" မ 'ရှိ' မဖြစ် ယောနိသော မနသိကာရ ( ၃ ) "
တစ်ခါတုံးက လ္ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း ဆိုင်မှာ အခုရက်ပိုင်းမှ အသစ်ရောက်လာတဲ့ စားပွဲထိုးကို လ္ဘက်ရည် သုံးခွက် မှာလိုက်မိပါတယ်။ စားပွဲထိုးကအသစ်မို့လို့ သူ့လုပ်ငန်းမှာ မကျွမ်းကျင်ပါဘူး။ ဖိတ်မှာစင်မှာ စိုးရိမ်တဲ့စိတ်နဲ့ အလွန်သတိကြီးစွာ ထားပြီး လ္ဘက်ရည်ခွက်တွေကို တစ်ခွက်ချင်း တုံတုံရီရီနဲ့ လာချပါတယ်။
တခြားဘေးပတ်ဝန်းကျင်ကို ဘာမှ မမြင်တော့ သလို ခွက်ကိုသာ အာရုံစိုက်နေတာမို့ လမ်းမှာ ခလုပ်တိုက် မိမှာတောင် စိုးရပါတယ်။
သူ့ကိုကြည့်ရတာကို ပင်ပန်းလှပါတယ်။
သူ့ခမျာ စိုးရိမ်ကြောင့်ကြ ကြီးစွာနဲ့ ကြိုးစားလိုက်ရတာ။ နောက်ဆုံး လ္ဘက်ရည်သုံးခွက်လုံး စားပွဲပေါ် တင်ပြီးသွားတဲ့ အချိန်မှာမှ သက်တောင့် သက်သာ ဖြစ်သွားရရှာပါတယ်။ သူသယ်လာတဲ့ လမ်းတစ်လျှောက်လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့တဲ့ လ္ဘက်ရည်ခွက်ကလေးဟာ စားပွဲပေါ်ကို ရောက်မှပဲ တည်ငြိမ်သွားရပါတယ်။
စားပွဲပေါ်မှာ ရှိနေပြီဖြစ်တဲ့ လ္ဘက်ရည်ခွက်နဲ့ စားပွဲထိုးကို ကြည့်ပြီး အတွေးတစ်ချက် ဖြစ်မိပါ တယ်။
" ထား "တဲ့သဘောနဲ့ " ရှိ "တဲ့သဘောပါ။
ထားတဲ့သဘောမှာ ကြောင့်ကြစိုက်နေရပါတယ်။ ထားတဲ့အရာပေါ်မှာပဲ စိတ်က မဲနေရပါ တယ်။
တည်ငြိမ်မှု ရင့်ကျက်မှု အားနည်းလှပါတယ်။
အားစိုက်နေရတာမို့ သက်တောင့် သက်သာလည်း မရှိပါဘူး။
ပြီးတော့ မလွတ်လပ်ပါဘူး။
ရှိတဲ့သဘောမှာတော့ အထက်ကပြောခဲ့တဲ့ သဘာဝတွေ မပါတော့ပါဘူး။
အားစိုက်စရာ မဲစရာ မလိုတော့ပါဘူး။
အလွန် သက်တောင့်သက်သာ အေးအေးဆေးဆေး ရှိလှပါတယ်။
ကြောင့်ကြစိုက်ရတာတွေ နည်းပါးရင် နည်းပါးသလောက် လွတ်လပ်လို့နေပါတယ်။
အဲဒီအတွေးတစ်ချက်က စ လို့ ကိုယ့်ကိုယ်ကို မေးခွန်းပေါင်းများစွာ ပြန်မေးနေမိပါတယ်။
ကိုယ့်ကျင့်သုံးနေတဲ့ ထားတဲ့ တရားတွေ၊ ကိုယ်အပါးဝတယ်လို့ ထင်ထားတဲ့ ရှိတဲ့ တရားတွေကို သေချာပြန်ပြီးတော့လည်း စီစစ်မိပါတယ်။
သူတပါးအပေါ်မှာ ထားရှိရတဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေကို တရားသဖြင့် ညီညွတ်စွာ ထားနိုင်ဖို့တောင် အနိုင်နိုင်ပါ။
ကိုယ်သဘောကျတဲ့ ကိုယ့်ဟာတွေ အပေါ်မှာ ထားနိုင်သလိုရှိပေမဲ့ ကိုယ်သဘောမကျတဲ့ သူများဟာတွေ ကျတော့ မထားနိုင်ခဲ့တာ အလွန်သေချာပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက် ကောင်းကောင်းတွေနဲ့ ဆင်ခြေပေးရင်း တခြမ်းပဲ့ ဗြဟ္မစိုရ်တရား တွေကို ဘက်လိုက်ပြီး ကျင့်နေမိတာ ကိုယ့်ဖာသာ အသိဆုံးပါ။
အဲဒီလိုစိတ်ထားမျိုးနဲ့တော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတွေ ရှိလာဖို့ဆိုတာ အဝေးကြီးဝေးနေပါသေးတယ်။
လက်တွေ့ဘဝထဲမှာ ကိုယ်ကျင့်သုံးနေပါတယ် ဆိုတဲ့ ဒီတရားတွေကိုတောင် ဘုရား ဟောသလို မှန်မှန်ကန်ကန် မထားနိုင်သေးတာ ထင်ရှားလှပါတယ်။
ဒါနဲ့များ ဝိပဿနာဥာဏ်တွေ ဖြစ်ချင်သေးတယ်လို့ ကိုယ့်ကိုယ်ကိုလည်း အငေါ်တူး မိပါတယ်။
ကိုယ်ပြောပြောနေတဲ့ ယောနိသောမနသိကာရ ဆိုတဲ့ စိတ်ထားကလေးကိုတောင် တစ်ခါတလေ မနိုင်မနင်း အတင်း ဖြစ်ညှစ်ပြီး စိတ်မပါ လက်မပါနဲ့ ထားနေရတာတွေ ရှိနေပါသေးတယ်။
ဒါနဲ့များ ဟိုပန်းတိုင် ဒီပန်းတိုင်တွေ ရောက်ချင်ရချင် သေးတယ်လို့ ကိုယ့်ကိုယ်ကို ခပ်ရွဲ့ရွဲ့မေးမိပါတယ်။
ယောနိသောမနသိကာရ မပါပဲ အားမကောင်းပါပဲ
ဘာဝိပဿနာဥာဏ်မှ မဖြစ်နိုင်သလို ဘယ်ပန်းတိုင်မှလည်း မနီးနိုင်ပါဘူး။
ဒီလိုပြောလို့ ထားတာတွေကို နှိမ့်ချတယ်လို့ မမြင်စေချင်ပါဘူး။ မိမိပြောနေတဲ့နေရာဟာ ထားတဲ့အဆင့်ကိုသာ ပြောနေတာပါ။ ထားဖို့ကိုသာ အားပေးအကြံပြုနေတာပါ။
မရှိခင်မှာ ထားတဲ့ အလေ့အကျင့်တွေ အားကောင်းဖို့ မှန်ကန်ဖို့ ထားကို ထားနေရအုံးမှာပါ။
ငယ်ငယ်ကမူလတန်းမှာစာသင်ရသလိုပါပဲ။
မူလတန်းမို့ စာတစ်လုံးချင်းအသံထွက်ဖတ်ပြီး စာတွေကို ခက်ခဲပင်ပန်းစွာ အော်ကျက်ရတဲ့ အလုပ်ကို လုပ်ကိုလုပ်ခဲ့ရမှာပါ။
ခြေလက်ကလေးတွေ ချိုးလို့ ဂဏန်းသင်္ချာတွေ ပေါင်းတာ၊ နုတ်တာကိုလည်း လုပ်ရအုံးမှာပါပဲ။
အဲဒီလိုကြိုးစားထားမှ အထက်တန်း ကျောင်းသားတွေလို သက်တောင့်သက်သာ စိတ်နဲ့စာဖတ်တာ တွက်တာမျိုးတွေ လုပ်နိုင်မှာပါ။
သူ့နေရာ သူ့အတန်းနဲ့ လျော်ညီစွာ လေ့လာ သင်ယူရင်း ပြည့်စုံအောင် လေ့ကျင့်ဖို့သာ လိုပါတယ်။
အဲဒီလို လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်း စိတ်နဲ့ စာဖတ်တာ တွက်တာတွေကို လုပ်နိုင်လာတာပါပဲ။ အလွန် ပါရမီထူးတဲ့ ဥာဏ်ကြီးရှင် တစ်ယောက် တစ်လေက လွဲရင် ဘယ်သူမဆို ဒီအတိုင်း တဆင့်စီ ကြိုးစားသွားရတာပါ။
အခုပြောနေတဲ့ ယောနိသော မနသိကာရ မှာလည်း ဒီအတိုင်းပါပဲ။
အရင်ဆုံးစိတ်ပါပါ မပါပါ ဘယ်သူ့ အပေါ်ဖြစ်ဖြစ် စိတ်ကောင်းထားမယ်လို့ ဆုံးဖြတ်ပြီး ထားနိုင်ဖို့ အရင်ကြိုးစားရမှာပါ။
ရည်ရွယ်ချက်က စိတ်ကောင်းပါ။
လုပ်ရမှာကထားဖို့ပါ။
စည်းမျဉ်းက အကုသိုလ်မဖြစ် ကုသိုလ်ဖြစ်ဖို့ပါ။ စိတ်ကောင်းကလေး ထားလိုက်တာနဲ့ သတိလည်းပါပြီးသား ကုသိုလ်လည်း ဖြစ်ပြီးသားပါ။
လက်တွေ့လည်း စိတ်ကောင်းကလေးထားရင်း
ကိုယ့်စိတ်ကို ပြန်ပြီး အကဲခတ် ကြည့်စေချင်ပါတယ်။
သတိပါတာ၊ ကုသိုလ်ဖြစ်တာ၊ အကုသိုလ် မဖြစ်တာ၊ စသဖြင့် တစ်ခုခုဟာ အလွန်ထင်ရှား တတ်ပါတယ်။
စိတ်ကောင်းထား ဆိုတာကလည်း သင့်တင့်စွာ နှလုံးသွင်း ဆင်ခြင်လိုက်တာပါ။
အဲဒီအထဲမှာ ဖြေတွေး တွေးလိုက်တာမျိုးလည်း ပါတာပါပဲ။
ဥပမာ တစ်ခါတစ်လေ အိမ်ရှင်မ မအားလို့ ဟင်းကောင်းကောင်း မချက်နိုင်တဲ့အခါ ငါတို့ ကျောင်းသားဘဝက ဒီထက် မကောင်းတာတောင် စားနိုင်ခဲ့သေးတာလို့ တွေးလိုက်တာနဲ့ ဟင်းမကောင်းလို့ စိတ်မညစ်မိတော့ပါဘူး။
သားသမီးတွေ ပြောစကား မလိုက်နာတဲ့အခါ ကိုယ်ငယ်ငယ်ကလည်း ပြန်မပြောနားမထောင် လုပ်ခဲ့တာကို ပြန်တွေးမိရင် ဒေါသတွေ သက်သာသွားရတာပါပဲ။
တပည့်တွေ ညံ့လို့ စိတ်ဆိုးမဲ့အစား သူတို့ညံ့လို့ ငါဆရာ ဖြစ်နေရသေးတာလို့ ကလေးကုလား ဖြေတွေး တွေးလိုက်မိတာလေးက အစ အသုံးတည့်လှပါတယ်။
ကိုယ့်ကိုကဲ့ရဲ့ အပြစ်တင် ခံရရင်လည်း ဘုရားရှင်တောင် ကဲ့ရဲ့သူ၊ ဆန့်ကျင်သူတွေ ရှိသေးတာ ငါ့မှာရှိတာ ဘာဆန်းသလဲလို့ တွေးလိုက်မိတာနဲ့ မကျေနပ်တာတွေ လျော့သွားတာမို့ အလွန် ကျင့်သုံးဖို့ ထိုက်တန်လှပါတယ်။
ဘာနဲ့ ဆုံဆုံ "ယောနိသော မနသိကာရ" ထားဖြစ်ဖို့သာ အရေးကြီးပါတယ်။
တဖြည်းဖြည်း ရင့်ကျက်လာတာနဲ့အမျှ ကိုယ့်ရဲ့ သဘောထားတွေဟာ သာမန် အကောင်းမြင်ရုံ ဖြေတွေးတွေးရုံ အနေအထားကနေ တိုးတက်လာမှာ အမှန်ပါပဲ။
ကိုယ့်ရဲ့အကောင်းမြင်တတ်တဲ့ အလေ့အကျင့် တွေမှာ အကုသိုလ်မဖြစ် ကုသိုလ်ဖြစ်စေတဲ့ စိတ်ဝီရိယနဲ့အတူ စောင့်ရှောက်တဲ့ သတိလည်း ပါပါတယ်။
အကျိုးရှိမရှိ သင့်မသင့်ကို သိတဲ့ သမ္ပဇဉ် တွေလည်း ပါပါတယ်။
တဖြည်းဖြည်းနဲ့ ယောနိသော မနသိကာရဟာ "ကိုယ့်စိတ်ရဲ့အာရုံတွေ အပေါ်မှာ တုံ့ပြန်တတ်တဲ့ အလေ့အကျင့်တခု"လို ကိုယ်နဲ့ အသားတကျ ဖြစ်လာတာနဲ့ အမျှ ကိုယ့်ရဲ့ ကာယကံ ဝစီကံ မနောကံ အမှုတွေဟာလည်း အပြစ် ကင်းသည်ထက် ကင်းလာမှာ အမှန်ပါပဲ။
ယောနိသော မနသိကာယ၊ သတိ၊ ဝီရိယ၊ သမ္ပဇဉ်တွေနဲ့ ဟန်ချက်ညီစွာ လေ့ကျင့် လာတဲ့ သူအတွက် ဆုံသမျှဟာ ကုသိုလ်ဖြစ်နေတာမို့ ခါတိုင်းထက်စာရင် အကုသိုလ်စိတ်တွေ အဖြစ်နည်းလာမှာ အသေအချာပါပဲ။
ယောနိသော မနသိကာရ ထားနိုင်တာတွေ မထားနိုင်တာတွေ ကိုလည်း အကြောင်းအကျိုးနဲ့ တကွ ပိုမို နားလည်လာမှာပါ။ လိုတာတွေ ဖြည့်ဆည်းလို့ " ထား "လာခဲ့တဲ့ စိတ်ကောင်းတွေဟာ ထားရင်းထားရင်းနဲ့ " ရှိ "တဲ့ စိတ်ကောင်းတွေ အဖြစ် ပြောင်းလည်းလို့ လာပါတော့တယ်။
အဲဒီလို ပုဂ္ဂလဗျာပါရတွေကို အားပြုရင်း မိမိစိတ်ကို မိမိ ယဉ်ကျေးအောင် ဆုံးမ ပြုပြင်လာတဲ့ သူတစ်ယောက်ရဲု့မြင့်မြတ်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံလာတဲ့ သတိဥာဏ်ဟာ နောက်ထပ် သိစရာ ဓမ္မဗျာပါရ နယ်ပယ်တစ်ခုကို ဥာဏ်ဦးလှည့် သွားပါတော့တယ်။
အဲဒါကတော့ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိ အတိုင်းသိတဲ့ နယ်ပယ်ပါ။
ဒီစာကိုရေးနေရင်း ဘုရားရှင် ဟောကြားခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ်ထဲက သတိပဋ္ဌာန် အားထုတ်သူတိုင်း အတွက် ဘုရားရှင် လမ်းညွှန်တော်မူခဲ့တဲ့ စာပိုဒ်ကလေး တစ်ခု စိတ်ထဲမှာ ဖြတ်ကနဲ ပေါ်လာပါတယ်။
***" အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ "***
မေတ္တာဖြင့်
photo credit -Young Buddhist's Asso;

0 comments:
Post a Comment