Saturday, November 8, 2014

စီအီးအိုများနှင့် ယိုးဒယားသမင်လိုက်အက


အဖွဲ့အစည်းတစ်ခုကိုနားလည်ရန် ထိပ်ပိုင်းကိုလှမ်းကြည့်ရန်လိုအပ်သည်။ တွန်းတွန်း တိုက်တိုက် လုပ်တတ်မောင်းတတ်သော အထက်အရာရှိသည် ပြေးပြေးလွှားလွှား ဖိအားများသော လုပ်ငန်းခွင် တစ်ခုကိုဖြစ် ထွန်းစေသည်။ လေကြီးမိုးကြီးစကားပြောပြီး တရားရေးနှင့်ပတ်သက်၍ ငါသိငါတတ်လုပ် တတ်သောအထက်အရာရှိသည် ဗျစ် တောက်ဗျစ်တောက်သာပြောတတ်ပြီး ဟုတ်တိပတ်တိ အလုပ်ဖြစ်အောင်မလုပ်တတ် သော ရှေ့နေယောင်ယောင် အရာထမ်းများ သာပေါ များစေလိမ့်မည်။
အကောင်းမြင်သောခေါင်းဆောင်တွင် လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ဖြစ်နိုင်စိတ်ဓာတ်အားပြည့်ဝသည့် ၀န်ထမ်းအင်အားစု ရှိလာပေလိမ့်မည်။ အကြောင်းကောင်း၊ အကြောင်းဆိုးမှန်သမျှ အထက်တွင် အခြေခံလေသည်။
အဖွဲ့အစည်းတစ်ခု၏ အကြီး အကဲက အဖွဲ့အစည်းတစ်ခုလုံး၏ အနေအထားအရပ်ရပ်ဦးစားပေးချက်၊ တန်ဖိုးထားချက်တို့ပြဋ္ဌာန်းပုံကို ပီတာဒရပ်ကာက အောက်ပါဇာတ်လမ်းလေးဖြင့် ပြောပြခဲ့ဖူးလေသည်။
၁၉၆၅ ခုနှစ် နယူးယောက်မြို့ တစ်မြို့လုံးလျှပ်စစ်မီး ပြတ်တောက် သည့် ကာလနံနက်တွင် နယူးယောက်မြို့ သတင်းစာ တစ်စောင်သာလျှင် ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည်။ ထိုသတင်းစာမှာ နယူးယောက်တိုင်းမ် သတင်း စာပင် ဖြစ်သည်။ အမှုဆောင်အရာရှိများသည် ယင်းတို့၏ စောင်ရေ တစ်သန်းကို အချိန်မီရိုက်နှိပ်ပေးနိုင်သော ပုံနှိပ်စက်ကို မီး မပျက်သည့် နယူးဂျာစီမြို့တွင် တွေ့ရှိခဲ့သည်။ သို့သော် သတ်မှတ်ချိန်အပြီးတွင် စောင်ရေ ငါးသိန်းပင် စက်မှမကျသည့်အဖြစ်ကြုံရတော့သည်။
မျက်နှာဖုံးတွင် စကားလုံးတစ်လုံး ကို Hyphen မှားယွင်းစွာ တပ်ထားသည်ကို အယ်ဒီတာတစ်ဦးက နောက်ဆုံးအချိန်မှ သတိပြုမိကာ သတင်းစာရိုက်နှိပ်မှုတစ်ခုလုံးကို ရပ်တန့်ခဲ့လေသည်။ အယ်ဒီတာနှင့် သူ၏ လက်ထောက်များ ထိုစကားလုံးတစ်လုံးတည်းနှင့်ပတ်သက်၍ ၄၈ မိနစ်ကြာမျှ ငြင်းခုံခဲ့ကြသည်။ သို့ဖြင့် သတင်းစာ စောင်ရေတစ်သန်းလုံးရိုက်နှိပ်ရမည့် အချိန် မိနစ် ၉၀ မျှ အချိန်ထက်ဝက်မျှကုန်လွန်သွားခဲ့ရသည်။
မထင်ရှားသောစကားလုံးလေးတစ်လုံးအတွက် ထိုသို့အချိန်လင့် သွား အောင်ပြုမူလိုက်ခြင်းက မှန်ပါရဲ့လားဟု သူ၏ဆုံးဖြတ်ချက်နှင့် ပတ်သက် ၍ မေးမြန်းခံရသောအခါတွင် အယ်ဒီတာဖြစ်သူက ပြတ်သားစွာဖြေကြားခဲ့လေ သည်။ နယူးယောက်တိုင်မ်းသတင်းစာ၏ တိကျမှန်ကန်သည်ဟူသော နှစ်ပေါင်းတစ်ရာဂုဏ်ကို လျှပ်စစ်မီးပြတ်မှုကဲ့သို့သော ပါမွှားကိစ္စရပ်ဖြင့် အထိပါးမခံနိုင်ဟု။
နယူးယောက်တိုင်းမ်မဂ္ဂဇင်း၏ အဆင့်မြင့်ဂုဏ်ရည်ဂုဏ်သွေးကို အယ်ဒီတာ တစ်ဦးက စောင့်ထိန်းလိုက်ပုံသည် ပုံနှိပ် လောကတွင် ပြောစမှတ် ပြုစရာ ကိစ္စရပ်ဖြစ်လာခဲ့လေသည်။
မိမိအလုပ်အပေါ် သစ္စာစောင့်သိမှု၊ တာဝန်ယူမှုနှင့်ပတ်သက်၍ ထိုအယ်ဒီတာကဲ့သို့ပင် စံပြုလောက်သောသူတစ်ဦးမှာ ပန်းချီဆရာကြီး မိုက်ကယ် အန်ဂျလိုပင် ဖြစ် သည်။ သူသည် ၁၅၀၈ ခုနှစ်မှ ၁၅၁၂ ခုနှစ် ကာလ အတွင်းတွင် ရောမမြို့တော် ဗက်တီ ကန်ရှိ စစ္စကိန်းဝတ်ကျောင်းတော်၏ မျက်နှာကြက်ပေါ်တွင် ကမ္ဘာဦးကျမ်းစာပါပုံများကို ပန်းချီရေးဆွဲခဲ့သည်။
တစ်နေ့၌ သူပန်းချီရေးဆွဲနေစဉ် သူ၏မိတ်ဆွေတစ်ဦးက လာရောက်ကြည့်ရှုရာ ပေ ၃၀ ကျော်မြင့်မားသော ငြမ်းစဉ်ထက်မှနေ၍ မျက်နှာကြက်နေရာလေး တစ်ခုကို အနုစိတ်ခြယ်မှုန်းနေသော မိုက်ကယ် အန်ဂျလိုကို တွေ့ရှိသွားသည်။ မိုက်ကယ်အန်ဂျလို ငြမ်းစဉ်ထက်မှဆင်း သက်လာသောအခါတွင် ထိုမိတ်ဆွေကပြောလိုက်သည်။
““ဒီလောက်အမြင့်ကြီးမှာ ဖြစ် ကတတ်ဆန်းရေးဆွဲလိုက်လည်း ဘယ်သူမှ သိမှာမဟုတ်တာကို အပင်ပန်းခံနေတယ်””
““ဘယ်သူမှမသိပေမဲ့ ဘုရားနဲ့ ငါ သိနေတယ်လေ”” ဟု မိုက်ကယ် အန်ဂျလိုက ပြန်ဖြေလိုက်လေသည်။
အထက်တွင်ဖော်ပြခဲ့သော အယ်ဒီတာ၏ပြုရပ်၊ ယခုဖော်ပြလိုက် သော မိုက်ကယ် အန်ဂျလို၏ပြုရပ်တို့သည် တစ်ဖက်ကပြောလျှင် အင်မတန် ကောင်းသောကိုယ်ကျင့်တရားများဟု ဆိုနိုင်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင်မူ သက်သက် ဇီဇာကြောင်ခြင်း၊ အလုပ်ရှုပ်ခြင်းဟုပြောနိုင် သည့်ကိစ္စလည်း ဖြစ်နေပြန်သည်။
နယူးယောက်တိုင်းမ် သတင်းစာ အယ်ဒီတာက သတင်းစာ၏ နှစ်ပေါင်း တစ်ရာအစဉ်အလာကိုထိန်း၍ Hyphen သင်္ကေတလေး တစ်ခုနှင့် ပတ်သက်၍ ဗာရာဏသီချဲ့ခြင်းကြောင့် ပုံမှန်စောင်ရေထက်ဝက်မျှ လျော့ကျပြီး စီးပွားထိ ခိုက်မှုသည် ငွေရှင်များအတွက် ပျစ်ပျစ် နှစ်နှစ်ရင်ခံစရာပင်ဖြစ်လေသည်။ သို့တိုင် အောင် သူ့လုပ်မှားသည်ဟု ပစ်ပစ်ခါခါ ပြောရခက်သည်။
Apple ကုမ္ပဏီကိုတည်ထောင်ခဲ့ သူ စတိဗ်ဂျော့သည် သူ ကုမ္ပဏီမှအလုပ် ဖြုတ်ခံရခြင်းသည် ၁၉၈၅ ခုနှစ်တွင် တိုင်းကျော်ပြည်ကျော်ဖြစ်ခဲ့ရသော ကိစ္စဖြစ်သည်။ စတိဗ်ဂျော့နှင့် ထိုကာလ Apple ၏စီအီးအို ဂျွန်စကယ်လီတို့ လုပ်ငန်းနှင့်ပတ်သက်၍ သဘောချင်းမတိုက်ဆိုင်ခဲ့မှု၏အကျိုးရလဒ် ဟု ယေဘုယျအားဖြင့် နားလည်ခဲ့ကြသည်။ ဖြစ်စဉ်အမှန်ကား စတိဗ်ဂျော့သည် ထိုစဉ် ကာလတွင် အလုပ်သိပ်မဖြစ်သော မက်ကင်တော့ရှ်ကိုဈေးချ၍ ကြော်ငြာ ဘတ်ဂျက်အများစုကို ဗစစူန အပေါ် ပုံအောနေရာမှ မက်ကင်တော့ရှ်ဘက်သို့ ပြောင်း၍ အရောင်းမြှင့်တင်ကြော်ငြာပေးလိုခဲ့သည်။ စကယ်လီက ထိုအချက်ကို သဘောမတူခဲ့ချေ။ မက်ကင်တော့ရှ် ကွန်ပျူတာမှာ ဈေးကြီး၍ အရောင်းကျခြင်း မဟုတ်၊ အသုံးပြုသောဆော့ဖ်ဝဲညံ့၍ဟု တုံ့ပြန် ပြောကြားခဲ့သည်။ စကယ်လီက ထိုကိစ္စကို Apple ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့သို့ တင်ပြလိုက်ရာ ဘုတ်အဖွဲ့က စကယ်လီဘက်ပါသွားပြီး ဂျော့လည်း ကိုယ်တည်ထောင်သည့်ကုမ္ပဏီမှ အလုပ်ဖြုတ်ခံ လိုက်ရသည်။
၁၉၉၇ ခုနှစ်တွင် Apple ကုမ္ပဏီ ၏အမှုဆောင်အရာရှိချုပ် ဖြစ်လာသည့် နှစ်မှစ၍ စတိဗ်ဂျော့သည် လုပ်ခလစာတစ်နှစ် တစ်ဒေါ်လာသာ ယူခဲ့လေသည်။ သူ့လစာ နှင့်ပတ်သက်၍ ““ကျုပ်က အလုပ်လိုလားတဲ့ အတွက် တစ်နှစ်ကို ဆင့် ၅၀ ရတယ်။ ကျုပ်ရဲ့တစ်နှစ်တာလုပ်ငန်းခွင်အတွင်း ဆောင်ရွက်မှုအတွက် ဆင့် ၅၀ ရတယ်။ စုစု ပေါင်းတစ်ဒေါ်လာ”” ဟု ၂၀၀၇ ခုနှစ်တွင် သူရွှတ်နောက်နောက်ပြောခဲ့သည်။
ကိုယ့်ကုမ္ပဏီမှ ကိုယ့်ကိုဖြုတ်ရ လောက်အောင် မိမိလက်အောက် ၀န်ထမ်းက အာခံနိုင်လောက်အောင်ဖြစ်ခြင်း၊ အမှု ဆောင်အရာရှိချုပ်က လစာ အရေးမထား လောက်အောင်ဖြစ်ထွန်းနေသောအခြေအနေ တို့သည် ယင်းတို့၏လက်အောက်ဝန်ထမ်း များအပေါ် အနည်းနှင့်အများရိုက်ခတ်မှုရှိ သည်။ အထက်လူက လစာနည်းစွာယူထား သောအခါ လက်အောက် အမှုထမ်းက လစာ တိုးတောင်းရန် အကျပ်အတည်းကြုံရတတ် သည်မှာ သဘာဝပင်။
လုပ်ငန်းခွင်တစ်ခု သက်သောင့် သက်သာဖြစ်ရေး၊ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အထက်လူ ကလည်း တစ်ဖက်စွန်း ရောက်၍မဖြစ်သလို အောက်လူကလည်း အထက်မှလုပ်သမျှကို ဆန့်ကျင်နေ၍မဖြစ်။
တစ်ခါတစ်ရံ အခြေအနေကြောင့် တန်ဖိုးကိုရေးထိုးရသည့် အနေအထားရှိသည်။ အလွန်အမင်းတိကျနေချင်၍မရပေ။ အဆင်ပြေသလို ကပြရမည့်ပုံစံရှိသည်။ သစ္စာရှိသောလုပ်ငန်းအဖွဲ့တစ်ခုတည် ထောင်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ရှိစေလိုပါလျှင် မိမိ၏အလယ်အလတ်အဆင့် မန်နေဂျာများ၏ တစ်နှစ်တာလစာထက် အဆ၂၀ ကျော် ၃၀ တန်ဖိုးရှိသည့် ကားဖြင့် ရုံးဆင်းရုံးတက်ခြင်းက အဆင်ပြေလှမည် မဟုတ်ချေ။ မိမိ ကိုယ်တိုင်က စံပြဖြစ်အောင် နေထိုင်နိုင်ခြင်းမရှိလျှင် စာလုံးကြီးကြီးဖြင့် ရေးဆွဲချိတ်ထားသည့် ကုမ္ပဏီကျင့်ဝတ် ဆောင်ပုဒ်များသည် အခြားဝန်ထမ်းတို့ အတွက် မျက်စိဆံပင်မွေးစူးစရာဆိုင်းဘုတ် များသာဖြစ်နေပေလိမ့်မည်။
ဓာတ်တူနံတူ ဆေးဘက်ယူ ဆို သည့်စကားမျိုးဆန်ဆန်ပင်။ တချို့လူ အချင်းချင်း မြင်မြင်ချင်းအလွမ်းသင့်တတ် ကြပြီး အချို့မှာ အသားလွတ် မြင်ကတည်းက ကြည့်မရသည့်အနေအထားရှိတတ်ကြသည်။ အားလုံး တစ်သွေးတစ်သံတစ်ပုံစံမျိုးဖြစ် အောင် အတင်းညှိခြင်းထက် အရင်းခံ အကြောင်းတရားများကိုဆန်းစစ်၍ အံဝင် အောင်ပုံသွင်းရန်မှာ အထက်လူ၏ တာဝန်ပင်ဖြစ်ပေသည်။
လုပ်ငန်းဟူသည် ယုံကြည်မှုဖြင့် တည်ဆောက်ရသောအရာ ဖြစ်လေသည်။ ရုံးမှထွက်ပြီး နေ့လယ်စာကို တစ်ယောက်တည်းသွား စားရသည့်ဖြစ်စဉ်တို့သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ သို့မဟုတ် သင်နှင့် သင့်လက်အောက်အရာထမ်းတို့၏ ဆက်ဆံရေးအနေကြောင့် သာဓကပင်ဖြစ် နိုင်သည်။ မိမိကကြေးကြီးဆိုင်ထိုင်၊ ကြေးကြီးစားနေရန် တစ်ကိုယ်တည်းထွက် စားရသည့်အနေအထားမျိုးပို၍ပင်မရှိသင့်ပေ။
လုပ်ငန်းတွင် မိမိ၏ပြချက်က မိမိ ၏ ဘောင်ခတ်ချက် သတ်မှတ်ချက်နှင့် ပြဋ္ဌာန်းချက်တို့ကို ကျားကန်ပေးပေမည်။ ရှေ့တွင် ဖော်ပြခဲ့သော အယ်ဒီတာကဲ့သို့ လုပ်ငန်းအပေါ်သစ္စာစောင့်သိမှုကောင်းပါ သည်။ သို့သော် တစ်ရာတစ်ယောက်၊ တစ်ထောင်တစ်ယောက်လောက်ကသာ ပစိပစပ်များ ပေလိမ့်မည်။ အရေးအရာမပါ သည့်ကိစ္စကို ငွေကြေး သိန်းပေါင်းများစွာ အထိခိုက်ခံခြင်းကား မိုက်ကယ်အင်ဂျလိုကဲ့သို့ ဘုရားနှင့်ငါသာ သိသောကိစ္စကို လွန်ကျူးစွာအထွတ်တင်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။ နည်းနည်းလေးလျှော့လိုက်လျှင် အားလုံးအဆင်ပြေရန် ပိုလွယ်နိုင် ပေမည်။
အလားတူပင် စတိဗ်ဂျော့၏ကိစ္စ တွင်လည်း အခြေအနေမှန်ကို သဘော မပေါက်ခြင်းက လက်အောက်ဝန်ထမ်းနှင့် အဖုအထစ်ဖြစ်စေခဲ့သည်။ အနှစ်ချုပ်ဆိုရ ပါလျှင် စည်းကမ်းကလနားထုံးစံ၊ လုပ်ထုံး ကျင့်ဝတ်တို့ စောင့်ထိန်းရန်လိုသည်မှာ မှန် သော်လည်း အထိုက်အလျောက် အလျှော့ အတင်း ပြုခြင်းက ထိခိုက်မှုပြင်းမည်၊ မပြင်း မည်ကို ဦးစားပေး ဆင်ခြင်သင့်သည်ဟု ဆိုရပေတော့မည်။
............................................................................................................
စာရေးသူသည် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာအထူးပြုဖြင့်ဘွဲ့ရရှိခဲ့ပြီး အင်းလျားလိတ် ဟိုတယ်၊ ထိုင်းသံရုံးနှင့် ဆိုဗီယက်သံရုံးတို့တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် စာပေလောကသို့ဝင်ရောက်ခဲ့ပြီး ဟိန်းထက်၊ ကိုလတ်၊ မင်းပိုင်၊ နိုင်သစ် စသည့်အမည်များဖြင့် ဆောင်းပါးပေါင်း ၂၀၀ ကျော်နှင့် စာအုပ်ပေါင်း ၂၀ ကျော်ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ အမည်ရင်းမှာ နိုင်သစ် ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...