“လောင်းရိပ်”
ဓါတ်ခွဲခန်းထဲမှာ အပြာရောင်အရည်တွေအဝါရောင်အရည်တွေ လျှောက်ရောရင်း မီးခိုးတွေ အူတက်လာပြီး ပီးပေါ် ပီးပေါ် နဲ့ အလမ်းတွေမြည်၊ဘာကြီးတွေ ဖြစ်ကုန်မှန်းမသိ၊ ဘာတွေလျှောက်လုပ်နေမှန်းမသိ၊ လို့ စိတ်ထဲမှာ တွေးထားတာ။ဒါပေမယ့် ဆရာဝန်အဖြစ် အလုပ်ဝင်တဲ့အခါကျတော့မှ လူမသိသူမသိ နိုင်ငံခြားကို လှစ်ကနဲလှစ်ကနဲသွားရတဲ့နေရာမှာ သူတို့ဌာနကို ဘယ်သူမှ မမီဘူးလို့ သိခွင့်ရခဲ့ပါတယ်။ ပြင်ပကမ္ဘာကြီးနဲ့စက္ကန့်မလပ် မျက်ခြေမပြတ်ရှိနေမှ ကိုယ့်နိုင်ငံသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းက ဂုဏ်မငယ်မှာ မဟုတ်လား။ နို့မို့ မန်ကျည်းတစ်မတ်၊ ဆားတစ်မတ် နဲ့ သပွတ်ခါးသီးဝိဇ္ဇာဘဝကတက်မှာ မဟုတ်ဘူး။ အခုတော့ သိလာပါပြီ။ တော်ကြာရင်း၊ ဆေးအသစ်တွေ ပေါ်လာလိုက်ရင်း။ ဘယ်ဟာကဘယ်လိုကောင်းပါတယ် လို့ ကြော်ငြာလိုက်ရင်း။ ကိုယ်တွေက လိုက်သုံးလိုက်ရင်း၊ နောက်တော့ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလို့ နောက်အသစ်ပေါ်လာပြန်ပြီဆို ပြောင်းသုံးလိုက်ရရင်း၊ ဇယားတွေရှုပ်နေရတာ သူတို့လက်ချက်မကင်းပဲကိုး။ အလုပ်ဝင်ကာစ မအူမလည်ကာလတုန်းက သူတို့ဆီကဝေတဲ့ရွှေပေလွှာကြီး ဆေးရုံကိုရောက်လာတဲ့အခါ စာထဲပါတဲ့ Research Grant ဆိုတာ ဘာပြောမှန်းမသိ။သူ့နောက်ကပါတဲ့ Master ပေးမည်။ PhD ပေးမည်တွေကို သွားရည်ယိုပြီး တွေ့သမျှလူ အာ့ဘာပြောတာတုန်း၊ဘာလုပ်ရမှာတုန်း လိုက်မေးမိပါသေးတယ်။ Protocol မရေးတတ်လို့သာ လက်လျှော့လိုက်ရတယ်။ နိုင်ငံခြားကပေးမယ့်ဘွဲ့ဆိုအသေရရ အရှင်ရရကို လိုချင်နေတာ မဟုတ်လား။
ဆေးရုံကနေ သင်ကြားရေးကို ပြောင်းတဲ့အခါကျတော့ အဲသည် သုတေသနအလုပ်တွေကိုယဉ်မှန်းမသိ ယဉ်ပါးသွားအောင် ခိုင်းခဲ့တာ ကိုယ်တို့ရောဂါဗေဒဌာနက ဆရာမကြီး ဒေါ်အေးအေးမြင့်ပါ။ထိပ်ထိပ်ကြဲဆရာ ဆရာမကြီးတွေတက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ မျက်စိသူငယ်နားသူငယ် မဖြစ်ပဲကျူနင်ဝင်နေတာတွေ့ရလို့ မာမီ့ကျေးဇူး မြင့်မိုရ်ဦးပါကလား လို့ ခဏခဏ သတိရမိပါသေးတယ်။အရင်တုန်းကတော့ ခေါင်းမဖော်နိုင်အောင် ခိုင်းတယ်လို့ပဲ သဘောပေါက်ထားတာ။ အခုမှ အသားသေအောင်ပုံသွင်းပေးလိုက်မှန်း သိတော့တယ်။ ဌာနရောက်ရောက်ချင်းတုန်းက ကွန်ပြူတာ ဘယ်နားက ခလုပ်ဖွင့်ရမှန်းမသိတဲ့ ကိုယ့်ကို ကျောင်းက ကွန်ပြူတာဌာနလွှတ်ပြီး အခြေခံကစသင်ခိုင်းတယ်။ ကွန်ပြူတာပြီးတော့အင်္ဂလိပ်စာဌာနကလွှတ်တဲ့ စပီကင်သင်တန်းလည်း လွှတ်သေးတယ်။ ကိုယ်ကစာသင်ချိန်မရှိတဲ့ မနက်ပိုင်းတွေမှာအအားမနေရဘူး။ ညနေကျတော့လည်း စာသင်ရင်သင် မသင်ရင် ရှိသမျှရုံးစာတွေ အကုန်ရိုက်ခိုင်းသေးတာ။စာစီစာရိုက် လေ့ကျင့်ခန်းပေါ့။ Excel လည်း တတ်ရော၊ ဌာနက အမကြီးများနဲ့ Store တွေ၊Stock တွေ၊ Ledger တွေ အကိုင်ခိုင်းပြီး သူတို့က ပစ္စည်းစစ် ကိုယ်က စာရင်းဖြည့်။ အဲသည်နောက်မှာတော့ဆေးသုတေသနက Research Grant လျှောက်ထားတဲ့ Project တွေကို Proposal တင်တာကစလို့၊ Protocolကလေးကို သည်လိုရေး။ Budget ကလေးတွက်ပြီးတော့ ဟောသလိုတင်၊ ကျလာပြီးရင် အချိန်မှန်မှန်Progress Report ကလေး နဲ့ Expense ကလေးကို ဟောသလိုတင်။ ကြားထဲမှာ Specimen ကလေးတွေရအောင်ဘယ်ဆေးရုံတွေက သွားယူရမယ်။ ဘာနဲ့သယ်မယ် ဘယ်ကိုပို့မယ်။ အဖြေတွေကို ဘယ်ထဲမှာ ဖြည့်ထားမယ်။အစအဆုံး နေရာတိုင်းပါနေအောင် ခိုင်းထားတာ။ Report ထွက်လာတော့ ဇယားကွက်တွေနဲ့ပြ၊ ဂရပ်တွေနဲ့ပြ၊ဒိုင်ယာဂရမ်တွေနဲ့ပြ၊ PSM ဌာနကိုပြေးပြီး အတွက်အချက်တွေလုပ်၊ အဆုံးသတ်ကျတော့ သူ့ပေပါကိုအချောရိုက်ပေးရတာလည်း ဤဖေကိုယ်ပါပဲ။ ကိုအော်သာကြီးဘာကြီးများတောင် နံမည်ပါလို့။ တောပွဲကလေးများဆိုကိုယ်တိုင်တောင် တက်ဖတ်ရသေး။
ထန်းပင်တက်လက်မှတ်ရသွားတဲ့အခါကိုယ့်ဌာနက တင်သမျှ Thesis တွေအကုန် ကိုယ်တိုင်ရိုက်ပေးရပါလေရော။ ကွန်ပြူတာဆိုင်သွားအပ်ရင်စာလုံးပေါင်းမှားလွန်းလို့ နေ့တိုင်း ငုတ်တုတ်သွားထိုင်နေရမှာ မဟုတ်လား။ ဘဝင်မြင့်မယ်ဆိုမြင့်လောက်စရာ။ Doctorate Paper တင်မယ့် ကိုယ့်ဆရာကြီးတွေဆို ကိုယ်အိပ်ယာမနိုးခင်အိမ်အောက်ကလာစောင့်ပြီးခေါ်ရတာ။ ဒါနဲ့ပဲ အစက ပတ္တလားခေါက်သလို လက်ညိုးနဲ့ တဂျောင်းဂျောင်းခေါက်ရတဲ့ဘဝကနေကီးဘုတ်မကြည့်ပဲ အခန်းတံခါးပိတ်လို့ စန္ဒယားနှိပ်နိုင်လာတယ်။ အများအကျိုးဆောင်တော့ ကိုယ့်အကျိုးလည်းအလိုလိုအောင်သတဲ့။ မာစတာတက်လို့ Dissertation တင်ရတဲ့အခါ လူတကာ ငယ်ထိပ်မြွေပေါက်နေတဲ့အချိန်ကိုယ်က ဒူးကလေးနှန့်ပြီး တစ်ပတ်လောက်နဲ့ စာအုပ်အချောထွက်အောင် လုပ်ကြံဖန်တီးတတ်နေပြီ။အောက်သက်ကျေရင် အထက်ရောက်တဲ့အခါ ကြောက်စရာမလိုပဲကိုး။
အခုတော့ဆရာမကြီးရဲ့ ကျေးဇူးတွေတင်မကပါဘူး။ သူ့အရည်အချင်းတွေကိုလည်း ကြည့်တတ်မြင်တတ်လာပြီ။ကိုယ်တို့ဌာနရဲ့ လုပ်ငန်းဆောင်တာကို ဒေါက်တိုင်ကြီး သုံးခုနဲ့ ခွဲခြားထားတယ်။ သင်ကြားရေးရယ်၊ကုသရေးရယ်၊ သုတေသနလုပ်ငန်းရယ်။ ဘယ်ဘက်ကိုမှ အလစ်ဟင်းမခံဘူး။ သူ့အတွက်ကျတော့ အုပ်ချုပ်ရေးတာဝန်တစ်ခုသပ်သပ်ထပ်ယူထားသေးတယ်။ တကယ်ဆို သူဌာနမှူးပဲ။ သက်သာသလိုနေ။ ဆေးခန်းမှာ ပိုက်ဆံရှာ။ စိတ်ပါတာလေးကောက်လုပ်လည်း ဘယ်သူမှ အပြစ်ပြောမယ့်သူ ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူမှ မပေးတဲ့တာဝန်တွေကိုသူ့ဘာသူ အသက်လောက်ဖက်တွယ်ပြီး တစ်စိမှ မလစ်ဟင်းရအောင် စီမံတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့အရည်အချင်းထဲမှာ ကိုယ့်အောက်ကလူတွေ ဘယ်နေရာ ဘယ်လိုခိုင်းရင် အသုံးတည့်တယ်။ ဘယ်သူ့မှာဘာ Talent ရှိတယ်။ ဘယ်လိုအရောင်တင်ပေးလိုက်ရင် ပုံထွက်လာမယ်ဆိုတာလည်း သိရသတဲ့။ လူတိုင်းကိုသူ့နေရာနဲ့သူ အကွက်စေ့နေအောင် ခိုင်းထားတတ်တဲ့ စီမံအုပ်ချုပ်မှုပညာကလည်း အံ့မခန်းပါလားလို့ အတုယူရပါတယ်။ ဆရာမကြီးမို့လည်း ဆရာမကြီးဖြစ်ပေတာပဲလေ။
ဆေး/သုမှာတော့ကိုယ့်ဆရာမကြီးနည်းတူ ဆရာကြီးကျသော ဆြာကြီးများကို တွေ့ခဲ့ရပါတယ်။ အငြိမ်းစားယူပြီးသောDG ကြီးလေးယောက်တောင် ကိုယ်တိုင်လာရောက် ဆွေးနွေးကြတယ်။ လက်ရှိ DG ကြီး နဲ့ဆို ပေါင်းငါးယောက်။ တစ်ယောက်မှ အချဉ်မပါ။ အကုန်လုံး ပြောတတ်ဆိုတတ် Expert တွေချည့်ပဲ။ သည်တစ်ယောက်ကစကားပြောကောင်းလိုက်တာ လို့ မှတ်နေ ဟော နောက်တစ်ယောက် တက်လာတော့ သူ့ထက်သူ လူစွမ်းကောင်းတွေချည့်ပဲ။အမေးနွားကျောင်းသားများရှိရင် ချက်နဲ့လက်နဲ့ ရှင်းရှင်းလင်းလင်း တထိုင်တည်း အဖြေထုတ်ပေးနိုင်တဲ့အလောင်းတော် ပညာရှိကြီးများပါပေ။ သွားလေသူ ကိုယ်တို့ဆရာကြီးဝန်ကြီးဟာ စကားပြောတဲ့နေရာမှာလစ်ကွက်ဟာကွက်မရှိ ပိရိလွန်းလို့ ရေပက်မဝင် ဖေသက်ခင် လို့ ကွယ်ရာမှာ ခေါ်ကြတယ်။ သူ့နောက်ကအခုရောက်လာတဲ့ ဆရာကြီးဝန်ကြီးအသစ်ဟာလည်း ဆေးရုံကို တစ်ခါပဲ လာရသေးတယ်။ အင်မတန် စကားပြောကောင်းပါပေတယ်လို့ သတင်းမွှေးသွားတယ်။
သည်လိုဆိုတော့ကိုယ်တို့ဆရာဝန် လူကြီးမင်းတွေဟာ ငါ့စကားနွားရပြော။ ပေါက်ပန်းဈေးပြော၊ ကိုယ့်စကားဘယ်ရောက်လို့ ရောက်မှန်းမသိ တောင်စဉ်ရေမရပြောဆိုတဲ့ ခပ်ညံ့ညံ့အစားထဲမှာ ဘယ်တုန်းကမှမပါလေခဲ့ဘူးကွဲ့။ စကားတောင်စားလောက်တော့ သနားတယ်။ အလကားနေရင်း ကိုယ့်ကိုယ်ကိုယ် လော်ဘီလုပ်နေကြတဲ့ပေါတောတောအစားထဲလည်း မပါဘူး။ ဒန်ပေါက်ကျွေးပြီး အဘကိုဝန်းရံကြလို့ ဗီနိုင်းကိုင်ခိုင်းတဲ့အထဲလည်းမပါ။ (ဂုဏ်ယူမိပါကြောင်း) အကြံပေးတစ်ကျိပ်လောက်ခန့်ထားပြီး “ခွေးမသား နှထာတောင်ရေးထားတယ်”လို့ မိန့်ခွန်းဖတ်ရင်းဆဲတဲ့ ကိုယ်ပိုင်ဦးနှောက် မပြည့်မီသူထဲမှာလည်း မပါ။ အပြောသမားသက်သက်လက်တွေ့မပါ။ အာပလာဆိုတဲ့အထဲမှာလည်း မပါပါဘူးဗျ။ (ကိုယ့်အဘကိုယ် ချီးမွှန်းတာ သူများအဘတွေကလော်တုပ်သလို ဖြစ်နေရင် ခွင့်လွှတ်နော်) ကိုယ့်နေရာ ကိုယ့်ဌာနမှာ ဘာတွေဖြစ်နေသလဲ ဆိုတာလည်းသိတယ်။ ဘယ်လိုလုပ်ရမယ် ဆိုတာလည်း သိတယ်။ လုပ်လည်း လုပ်နေကြတာပဲလေ။ အဲသလောက်တော်တဲ့သူတွေအဲ့သလောက် အပတ်တကုတ် ကြိုးစားလုပ်ကိုင်နေလျက်သားနဲ့ ကျုပ်တို့တတွေ ဓါးမနောက်ပိတ်ခွေးဘဝကမတက်တာ စဉ်းစားလို့ကို မရဘူး။ (ကိုင်း သေလို့ရပြီ)
သိပ်စဉ်းစားမနေပါဘူး။ကိုယ်ချင်းကိုယ်ချင်းကျတော့ ချက်ဆို နားခွက်က မီးတောက်ပြီးသားပဲဟာ။ လူပုံအလည်မှာပဲကိုယ်သိချင်တဲ့ မေးခွန်းကို အရိပ်ကလေးပြပြီး စောင်းပါးရိပ်ခြည် တီးခေါက်ကြည့်မိတယ်။အလွန်အကင်းပါးသော ဆရာကြီးများကလည်း ပါးစပ်ဟရုံနဲ့ အူဘယ်နှစ်ခွေ မြင်ပြီး လိုချင်တဲ့အဖြေကိုတန်းကနဲပေးသွားတယ်။ အဲဒါ လောင်းရိပ်မိနေတာ လို့ ခေါ်သတဲ့။ နှစ်ပေါင်း ၅၀ ကျော် လောင်းရိပ်မိနေခဲ့လို့မျိုးစေ့မှန်သလောက် အပင်မသန်နိုင်တာ။ သည်ကနေ့ လောင်းရိပ်အောက်ကလွတ် နောက်တစ်နေ့ ဝုန်းကနဲထွားတက်လာလိမ့်မယ်တဲ့။ တော်ပါပေတယ်။ ကိုယ့်မှာ အိမ်ပြန်ရောက်တဲ့အထိ သူတို့ပြောစကားကိုတစိမ့်စိမ့်တွေးပြီး သဘောပေါက်လို့ မဆုံးဘူး။
ပညာရှိကြီးတွေကပညာရှိစကားပြောပေမယ့်လို့ ကိုယ်က ငမိုက်သားဆိုတော့ ကိုယ့်ထက်မိုက်သော ငပြိန်းများ နားလည်နိုင်အောင်လူမိုက်စကားနဲ့ပဲ ဘာသာ ပြန်ပေးလိုက်မယ်ဗျာ။ ကိုယ်တို့တိုင်းပြည် ပညာရှင်တွေ ပညာတတ်တွေသည်လောက်ပေါပါလျက် ဘာဖြစ်လို့ မတိုးတက်ရသလဲ ဆိုတော့ အဲသည် ပညာရှင်တွေကို ပညာမဲ့သောအာဏာရှင်များက အထက်ကနေ လွှမ်းမိုးချုပ်ကိုင်ထားလို့ တိုးတက်သင့်သလောက် မတိုးတက်တာတဲ့။အဲ့ဒါ ကိုယ့်စကားနော်။ သူတို့ အဲ့လို မပြောဘူး။ အဲသည်အတိုင်း သဘောပေါက်သွားအောင် အတွေးစကလေးဆွဲထုတ်ပြီး လွှတ်ပေးလိုက်တာ။ တော်တော်ကြာ သူတို့ မပြောတဲ့စကားနဲ့ ဆေးအကြီးကြီးထိုးသလိုဖြစ်နေမယ်။ ဘာဖြစ်လို့ဆိုတော့ ကြားရတာ နားခါးတယ်။ ထောင်စော်နံတယ်။ ပြုတ်ကိန်းနီးတယ်။ဒါပေမယ့် သွေးထွက်အောင် မှန်တယ်။ ကိုယ်တို့ဆရာကြီး ဆရာမကြီးတွေမှာ ဘာတွေ ဘယ်လိုပဲတတ်တတ်၊တတ်တိုင်းလည်း လုပ်ခွင့်မရှိဘူး။ သိတိုင်းလည်း ပြောခွင့်မရဘူး။ သူတို့လောက် မသိတဲ့မတတ်တဲ့သူတွေရဲ့လက်အောက်မှာအတောင်ဖြတ်ထားတဲ့ ကြက်တူရွေးများပမာ မင်းလိုလိုက်ပြီး မင်းကြိုက်ခစားနေရတယ်။ ဘယ်သူမှစိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ မရှိဘူး။ ဆူးကြားက ဘူးခါးချည့်ပဲ။
သူတို့အားလုံးဟာအထက်က ဘုန်းကြီးရူးကိုချည့် မှန်ပါဘုရာ့ ခစားနေရတာ မဟုတ်ဘူး။ အောက်ကလှေကလည်း လိမ့်နေအောင်ကိုလူးတာ။ အဆင့်ဆင့်သော ဝန်ထမ်းကြီးငယ် အသွယ်သွယ်တို့ရဲ့ ခြစားလောက်ကိုက် ယဉ်ကျေးမှုနဲ့အနှစ်နှစ်အလလ လွဲလာခဲ့ပြီးသော စံနစ်အမှားကြီးကို ဘယ်လိုမှ မတွန်းလှန်နိုင်ပဲ ပုရွက်ဆိတ်အုံပေါ်ကုလားထိုင်ခင်းသလို ခင်းထားရတာ။ ရေနဲ့လောင်းချ ခဏပဲငြိမ်မယ်။ တအောင့်နေ ရွစိရွစိနဲ့ပြန်တက်လာဦးမှာ။ အောက်မှာ တောင်ပို့လိုက်ကြီး ရှိတယ်လေ။ သူများနိုင်ငံကလူတွေလို လူတန်းစေ့အောင်မကျွေးနိုင်ပဲနဲ့ သူများနိုင်ငံထက်သာအောင် ခိုင်းချင်ရင်ကိုယ့်အိမ်က အိမ်ဖော်ပဲကိုယ်ခိုင်းကြည့်ပါဦး။ကိုယ့်ဆီက မာစတာဘွဲ့ရတွေတောင် ကိုယ့်တိုင်းပြည် အရာရှိလုပ်မယ့်အစား သူများဆီ အိမ်ဖော်ထွက်လုပ်နေတာလူစွမ်းလူစနည်းလို့ မထင်နဲ့။ အရာရှိလစာက အိမ်ဖော်လုပ်ခထက် ဂုဏ်သိက္ခာထည့်ပေါင်းလို့တောင်မမီနိုင်လို့ ဖြစ်ရတာ။ တိုင်းပြည်ဆင်းရဲတာချည့် လက်ညှိုးထိုးပြလို့မရဘူး။ အဘတို့ ပိုက်ဆံတွေထားစရာမရှိအောင် ချမ်းသာတာ ကမ္ဘာကသိတယ်။ ကိုယ်တွေလည်းသိတယ်။ စေတနာမရှိလို့ မသထာလို့မကျွေးချင်လည်းနေပါ။ အောက်ကျတော့ မခံပါဘူး။ သူများဆီပဲ ကျွန်သွားခံပါ့မယ်။ ပညာတတ်တော့တတ်သလိုကျွန်ခံမယ်။ မတတ်တော့လည်း မတတ်သလို ကျွန်ခံတာပ။ သူတောင်းစားများတောင် ကိုယ့်ပိုက်ဆံမပေးချင်လို့မကြားချင်ယောင်ဆောင်နေတဲ့သူတွေရှေ့ ကြာကြာမရပ်ဘူး။ အချိန်ကုန်တယ်။ လက်လွယ်တဲ့သူဆီ မြန်မြန်သွားမှအလုပ်ဖြစ်တာ။
ဟိုးအရင်တုန်းကကိုယ်တွေးကြည့်ခဲ့ဖူးတယ်။ ပညာမဲ့တဲ့သူဟာ ပညာတတ်တဲ့သူတွေကို လာအုပ်ချုပ်လို့ ရနိုင်ပါ့မလားလို့။ သိပ်ရတာပေါ့။ အုပ်ချုပ်ရေးဆိုတာ သူ့ပညာနဲ့သူပဲ။ ဆရာဝန်အုပ်ချုပ်ဖို့ ဆရာဝန်ဖြစ်စရာမလို၊အင်ဂျင်နီယာအုပ်ချုပ်ဖို့ အင်ဂျင်နီယာဖြစ်စရာမလို။ ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဗိုလ်သင်တန်းတက်ဖို့ပဲလိုတယ် မဟုတ်လား။ အဲ့တော့ သူတို့ကို ပညာမဲ့တယ်လို့ ပြောလို့မရဘူး။ သူတို့က အုပ်ချုပ်ရေးပညာတတ်တယ်။အရပ်သားတွေဟာ စစ်တပ်ကလူတွေကို ပညာမတတ်ဘူး ပညာမတတ်ဘူး ပြောကြလွန်းလို့ အသည်းနာနာနဲ့တပ်ပိုင်ပညာတတ်တွေ မွေးထုတ်ထားတာ ဘယ်လောက်ကြာပလဲ။ ဆရာဝန်လိုချင်သလား။ အင်ဂျင်နီယာလိုချင်သလား။မြန်မာပြည်လောက်နဲ့ မလုံလောက်ရင် အမေရိက၊ အင်္ဂလန်၊ ဆိုဗီယက်ပြန်တွေချည့်ပဲ တပ်ရင်းအသီးသီးမှာလက်ညှိုးထိုးမလွဲအောင် ရှိနှင့်ပြီးသား။ ကိုယ်တို့အရပ်သားတွေ နိုင်ငံခြားလမ်းမပွင့်မီကတည်းကစစ်တပ်ကအရာရှိတွေ နိုင်ငံခြားမရောက်ဖူးတဲ့သူ တစ်ယောက်မှ မကျန်တော့ဘူး။ အကုန်လုံးကိုမျက်စိပွင့် နားပွင့် ဖွင့်ထားပေးပြီးသား။ ဒါကြောင့် အဲသည်လူတွေ လာအုပ်ချုပ်တာကို ငါတို့လောက်ပညာမတတ်ပါဘူး။ လောင်းရိပ်မိနေတယ် ပြောစရာအကြောင်း မရှိဘူး။ အဲသည်လူတန်းစားမှာကိုက လောင်းရိပ်အကြီးကြီးမိပြီးအပမှီလာတယ် လို့ ပြောချင်တာ။
လွှတ်တော်ထဲမှာထိုင်နေတဲ့အစိတ်သားကိုပဲ ကြည့်ကြည့်၊ ဌာနဆိုင်ရာ ကုလားထိုင်ပေါ်က မိုးကျရွှေကိုယ်တွေကိုပဲကြည့်ကြည့်၊ အထက်ကအမိန့်မပါပဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပေးလို့ရတဲ့သူ တစ်ယောက်မှမပါဘူး။ အလွတ်သဘော ထမင်းစားလေး ဖိတ်ခံရရင်တောင် “ဆက်လုပ်ခွင့်ပြုပါ” လို့ ဆလုမရိုက်ရသေးရင်အလိမ်မာလေးနဲ့ ငြင်းထားရတယ်။ လူ ၇၀ ဆီက ပြန်စာ ၇၀ တစ်လေသံတည်းထွက်နေတာကြည့်ရင် အသိသာကြီး။“အန်တီ နေကောင်းတယ်နော်” လို့ နှုတ်ဆက်မိရင် လူလဲကစားတဲ့ နည်းပြကြီးလက်အောက်မှာAutonomy ဆိုတာ Dictionary ထဲမှာတောင် မရှိဘူး။ ဒါတော့ နည်းနည်းများသွားပြီကွယ်။ အဘကလေသူများအကြောင်းဆို နည်းနည်းလေးမှ မပြောတတ်တဲ့ မိန်းမ အဲလေ ဟုတ်ပေါင် သူတော်ကောင်းကြီး။(ဆောရီးနော်။ စိုင်းစိုင်းခမ်းလှိုင်တွေ နားထောင်တာ များလို့ ယောင်သွားတာ) တကယ်တော့အဲသည်လူ ၇၀ လုံးဟာ ခညားတို့ဘွားတော်ကို ခါးခါးတူးတူး မုန်းနေကြလို့ သူတို့စိတ်နဲ့ သူတို့ယဉ်ကျေးစွာ ငြင်းပယ်တာပါ။ အဲ့ဒါ သူတို့ ဒီမိုကရေစီလေ။ မဟုတ်ဘူးလား။ ဟုတ်တာပေါ့ အဘရယ်။သိပ်ဟုတ်တာပေါ့။ အဲသည် လူ ၇၀ တင် ဘယ်ကမလဲ။ တပ်မတော်ကြီးတစ်ခုလုံးက ခါးခါးသည်းသည်း မုန်းနေကြမှန်းလည်းသိပါတယ်။ သူ့အဖေတည်ထောင်ထားတဲ့ တပ်မတော်ကြီးက သားကောင်းဇာနည် အောင်စစ်သည်တွေအကုန် ဗိုလ်ချုပ်ရင်သွေးစစ်စစ်ကလေးကိုလမ်းမှာတွေ့ရင် နှုတ်မဆက်ရဲလောက်အောင်ကို မုန်းနေတာ တလောကလုံး အသိပါ။ စိန်မျောက်မျောက်ကလေးအိမ်ခေါ်ပါးရိုက်တုန်းကတောင် စိတ်နာတဲ့စကားတစ်ခွန်းမှ မပြောဖူးတဲ့သူတွေက ကိုယ်နဲ့တခါမှတွေ့ဆုံစကားပြောဆိုဖူးခြင်း မရှိတဲ့ အမေအရွယ် အမျိုးသမီးကြီးတစ်ယောက်အပေါ်မှာ အဲသလောက်အမုန်းမီးတောက်ကြီး ကြီးနေတယ်ဆိုရင် အဲ့ဒါကိုမှ သွေးထိုးသွေးခွဲထားတာ လို့ မပြောရင်ဘယ်ဟာကို ပြောရမလဲ။ ထားပါလေ။ နိုင်ငံရေးဆိုတာ ချစ်ခြင်းမုန်းခြင်းနဲ့ မဆိုင်ပါဘူး။ဒါပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့တော့ ဆိုင်ရပါလိမ့်မယ်။ ပြည်သူ့ကိုယ်စားလှယ်မဟုတ်ပဲအဘကိုယ်စားလှယ်အဖြစ်နဲ့ တက်ထိုင်နေရသူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ သဘောထား ဖြူတယ် မည်းတယ်ကိုတောင် တင်ပြခွင့် မရှိပါဘူး။ အဘဖြူ ဖြူတဲ့အတိုင်း၊ အဘကမည်း မည်းတဲ့အတိုင်း သံတော်ဆင့်ပေးဖို့သာတာဝန်ရှိကြပါတယ်။ အဲ့ဒါကြီးက လောင်းရိပ် မဟုတ်ဘူးလား ဟင်။
လူကလေးမောင်စံဖားဟာ သူများဆိုရင် အင်မတန်လျှော့တွက်လေတာပဲ။ နောင်တခေတ်ရဲ့ အောင်စစ်သည်ဆိုတာစွမ်းရည်သုံးရပ်တင်မကဘူး။ အဘက်ဘက်က ထူးချွန်ပြောင်မြောက်နေအောင် စံနစ်တကျ လေ့ကျင့်သင်ကြားမွေးထုတ်ထားလေတာ ဖြစ်တယ်။ (ကိုယ့်လို အလေနတော အုတ်ကြားမြက်ပေါက် မှတ်နေ။) အဲသည်တော့သူတို့တတွေမှာလည်း ပြောမှုဆိုမှု နှုတ်မှုရေးရာတွေမှာ မောင်ရင်တို့ဆရာကြီးတွေနဲ့မခြား ရွှန်းရွှန်းဝေအောင်တင်ပြဆွေးနွေးတတ်ကြပါတယ်။ နားထောင်ဖူးပါ့ဗျာ။ မြင်လည်း မြင်ခဲ့ဖူးပါ့။ ကိုယ့်ညီကိုယ့်သားလောက်အရွယ်ကလေးတွေ နိုင်ငံခြားအခါခါပြန် ပီအိတ်ခ်ျဒီ ကန်းဒီးဒိတ်တွေရော မဒိတ်တွေရော မုဒိတာပွားစွာအားကျစွာနဲ့ ဆွေးနွေးနှီးနှောခဲ့ဖူးပါတယ်။ တော်ပါတယ်။ ဒါပေ့မယ်လို့ သူတို့မှာ ကိုယ်ပိုင်အယူအဆ Hypothesis မရှိဘူး။ လူပုံအလည် ထဆွေးနွေးတဲ့ စကားတစ်ခွန်းကို သူတို့ကိုယ်တိုင်ရေရေရာရာ သဘောမပေါက်ဘူး။ ရှေ့ကို တစ်ကွက်နှစ်ကွက်လောက်ဆက်ပြီး သိချင်တာတွေ မေးလိုက်ရင်ဆက်မပြောတတ်တော့ဘူး။ ဘူးလုံးနားမထွင်းဖြစ်နေတဲ့ စကားလုံးဆန်းဆန်း Terminology ကြီးတစ်ခုကိုဆီပွတ်ကျည်ပွေ့ ဆက်အော်နေတယ်။ သူတို့ကသာ သဘောမပေါက်တာ။ ကိုယ်တွေကတော့ တအောင့်လောက်နေတန်းကနဲ သဘောပေါက်သွားပါတယ်။ Decision Maker ကြီးက သူတို့စကားအပေါ်မှာ လိုချင်သလို ကောက်ချက်ဆွဲပြီး“ပညာရှင်အများ ညှိနှိုင်းဆွေးနွေးဝေဖန်အကြံပြချက်များအရ အစည်းအဝေးဆုံးဖြတ်ချက်များမှာ…” ဆိုတဲ့အထဲပါအောင် ထည့်သွားတော့မှ “အိုး ဟို ဒါ့ကြောင့်ကိုး” ဖြစ်သွားရတာ။ ပဲ့ကိုင်ရှင်ကြီးတွေကပညာရှင်တွေအပေါ်မှာ navigate လုပ်ချင်လို့ရှိရင် လိုချင်တဲ့ခရီးရောက်ဖို့အတွက် အောက်ကနေအလံရှူးကလေးတွေနဲ့ ဓါတ်ရိုက်ဓါတ်ဆင် လုပ်ရသေးသကိုး။ သူတို့လိုလူမျိုးတွေ စကားကြားရင်ကိုယ့်စိတ်ထဲမှာ “His Master’s Voice” ဆိုတဲ့ ခွေးတံဆိပ်ဓါတ်ပြားကြီးပဲ ပြေးပြေးမြင်တယ်။ဒါလည်း လောင်းရိပ်ပဲနော့။ လောင်းရိပ်မမိချင်ရင် ကိုယ့်စိတ်ထဲက ဆန္ဒသဘောထားမှန်ကို ကိုယ့်နှုတ်ကထုတ်ဖော်ပြောဆိုနိုင်တဲ့ သတ္တိရှိပြီလား၊ ကိုယ်ကိုယ်တိုင် ကိုယ်ပိုင်ဦးနှောက်နဲ့ တွေးခေါ်မျှော်မြင်တတ်ပြီလား၊ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားကြပါ။ ဒါတောင် အလုပ်ဘက် မရောက်သေးဘူး။ အပြောပဲ ရှိသေးတာ။
လောင်းရိပ်မိတယ်ဆိုတဲ့ဘဝမှာအထက်ဘဝဂ်၊ အောက်အဝီဇိ ရှိရှိသမျှ ဝေနေယျသတ္တဝါ ဘယ်နေရာမှ မကျန်အောင် မိတဲ့အကြောင်း ဆက်ရှင်းပြရပါဦးမယ်။ကိုယ်တို့တစ်နိုင်ငံလုံးရဲ့ အထွဋ်အထိပ်ပါဆိုတဲ့ သမ္မတကြီးကိုယ်တိုင်တောင်မှ သူ့သက်တမ်းကနဦးပိုင်းမှာနိုင်ငံတော်ကို မကယ်တင်ခင် သူ့ကိုယ်သူလောင်းရိပ်အောက်က လွတ်အောင် အရင် ကယ်တင်ရတယ်။သူဟာ ကျမ်းသစ္စာမကျိန်ဆိုခင်အထိအောင် ဘယ်သူ့မေတ္တာရိပ်အောက်မှာ ခိုလှုံနေရသလဲဆိုတာ တစ်နိုင်ငံလုံးအသိ။သူ့ကိုယ်သူလည်း အသိ။ အခုအချိန်ထိအောင် အဲသည်လောင်းရိပ်အောက်က လွတ်ပြီလားဆိုတာလည်း ဘယ်သူမသိသိသိသိ။ သူ့ဘာသာသူပဲ သိလိမ့်မယ်။ (သိချင် သူ့သွားမေးကြအေ) စစ်သားတစ်ယောက်အနေနဲ့ အမြဲဦးထိပ်မှာထားရတဲ့အမိန့်ဆိုတာကြီးကို သူကိုယ်တိုင် အမိန့်ပေးသူနေရာရောက်တော့မှ ခေါင်းပေါ်က ခွာချရတယ်။(ဆံပင်တွေတောင် ကပ်ပါသွားသလား မသိ) နောက်ပိတ်ဆုံးဗျာ။ ကာချုပ်ကြီးက ၄၃၆ ကို တစ်လက်မအထိမခံကာကွယ်တွန်းလှန်နေရတာကိုက သူ့အပေါ်မှာမိနေတဲ့ လောင်းရိပ်အကြီးကြီးပဲ။ ဆိုလိုတာက နိုင်ငံရဲ့အချုပ်အခြာအာဏာထဲမှာ စစ်တပ်က ဗီတိုအာဏာနဲ့ ရာခိုင်နှုန်းအများကြီး ချုပ်ကိုင်ထားတာကိုကလောင်းရိပ်ပဲ။ အဲသည်လောင်းရိပ်အောက်က လွတ်ချင်ရင် ဖွဲ့စည်းပုံကို ပြင်မှရမယ်။ (သေချင်းဆိုးလေး။နောက်ဆုံးတော့ ဒါပဲ)
လောကကြီးမှာကိုယ်က အသာစီးရနေတိုင်းလည်း သည်စံနစ်ကြီးက ကောင်းလိုက်တာ လို့ ပြောလို့မရဘူး။ သည်လောင်းရိပ်အောက်ကလွတ်ဖို့ဆိုတာ တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် တတိုင်းတပြည်လုံး ချွတ်ခြုံကျစေတဲ့လမ်းကိုတွန်းပို့နေတာလည်း မဟုတ်ဘူး။ အမကြီးမရှိတော့တဲ့ တစ်နေ့သောအခါမှာ မောင်လေးကိုယ်တိုင်လည်းအဲသည်နေရာ ဝင်ထိုင်လာရဦးမှာပဲ။ အဲသည်အခါကျတော့ ကိုယ်ကိုယ်တိုင်ရော သူများလောင်းရိပ်အောက်မှာမလူးသာမလွန့်သာ ဟုတ်ကဲ့တစ်ရာ မှန်ပါတစ်သိန်း နဲ့ ရုပ်သေးခေါင်းဆောင် အဖြစ် ကိုယ့်အိပ်ထဲချည့်သပိတ်ဝင်အိပ်ဝင် စုဆောင်းချင်လို့လား။ ခေါင်းဆောင်တွေချမ်းသာပြီး တိုင်းပြည်ဖွတ်တက်တဲ့လမ်းစဉ်ကို မစွန့်ခွာနိုင်သရွေ့ ဘယ်သူတွေ ဘယ်လိုပြောင်းပြောင်း မြောင်းထဲကတက်မယ့် တိုင်းပြည်မဟုတ်ရပေါင်ဗျာ။ ဗီယက်နမ်၊ လာအို၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား အကုန်လုံး ကိုယ့်ထက်သာကုန်ပြီ။“မြန်မာဆိုတာ သမိုင်းလှတဲ့ အာဇာနည်မျိုးနော်” လို့ ဟစ်ဟစ်ပြီးဆိုတဲ့ အငြိမ့်သီချင်းတွေနားထောင်ရတာတောင် ရှက်လာပေါ့။ အပိုမပြောပါဘူးဗျာ။ ရှေ့ဆက်သွားကြည့်။ ကိုယ်တိုင်သိလာမယ့်ကိစ္စ။ အခုကို သိသင့်နေတဲ့ကိစ္စ။ အင်း မရှိတာထက် မသိတာခက်ပါတယ်လေ။
0 comments:
Post a Comment