Thursday, November 27, 2014

လူတစ်ခု ပူမှုရယ်နဲ့ ဆယ်ကုဋေ

မိအိုဖအို မျက်မမြင်မိဘနှစ်ပါးကို အလုပ်အကျွေးပြု နေတဲ့ ကျွန်တော့်ယာဉ်မောင်းက taxi မောင်းချင်တယ်ဆိုလို့.. ရှိစုမဲ့စုလေးထဲက ဖဲ့ရွဲ့ ပြီး .. သူ့စိတ်ကြိုက် ကားလေးတစ်စီး
ဝယ်ပေးထားတာ.. လေးငါးလလောက်ရှိပါပြီ..။
အုံနာကြေးတစ်ရက်တစ်သောင်း ပေးမယ်ဆိုပေမင့်.. မင်းအဆင်ပြေမှ ပေးပါလို့ပဲ ပြောထား
ပါတယ်..။ သူ့ခမျာ့လည်း.. အဆင်ကသိပ်ပြေချင်ဟန်မရှိပါ..။

တက်စီတွေကလည်း ပေါလိုက်တာ ဆရာရယ်.. ကိုယ်က ခရီးသည်နဲ့ဈေးညှိနေတုံးရှိသေး.. နောက်မှာက.. သုံးလေးငါးစီး ပွဲအပျက်ကိုတန်းစီစောင့်နေကြတာ
တဲ့..။
စမောင်း.. စခါတုံးကဆို.. ဘယ်လောက်တောင်းရမယ်မှန်းလည်း မသိတော့.. ပိုတောင်းမိတဲ့အခါ
ခရီးသည်က မျက်လုံးပြူးမျက်ဆံပြူးနဲ့ '' ဘယ်လောက်ရယ်.. တစ်ခေါက်လောက် ပြန်ပြောစမ်းပါ '' လို့ အပြောခံထိသေးတယ် ဆရာရယ်တဲ့..။
တချို့ ခရီးသည်တွေကျတော့လည်း.. ကိုယ်က တန်ရာတန်ကြေးထက် လျော့ပြောမိရင်.. '' သေချာတယ်နော်.. ဒီလောက်နော် '' ဆိုပြီး ကားပေါ်ကို စွေ့ကနဲ ရောက်တာပဲ တဲ့..။
တချို့  ခရီးသည်တွေကျတော့လည်း.. သူတို့လမ်းထိပ်ရောက်မှ သေးပေါက်ချင်လို့ ခနရပ်ပါဆိုပြီး အောက်ဆင်းသေးပေါက်တယ်..။ ပေါက်ပြီးတာနဲ့ ပုဆိုးပြင်ဝတ်ရင်း '' ပိုက်ဆံတော့ မပါဘူး မင်းဘာလုပ်ချင်လဲ '' လို့ လူမိုက်စကားပြောတာနဲ့.. ဒီအတိုင်းပြန်ခဲ့ရပြန်တယ် ဆရာရယ်
တဲ့..။
လမ်းဘေးဆီဆိုင်မှာ ဆီထည့်ပြန်တော့လည်း.. ဆိုင်ရှင်က ထိုင်ရာကမထ.. ပိုက်ဆံအရင်ပေးမှ ဆီထည့်ပေးနိုင်မယ်လို့ ပြောလို့.. '' ဟ.. ဘယ်လိုဖြစ်နေတာလဲ.. ပေးမှာပေါ့ " ဆိုတော့.. '' ခုနကပဲ အဲ့သလိုပြော.. ဆီဖုံးဖွင့်ပေး.. ဆီလည်းထည့်ပြီးရော.. ပိုက်ဆံမပေးဘဲ မောင်းပြေးသွား
လို့.. '' တဲ့..။
လုပ်ကိုင်စားရတာ မကောင်းပါဘူးဆရာရယ် တဲ့..။
တနေ့ညကတော့.. '' ဆရာဘယ်မှာလဲ.. ကျွန်တော်ဆေးရုံရောက်နေတယ်.. လာခဲ့ပါအုံး '' ဆိုလို့ ညကြီးမင်းကြီး ထသွားတော့ တပည့်ကျော်ခေါင်းမှာ လေးချက်ချုပ်ထားလို့ ပတ်တီးအဖွေးသားနဲ့
တွေ့ရတယ်..။
ဘယ်လိုဖြစ်တာလဲ ဆိုတော့.. ကျွန်တော့်ကားကို လိုက်ထရပ်တစ်စီးက ဇွတ်ကျော်တက်ရင်း ချိတ်မိသွားတယ် ဆရာရယ်တဲ့..။
အဲ့ဒါနဲ့.. မူးနေတဲ့ လိုက်ထရပ်ယာဉ်မောင်းနဲ့.. ဘယ်လိုလုပ်ပေးမှာလဲလို့ ညှိတော့.. ခနနေအုံးဆိုပြီး ရပ်ကွက်ထဲဝင်သွားပြီး ပြန်ထွက်လာတော့.. အပေါင်းအဖော်တသင်းနဲ့ '' တိုင်ချင်ရာတိုင်.. တိုင်းအဆင့်အထိတက်ချင်တက် '' ဆိုပြီး ထိုးမယ်ကြိတ်မယ်လုပ်ကြလို့ ကျွန်တော်လည်း လက်ဦးမှုရယူပြီး ကားထဲကဒုတ်ယူရိုက်ပစ်လိုက်တယ် ဆရာရယ်တဲ့..။
ဟ.. မင်းကလည်း အရင်ရိုက်သေး.. မင်းခေါင်းလည်း ကွဲသွားသေးပါ့လား ဆိုတော့.. သူတို့က လူများတော့ ကျွန်တော်ဘယ်နိုင်ပါ့မလဲ ဆရာရယ်တဲ့.. ။ ကျွန်တော်က တစ်ချက်နှစ်ချက်ပဲ ရိုက်လိုက်ရတယ်.. သူတို့က၀ိုင်းတွယ်လိုက်လို့.. အခုလို ဖြစ်တာပေါ့ ဆရာရယ်တဲ့..။
အဲ့သဟာနဲ့ပဲ.. တခြားဆေးရုံမှာ ဓါတ်မှန်ရိုက်.. ခေါင်းထိ-မထိ အာရုံကြောထိမထိ တွေ အားချင်း စစ်ဆေးပြီးသကာလ.. ဆရာဝန်က စိုးရိမ်စရာမရှိလို့ ပြောတာနဲ့ပဲ.. တစ်ဖက်နဲ့ ကျေရာကျေ
ကြောင်းပဲ ဆွေးနွေးကျေအေးလိုက်ရပါကြောင်း..။
လူတစ်ခု ပူမှုရယ်နဲ့ ဆယ်ကုဋေပေါ့..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...