Saturday, November 22, 2014

ဖူးရာမှ ငုံ (၃)


သားလေးတို့ ကျောင်းတွေ ပိတ်သွားတာ တစ်ပတ်ရှိပြီ။ ဟိုဟိုဒီဒီလည်း မသွား၊ အပျော်အပါး လည်ဖို့ ပတ်ဖို့လည်း စိတ်မဝင်စားတဲ့ သားလေး တစ်ယောက်တည်း အိမ်မှာ ဘာလုပ်ရမှန်းမသိပဲ ယောင်ချုာ ချာဖြစ်နေမလား၊ ပျင်းများ ပျင်းနေမလားလို့ တွေးပြီး သနားနေပေမဲ့ သားကတော့ အေးအေးဆေးဆေးပါ။ စာမေးပွဲရက်တုန်းကတောင် ခွင့်ယူပြီး စောင့်ကြည့်စရာ မလိုတဲ့ ဆယ့်ခြောက်နှစ်သားကို ကျောင်းပိတ်ရက် ကျမှ ခွင့်ယူပြီး အိမ်မှာ အဖေါ်လုပ်ရအောင်ကလည်း အတော်လေး အူကြောင်ကြောင် နိုင်သလို ပါပဲ။
ပြီးတော့ သူ့ကျောင်းက ဟိုး ဖေဖေါ်ဝါရီလဆန်းမှ ပြန်တက်ရမှာဆိုတော့ ကိုယ်တွေက ခွင့် ဘယ်နှစ်ရက် ယူပြီး သူနဲ့ နေနိုင်မှာလဲ။

ဒီလိုပဲပေါ့၊ သူ နေတတ်မှာပါ လို့ တွေးရင်း မနက်ရုံးမသွားခင် သူ စားတတ်တာလေးတွေ ပြင်ဆင်ပြီး ထားခဲ့တယ်။ နေ့လည် ထမင်းစားချိန်လောက် မှန်းပြီး သူ့ကို ဖုန်းဆက်… သား မေမေ ဘာလေး ချက်ထားခဲ့တယ်… ဘယ်ဗူးထဲမှာ မုန့်ရှိတယ်… ငှက်ပျောသီးက မှည့်နေပြီ စားလို့ ရပြီ… သားလေး နို့သောက်အုံးနော်… အစရှိသဖြင့် လှမ်းပြော… ဒီလိုနဲ့ တစ်ပတ် ကုန်သွားတယ်။



တနေ့ကတော့ သားလေးက ပြောလာတယ်။ အခု ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေ အလုပ်လုပ်ကြတယ် သူလည်း အလုပ် လုပ်ချင်တယ် မေမေ တဲ့။ ဘုရားရေ… ဆယ့်ခြောက်နှစ်သား ကလေးတွေ ဘာအလုပ်များ လုပ်နေကြတာပါလိမ့်လို့ တွေးပြီး ပြောပါအုံး… သား သူငယ်ချင်းတွေက ဘယ်နေရာတွေမှာ အလုပ်လုပ်ကြတာလဲ လို့ မေးကြည့်တော့ ဟိုတယ်တစ်ခုမှာ ဝန်ဆောင်မှုပေးတဲ့ အလုပ်ပါ တဲ့။ ပြောရရင်တော့ Waiter အလုပ်ပေါ့။ တစ်နာရီကို Double Digit (တစ်ဆယ်ကျော်) ရမယ် ပြောတယ်တဲ့။ ညနေ ငါးနာရီကနေ ည ဆယ့်တစ်နာရီခွဲ အထိ တဲ့။ သူ ပြောနေတာတွေကို နားထောင်၊ စိတ်ထဲကလည်း အပြေးအလွှား တွေးနေမိတာတွေနဲ့ ပြီးတော့ ကိုယ့်နားထဲကလည်း လေတွေ ထွက်နေသလိုပါပဲ… တဝှီးဝှီးနဲ့။

ဒီလိုပါ။ ဘဝမှာ ငွေကြေးပြည့်စုံမှုရှိဖို့ လိုအပ်တယ် ဆိုတာ လက်ခံပါတယ်။ ငွေနောက်ကို တန်းတန်းစွဲလိုက်နေတာမျိုး မဟုတ်သည့်တိုင် လူတန်းစေ့ နေနိုင် ထိုင်နိုင် သုံးစွဲနိုင်ဖို့ ငွေဟာ အတန်အသင့်တော့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်တယ် ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့လည်း ဆယ့်ခြောက်နှစ်သား ကလေးတစ်ယောက်ကို မိဘက လုံလောက်ရုံအပြင် အနည်းငယ် ပိုလျှံတဲ့ မုန့်ဖိုးကို ပေးနေပါလျက်နဲ့ သူ ဘာကြောင့် အလုပ်လုပ်ချင်ရတာပါလိမ့်… ဆိုတဲ့ အတွေးနဲ့ မိနစ်အနည်းငယ် ငိုင်တွေသွားရပါတယ်။ သူ့မှာ တခြား ဘာများ လိုချင်တာ၊ သုံးစွဲချင်တာ ရှိလို့ ကျောင်းပိတ်ရက်မှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာချင်နေရတာပါလိမ့်လို့လည်း တွေးမိပါတယ်။ သူ လိုချင်တာ ကိုယ် ဘာများ မဝယ်ပေးခဲ့တာ ရှိနေပါလိမ့် ဆိုတာမျိုးလည်း ကြောင်စီစီနဲ့ လိုက်တွေးနေမိပါသေးတယ်။

လုပ်မဲ့အလုပ်ကို သိလိုက်ရပြန်တော့လည်း စိတ်ထဲ အတော် မကောင်းဖြစ်သွားတာပါ။ ဖြစ်ချင်တော့ သူ ပြောတဲ့ နေရာက ကိုယ် အရင်တစ်ပတ်ကပဲ မင်္ဂလာဆောင် တစ်ခု သွားရင်း ရောက်ဖြစ်ခဲ့တဲ့ နေရာပါ။ မျက်စိထဲ ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သွားမိတယ် ဆိုပါတော့။ အဲဒီအချိန်မှာ ဘယ်လောက် စိတ်မကောင်းဖြစ်သွားတယ်ဆိုတာ စာနဲ့ ချရေးမပြတတ်ပါဘူး။

အင်မတန်ပါးနပ်ပြီး ကိုယ့်အတွေးကို သိနေတဲ့ သားက ဆက်ပြောပါတယ်။ အတူတူ လုပ်ကြမဲ့ အတန်းတူ သူငယ်ချင်း စုစုပေါင်း ၁၂ ယောက် ပါတဲ့။ အဲ့ဒီထဲမှာ တစ်ချို့က လုပ်တောင် လုပ်နေကြပြီတဲ့။ သားတို့က အပျော် လုပ်ကြည့်ချင်လို့ ပြီးတော့ အတွေ့အကြုံရအောင်လို့ လုပ်ကြတာဖြစ်ပြီး သုံးယောက်ကတော့ အကြောင်းကြောင်းကြောင့် တကယ် ပိုက်ဆံ လိုချင်လို့ လုပ်တာပါတဲ့။ နောက်တစ်ယောက်ကတော့ ပြောရရင် သူ့အဖေက ဒီနိုင်ငံက တရားစီရင်ရေး အပိုင်းက ရာထူးအကြီးကြီးနဲ့ လူကြီးတစ်ယောက်၊ ကျောင်းလာတာ Volvo တစ်လှည့် BMW တစ်လှည့်နဲ့ လာတဲ့ ကလေး၊ အဲဒါ သူက ကျောင်းပိတ်ရက်မှာ နယူးဇီလန်ကို အလည်သွားချင်လို့ အဖေကို ပူဆာတာ အဖေက မင်းအစွမ်းအစနဲ့ ပိုက်ဆံ ဒေါ်လာ တစ်ထောင့်ငါးရာ ရအောင် ရှာလာခဲ့ ကျန်တာ အဖေ စိုက်မယ် ဆိုလို့ အဲဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်လလောက်ထဲက လုပ်ပြီး ပိုက်ဆံစုနေတာ အခု ခြောက်ရာတောင် ရနေပြီလေ တဲ့…။

အဲလိုပြောပြီး ခဏနေတော့ သားက အဲဒီအလုပ်လုပ်ဖို့အတွက် မန်နေဂျာတစ်ယောက်ကို သွားတွေ့ရမယ် သား သွားမယ်နော်လို့ ပြောပါတယ်။ သူပြောတဲ့အချိန်နဲ့ သွားတွေ့ရမဲ့ အချိန်က သိပ်မလိုတော့တာမို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ပေးရမဲ့ ကိစ္စဖြစ်နေတာနဲ့ အေး အေး သွားကြည့် စကားပြောကြည့်ပေါ့လို့ ပြောပြီး လွှတ်လိုက်ရပါတယ်။

သားနဲ့ စကားပြောပြီးတော့ အမျိုးသားကို ဖုန်းဆက်၊ အဲဒီအကြောင်း အတိုချုံးပြီး ပြောပြလိုက်တယ်။ သူက ဘာမှ မဖြစ်သလိုနဲ့ လုပ်ကြည့်ပစေပေါ့ အတွေ့အကြုံရတာပေါ့ လို့  အေးအေးသက်သာ ပြောပါတယ်။ အင်းလေ… ဒါဆိုလည်း ပြီးတာပဲ… ယူက ယူ့ဗိုက်နဲ့ လွယ်ပြီး မွေးထားရတာမှ မဟုတ်တာ ဆိုတဲ့ စကားကို စိတ်တိုတိုနဲ့ ပြောပြီး ဖုန်းချပလိုက်ပါတယ်။ အဲဒီ တစ်ညနေလုံး စိတ်နဲ့ ကိုယ်နဲ့ မကပ်လိုက်တာ… ဒီလောက်တောင် လူလားမြောက်နေပြီလားလို့ အထပ်ထပ်တွေးရင်း ရုံးမှာ ဘာအလုပ်မှ ကောင်းကောင်း လုပ်လို့မရဘူး။ ခက်လိုက်ပုံများ…

ညနေ အိမ်ပြန်ရောက်တော့ သားက မန်နေဂျာနဲ့ စကားပြောလို့ အဆင်ပြေတဲ့အကြောင်း၊ ဒီအလုပ်ကို လုပ်ပါမယ်လို့ လက်မှတ်ထိုးခဲ့တဲ့ အကြောင်း၊ သူ့ ဘဏ်အကောင့်နံပါတ် ပေးခဲ့ရတယ် ဆိုတဲ့အကြောင်းတွေ ကြည်ကြည်လင်လင် ပြောပြပါတယ်။ ဒီ စနေ စ လုပ်ရမယ်တဲ့။ ယူနီဖေါင်း ပေးမယ်၊ ညစာ ကျွေးမယ်၊ ခြေထောက်တော့ နည်းနည်း ညောင်းမယ်လို့ သူငယ်ချင်းက ပြောတယ် တဲ့။ အင်းပေါ့လေ… လုပ်ကြည့်ပေါ့ ည အလုပ်ပြီးတဲ့အချိန် မေမေတို့ လာကြိုမှာပေါ့ ဆိုတော့ သားက ပေါ့ပေါ့ပါးပါးနဲ့ ပျော်သွားပုံပဲ။

အမှန်ကတော့ အဲဒီတခဏမှာ ကိုယ် သိပ်အတွေးချော်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့  ရိုးသား ရှင်းလင်းတဲ့ အလုပ်လုပ်ချင်စိတ်ကလေးကို အားပေးရမှာပေါ့။ မဟုတ်ဖူးလား။ သူ ပြောဆို ခွင့်တောင်းလာတဲ့ အချိန်လေးမှာ သူ့ကို ဟန့်တားတဲ့ စကား၊ မလိုလားတဲ့ အရိပ်အယောင်၊ မနှစ်မြို့တဲ့ အမူအယာမျိုးနဲ့အတူ ကိုယ့်ရဲ့ အတ္တတွေကို နည်းနည်းမှ မပြလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အခုအချိန်မှာ ကျေနပ်နေမိပါတယ်။

မျက်စိအောက်မှာတင် လူလားမြောက်၊ အရွယ်ရောက်ပြီး လူကြီးလေးတစ်ယောက် ဖြစ်လာပေမဲ့ ခုထိ ကိုယ် ထမင်းခွံ့တာ စားတုန်း၊ မုန့်ဖိုး ညာတောင်းတုန်း၊ ကျီးဖြူ ကျီးမဲလို့ စဆိုပြီး လက်ညှိုးရွယ်လိုက်တာနဲ့ အလိုလို တွန့်လိမ်ပြီး အူတက်အောင် ရယ်တတ်တုန်း၊ မနက်အိပ်ယာနိုးရင် ကိုယ်တို့အခန်းထဲ ကူးလာပြီး အိပ်ယာပေါ်မှာ ခေါင်းထိုးပြီး လှိမ့်နေတတ်တုန်း သားကလေးမို့ စိတ်ထဲ ကလေးပိစိလေးလိုပါပဲ။

ညနေက ထမင်းစားအပြီး အိမ်ထဲမှာ ဟိုလျှောက် ဒီလျှောက် လုပ်နေရင်း မနက်ဖြန် ညနေ သား အလုပ်သွားရမှာနော်လို့ သူ့ကိုယ်သူ သတိပေးသလိုလို၊ ကိုယ့်ကို အသိပေးသလိုလို ခပ်တိုးတိုး ပြောနေတဲ့ သားလေးကို ကြည့်ရင်း ဒီစာကို ရေးဖြစ်ပါတယ်။ မနက်ဖြန် အလုပ်က ပြန်လာရင် သူ တွေ့ကြုံခဲ့ရတာတွေ ပြန်ကြားရရင် စာတစ်ပုဒ်တော့ ထပ်ရေးဖြစ်အုံးမယ် ထင်ပါရဲ့။

သက်ဝေ
(၂၁ နိုဝင်ဘာ ၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...