Tuesday, November 18, 2014

“ကိုကို လာမယ် ဆိုလို့”

 
          ကမ္ဘာလောကကြီးမှာ ကျုပ်တို့ မြန်မာလူမျိုးတွေလောက် သွေးခွဲရတာ သွေးထိုးရတာလွယ်တဲ့ လူမျိုး ရိုးစွဲနောက်ထပ် ရှိလိမ့်မယ် မထင်ပါဘူး။ ဂျာနယ်ထဲ ဆောင်းပါးလေးတစ်ပုဒ်လောက်ပါရုံနဲ့ မပြီးနိုင်မစီးနိုင် ထသတ်ကြတာများ မြင်မကောင်း ဖတ်မကောင်းဘူး။ ကိုယ်လည်းပဲအစက မရေးဘူးလို့နေတာ တော်ကြာရင်း ဟိုလူက လာဆွသွားရင်း၊ တဂ်တွေလုပ်လိုက်၊ မတ်စိတွေပို့လိုက်။“ဟိုပေါ့နော်။ ဘယ်လိုခံစားရပါသလဲ။” အင်တာဗျူးတွေ လာလုပ်လိုက်။ အရာရာ ကိစ္စအဝဝကို သဘောထားတွေထုတ်ပြန်နေရအောင် ကိုယ်ကလည်း ဘာကောင်မှ ဟုတ်တာမဟုတ်။ ဂလောက်တောင်ရှိတာဟာဆို အရွဲ့တိုက်ပြီးဆေးထိုး ဘေးတီး ဘီးတပ်ပေးတဲ့ စတေးတပ်လည်း တင်လိုက်ရောအားလုံး ဝမ်းသာအားရ ပွကြီးလာမှပွဲစည်တော့တယ်ဆိုပြီး “ဗေပုံထီးပုံထီ” လို့ ဝိုင်းအားပေးကြတယ်။ သည်တစ်ခါတော့ မနောက်ဘူး။မရွဲ့ဘူး။ အတည်ပြောမယ်ဗျာ။ ယုံချင်ယုံ မယုံချင်နေ။ စစ်တပ်က ဆရာဝန်တွေ အရပ်ဘက်ကို ရောက်လာတော့မယ်ဆိုတာ ဘယ်လို ခံစားရသလဲ မေးရင် ဘယ်လိုမှ မခံစားရပါဘူး။ “နောက်ထပ် လာချင်လာပါ။
မထူးဆန်းတော့ပါ။နှလုံးသားထဲက သည်ဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလည်း အပြစ်မတင်တတ်တော့ပါ။”လို့ ပြောမလို့။ ခင်ဗျားတို့လည်း ဆက်ဆိုကြပေါ့ဗျာ။ “အိပ်မရတဲ့ညတွေများရင် ငါ့မှာ ဦးနှောက်ပျက်။မနက် မထနိုင်။ ပျင်းရိတဲ့ ဘဝစတိုင်။ ယို့ … ယို့။ ခင်မောင် ခင်မောင်။”

          တကယ်တော့ မြန်မာပြည် ဆရာဝန်လောကဆိုတာ စစ်ဆရာဝန်တွေနဲ့ စခဲ့တာပါ။မယုံရင် ဆေးတက္ကသိုလ် (၁) ရဲ့ ကနဦး ပါမောက္ခချုပ်ကြီးတွေရဲ့ နံမည်ကို လိုက်ကြည့်ပေါ့။အနည်းဆုံးတော့ ကာနယ်ကြီးတွေချည့်ပဲ။ ကျန်းမာရေးဝန်ကြီးတွေလည်း သူတို့ချည့်ပဲ။ ကိုယ်အခုအလုပ်လုပ်နေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာကအစ စစ်တပ်ဆရာဝန်တွေနဲ့ မကင်းခဲ့ဘူး။ဒါကြောင့် စစ်တပ်က ဆရာဝန်တွေကို အရည်အသွေး မပြည့်မီဘူးဆိုတဲ့စိတ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ပြည့်ရုံတင် မဟုတ်ဘူး။ လွန်တောင်နေတယ်။ ကိုယ်တို့မှာ မရှိတဲ့ အရည်အချင်းတွေ သူတို့မှာရှိတယ်။ ရှေ့တန်းသွားနိုင်တယ်။ အမိန့်နာခံတယ်။ ရေဗူးပေါက်နဲ့လည်း ရေပါအောင် ခပ်နိုင်တယ်။စစ်တပ်မှာ NSM နဲ့ သုံးနှစ်သာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကိုယ်တို့ဆရာကြီးတစ်ယောက်ဟာ အရပ်ဘက်ကဝန်ထမ်းတွေကို စီမံခန့်ခွဲ အုပ်ချုပ်ရတဲ့အခါမှာ “တောက်။ သည်အရပ်သားတွေကို အုပ်ချုပ်ရတာသိပ်စိတ်ပျက်စရာကောင်းတာပဲ။” လို့ စိတ်တိုမိပြီး တပ်ထဲကို ပြန်ပြေးချင်တဲ့ စိတ်ပေါက်သတဲ့။အခု  ကိုယ်တို့ဝန်ကြီးဟာ တစ်သက်လုံး စစ်တပ်ထဲမှာစစ်မှုထမ်းလာတာ။ မောင်မောင်ခေါ် ဗျာမထူး၊ အောင်ကျော်ခေါ် ဗျာမထူးနဲ့ အရပ်သားကျန်းမာရေးဝန်ထမ်းတွေကိုဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် အုပ်ချုပ်ရတာ တော်တော်စိတ်ပျက်နေလို့ သူ့သြဇာ တသွေမတိမ်းနာခံသူတွေကို စကြာသွားရာ ဗိုလ်ခြေပါသလို ခေါ်ယူတာ အဆန်း မဟုတ်ပါဘူး။ အစောကြီးကတည်းကမျှော်လင့်ထားပြီးသားပါ။ မယုံရင် ဟိုးရှေ့က မှတ်စုတွေသာ ပြန်ဖတ်ကြပါတော့။ သူ့ကိုတာဝန်ပေးထားပြီးရင်သူ့အလုပ်သူ ပီပီပြင်ပြင် လုပ်နိုင်ဖို့ သူခေါ်ချင်တဲ့သူတွေ ခေါ်ကစားလိမ့်မယ်။ ကောင်းတာမကောင်းတာ ကွင်းထဲရောက်တော့မှ ကြည့်။ (ငါ့မလည်း ဝန်တကာလှည့်ဖာရတာနဲ့ စပုတ်တိုင်ဘဘကြီးလိုမြို့မေတ္တာ ခံယူရတော့မယ်။) ဒါကတော့ လော်ဘီလုပ်တဲ့ အပြောကိုးဗျ။ အမှန်တော့ လူတိုင်းသိပြီးသားဆီးသီးဗန်းကြီး မှောက်နေတာ ဟိုလူနှိုက် သည်လူနှိုက်နဲ့မို့ (အာ့ သားသားစကား ဟုတ်ဘူးနော်)ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်ရအောင် ဦးဖိုးစိန်ဇာတ်ထဲကလို ဆီးသီးကောက်မင်းသားလေးတွေကိုယိမ်းနဲ့ ပွဲထုတ်တာ မဟုတ်ဘူးလား။ အဲသလို မီးစတစ်ဘက် ရေမှုတ်တစ်ဘက် တွေးချင်လည်း တွေးကြပေါ့လေ။ဘယ်ဟာမှားမှားမှန်မှန် ကိုယ့်ဘက်ကတော့ ဘာခံစားချက်မှ မရှိဘူး။ အဟုတ်။ ယီးတီးယားတားလည်းမပြော။ ဆီးသီးနွားစားလည်း သဘော။

         ပြဿနာက ဟိုဘက်က လာမယ့်ဆရာဝန်ကလေးတွေဆိုတာ “တပ်ထဲမှာ ဘွဲ့လွန်သုံးခါဖြေပြီးတာတောင် မအောင်လို့ သုံးစားလို့မရတာတွေကို အရပ်ဆေးရုံမှာ လာချောင်ထိုးတာပေါ့လေ။”ဆိုတဲ့စကားတစ်ခွန်းဟာ လာရမယ့်သူတွေကိုရော လက်ခံရမယ့်သူတွေကိုရော အကြီးကြီး ဖီးလ်ငုတ်သွားစေတဲ့ဆေးထိုးချက်ကြီး ဖြစ်နေတာပါ။ ဟုတ်တော့ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့ဆိုတဲ့ စကားမျိုး။ခါတိုင်းလိုပဲ ကိုယ့်ဘာသာ လက်သင့်ရာ စားတော်ခေါ်ပလိုက်တယ် ဆိုတာကမှ တော်ဦးမယ်။ လူကြီးတွေသဘောကျခေါ်ချင်တဲ့သူခေါ် ဘာမှ ပြောစရာမရှိဘူး။ ငကန်းလား ငစွေလား ငခုံးမလား။ ဘယ်သူက ရိုက်စစ်နေလို့လဲ။ခုတော့ အခေါ်ခံရသူတွေမှာ နာလည်းနာသေး နံလည်းနံသေး။ ရန်တွေလည်း ထဖြစ်ကုန်ရော။ တယ်လည်းဆေးထိုးကြမ်းတဲ့ ဂျာနယ်ဟယ်။

          သူတို့လုပ်တာနဲ့ စစ်ဆေးတက္ကသိုလ်ဆင်း ဆရာဝန်များဟာ အရည်အသွေးမပြည့်မီ၊အခွင့်ထူးခံ၊ စားသာမလားလို့ ဇာတ်ထဲလိုက်မိသူတွေလို အမြင်ခံရတယ်။ သူတို့ကို စာမေးပွဲစစ်ရင်ကိုယ်တို့ အရပ်ဘက်က ဆရာဝန်ကြီးတွေ ကိုယ်တိုင်ပဲ သွားစစ်ရတာပါ။ သူတို့ကို စာသင်တာကရော။အရပ်ဘက်က ပင်စင်ယူပြီး တော်ပေ့တတ်ပေ့ဆိုတဲ့ ထိပ်ထိပ်ကြဲဆရာကြီးတွေကိုယ်တိုင် အိပ်သွန်ဖာမှောက်သင်ကြားပေးထားတာပါ။ လိပ်ခုံး လမ်းမတော်မြေနင်းဖူးမှ တော်တီးတီးတုံ ဖြစ်နေပြီး မင်္ဂလာဒုံ၊ခရေပင်လမ်းဝမှာ အလေ့ကျပေါက်ပင်တွေချည့် ရှိတယ် လို့ မမှတ်ပါနဲ့။ ကိုယ်လည်း ဆေးလောကနေလာတာ။သူတို့တွေနဲ့ ဆုံဖူးတယ်။ အလုပ်လုပ်ဖူးတယ်။ အရပ်ဘက် နဲ့ တပ်ဘက် ဘယ်သူတွေက ပိုတော်သလဲဘယ်သူတွေက ပိုညံ့သလဲ။ လာမမေးနဲ့ နိုးကွန်မန့်။ သွေးခွဲစကားလည်း မပြောဘူး။ ကြေးနှိုင်းစကားလည်းမဆိုဘူး။ လုပ်ငန်းခွင်သဘာဝချင်း မတူခြားနားတဲ့အတွက်ကြောင့် နှိုင်းလို့ မရဘူး။ သူလည်းသူ့နေရာသူသူ့အလုပ်သူလုပ်နိုင်တယ်။ ကိုယ်လည်း ကိုယ့်နေရာကိုယ် ကိုယ့်အလုပ်ကိုယ်လုပ်နေရတာ။ ဆရာဝန်အချင်းချင်းဖြစ်တဲ့အတွက် အတူတူ ပေါင်းစပ်ရောနှော လက်တွဲအလုပ်လုပ်လို့ မခက်ခဲဘူး။

          ဒါပေမယ့် လုပ်ငန်းသဘာဝအရ ဆရာဝန်ချင်းတူပေမယ့်လည်း ကျေးညီနောင်ပုံပြင်ထဲက
ကျေးသားလေးတွေလိုပဲ ကျင်လည်ရာပတ်ဝန်းကျင်ကို လိုက်လို့ အသွေးအမွေး အလေ့အထချင်း တော်တော်ခြားနားခဲ့ပြီ။ ဆေးကျောင်းတက်ကတည်းက လုပ်ခလစာ၊ ရိက္ခာ၊ အဆောင် ရတယ်ဆိုတာတွေက သူတို့တတွေလိုစစ်ပုံမကျ မဝင်ရဆိုတဲ့ နယ်မြေမှာ အသားသေ အရေထူနေဖို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပဲ။ကျောင်းပြီးတာနဲ့ သူတို့ကို မြို့ပေါ်မှာ ယူနီဖောင်းကလေး ဂျူတီကုတ်ကလေးတွေနဲ့ ဘော်ကျော့ထားမှာမဟုတ်ဘူး။ ရှေ့တန်းမှာ ကိုယ့်အထုပ်ကိုယ်ထမ်းပြီး ဆင်ကန်းတောတိုး လုပ်ဖို့ လေ့ကျင့်ပေးထားတာ။ သည်အခါမှာ သူတို့ခမျာ အရပ်ဘက်ဆရာဝန်တွေလောက်မြို့ပေါ်ကဆရာဝန်တွေလောက် ဆေးပညာရပ်တွေနဲ့ လက်ပွန်းတတီး ထိတွေ့မှု မရှိတော့ပဲ အစေ့ကျရာအပင်ပေါက် ရှင်သန်ဖို့သာ အလေးပေးကြရတယ်။ ဂျီပီပညာများ သွားအထင်မသေးလေနဲ့။ ကျေးရွာအရောက်ခရီးပေါက်အောင် ကုနိုင်တာ သူတို့ပဲ ရှိတယ်။ ဒါပေမယ့် နောက်ထပ် ဘွဲ့လွန်တွေ ဆက်လက်ဆည်းပူးဖို့အခွင့်အရေးဆိုတာကျတော့ အငိုလွယ်သလောက် အရှိုက်ခက်ကြတယ်။ စံနစ်တစ်ခုရဲ့ သားကောင်ဖြစ်ရတဲ့အထဲမှာသူတို့လည်းပါတယ်ဆိုတဲ့စကားဟာ ရာနှုန်းပြည့်မှန်တယ်။ ကိုယ့်စိတ်ရှိသလောက် ပြောရရင် သားကောင်တောင်မဟုတ်ဘူး။ ကျေးကျွန်တွေ ဖြစ်ရတာ။
 
        ကလေးတွေ ငယ်ငယ်တုန်းက သားသားကြီးရင် ဘာလုပ်မယ်။ ဆရာဝန်ကြီး ဖြစ်ချင်တယ်ဆိုတာလိုပဲ။ ကိုယ်တို့တတွေ ဆရာဝန်ဖြစ်လာတဲ့အခါမှာလည်း ဘာဆရာဝန်ကြီး ဖြစ်ချင်သလဲဆိုတာဆရာဝန်ဘဝရဲ့ အသက်ပဲ။ ဘယ်လောက်ပဲ အတန်းစဉ် ဆပ်ပလီအဆက်ဆက်နဲ့ အောင်တဲ့သူပဲဖြစ်ဖြစ်။
တော်ပါပြီ။အမ်ဘီဘီအက်စ်။ စာထပ် မကျက်နိုင်လို့ပါ ဆိုတဲ့ဆရာဝန် တစ်ယောက်မှ မရှိဘူး။ ဖြစ်နိုင်ရင်ဒစ်ပလိုမာလေး တပ်ရတပ်ရ။ အမြီးလေးတော့ ထပ်ဆက်ချင်တဲ့သူချည့်ပဲ။ ဒါကြောင့် ဆရာဝန်တိုင်းအတွက်နောက်ထပ် ဘွဲ့လွန်တက်ရဖို့ဆိုတာ အသက်တမျှ အရေးကြီးတယ်။ ဒါပေမယ့် အဲသည်အသက်ကို တပ်ထဲကဆရာဝန်တွေကသူတို့ဟာ သူတို့ မပိုင်ဘူး။ သူတို့မှာ သက်ဦးဆံပိုင် အရှင်သခင်တွေ ရှိတယ်။ ဟိုက မျောက်ဆိုင်းတီးရင်မျောက်က ကရတယ်။ ဇော်သံပေးရင် ဇော်တေးဆိုရတယ်။ ကိုယ်ဝါသနာပါတာလေး တက်ပျစီဆိုတာ လူကြီးသားသမီးမဟုတ်ရင် အိပ်မက်တောင် မမက်နဲ့။ ကိုယ့်ကိုယ်ကိုယ် တတ်လှပြီလို့ ထင်မနေနဲ့။ တပ်ထဲမှာဆိုတာတော်လည်းတော် တတ်လည်းတတ်မှ။ လူမတတ်ရင်တောင် လ္ဘက်ထုပ်ကလေးတတ်မှ။ ကိုယ်နဲ့တစ်ပတ်စဉ်ထဲမှာဘယ်သူပါသလဲ။ သူက ဘာဖြေမှာလဲ။ ဆိုတာလောက်မှ အရိပ်သုံးပါး နားမလည်ရင် ပိုးသာကုန်မယ် မောင်ပုံလည်းစောင်းတတ်ဖွယ် မမြင်။

          လူကြီး သားသမီးများကျတော့ ထွိန်နင်တွေ ရှိသမျှ ဘေဘီကြိုက်တာပြော။မအောင်ပဲ ပြန်လာရလည်း အဲ့ကျောင်း သောက်မြင်ကပ်လို့ နောက်လူတွေ ထပ်မလွှတ်နဲ့ကွာ တဲ့။ဆော်တွေကြည်ချက်ကတော့ မင်းသမီးလေးတွေ လိုချင်သလား အဆိုတော်လေးတွေ လိုချင်သလား။ ဒါတွေအကုန်လုံးသူ့ကုသိုလ်နဲ့သူဗျ။ ကိုယ်တွေက သူတို့လို မအေပေးမျိုးမှ မဟုတ်တာ။ တူစရာလား။ ဖြတ်လမ်းကလိုက်ချင်သပဆို ကိုယ့်ရုပ်ကလေး ကိုယ်သထား။ နှမပေး၊ သမီးယူ ရထားနဲ့ လိုက်လို့ရသေးတယ်။သူတို့တိုင်းပြည်ကြီးထဲမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးမှ မနေတတ်ရင် ဖင်ပါ အာမခံထားလို့မလောက်ဘူး။ လိုချင်တယ်ဆို ငြင်းလို့ရမယ် ထင်သလား။ ပုံပြင်တွေ တထောင့်တည တို့လည်း ကြားဖူးပ။သည်လူတွေမှာ သုံးခါမအောင်ရင် နောက်ထပ်ဘာမှ ထပ်ဖြေလို့မရတော့ဘူးဆိုတဲ့ အနာဟောင်းကြီးရှိနေပြီ။ “အခု တပ်ထဲမှာ မသုံးချင်တော့ဘူး။ အရပ်ဘက်မှာ ချောင်လာထိုးမလို့။”  ဆိုတာရေနစ်သူ ဝါးကူထိုးတဲ့ ဇာတ်လမ်းပဲ။ မပြောသင့်ဘူး။ မလုပ်သင့်ဘူး။

         စံနစ်ကြီးက ပစ်ချလို့ ရင်နာစရာ ယူကြုံးမရ ဖြစ်ရသူတွေထဲမှာ အရပ်ဘက်ဆရာဝန်တွေကိုလည်းလျှော့မတွက်ပါနဲ့။ အိမ်မှာ ဆေးကျောင်းပြီးစ ကျောင်းသားမိဘတိုင်း နားလည်နိုင်တယ်။ ကိုယ့်သားသမီးဆရာဝန်အဖြစ် အစိုးရအလုပ်ထဲ ဝင်စေချင်ရင် ဘယ်သူ့ကိုမှ မမေးနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်မေး။သူ့တာဝန်ကို နောက် လေးငါးဆယ်နှစ် အိမ်ကဆက်ယူနိုင်သေးသလား။ မယူနိုင်ရင် စိတ်ကူးမယဉ်နဲ့။ဒါ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ လခ နှစ်သိန်းမပြည့်ပဲ သူ ဘယ်လိုရပ်တည်မလဲ။ ကိုယ့်သားသမီးကိုယ်လူနာတွေဆီက ခိုးဆိုးလုယက် တောင်းရမ်းစားသောက်နေတာ ဘယ်မိဘမှ မမြင်ရက်ဘူး။ စေတနာဆရာဝန်ကလေးဆိုတာဝတ္ထုထဲမှာသာ ဖတ်ကောင်းတာ။ အပြင်မှာ တကယ် မရှိဘူး လို့သာ မှတ်ထားလိုက်။ သိပ်မကြာဘူး။သူလည်း စေတနာပျက်သွားသော ဆရာဝန်ကလေးပဲ ဖြစ်လာဖို့ ရှိမယ်။ ဝန်ထမ်းဆရာဝန်ဘဝဆိုတာ အိပ်မက်မဟုတ်ဘူး။ နဖူးတွေ့ဒူးတွေ့ တွေ့နေရတာ။ ဘာတွေ ဖြစ်နေတယ် ထင်လို့လဲ။ ငါ မပြောလိုက်ချင်ဘူးနော်။(အဲ့ဒါကိုက ပြောမလို့စတာ)

         ပြည်နယ်ပြည်မ ကွာဟချက်တွေကို လျှော့ချဖို့ နယ်စပ်နဲ့တောင်ပေါ် ဝေးလံခေါင်သီသော
အရပ်တွေပါမကျန် ဆေးရုံမှန်သမျှကို ကုတင် ၁၀၀ ဆို ၁၀၀၊ ၂၀၀ ဆို ၂၀၀၊ သူ့ဖွဲ့စည်းပုံအတိုင်းနွားထီးငါးကျပ် နွားမငါးကျပ်နဲ့ ဆရာဝန်တွေ ခန့်အပ်လွှတ်လေသောအခါ အရင်တုန်းက လက်ထောက်ဆရာဝန်၃ ယောက်လောက်နဲ့ လည်ပတ်လုပ်ကိုင်နေသော သန်လျင်လိုဆေးရုံမျိုးကို အယောက် ၅၀ တိတိ ခန့်လွှတ်လိုက်တယ်။(ဥပမာများစွာထဲက တစ်ခု ပြောတာနော်) တချို့ဆေးရုံတွေဆို ဖွဲ့စည်းပုံ အသစ်တိုးချဲ့ခွင့်ပြုလိုက်တာပဲရှိတယ်။ အဆောက်အဦတောင် မြေကွက်ကြီးအတိုင်းရှိသေးတာ။ ဆရာဝန်တွေတော့ ခန့်လွှတ်လိုက်ပြီ။သူတို့တတွေ နေစရာ ထိုင်စရာ မပြောနဲ့ အလုပ်လုပ်စရာ စားပွဲ ကုလားထိုင်တောင် ဝဒ်ထဲ မရှိ။လူနာလည်း မရှိ။ ဖလမ်းဆေးရုံ ဟားခါးဆေးရုံတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ တန်းတူထားပြီးဆရာဝန်တွေပို့ပြန်တော့ ဟိုမှာ ဘာသွားလုပ်ကြသလဲ ရောက်ဖူးသူတိုင်း သိကြသည်။ ဘာလုပ်လုပ်လုပ်ချင်ရာလုပ်ကြပေါ့အေ။ အရေးကြီးတာ မြေပုံပေါ် ဆေးရောင်လေးတွေခြယ်။ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ပြီးစီးကြောင်း အဘပြန်သတင်းပို့နိုင်ရင် ပြီးတာပဲ။ သဗ္ဗေသတ္တာ ကမ္မသကာ။ ကိုယ်တွေ့တွေထည့်ပြောရင် မျက်ရည်တောက်တောက်တောင် ယိုသွာမယ်။


         ပထမဆုံးအကြိမ်နယ်ထွက်ဖူးတော့ လောက်ကိုင်ကိုဗျ။ နောက်ဆုံးရောက်တဲ့ ဆရာဝန်တို့ထုံးစံအတိုင်း အလုပ်သမားနဲ့ ဆရာမတန်းလျားက အစုတ်ဆုံးအခန်းကလေးမှာ ဆေးရုံပေါ်က ကုတင်နဲ့ ကိုယ့်မီးချောင်းကိုယ်ဆင်ပြီးနေခဲ့ရတယ်။ အိမ်သာထဲဆေးဖို့ ခွက်ကအစ ဝယ်ရတယ်။ ကိုယ့်ရေကိုယ်ဆွဲသယ်ရတယ်။ အိမ်သာသွားရင်ဓါတ်မီးနဲ့ ထီးဆောင်းပြီး မြွေပါးကင်းပါး ကြည့်သွား။ (လောက်ကိုင်မှာ မြွေပေါက်ခံရဖူးတယ်။အဆိပ်မရှိလို့ မသေတာ) ရေချိုးတော့ လူလည်ခေါင် အုတ်ကန်ဘေးမှာ မလုံမခြုံ။ ကိုယ့်ရှေ့ကလူပြောင်းတော့ ကောင်းတဲ့ အခန်းလေး ရွှေ့နေ။ နောက်ဆုံး ကိုယ့်ထက် ဆေးရုံသက်ရင့်တဲ့သူမရှိမှလူလိုသူလိုနေရတာ။ ဒါဆရာဝန်တိုင်းအတွက် မထူးဆန်းတဲ့ ဇာတ်လမ်း။ အိမ်ကမိသားစု လိုက်မနေနိုင်တာလည်းမပြောနဲ့။ ဆရာဝန်ယူပြီးမှ တဲအိုပျက်က မတက်နိုင်တဲ့ဘဝ။ မိန်းကလေးအပျိုတွေဆို စဉ်းစားကြည့်လေ။အမ်းမှာ အလုပ်လုပ်နိုင်တယ်ဆိုတော့ မလေးရှားက စီနီယာမမ တစ်ယောက်က ချီးမွန်းတယ်။ သူ့မှာအလုပ်မထွက်ချင်ပဲနဲ့ ထွက်ခဲ့ရတဲ့မြို့တဲ့။ ညဥ့်နက်သန်းကောင် အိမ်မပြန်ပဲ နှင်မရတဲ့အလုပ်သမား ယောက်ကျားတစ်ယောက်ရန်က ဘယ်သူမှ ကာကွယ်ပေးမယ့်သူ မရှိလို့ ဆရာဝန်ဘဝကို ရင်နာနာနဲ့နှုတ်ဆက်ခဲ့ရတယ်တဲ့။ အခုလောလောဆယ်ကိုပဲ သမီးဆရာဝန်ကလေးကို မိဘကိုယ်တိုင် တိုက်တိုက်တွန်းတွန်းအလုပ်ဝင်ခိုင်းပြီး ဘယ်လိုမှ နေမဖြစ်လို့ ဆယ်သိန်းလျော်ပြီး အလုပ်ထွက်စာတင်ပေးရတဲ့သူတွေဟာ တစ်ယောက်လည်းမဟုတ်။ နှစ်ယောက်လည်း မဟုတ်ဘူး။ ဒါလည်း ကိုယ်တွေ့ပဲ။ ဒါကြောင့်အရပ်ဘက်က ဆရာဝန်တွေဟာ မြို့ပေါ်ကလွဲလို့ ဘယ်မှ လွှတ်လို့မရဘူး။ ရန်ကုန်က ဒလလောက်ဆို ထွက်စာတင်ကုန်ပြီဆိုတာလည်း မပြောသင့်ဘူး။ သူလည်း သူ့ဒုက္ခနဲ့သူ။ အလုပ်ထွက်ချင်မှဖြင့် အစကတည်းက သည်လခနဲ့အပင်ပန်းမခံဘူး။ နယ်ရောက်သွားတဲ့ ဆရာဝန်တစ်ယောက်ရဲ့ နေရေးထိုင်ရေး လုံခြုံရေးကို (စားဝတ်နေရေးတောင်မပါ) ဘယ်သူကမှ တာဝန်ယူမယ့်သူ မရှိတဲ့အခါ (ဝန်ကြီးဌာနကရော၊ ရောက်ရာဒေသကပါ) သူတို့လည်းဆက်အလုပ် မလုပ်နိုင်တော့ဘူး။ ဗိုလ်ကြီးတို့မှာ ရှေ့တန်းကပြန်လာရင် တန်းလျားရှိတယ်။ဆရာဝန်မှာ တံစက်မြိတ်တောင် မရှိဘူး။ ဒီနေရာတွေကို ဗိုလ်ကြီးတို့ လာချင်သပဆိုလည်း လာပါ၊တွတ်ပါ၊ လပွတ္တာ။ ဆီးသီး မကလို့ တစ်တောင်လုံး သိမ်းသိမ်း။

         အခုတော့ ကိုယ်တို့အဖြစ်ဟာမကြာခင် ကာစင်ဘိုင်လက်မှာ ကပ္ပိခံရတော့မယ့်ဆဲဆဲ ခြင်းကြီးထဲက ကြက်တွေလိုပဲ ခေါင်းဆိတ်မခံ၊တောင်ပံတဖြန်းဖြန်း ဖြစ်နေတာ တော်ရော့လားဗျာ။ တပ်လည်းတပ်အထွာနဲ့ အရပ်လည်း အရပ်အထွာနဲ့အပြဲကြီး နဲ့ အပြဲလေးတောင် မကွာ။ ပြဲပြဲကိုလန်နေရတာ တစ်ယောက်နဲ့တစ်ယောက် စာနာနိုင်မှနှလုံးစိတ်ဝမ်း အေးချမ်းလိမ့်မယ်။ ဟိုးအထက်ကလူတွေက ကိုယ်တို့ကို လူလို့ မမြင်နိုင်ဘူးဗျ။ကိုယ်တို့အချင်းချင်းပဲ လူကိုလူလိုမြင်ကြမှ ဖြစ်မယ်။ တပ်မတော်သားတွေ အသက်စွန့်ရရှာတာလေးစားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ဘယ်သူ့အတွက် အသက်စွန့်ရတာလဲ ဘယ်သူတွေ အကျိုးရှိသွားတာလဲကိုယ့်ဘာသာကိုယ် မြင်အောင် သုံးသပ်သင့်တယ်။ တိုင်းပြည်အတွက် ပြည်သူ့အတွက်လို့ ကိုယ့်ဘာသာယုံကြည်တယ်ဆိုလည်း ယုံကြည်ချက်အတွက် အသက်စွန့်တယ်ပဲ ထားလိုက်ပါတော့။ စစ်တပ်မှ အပဖြစ်သောလေးဆယ့်ငါးသန်းဟာလည်း လူတွေပါ လို့ လက်ခံပေးနော်။ ရန်သူတွေလို့ မှတ်လည်း မနေပါနဲ့။ပြောမရရင်တော့ ဘုန်းကြီးကောက်ဝတ်ပလိုက်မှာဗျား။ ထိုင်ရှိခိုးဖို့သာ ပြင်ထား။ ဆွမ်းစားပါကြွပလိုက်မယ်။ ဘာမှတ်လဲ။

စိုးမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...