ္မာ့ဦးခေါင်းကြီးကို အရင်လို ကန်လို့လည်း မရဘူး။ အဲ သူနဲ့ပင်းလို့လည်း မရသေးဘူး။ လက်ငင်းငုတ်တုတ် ဂိသွားမှာ။ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲနောက်ကွယ်ကျရင် ဝုန်းမှာပဲ လို့သာ ဆုတ်သာတက်သာ စီစဉ်ထားရတယ်။ ဒါပေမယ့်လည်း အတွင်းစိတ်ကတော့သတ်ကိုသတ်ချင်နေတာပါ။ ခုချိန်ထိ သူလာတဲ့ပွဲမှန်သမျှ ဌာနတွင်းအမိန့်စာနဲ့ ဝန်ထမ်းတွေကိုပိတ်ပင်ထားတုန်း။ (အေးပါ အေးပါ။ အဲ့စာကြီးတွေ သိမ်းထားတယ် သိလား။ ၂၀၁၅ နှစ်ကုန်မှ အာ့ကြီးတွေသွားပြပြီးလူမွေးခံပလိုက်မယ်။)
ဘုရားဘုရား။ မတတ်ဘူး မတတ်ဘူးနဲ့။ ငါတောင် တော်တော်လေး အတုမြင်အတတ်သင် ယဉ်ပါးနေပါပေါ့လား။ပြိတ်သတ်ကြီး အဲ့ဒါတွေ မလုပ်ကောင်းဘူးလို့ ပြောချင်တာနော်။ အတုခိုးမှားဦးမယ်။ ကိုယ့်တစ်ကိုယ်စာကောင်းစားရေးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သူမျိုးတွေသာ စောစောကပြောခဲ့တဲ့အမူအကျင့်တွေ ဆက်ခံထားတာ။ ကိုယ့်တိုင်းပြည်ကြီး တကယ် ဆင်းရဲတွင်းကတက်စေချင်ရင် တကယ်တတ်တဲ့သူကသူကျွမ်းကျင်လိမ္မာရာ အလုပ်ကို မခိုမကပ် အပတ်တကုတ် အားထုပ်လုပ်ကိုင်ကြရမှာ ဖြစ်တယ်။အဲ့ဒါကြောင့် ကိုယ်တို့အပေါ် လာအုပ်ချုပ်သူများဟာ တပ်ကလာအုပ်ချုပ်လည်း မပြောဘူး။ အရပ်ကလာအုပ်ချုပ်လည်းမပြောဘူး။ တတ်မှလာအုပ်ချုပ်ကြပါ လို့တော့ ပြောချင်တယ်။ စီမံခန့်ခွဲရေး နဲ့ အုပ်ချုပ်ရေးပညာတွေကိုတကယ်ကျွမ်းကျင်တတ်မြောက်မှ တပည့်မွေး ဆရာမွေးမရှိ၊ အဂတိကင်းကင်းနဲ့ တိုင်းပြည်မျက်နှာကလွဲလို့ဘယ်သူ့မျက်နှာကိုမှ မထောက်မညှာ ဖြောင့်မတ်မှန်ကန်စွာ သူတို့စကားနဲ့ပဲ ပြန်သုံးရရင်လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း စီစဉ်ညွှန်ကြားပေးနိုင်မှာ မဟုတ်လား။ အချိန်တန်တော့သူတို့လို အုပ်ချုပ်ရေးပညာ ကျွမ်းကျင်သူများသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပြီး အစိုးရတာဝန်များကိုထမ်းဆောင်ကြဦးမှာ။ သည်အခါကျတော့မှ နိုင်ငံ့ခေါင်းဆောင်ဆိုတာ အရင်လူခြေဖဝါးအောက်ပြားပြားမှောက် ခစားနိုင်လို့ နောက်ကွယ်က ကြိုးကိုင်ခံ ရုပ်သေးအစိုးရ မဖြစ်ပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ်အမျိုးဂုဏ် တိုင်းပြည်ဂုဏ်ကိုဆောင်နိုင်တဲ့ ခေါင်းဆောင်မျိုး ဖြစ်တော့မပေါ့။ သူများနိုင်ငံကအစိုးရနဲ့လက်ချင်းချိတ်ထားရတဲ့အခါ ကိုယ့်နောက်မှာ မြန်မာတစ်နိုင်ငံလုံးက တခဲနက် ချစ်ခင်ထောက်ခံနေကြပါလားဆိုတဲ့ စိတ်ဓါတ်ခွန်အားလောက် ဘယ်ဟာက ဝင့်ကြွားနိုင်စရာ ရှိသလဲ။ အစိုးရချင်း ယှဉ်လိုက်ရင်သူဘာဝတ်သလဲ ဘာကားစီးသလဲက ဘာမှ အရေးမပါဘူး။ သူ့တိုင်းပြည်က ဘယ်လောက်အားထားတဲ့ခေါင်းဆောင်လဲ။အဂတိလိုက်စားမှုနဲ့ ဘယ်လောက်ကင်းအောင် နေနိုင်သလဲ။ တိုင်းပြည်အပေါ် ဘယ်လောက် စေတနာရှိသလဲ။အမျှော်အမြင်ကြီးကြီးနဲ့ သူ့တိုင်းပြည်ကို ဘယ်လိုဦးဆောင်သွားသလဲဆိုတာတွေကသာ လူကြီးမင်းများအမည်နဲ့ သမိုင်းတွင်သွားမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် အခုတောင်၆၅၊ ၇၀ တန်း ဖြစ်နေပြီ။ သည်အရွယ်ကြီး ရှင်ဘုရင်လုပ်ရတာ ဘာစည်းစိမ်မှလည်း မချိုမြိန်ဘူး။အလွန်ဆုံး စံရလှ ဆယ်နှစ်ပေါ့။ သည်ဆယ်နှစ်ကို တစ်သံသရာလုံးနဲ့လဲလို့ တန်မှမတန်တာကို။ စိတ်လျှော့လိုက်တော့နော်။သေရင်ကိုယ့်နောက်ပါမယ့်အလုပ်ပဲ လုပ်ကြရအောင်လေ။ တက်တူးသွားထိုးကြစို့။ “အကုန်တတ်သည်မီးဒယ်ဒီ” လို့ ထိုးရင် မကောင်းဘူးလား။
0 comments:
Post a Comment