Monday, January 5, 2015

“ကလေးတစ်ယောက်၏ နိဒါန်း”

“နှင်းနှင်း glue ဘယ်ရောက်သွားပြီလဲ၊ ကြီးကြီး ရှာပေးပါဦး”
“ဘာရှာရမှာ……..”
“Glue လေ glue”
“ဂလု ဆိုတာ ဘာတုန်း”
“Glue ဆိုတာ sticky ဖြစ်တဲ့ဟာလေ”
“ဘာကိုပြောတာ……………”
“ဒီလို စာရွက်ကို ဒီလို ဒီလို လုပ်ပြီး ဒီလို stick မှာလေ”

ဘာကိုရှာရမှန်းမသိလို့ စိတ်ရှုပ်နေတဲ့ ကြီးကြီးအသံနဲ့ စာရွက်ပေါ်မှာဆွဲထားတဲ့ ပုံတွေကို ပြရင်း သူတတ်သလို လက်ဟန်ခြေဟန်နဲ့ရှင်းပြနေတာကို နားမလည်တဲ့အဆုံး ဒေါသထွက်စပြုနေတဲ့ နှင်းနှင်းအသံ တို့ကို ကြားနေရတဲ့ကျွန်မ ခြစ်လက်စ အဖြေလွှာစာရွက်နဲ့ ဘောပင်ကို ချပြီး အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။
“သမီးလေး glue ဆိုတာ မြန်မာလို ‘ကော်’ လို့ ခေါ်တယ်၊ နောက်ကို နှင်းနှင်း ကော်ဗူးရှာပေးပါလို့ ပြောနော်….”
“ကြီးကြီးကို စိတ်ဆိုးတယ် ကြီးကြီးက နှင်းနှင်း ရှာခိုင်းတာ ရှာမပေးဘူး….”
“ရှာမပေးတာမဟုတ်ပါဘူး သမီးရယ် သူက glue ဆိုတာ ဘာမှန်းမသိလို့ပါ….”
“ကြီးကြီး glue ဆိုတာ မှတ်ထားနော်၊ နောက်တခါ သူပြောရင် ကော်ဗူးလားလို့ မေး သိလား….”
ကျွန်မ စကားအပြီးမှာ “အေးပါ အေးပါ” ဆိုပြီး ကြီးကြီး တစ်ယောက် ကော်ဗူး ရှာပုံတော် ဖွင့်ပါလေတယ်။
ဒီအကြောင်းကို ကျွန်မ မိတ်ဆွေတစ်ဦးကို ပြောပြတဲ့အခါ နောက်တဖြည်းဖြည်းနဲ့ သူတို့ နှစ်ယောက်လုံး တစ်ယောက်က မြန်မာလိုတတ်သွားပြီး တစ်ယောက်က အင်္ဂလိပ်လို တတ်သွားမယ် လွှတ်ထားလိုက်ပါလို့ အကြံပေးပါတယ်။ သူအကြံပေးသလို ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့လေ။ မဖြစ်သေးခင် ကျွန်မ သမီးလေး ဒေါသကြီးသူ တစ်ယောက်ဖြစ်သွားမှာကိုတော့ ကျွန်မ ကြောက်မိပါတယ်။
“စားလေ စားလေ စားမကြည့်ဘဲ ခေါင်းခါမနေနဲ့………….”
“မစားဘူးလား စားမှာလား………..”
“တယ် ခေါင်းခေါက်လိုက်ရ…………..”
ဆက်နားမထောင်နိုင်တဲ့ ကျွန်မ ထမင်းစားပွဲဆီကို ရောက်သွားခဲ့ပြန်ပါတယ်။
“ကလေးကို စားစရာကျွေးတာ နွားမောင်းနေတာကျနေတာပဲ တော်တော့ တော်တော့….”
မြန်မာပြည်က ကျွန်မ အမေထည့်ပေးလိုက်တဲ့ ပဲလွန်းအနီလေးတွေပြုတ်ထားတာကို သူ့အဖေက နှင်းနှင်းကို ကျွေးနေခြင်းပါ။
“လာ သမီး ဒီမှာ ကြည့် မေမေတို့ ငယ်ငယ်တုန်းက ဖွားဖွားက ကောက်ညှင်းပေါင်းကို ဒီပဲလေးနဲ့နယ်၊ ပြီးရင် လက်ကလေးနဲ့ ဒီလို ဒီလို ဆုပ်ပြီး ကျွေးတာ အရမ်းစားလို့ ကောင်း သိလား….”
နှင်းနှင်း မျက်လုံးများက အရောင်ပြောင်းသွားပြီး
“နှင်းနှင်းလက်နဲ့ဆုပ်ကြည့်လို့ ရမလားမေမေ” လို့ မေးလာပါတယ်။
“ရတာပေါ့၊ နှင်းနှင်း လက်ဆေးပြီးသားဆို ဆုပ်ကြည့်လေ….”
သူ ဆုပ်ထားတဲ့ ပဲနဲ့ ကောက်ညှင်းကို ကျွန်မကို လာအကျွေး “အိုး ကောင်းလိုက်တာ” ဆိုတော့ သူလည်း စားပါတော့တယ်။
ယောက်ျားများဟာ တခြားအရာတွေမှာ အင်အားကြီးသလောက် စိတ်ရှည်နူးညံ့မှုမှာ အားနည်းလွန်းလှပါတကား လို့ ကျွန်မ သက်ပြင်းရှည်ရှည်ချမိပါတယ်။
"မေမေ ဖေဖေက နှင်းနှင်းကို အော်တယ်…” ။ သူ့အဖေ အနားမရှိချိန်ကျမှ သူ မကျေနပ်တာကို ကျွန်မကို ဖွင့်ပြောလာပါတယ်။ “စိတ်မဆိုးပါနဲ့ သမီးရယ် ဖေဖေက သူ့ ခေါင်းထဲမှာ တွေးစရာတွေများနေလို့ သမီးကို ဘယ်လိုအဆင်ပြေအောင်ပြောရမယ်ဆိုတာ သူ မတွေးနိုင်တော့ဘူးလေ။ ခွင့်လွှတ်လိုက်နော်။ သူက ပိုက်ဆံတွေရှာနေရတော့ ပင်ပန်းတယ်။ ဖေဖေရှာတဲ့ ပိုက်ဆံနဲ့မို့လို့ သမီးကို ဒီကျောင်းကို ပို့နိုင်တာ၊ မေမေ့ ဝင်ငွေနဲ့ဆို မထားနိုင်ဘူးသိလား….” ။
“ဒါဆိုလည်းပြီးရော” သူ့ရဲ့ လက်သုံးစကားလေးနဲ့ သူ့ စိတ်သူ လျှော့ချလိုက်ပုံ ရပါတယ်။ အဖေအပေါ် မကြည်လင်တဲ့ အတွေးတွေ ကလေးစိတ်ထဲရောက်သွားမှာကို ကျွန်မ စိုးရိမ်မိပြန်ပါတယ်။
ကလေးတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကျန်းမာအောင် မွေးကျွေးပြုစုခြင်း ဆိုတဲ့ ဘာသာရပ်ကို ဘယ်တက္ကသိုလ်ကမှ အသိအမှတ်ပြုလက်မှတ် မပေးမှန်းသိရက်သားနဲ့ ကျွန်မ အရေးတကြီး လေ့လာသင်ယူနေခဲ့တာ သမီးလေး အသက်နဲ့ အမျှပါပဲ။ နေ့စဉ် သင်ခန်းစာအသစ်တွေကို တွေ့ကြုံရသလို မေးခွန်းတွေကလည်း အမြဲအသစ်အသစ်တွေပါပဲ။ အမှတ်များတဲ့အခါ ကြည်နူးရသလောက် အောင်မှတ်မရတဲ့အခါတွေမှာလည်း ရင်မောရပါတယ်။
သမီးလေးရဲ့ စိတ်ပြောင်းလဲမှု အသေးအမွှားလေးကအစ ကျွန်မ ဂရုတစိုက်နဲ့ စောင့်ကြည့်ခဲ့သလို ကလေးနဲ့ ပက်သက်တဲ့ ဗဟုသုတတွေကိုလည်း လက်လှမ်းမှီသမျှ ရှာဖွေဖတ်ရှုခဲ့ပါတယ်။ သူတို့ ကျောင်းက မိဘဆရာတွေ့ဆုံပွဲကို သွားတိုင်း သူ့အတန်းပိုင် ဆရာမ ဆီကလည်း ရသမျှ မေးမြန်းလေ့ရှိပါတယ်။ “ကြယ်စင်က တခါတလေ သူ့ ကမ္ဘာလေးထဲမှာ နေနေတတ်တယ်၊ ခေါ်ရင် မကြားတတ်ဘူး။ အဲဒါ စိုးရိမ်ရတဲ့ အဆင့်တော့မဟုတ်ပါဘူး။ ကလေး အတော်များများက ဒီလိုပဲ သူတို့ အတွေးနဲ့ သူတို့ နေလေ့ရှိကြပါတယ်။ အိမ်မှာ သူ့ကို စကားများများပြောပေးပါ။”
“စကားများများပြောပေးဖို့…..”
ဒီတာဝန်က ကျွန်မ ခေါင်းပေါ်ကို လုံးလုံးလျားလျားကျပါတယ်။ မြန်မာစကားကို ထမင်းစားရေသောက်ကလွဲလို့ သူ့အကြောင်းကိုတောင် သူများကိုပြောဖို့ အတော်ဝန်လေးတတ်သူ ကြီးကြီးဟာ နှင်းနှင်းနားထောင်ချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ ဘယ်ခေါင်းစဉ်ကိုမှ မပြောတတ်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ရင် ရေမသောက်တမ်း စကားပြောနိုင်တဲ့ ကျွန်မ အချစ်ခင်ပွန်းက နှင်းနှင်းကို ပုံပြင်တစ်ပုဒ် ရှားရှားပါးပါးပြောအပြ ပုံပြင်အစမှာပင် အလယ်ပျောက်နေခဲ့လို့ ကျွန်မ အူတက်မတတ်ရယ်ခဲ့ဖူးတာကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။
မနက် ၇ နာရီခန့်မှာ အိမ်က စထွက်ပြီး အစောဆုံး ညနေ ၅ နာရီ (တခါတလေ ကားလမ်းပိတ်ရင် ၆နာရီ) လောက်မှ အိမ်ကို ပြန်ရောက်တဲ့ ကျွန်မဟာ ကျောင်းဆရာမတို့ ထုံးစံအတိုင်း ကျောင်းမှာ တော်တော်လေကုန်ခဲ့ပြီဖြစ်လို့ လမ်းမှာတွေ့တဲ့ သူတွေကိုတောင် ပြုံးရုံပဲပြုံးပြပြီး အိမ်ကိုအရောက်မှာ နှင်းနှင်းစိတ်ဝင်စားမယ့် ခေါင်းစဉ်ကို ဦးနှောက်က ထုတ်လုပ်မပေးနိုင်သလို ပါးစပ်ကိုလည်း ဟတောင်မဟချင်တော့ပါဘူး။
“ကဲ ဘယ်လိုလုပ်ကြမလဲ အရပ်ကတို့ရေ”…… လို့ ကာတွန်းထဲကလိုသာ အော်လိုက်ချင်ပါတော့တယ်။
“ငါ့မှာ ကလေး၂ ယောက်ရှိတယ်။ ငါ့မိန်းမက အင်ဒိုနီရှန်၊ ကလေးမရခင်က international school မှာ ဆရာမလုပ်တယ်။ အခု ကလေးတွေကို အိမ်မှာပြုစုရင်း စာသင်ပေးနေတယ်။ အတန်းနည်းနည်းကြီးမှ ကျောင်းပို့မယ်၊ ကျောင်းဆိုတာ ကလေးတွေရဲ့ အတွေးအခေါ်တွေကို ဖျက်ဆီးပစ်တဲ့နေရာ နင် သိလား ကြည်စင်….” ။ စာကြည့်တိုက်ထဲမှာ ထိုင်ပြီးစာရေးနေတဲ့ ကျွန်မကို မဆီမဆိုင် လာမိတ်ဆက်ပြီး စကားတွေ ဖောင်ဖွဲ့နေတဲ့ စိတ်ပညာမဟာတန်းကျမ်းစာပြုစုနေသူ အမေရိကန်တစ်ယောက်ပြောပြတဲ့ ကလေးတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ကျွန်မ စိတ်ပါဝင်စားစွာ နားထောင်မိပါတယ်။ “ကလေးတိုင်းက မွေးကင်းစကနေ ကျောင်းနေတဲ့အရွယ်အထိ ဉာဏ်ရည်တွေက အတူတူနီးပါပဲ။ သူတို့မှာ အရမ်းအံ့သြစရာကောင်းလောက်တဲ့ အတွေးအခေါ်တွေရှိတယ်။ ကျောင်းပညာရေးက သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တချို့ကို ဖျက်ဆီးပစ်လိုက်တယ်…”။
သူစကားတချို့ကို ကျွန်မ ဉာဏ်ကလိုက်လို့မမီပါ။ ဒါပေမယ့် ကလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ကျောင်းတွေက ဖျက်ဆီးပစ်လိုက်တယ် ဆိုတဲ့ စကားက ကျွန်မ နားထဲမှာ စွဲပြီးကျန်ခဲ့ပါတယ်။ မှန်ပါတယ် ကျွန်မတို့ မြန်မာပြည်ရဲ့ အခုလက်ရှိ အဝေဖန်အခံရဆုံး ပညာရေးစနစ်က သက်သေပဲလေ။ ဒါပေမယ့် သူလို အမေရိကမှာ မွေးပြီး ကြီးခဲ့တဲ့သူတစ်ယောက်က ပညာရေးစနစ်အားလုံးကို ဝေဖန်နေတော့ ကျွန်မ ခေါင်းထဲမှာ နည်းနည်း ကျပ်သွားပါတယ်။ ထားလိုက်ပါလေ။ နောက်တော့ တဖြည်းဖြည်းနားလည်လာမှာပေါ့။
ကလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ကျောင်းတွေက မဖျက်ဆီးလိုက်ခင်မှာ အရင်ဖျက်ဆီးလိုက်တဲ့ သူတွေရှိနေတာကိုတော့ ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်ဖူးပါတယ်။ ကလေးတွေရဲ့ မိဘ(အုပ်ထိန်းသူ) တွေပါ။ တချို့မိဘတွေက သူတို့ကိုယ်သူတို့ ဖျက်ဆီးမိလို့ ဖျက်ဆီးမိမှန်းတောင် မသိရှာပါဘူး။ သူတို့ လုပ်သမျှ အကောင်းချည်းပဲလို မျက်စိစုံမှိတ်ပြီး ပြောကြပါတယ်။ တချို့ကတော့ သူတို့လုပ်နေတာတွေ မဟုတ်လှဘူးဆိုတာ သိပေမယ့် ဟုတ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြ၊ သိအောင်လည်း အားမထုတ်ကြပါဘူး။ ဒီလိုပြောလို့ မိဘတွေကို စော်ကားသူလို့ ကျွန်မကို ဆိုရင်လည်းခံရမှာပါ။
ဖျက်ဆီးပစ်တဲ့မိဘတွေထဲမှာ ကျွန်မလည်းပါပါတယ်။ ကျွန်မက ဒုတိယအမျိုးအစားထဲမှာ ရောက်နေပြီး အခုလက်ရှိ အဲဒီအထဲက ရုန်းထွက်ချင်နေသူပါ။ ဘာကြောင့်လဲဆိုတော့ ခေတ်မီတိုးတက်တဲ့တိုင်းပြည်တွေမှာ အနာဂတ်ရဲ့လူထုကြီးဖြစ်လာမယ့် ကလေးတွေကို စိတ်ရောကိုယ်ပါ ကျန်းမာအောင် မွေးကျွေးပြုစုခြင်း ဆိုတဲ့ ဘာသာရပ်ကို အထူးတလည်လေ့လာပြီး မိဘတွေကို ဗဟုသုတပေး ပြောင်းလဲပေးနေတဲ့ အချိန်မှာ ကျွန်မတို့က ရှေးခတ်လူသားတွေလို “တို့ ဒီလိုပဲကြီးလာတာ ဘာဆန်းလို့လဲ၊ ဘာတွေများ ကြီးကြီးကျယ်ကျယ်ဖြစ်စေချင်နေလို့လဲ” ဆိုတဲ့ အတွေးတွေနဲ့ ရပ်တန့်နေခဲ့မယ်ဆိုရင် ထိုသူတို့ရဲ့ ကလေးများ လူကြီးဖြစ်လာမယ့်အချိန်ကို ကျွန်မ ကြောက်ပါတယ်။
ကျွန်မမှာ ဒေါသကြီးသူ မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အဆိုးမြင်စိတ်၊ ဒေါသမထိန်းနိုင်မှုနဲ့ စကားပြောအပေါက်ဆိုးမှုကြောင့် ယောကျာ်းလေးတော်တော်များများက သူ့ကို ဝေးဝေးကရှောင်ကြပါတယ်။ ကျွန်မ သူ့ကို အမြင်ကတ်ခဲ့ပေမယ့် သူ့ မိသားစုအကြောင်းသိလာတဲ့အချိန်မှာတော့ သူ့ကို အတော်သနားသွားမိပါတယ်။ သူတို့ တစ်မျိုးလုံး စိတ်မရှည်ကြပါတဲ့။ သူတို့ အဖေဘက်က အဖွားကဆိုရင် စိတ်မရှည်တာမှ စာတင်ရလောက်အောင်ပါပဲ။ သူက ပစ္စည်းတစ်ခုခုကိုကိုင်ပြီး ဒါလာယူစမ်းဟေ့ လို့ပြောရင် ချက်ချင်းပြေးယူရင်ယူ မယူရင် လက်ကနေ လွှတ်ချလိုက်ပါတယ်တဲ့။ အဲဒီလို မိဘမျိုးက သူ့တို့ သားသမီးတွေကို စိတ်ရှည်နူးညံ့တဲ့ ကလေးတွေဖြစ်အောင် ဘယ်လို ထိန်းကျောင်းကြလေမလဲ…….။ ငါတို့က မျိုးနဲ့ ရိုးနဲ့ ဒေါသကြီးတာ လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလေ့ရှိတဲ့ မဟာဘွဲ့ရထားသူ ကျွန်မသူငယ်ချင်းလေးကို ဘာမှတ်ချက်မှ မပေးဖြစ် (မပေးရဲ) ပေမယ့် သနားမိတာကတော့ ကြိမ်ဖန်များစွာပါပဲ။
ကိုယ့်ကလေးကို ဖျက်ဆီးပစ်မယ့်မိဘမျိုး ဘယ်သူမှ မဖြစ်ချင်ပါ။ မဖြစ်အောင်လုပ်ဖို့ကတော့ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ကျွန်မကိုယ်တိုင် လုပ်ရင်းခက်နေတာ သိရလို့ အခိုင်အမာပြောနိုင်တာပါ။ ကိုယ်ကျင့်သုံးနေတဲ့ ကလေးပြုစုစောင့်ရှောက်နည်းတွေက မှန်မမှန်သိပြီးနောက်မှာ အမှန်ဆီကို သွားဖို့က အချိန်နဲ့ ဦးနှောက် အပြင် ကစားစရာများ လိုအပ်ပါတယ်။ ကလေးတိုင်းက တစ်ယောက်တစ်မျိုးစီ မတူညီကြတဲ့အတွက် သူများကလေးအပေါ်အသုံးပြုတဲ့ (အလွယ်တကူရနိုင်တဲ့) နည်းလမ်းတော်တော်များများက ကိုယ့်ကလေးအတွက် ၁၀၀ % အလုပ်မဖြစ်တဲ့အခါ မိဘများဟာ အချိန်နဲ့ ဦးနှောက်ကို မဖြစ်မနေကို အသုံးပြုရပါတော့တယ်။ ကဲ… ကျွန်မတို့ ဘယ်လောက်တော်သလဲ ဒီနေရာမှာ မြင်နိုင်ကြပါပြီ။
“သမီးလေး iPad ကြီး ဘယ်အချိန်ကတည်းက သုံးနေတာလဲ…”
“ကျောင်းကပြန်လာ ကတည်းကပဲ ကြီကြီးလည်းပြောတာပဲ မရဘူး….”
အလုပ်ကနေ မောပြီးပြန်လာတဲ့ ကျွန်မ ပိုမောသွားပါတယ်။ နည်းလမ်းက ၃ မျိုးရှိပါတယ်။ သူ့ လက်ထဲက iPad ကို ချဖို့အတွက် iPad ထက် စွဲဆောင်မှုရှိတဲ့ အရာတစ်ခုကို ကျွန်မ ဦးနှောက်ထဲက ထုတ်ဖို့ ကြိုးစား (သို့မဟုတ်) တချက်လွှတ်အမိန့်နဲ့ iPad ကို ချခိုင်းပြီး အိမ်စာလုပ်ခိုင်း၊ နောက်ဆုံးတစ်ခုကတော့ နောက် ခွင့်မတောင်းဘဲ ဒါကို ယူဆော့ဦးမလား ဆိုပြီး သူ့ကို ရိုက်ဖို့ပါပဲ။ တတိယနည်းက ကျွန်မ အမုန်းဆုံးနည်းလမ်းပါ။ ကလေးကို စိတ်ရောကိုယ်ပါ နာကျင်စေမယ့်အပြင် ကျွန်မဟာလည်း ကလေးတစ်ယောက်ကိုတောင် မနိုင်နင်းတဲ့ အလွန်တရာ ညံ့ဖျင်းသူ မိခင်တစ်ယောက်အဖြစ် ကျွန်မစိတ်ကိုပါ ကျွန်မကိုယ်တိုင် နာကျင်စေတော့မှာပါ။
ကျွန်မထံ စိတ်စွမ်းအားအနည်းငယ်ကျန်သေးတဲ့နေ့တွေမှာ ပထမဦးဆုံးနည်းလမ်းကို သုံးဖို့ဖြစ်နိုင်ပေမယ့် ဒုတိယနည်းကို သုံးလိုက်ရတဲ့နေ့တွေက များပါတယ်။ အဲဒီလိုအချိန်တွေတိုင်း အဆုံးစွန်သော နာကျင်မှုမျိုးမဟုတ်သည့်တိုင် အပြစ်ရှိသူတစ်ယောက်လို ကျွန်မ ခံစားရပါတယ်။
“ကဲ ဒီနေ့ နှင်းနှင်း iPad မသုံးရအောင် အီကိုဖေ တာဝန်ယူမယ်၊ လာ သမီးလေး ဖေဖေတို့ ပန်းချီဆွဲကြမယ်….”
၁၅ မိနစ်ခန့်အကြာမှာ “ဆွဲလာတယ် ဆွဲလာတယ် ဟာ ယူသွားပြီ ပါသွားပြီ ဟောဟော ဂိုးပြီ ဂိုးသွားပါပြီ” ဆိုတဲ့ ဘောလုံးကွင်းထဲက ပွဲကြေငြာသူတစ်ယောက်ရဲ့ အသံနဲ့ အတော်လေး ဆင်တူတဲ့ နှင်းနှင်းအဖေရဲ့အသံကို ကျွန်မသာမက အိမ်နီးချင်းများပါ ကြားနိုင်ကြပါပြီ။
“နှင်းနှင်း အဲဒီလိုမဟုတ်ဘူးလေ ဟာပြောနေတာမရဘူးလား မရောပစ်နဲ့လို့ဆို ဟောဟော လုပ်ပစ်လိုက်ပြီ သွားပါပြီ……”
ကျွန်မ ရောက်သွားချိန်မှာ
“ချစ်လေးသမီး အရမ်းဆိုးတယ် တော်ပြီ နောက် ပန်းချီဆွဲသင်မပေးတော့ဘူး သွားသွား…”
ဆိုပြီး ကျွန်မတို့ သားအမိနှစ်ယောက်ကို အော်လွှတ်လိုက်ပါတယ်။ “အမယ်လေးတော် ချစ်လေးသမီး” တဲ့ သူအကဲပါတဲ့အချိန်တွေကျတော့ ဒါ ဘယ်သူ့ ကလေးလေးလဲလို့ ခဏခဏမေးပြီး။
နှင်းနှင်း မြန်မာစကားကောင်းကောင်းပြောနိုင်အောင် သင်ပေးရတာ ကျွန်မအလုပ်၊ သူ အစားအစာအသစ်တစ်ခုကို စားချင်လာအောင် သိမ်းသွင်းရတာလည်း ကျွန်မတာဝန်၊ သူ့အိမ်စာတွေ ပြီးမပြီးစစ်ပေးရတာလည်း ကျွန်မ၊ သူ iPad လျှော့သုံးဖို့ ဦးနှောက်ကို ညှစ်ထုတ်ပြီးအလိမ္မာသုံးဖို့က ကျွန်မ ခေါင်းပေါ်မှာ၊ မျက်စိမကောင်းလို့ဆိုတဲ့ ကြီးကြီးနဲ့ သူ့လက်သည်းတောင် သူ ကောင်းကောင်းမညှပ်တတ်တဲ့ နှင်းနှင်းအဖေတို့ကို စိတ်မချလို့ နှင်းနှင်းလက်သည်းကို အချိန်မီညှပ်ပေးရတာလည်း ဒီကကျွန်မ။
နှင်းနှင်းအသိဉာဏ်မြင့်လာတာနဲ့အမျှ အသိဉာဏ်ရှိရှိထိန်းကျောင်းဖို့ ကြီးကြီးနဲ့ ကျွန်မခင်ပွန်းကို အားကိုးလို့မရတဲ့အခါတွေမှာ ကယ်သူမဲ့လူသားတစ်ဦးလို ကျွန်မ ခံစားရပါတယ်။ ဒီလိုနဲ့ နှင်းနှင်းလေးတစ်ယောက် ၆ နှစ်ပြည့်ခဲ့ပါပြီ။ စာရေးဆရာမ ဂျူးရဲ့ “ဆုံနေရက်နဲ့ လွမ်းလေခြင်း” စာအုပ်ထဲက “ကလေးတစ်ယောက်ကို ကိုယ်လိုသလို ပြုပြင်ပေးနိုင်တာ အသက် ၇ နှစ်မတိုင်ခင် အထိပဲ” အဆိုအရဆိုရင် ကျွန်မမှာ ၁နှစ်တောင် မကျန်တော့ပါလား။
မေမေ အတတ်နိုင်ဆုံးကြိုးစားပါ့မယ် ကလေးတို့ရယ်။ တကယ်လို့ ကလေးတို့ လူကြီးဖြစ်လာတဲ့တစ်နေ့ ကလေးတို့မှာ လိုအပ်ချက်တွေရှိခဲ့ရင်၊ တခြားသူတွေနဲ့ ညှိုနိုင်းဖို့ မလွယ်တဲ့ အကျင့်ဆိုးလေးတွေ ပါသွားခဲ့ရင် မေမေညံ့လို့၊ မေမေ မဆုံးမတတ်ခဲ့လို့ ဆိုတာကို နားလည်ပေးပါ။ ကလေးတို့ အလှည့်ရောက်တဲ့အခါကျရင် မေမေသုံးခဲ့တဲ့ နည်းလမ်းတွေထက်ကောင်းတဲ့၊ မေမေ့စိတ်စွမ်းရည်ထက်မြင့်မားတဲ့၊ အစစ အရာရာ သာလွန်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ ကလေးတို့ရဲ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ပြုစုနိုင်ကြပါစေလို့………….. ။
ချစ်မေတ္တာဖြင့်
မေမေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...