Friday, November 14, 2014

“ပြည်ပြည်မင်းပေါင်း”

          ကိုယ့်အိမ်မှာ အလှူမင်္ဂလာဆောင် ပွဲကြီးလမ်းကြီးရှိရင် ရက်သတ်စီစဉ်ထားပြီးကတည်းကခန်းမငှား၊ အဝတ်အစားပြင်ဆင်၊ ရပ်ဝေးဆွေမျိုးဧည့်သည် တည်းဖို့ခိုဖို့၊ အကျွေးအမွေး၊ဧည့်ခံဖျော်ဖြေ၊ မှတ်တမ်းဓါတ်ပုံ၊ အောင်မယ်လေး ပြောလို့မကုန်အောင် အလုပ်တွေရှုပ်၊ စိတ်တွေမော၊ပင်ပန်းလိုက်ကြတာများလေ။ တခြား မပြောပါနဲ့။ တနေကုန် ပြုံးပြရတဲ့ ပါးကြောကြီးတွေတောင်ညောင်းလာပြီး ပွဲသိမ်းခါနီး ဓါတ်ပုံတွေမှာ မချိသွားဖြီးကြီးတွေ ဖြစ်ကုန်တယ်။ အခုလည်းကိုယ်တို့ဆီမှာ အာဆီယံထိပ်သီး ညီလာခံ အစည်းအဝေးတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်တည်ခင်းဆွေးနွေးနေရတဲ့ ကိုယ်တို့ ခေါင်းဆောင်ကြီးများဟာလည်း ဘယ်လောက်တောင် စိတ်ရောလူရော ပင်ပန်းနွမ်းနယ်နေမယ်ဆိုတာကိုယ်ချင်းစာကြည့်လို့ ရပါတယ်။ တဆွေတမျိုး တမိသားထဲမှာလုပ်တဲ့ ပွဲလမ်းသဘင်တောင် ပွဲပြီးမှဟီးချနိုင်လို့ရှိရင် အခုဟာက နိုင်ငံတော်ပွဲတောင် မဟုတ်ဘူး။ အရှေ့အာရှတလွှားက နိုင်ငံ့ခေါင်းဆောင်များ၊ကမ္ဘာကျော်ထိပ်သီး ဥသျှောင်ကြီးများကိုယ်တိုင် ကြွရောက်ဆင်နွှဲကြတဲ့ ပွဲမျိုး။ ကိုယ်တို့သမိုင်းမှာအရင်က တခါမှ မရှိခဲ့ဖူးဘူး။
ညဘက်ညဘက် နိုင်ငံတကာသတင်းထဲမှာသာ တွေ့ဖူးမြင်ဖူးထားတဲ့နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ အခုဆိုရင် အရှင်လတ်လတ် ကိုယ်တို့မြေပေါ်မှာ ရောက်နေကြသတဲ့။အံ့ရော။ နတ်ကရာ ကျီးမောဦးမှပါလေ။

         အရင်တုန်းက အစဉ်အဆက် မြောက်ကိုရီးယားလို တံခါးပိတ်အုပ်ချုပ်ကြတဲ့အခါကျတော့ကိုယ့်ဆီကလူတွေလည်း သူတို့ဆီ မသွားဘူး။ အင်မတန် မလွှဲမရှောင်သာတဲ့ အကြောင်းရှိမှသာ စာကလေးများအသိုက်ထဲကထွက်သလို ဖြွတ်ကနဲ ဖြွတ်ကနဲ ကသောကမျော ကြွချီတော်မူကြတယ်။ အိမ်မှာ ကလေးတွေချည့်ပဲအကြာကြီးထားခဲ့ခို့ စိတ်မချဘူးလေ လို့ အကြောင်းပြတယ်။ အမှန်ကတော့ ပါဆယ်ဂိမ်းကစားကြသလိုဖင်နဲ့ကုလားထိုင်နဲ့ အလှမ်းကွာသွားရင် သူများဝင်ထိုင်သွားမှာ ကြောက်လို့ပါ။ (မယုံ ဦးသက်ဆင်မေးကြည့်ပေါ့ဗျာ) အဲသည်အခါကျတော့ သူများနိုင်ငံတွေကဖိတ်ရင် များသောအားဖြင့် ကိုယ်စားလှယ်တော်တွေပဲအဖွဲ့နဲ့ စေလွှတ်လေ့ရှိတယ်။ ပြောတာ နားထောင်ခဲ့။ သည်က ရေးပေးလိုက်တာကလေး တက်ဖတ်ခဲ့။အရေးကုန် အာဏာကုန်လွှဲလိုက်တာ မဟုတ်တဲ့အတွက် ဘာကိုမှ ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်ခဲ့လေနဲ့။အဲ့တာမျိုးဆိုတော့ ကိုယ်ငယ်ငယ်က သမဝါယမ အစည်းအဝေးများ အိမ်ကလွှတ်လို့ သွားတက်ရသလိုပေါ့။ပြောချင်တာ ပြောကြကွယ်။ နားထောင်မယ်။ ဘာကျွေးမှာလဲ။ စားမယ်။ အပြန်ကျ ဘာတွေ ပေးလိုက်သတုန်း။ရအောင်တန်းစီ စောင့်ယူမယ်။ ပိုက်ဆံထပ်ပေးရမှာလား။ အဲ့ဒါတော့ အိမ်ပြန်ရောက်မှ အဖွားကိုပြောပြလိုက်မယ်လေ။ လောလောဆယ် ဦးလေးတို့ဘာသာ ကြိုက်သလိုဆက်ရိုက်နှင့်။ သားက အိမ်ပြည့်အောင်ဝင်ကစားပေးတာ။ အဲသည်သဘောမျိုးတွေ ဖြစ်ခဲ့ဖူးတယ်လို့ ပြောရင် စိတ်မဆိုးနဲ့နော်။ မဟုတ်ဘူးဆိုရင်ငြင်းပေါ့။ နားထောင်ပါ့မယ်။

          ကိုယ်တွေဘက်က အဲ့သလိုမျိုး ထမင်းသိုးဟင်းသိုး ဝင်လုပ်ပေးတဲ့အခါသူများတွေဘက်ကလည်း ကိုယ့်ကို အရေးမပါတဲ့ကောင်၊ Key Player မဟုတ်ဘူး။ Stake Holder မဟုတ်ဘူးနဲ့။  အရေးတယူ အရောတဝင် မလုပ်ပဲ ကိုယ်တို့အိမ်ထဲထိ လာလည်တာ၊အဖက်လုပ်တာ မခံရပါဘူး။ မြန်မာပြည်ဆိုရင် “ဟို ခေါင်းတွေဖြတ်နေတဲ့ နိုင်ငံကလား။ အီသီယိုးပီးယားနားမှာလား။ ကြားတော့ ကြားဖူးပါတယ်” လို့ ဖြစ်ကုန်တယ်။ ခေါင်းဆောင်တွေ နေနေသာသာ အလည်အပတ်ခရီးလာမယ့်သူတွေအားလုံးဟာ မြန်မာပြည်သွားမယ်ဆိုရင် မပါမဖြစ် အရေးတကြီး ဖြစ်တဲ့နည်းနဲ့ သယ်လာကြတဲ့ ပစ္စည်းတွေကငှက်ဖျားဆေးတွေနဲ့ ဝမ်းပိတ်ဆေးတွေပါ။ မယုံရင် ဧည့်လမ်းညွှန်တွေ မေးကြည့်ပါလား။ အဲ့ဒါမပါပဲမြန်မာပြည်ဝင်လာတဲ့ဧည့်သည်ရယ်လို့ ရှိကိုမရှိဘူး။ လေဆိပ်က ကြိုလာ၊ ဟိုတယ်မှာ နေရာချထားပြီးတာနဲ့သူတို့တတွေ ပူပူပင်ပင် စောကြောလေ့ရှိတာကတော့ သည်ကရေတွေ သောက်လို့မှ ရပါ့မလား တဲ့။ ကေပေါ့တွေလိုချိုးဖို့တောင် သယ်လာကြတော့ အိုဗာတင်းသောက်တယ် ချိုးတယ် ဖြစ်ဦးမယ်။ သူတို့စိတ်ထဲမယ်သည်ကရေတွေ သောက်မိရင် ဘွတ်ဘွတ်တွေ ရှောကုန်ရော လို့ အောင့်မေ့နေတာကိုး။ ခရီးသွားငါးယောက်တောင်အဲ့သလောက် ဇီဇာချဲ့နေကြရင် အခုဟာက သူများနိုင်ငံက ထိပ်သီးခေါင်းဆောင် သမ္မတတွေ ဝန်ကြီးချုပ်တွေမြန်မာပြည်ထဲကြွလာကြတယ်။ တည်းကြခိုကြ လည်ကြပတ်ကြတယ်ဆိုတာမျိုးဟာ အမှန်ဆိုရင် တကယ်လားအိပ်မက်လား လို့တောင် ကိုယ့်အသားကိုယ် ဆိတ်ကြည့်ချင်စရာကြီး။

          ဒါပေမယ့်လို့ တကယ်ကြီးမှ တကယ်ကြီးပါ။ ညက သတင်းထဲမှ မတွေ့ဘူးလား။မင်းပေါင်းကို စုံလို့။ ဗိုလ်ခြေခပင်း အချင်းအကျင်းတွေနဲ့။ သည်လိုဆိုတော့ ကိုယ်တို့မြန်မာပြည်ကြီးမှာသမ္မတအဆင့်၊ ဝန်ကြီးချုပ်အဆင့်၊ နိုင်ငံတကာကခေါင်းဆောင်တွေ ဝင်ရောက်တည်းခိုနေထိုင်နိုင်တဲ့ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေ မနည်းမနောကြီး ရှိနေပြီပေါ့နော်။ Air Force One ကြီး ဆင်းနိုင်တဲ့လေယာဉ်ကွင်းကြီးလည်း ရှိနေပြီ။ The Beast ကြီး နှစ်စီး မောင်းနိုင်တဲ့ ကားလမ်းမကြီးတွေလည်းရှိနေပြီ။ ဂယ်ကြီးကို တိုးတက်နေပါလားဟရို့။ ခေါင်းဆောင်တစ်ယောက်တစ်ယောက်မှာ ပါလာမယ့်နောက်ပါဗိုလ်လူတွေကိုလည်း သူ့အဆင့်နဲ့လျော်ညီစွာ နေရာထိုင်ခင်း စီစဉ်ပေးနိုင်ဖို့ဆိုတာတော်ရုံတော့ မဟုတ်ဘူးနော်။ နေပြည်တော် ဟော်တယ်ဇုန်က သူဌေးကြီးတွေ မျက်လုံးတောင် ပွင့်မှာမဟုတ်တော့ဘူး။ အချင်းချင်းတွေ့ရင် ဒါ ဘယ်သူလာတည်းသွားတဲ့ ဟော်တယ် လို့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြမှာ မလွဲဘူး။ (ရွာဦးက ဘဘုန်းကြီးတောင် ဖိုးချိုလာတုန်းက ငါ့ကျောင်းတည်းသွားတာလို့ တရွာလုံးပတ်ပြောသေးတာပဲဟာ) နိုင်ငံခေါင်းဆောင်တွေ နေရေးထိုင်ရေးအတွက် စီစဉ်ပေးထားတာမှာဘယ်သူကမှ အင်းယားရေတစည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ လုပ်နေတဲ့အသံ မကြားရတဲ့အတွက်အကုန်လုံးကို အဆင်ပြေ ပြည့်စုံနေတယ် လို့ပဲ ယူဆလိုက်ပါ့မယ်။

         နေရေးထိုင်ရေး ပြီးတဲ့အခါကျတော့ နိုင်ငံ့ခေါင်းဆောင်ကြီးများရဲ့အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခမ်းအနားကြီးတွေ ကျင်းပရာ မှန်ရဝေ ရွေညီလာ ခန်းဆောင်ကြီးတွေကလည်းအလုံအလောက် ရှိနေတာကို သွားတွေ့ရပြန်တယ်။ အံ့မခန်းပါလားကွယ်။ ကိုယ်တွေ ငတ်နေတိုင်းတိုင်းပြည်မဆင်းရဲဘူး။ ဧည့်လာစောင်လာ သိမ်ငယ်စရာ နည်းနည်းလေးမှ မလို။ ဂုဏ်နဲ့ဒြပ် နဲ့ထည့်ထည်ဝါဝါ မြင်ရတော့ ဘယ်လောက်ဝမ်းသာစရာကောင်းတုန်း။ (သူတို့ကတော့ ကိုယ်ဆင်းရဲနေတာဘယ်သူမှ ဝမ်းမနည်းကြဘူးပေါ့လေ) ဆင်းရဲသားအိမ်လာရင် ဖျာစုတ်နဲ့ တဲကုပ်ထဲ ဝင်ထိုင်ရမှာစိုးမနေပါနဲ့။ကိုယ့်မရှိပေမယ့် တိုင်းပြည်ရှိပါတယ်။ လူများ အထင်သေးလို့။ အမှန်တော့ သူများက အထင်မသေးပါဘူး။ကိုယ်သာ ကိုယ့်ကိုယ်ကိုယ် အဲ့လောက် ခမ်းခမ်းနားနား ကြိုဆိုဧည့်ခံနိုင်လိမ့်မယ် ထင်မထားလို့တသက်လုံး အရိုးစွဲနေတဲ့ သိမ်ငယ်စိတ်တွေကိုဖျောက်ပြီး သူဌေးဂိုက်ဖမ်း ခေါင်းကလေးမော့ထားမိတာ။အဲ့ဒါ စိန်နားကပ်အရောင်နဲ့ ပါးပြောင်တာ ခေါ်တယ်။ အဆောင်အယောင် အသိုင်းအဝိုင်းရဲ့ အရောင်ဟာကိုယ့်ကိုယ်ပိုင်အရောင် ကိုယ်ပိုင် အရည်အချင်း မဟုတ်ဘူး။ နိုင်ငံတကာအလယ်မှာ ဂုဏ်မငယ်ချင်ရင်ကိုယ်ပိုင် ဂုဏ်ဒြပ် ကိုယ်ပိုင်အစွမ်းအစလည်း ရှိဖို့လိုပြန်ရော။

         ပေးလက်စနဲ့ စောစောက ဥပမာပဲ ပြန်ပေးပါ့မယ်။ မင်းတကာတို့ရာဇာ၊ ဗိုလ်တကာတို့သနင်းတွေအချင်းချင်း တွေ့ဆုံကြတဲ့ပွဲမှာ ကိုယ်ကိုယ်တိုင်ကလည်း ထိုက်တန်သော အဆင့်အတန်း၊ ပွဲလယ်တင့်သောဂုဏ်ရည်တွေနဲ့ ဝံ့ကြွားနိုင်သူ ဖြစ်ဖို့ လိုပါတယ်။ ကောင်းပါပြီ။ ဘယ်လိုလူတွေက အဲသလိုမျိုးဝံ့ကြွားနိုင်ကြသလဲ ကြည့်ရအောင်။ ဟိုမင်္ဂလာဆောင် အခွေထဲက တကိုယ်လုံးစိန်တွေ ညွှတ်နေတဲ့သတို့သမီးကြီးကို အာဆီယံဆန်းမစ်မှာ ပွဲထုတ်လိုက်ရင် တင့်တယ်ပါ့မလား ပြောစမ်းပါ။ (အရူးမကြီးလိုဝိုင်းကြည့်ပြီး အတင်းတွေ ဝိုင်းတုတ်ကြမှာပေါ့အေ) သူများကို အပုပ်ချချင်တဲ့ သဘောမရှိပါဘူး။သည်ပွဲသည်လမ်းမျိုးဟာ စိန်ရောင်ရွှေရောင်များတောင် မလင်းနိုင်ဘူးလို့ သိစေချင်တာပါ။သည်ပွဲမျိုးကို တိုးချင်ရင် “ငါ့အဖေက ဘာလဲ” နဲ့တောင် တိုးလို့မရဘူး။ “ငါကိုယ်တိုင်ဘာလဲ” ဖြစ်ဖို့ အရေးကြီးတယ်။ တော်ရုံနဲ့တော့ တက်မလာနဲ့။ တောက်ချပလိုက်လို့ တေတွားမယ်။သူလည်းသမ္မတ ကိုယ်လည်းသမ္မတ၊ သူလည်းဝန်ကြီးချုပ် ကိုယ်လည်းဝန်ကြီးချုပ် အပေါက်ချင်းအတူတူတောင်အပွင့်နဲ့ ကပ်အစားခံရသူတွေ တပုံကြီး။ “နင်က သမ္မတပေမယ့် အာဏာသိမ်းပြီးတက်လာတာ၊ ငါက ပြည်သူ့ဆန္ဒသွေးဆေးသောက်ထားအဲလေ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတာ” လို့ သေးသေးတင်လိုက်လို့ရှိရင် ငုတ်တုတ်ကိုမေ့ရော။ဘာမှ ပြန်ပြောနိုင်မှာ မဟုတ်ဘူး။ တစ်နိုင်ငံတည်းက လာတဲ့လူချင်းအတူတူ ဒေါ်ယင်လတ်ကြီးပြုံးတဲ့အပြုံးမျိုး ဟိုလူကြီးတွေ ပြုံးနိုင်လို့လား ပြန်စဉ်းစားကြည့်။ သာမာန်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ထက် ဘာမှမပိုပါဘူးလို့ ပါးစပ်က တဖွဖွ ပြောနေသူတွေရဲ့ရှေ့မှာ (သူတို့ကိုယ်သူတို့ အားပေးချင်လို့ ပြောတာနေပါလိမ့်မယ်) နိုင်ငံတကာက တိုင်းပြည်ခေါင်းဆောင်တွေကလက်ကလေးမှ ထိနှုတ်မဆက်လိုက်ရရင် မြန်မာပြည်လာရကြိုးမနပ်ဘူး ထင်ပြီး အတင်းကြီး သိသိသာသာအလေးပေးဆက်ဆံနေကြတာ ဘယ်သူ့ကိုလဲ။ အသိသာကြီး။ အဲ့ဒါ သူ့ဟာသူ အတင်းလုပ်ယူထားတာလည်း မဟုတ်ဘူး။သူများက အတင်းလော်ဘီလုပ်ပြီး တင်ထားတာလည်း မဟုတ်ဘူး။ သူဘာလဲဆိုတာ လူတကာသိတယ်။ ဘယ်သူကမှနှိမ်ထားနှိပ်ကွပ်ထားလို့ မရဘူးဆိုတာ ရှင်းနေတာပဲ။ သည်ပွဲမျိုးမှာ တင့်တယ်တဲ့ ဂုဏ်ဒြပ်ဆိုတာဘယ်လိုဟာမျိုးလဲ သိအောင် ဥပမာပေးတာပါ။ သူများကို သွေးတက်အောင် ရန်စသလိုဖြစ်နေရင် ခွင့်လွှတ်နော်။

         အခမ်းအနားလေးလည်း စပြီ။ အဆောင်အယောင်လေးလည်း ပြောစရာ မရှိပါဘူး။အဆင်အပြင် အသွေးအမွေးကလည်း ကြော့လို့ပါ။ ရေမီးတွေ စုံပြီ။ လေထီးတွေ ခုန်မည်။ ကဲ လာကလိုက်ကြစို့ ချိုမိုင်မိုင်တော့ မလုပ်ပါနဲ့ ဘဘရယ်။ သားကြောက်တယ်နော်။ နိင်ငံတကာ မင်းပရိသတ်အလယ်မှာပြောရဆိုရတဲ့ စကားများဆိုတာ အခု သားဖေ့စ်ဘုတ်ပေါ် တက်ဟစ်နေသလို ပေါက်ပန်းဈေး ပြောလို့ဘယ်ဖြစ်ပါ့မလဲ။ ကိုယ့်ပါးစပ်ကထွက်တဲ့စကားအတိုင်း ကိုယ့်အဆင့်အတန်းကို သူတို့ အကဲဖြတ်ကြတော့မယ်။ဟိုးတခါ ယက်တောကြီး ရေကူးဝင်တုန်းက မြန်မာသံအမတ်တစ်ယောက်ဟာ ပြည်ပမီဒီယာရှေ့မှာ “အဲ့ဒါသူ့ရည်းစားမို့ ညအချိန်မတော်ကြီး ရေကူးဝင်တာ ဖြစ်မှာပေါ့။” လို့ ပြောဖူးသဗျ။ ရှက်ဖို့ကောင်းလိုက်တာ။အဲ့ဒါ မြန်မာလို့ပြောရင် ကိုယ့်မျက်နှာတောင် ဘယ်နားဖွက်ထားရမှန်း မသိဘူး။ သူက သူများကိုအရှက်ခွဲတာ သူ့အရှက်တွေ ဗြန်းဗြန်းကွဲမှန်း ကိုယ့်ဘာသာကိုယ်တောင် သဘောပေါက်နိုင်လောက်တဲ့အိုင်ကျူမရှိဘူး။ သံတမန်ဆိုတဲ့သဘောဟာ နိုင်ငံကို ကိုယ်စားပြုတယ်။ နိုင်ငံရဲ့သဘောထားကိုသူကတဆင့် ထုတ်ပြန်ရတာ။ သူ့စိတ်ထဲရှိတဲ့ မနာလိုဝန်တိုတွေကို နိုင်ငံက ကိုယ်စားပြုပြီးထွက်ဆိုရတာ မဟုတ်ဘူး။ သည်အရည်အချင်း စိတ်နေစိတ်ထားနဲ့သူတစ်ယောက်က နိုင်ငံတကာမှာ ကိုယ့်နိုင်ငံကိုကိုယ်စားပြုပြီး ပြောဆိုနေတာ နိုင်ငံအနေနဲ့လည်း သိပ်ရှက်ဖို့ကောင်းတယ်။ သံတမန်ဆိုတာဘာမှန်းမသိတဲ့သူတွေကို သံတမန်ခန့်ထားမိတဲ့အဖြစ်။ အခု မင်းပရိသတ် ဗိုလ်ပုံအလယ်မှာ မတော်တဆများတစ်ယောက်ယောက်က ဒီပဲယင်းညောင်မြစ်တူးလာခဲ့ရင်ဖြစ်ဖြစ်၊ ဦးအောင်သောင်းအိမ်က ပုတ်သင်ဥတွေလက်ညှိုးထိုးလာရင် ဖြစ်ဖြစ်၊ မစဉ်းမစားနဲ့ ဟိုလူကြီး ဖေ့စ်ဘုတ်ပေါ်တက်ဟစ်သလို “People kill people.” တို့၊ “သားလုပ်စာကလေးနဲ့ ထိုင်စားနေရရှာတဲ့ အငြိမ်းစားဝန်ထမ်း လူရိုးကြီးပါ။”တို့ သွားပြောမိမှာစိုးလို့ အသည်းကိုယားနေတာပဲ။ ဖေ့စ်ဘုတ်ပေါ်မှာ ဆဲချင်တဲ့သူဆဲ မျက်နှာပြောင်တိုက်လို့ဘာမှမဖြစ်ဘူး။ ကျိန်စာဝလေ စုန်းလှလေ။ နံမယ်တောင် ကြီးသေးတယ်။ သူများနိုင်ငံကခေါင်းဆောင်တွေရှေ့မှာကိုယ့်ဘဘကြီးတွေကို မဲ့ပြုံးကလေး ခနဲ့ပြုံးကလေး ပြုံးသွားတာတောင် မခံနိုင်ဘူးဗျ။ အဲ့ဒါနိုင်ငံ့ပုံရိပ်တွေ။ ဒါကြောင့် ကိုယ့်မှာ သတင်းထဲသာ ကြည့်နေရတယ်။ လှံဖျားပုစဉ်းနားတော့ကျီးကန်းချီးပါတယ် ဆိုသလိုပဲ။ ရင်တထိတ်ထိတ်နဲ့ရယ်။

         ထိတ်မယ်ဆို ထိတ်လောက်စရာ ချိတ်လာတဲ့စကားတွေကလည်း မထင်မှတ်တဲ့ဘက်ကနေအရှိုက်ကို ထိုးစစ်ဆင်ပါတယ်။ “ကိုယ့်ဟာကိုယ် နယ်စပ်မှာ ရှေ့တန်းမှာ သူပုန်တစ်ယောက်ကိုအသေပစ်ဖမ်းတာ ဘယ်သူတွေက သာချင်းတထပ်လုပ်နေတာလဲ။ တို့ စစ်သားတွေဖြင့် သေတဲ့သူတွေ နည်းမှတ်လို့။”ဆိုပြီး ပွဲပြီးမီးသေလုပ်ထားတဲ့ ကိုပါကြီးအမှုကို အမေရိကန်သမ္မတကြီးကိုယ်တိုင်က သတင်းထောက်အောင်နိုင်ဝင်းဆိုပြီး နံမည်ပါတပ်ခေါ်သွားတော့ ကိုယ့်အဘတွေ မျက်နှာ ဘယ်နားသွားထားကြပါလိမ့်ဆိုနွေးကနည်း စိတ်ပူမိပါတယ်။ သူများနိုင်ငံက သမ္မတတွေကရော ဘယ်လိုမျက်နှာထားမျိုးနဲ့ ကြည့်နေကြမှာပါလိမ့်။မပြီးသေးဘူးခင်ဗျ။ နောက်တစ်ခါ လာပြန်ချည်သေးတယ်။ ရိုဟင်ဂျာ တဲ့။ မုန်းစရာကောင်းလိုက်တာ။အိုဘားမားကြီးတော့ အိုဘင်္ဂလား လို့ ပြောင်းခေါ်ပြီး တမိသားစုလုံး မောင်းတော ပို့ပစ်လိုက်ချင်ပြီ။သမီးတွေ မိန်းမတွေတင်မကဘူး။ ကိုယ့်ဖင်ပါကိုယ် သော့ခပ်သိမ်းထားပေတော့။ Sleeping Beauty ဟာ ဘင်္ဂလားမှာများ မွေးခဲ့မယ်ဆိုရင် ခေါ်တောတွေ မောင်ကျန်တတို့လုပ်တာနဲ့တင် မဟာမုနိကကြေးရုပ်ကြီးလို အကျယ်ကြီးပေါက်သွားမှာ။ ဘာမှတ်သလဲ။

         ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ဟိုကတော့ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ပြောသွားပြီဗျ။ လူပုံအလယ်မှာ။ ဘယ့်နှယ်လုပ်ကြမတုန်း။ ပါးစပ်ကြီး ပိတ်နေလို့မရဘူး။တစ်ခုခုတော့ တုန့်ပြန်မှ ရမယ်။ စောစောကပြောခဲ့သလို မဟုတ်မဟတ်တွေ ကိုယ့်ပါးစပ်ကထွက်လာရင်လည်းတစ်ရှက်က နှစ်ရှက်၊ သုံးရှက် ဆက်ကွဲဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သည်စကားတွေ သူ့ပါးစပ်ထဲကထွက်လာပြီဆိုရင် သည်ကိစ္စ သူ့နားကို ပေါက်နှင့်နေပြီ။ သူတို့လိုလူမျိုးဆိုတာ အလကားနေရင်းလူမုန်းခံပြီး အာဝင်မချောင်ဘူး။ အကြောင်းမဲ့ဆို လေတောင်ချွန်တာ မဟုတ်။ ဒါပေသိ သူ့ပါးစပ်ကဘုရားဟော မဟုတ်ဘူးလေ။ သူ့မှာ နတ်မျက်စိ ရှိတာလည်း မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘက်က လုပ်စရာနှစ်နည်းပဲ ရှိတယ်။ “မဟုတ်ပါဘူး။ မရှုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” စိုင်းစိုင်းခမ်းလှိုင်ဖွင့်ပေးလိုက်။ ဒါဆိုရင် သူ့ဘက်ကလည်း ပြန်မေးမယ်။ သူရထားတာ သတင်းမှားတွေလား။ သူ့လိုလူမျိုးလေသံကြားနဲ့ တရားမနာဘူးလေ။ သက်သေရှိလိမ့်မယ်။ သတင်းအမှားကို နောက်ထပ်သတင်းအမှားနဲ့ထပ်ဖုံးလို့ သတင်းအမှန်ဖြစ်မသွားဘူး။ ပြောခဲ့ဖူးတယ်။ အမှန်တရားဆိုတာ သူ့ပါးစပ်ထဲမှာရှိမနေသလို ကိုယ့်ပါးစပ်ထဲမှာလည်း ရှိမနေဘူး။ သူဟာ သူ့နားထဲကိုရောက်လာတဲ့ သတင်းအမှားတွေနဲ့ကိုယ့်အပေါ်မှာ လာစွပ်စွဲတာ ဖြစ်ခဲ့ရင် (ဖြစ်ခဲ့ရင် သေသေချာချာဖတ် ဖြစ်ခဲ့ရင်) အဲသည်သတင်းအမှားတွေကိုဖြေဖျောက်ပေးဖို့ သတင်းအမှန်တွေကို သက်သေနဲ့တကွ တင်ပြဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ သည်အခါမှာကိုယ့်ဘက်ကကြည့်ရင် အမှန်ချည့်ပဲဆိုတဲ့ အတ္တစွဲမပါတဲ့ အမှန်တရားစစ်စစ်ကသာ တကယ့်မှတ်ကျောက်တင်ခံနိုင်တဲ့အမှန်တရားအဖြစ်နဲ့ ထွက်လာလိမ့်မယ်။ ကိုယ့်ပြည်တွင်းမှာ တံခါးပိတ် စီရင်ချက်ချနေတာမျိုးမဟုတ်ဘူး။ နိုင်ငံတကာက အကြီးအကဲခေါင်းဆောင်တွေအလယ်မှာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းပြရတော့မယ်။လွယ်သလား ခက်သလား အဘ။ လွယ်သလား ခက်သလား။

         ဘနောက်က အကြံပေးဘယ်နှစ်ဒါဇင်ရှိမှန်း ကိုယ်သိနိုင်တာ မဟုတ်ပါဘူးလေ။သူတို့တတွေ ဝိုင်းစဉ်းစားပေးရင် အဖြေထွက်လာမှာပါ။ ကိုယ့်အဖို့ရာ ကိုယ်ဥာဏ်မီသလောက်တော့ကိုယ့်အဘတွေကိုယ်စား ကက်ကက်လန်အောင် ရန်တွေ့ပလိုက်ချင်တာပါပဲ။ ဘင်္ဂါလီခေါ်ခေါ် ရိုဟင်ဂျာခေါ်ခေါ်သူ့နဂို မူရင်းဇစ်မြစ်အတိုင်း ခေါ်တောပဲ ခေါ်ခေါ်၊ သူတို့တတွေဟာ အခါခါ ပြောခဲ့ပြီးသလိုကိုယ့်နိုင်ငံအတွင်း ကျွံဝင်လာခဲ့ပြီးသော နိုင်ငံသား မဟုတ်သူ၊ ဟိုဘက်ကလည်း သူတို့နိုင်ငံသားမဟုတ်ဘူးလို့ ဘူးခံနေသော နိုင်ငံလက်မဲ့၊ အလွန်အင်မတန် ပေါက်ဖွားများပြားလွယ်သော လူသားများဖြစ်တယ်။ သည်အထိက ငြင်းစရာ မရှိဘူး။ သူတို့တွေ ကိုယ့်မြေပေါ်ကို အတင်းကျူးကျော်ဝင်ရောက်လာတိုင်း“ငါ့ခြံထဲမှာ အုတဲ့ဥ။ ငါ့ကြက်ဖရဲ့ဥ။” လို့ အကုန်လုံး သိမ်းကြုံးနိုင်ငံသားပြုပေးတဲ့လူဝင်မှုဥပဒေရှိတဲ့ နိုင်ငံရှိရင် ပြစမ်းပါ။ စားရိတ်ပေးပြီး လွှတ်လိုက်မလို့။ အဲသလိုမဟုတ်ရင်တော့ ကိုယ့်တိုင်းပြည်မှာ ရှိနေတဲ့ တည်ဆဲဥပဒေများအရ နိုင်ငံသားအဖြစ် ဘောင်ဝင်တဲ့သူတွေကိုနိုင်ငံသားအဖြစ် စံနစ်တကျ လက်ခံဆောင်ရွက်ပေးနေတယ်လေ။ ကိုယ့်ဘက်က သည့်ထက်ဆုတ်ပေးစရာမြေမရှိတော့ဘူး။ အဲ့ဒါကို သူတို့က ဖိအားပေးနေတယ်။ ဒါဆိုရင် သူတို့လိုချင်တာ ဘာလဲ လူကြီးမင်းတို့သိသလား။ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင်အသိအမှတ် ပြုလက်ခံပေးဖို့ပေါ့။ လက်ခံပေးလိုက်ရင်ဦးလေးကြီးလည်း အမှတ်တွေ ပါဝါတွေ တက်သွားပြီး နောက်သက်တမ်းအတွက် ခိုင်သွားပြီလား။ အဖိုးကြီးအိုခါးကုန်းကုန်း မသေပါနဲ့ဦးတဲ့။ ဒါကြီးတွေက အဘအိုဘားမားကြီး သေပြီးသွားရင်လည်း စဉ်ဆက်မပြတ်ပေါက်ဖွားများပြားလာကြဦးမှာ မစဉ်းစားမိဘူးလား။ အဲ့ဒါဆိုရင် ဘာဆက်ဖြစ်မလဲ။ အခု သူတို့ကိုတရားဝင်လက်မခံနိုင်တဲ့ အခြေအနေမှာတောင် သူတို့အရပ်မှာ ရခိုင်တွေ လာမနေနဲ့ အသေသတ်မယ်လုပ်နေကြတာ။ သူတို့က တိုင်းရင်းသားတွေပါလို့ လက်ခံလိုက်ရင် သူတို့ ကိုယ်ပိုင်ပြည်နယ်တောင်းတော့မှာပေါ့။ဦးလေးတို့မှာ Islamic State တစ်ခုတည်း ရှိနေရုံနဲ့ မလုံလောက်သေးလို့ အရှေ့အာရှ သူများနိုင်ငံအကြားမှာနောက်ထပ် IS တစ်ဖွဲ့ မျိုးပွားပေးချင်သေးတာလား။ ၉/၁၁ တုန်းက ဦးလေးတို့ဆီ ဗုံးလာဖောက်တဲ့သူတွေဟာမြန်မာနယ်စပ်က မပါသေးလို့ မွေးယူချင်သေးလား။ အဲ့သလိုမျိုး ဖြစ်လာခဲ့သည်ရှိသော် ဘယ်သူတာဝန်ယူမှာလဲ။အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်သွားဖို့ သွေးချောင်းတွေ ဘယ်လောက်စီးခဲ့သလဲ။ အခုရော တိတ်ပလား။ရိုဟင်ဂျာတွေကို Islamic State ပေးလိုက်ရင် ပြည်တွင်းက မူဆလင်တွေထဲမှာရော နှစ်ခြမ်းကွဲကုန်မှာမစိုးဘူးလား။ ဆူပူအကြမ်းဖက်သူတွေ မဟုတ်ပဲ အပြစ်မဲ့အလကားနေရင်း အသတ်ခံ အဖျက်ဆီးခံရတဲ့ပြည်တွင်းနေ မူဆလင်တွေဟာ အစွန်းရောက် လူမျိုးခြားမုန်းတီးသူ မြန်မာတွေက သတ်တာလို့ပဲမြင်တယ်ပေါ့။ သူတို့ကို အဲသည်ဘဝရောက်အောင် မြန်မာတွေနဲ့ အမုန်းမီးမွှေးပေးခဲ့တဲ့ ရန်စငဖြိုးသူခိုးငတေတွေမှာ တာဝန်မရှိဘူးလား။ ရေရှည်ကို တွေးကြည့်လိုက်ရင် ဦးလေးတွန်းချနေတာ ငြိမ်းချမ်းရေးနဲ့ဝေးသထက်ဝေးသွားမယ့် ချောက်ကြီးထဲကို လို့ပဲ မြင်ပါတယ်။ ရလာဒ်တစ်ခုအတွက် ကိုယ့်တစ်သက်ကိုရင်းပြီးလူအများကြီး အပါခေါ်သွားတာကို မူဆလင်ကမ္ဘာမှာ ဂျီဟဒ် လို့ ခေါ်ပါတယ် ဦးလေး။ စစ်ကို ဖြစ်လာတော့မှနောက်က လိုက်မတိုက်ချင်ပါနဲ့။ နောင်တစ်ချိန်ကျ ကိုယ့်တိုင်းပြည်အတွက် မီးတောက်စစ်ညွန့်ဖြစ်မယ့်အလုပ်ကို နံမည်ကောင်းယူချင်ရုံကလေး သက်သက်နဲ့ မစွန့်စားသင့်ဘူးထင်တာပဲ။

         တောက်။ ငါများ နတ်စိမ်းဖြစ်လို့ကတော့လေ။ ဘနောက်နားမှာ ဆီမန်းမန်းနေတဲ့ဘရဲ့ ကြက်တူရွေးကြီးဆီ ဝင်ပူးပြီး သည်စကားတွေကို ခရားရေလွှတ် တတွတ်တွတ် သွန်ချချင်လိုက်တာကွယ်။ဟိတ် ဆို ဟိတ်။ တိတ် ဆို တိတ်။ မောင်ရင်လူညိုထွား စကားများလှတယ်။ ဟွာက ဟိုလို ရှိသလိုသဟာက သလိုရှိတယ်။ သူလုပ်တာနဲ့ ဟိုဘက်မှာ ပေါက်ဖော်ကြီးတို့ လင်များလည်း ထသတ်ကုန်ပြီ။ဆင်ဆာတွေတောင်  ဖြတ်ယူရသတဲ့။ တို့မေကြီးက မေတ္တာအာဘွားများပေးသနားလိုက်တယ်။ အမှောင့်ပယောဂ အစွဲအလန်းများ ပြေပါစေသတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...