Monday, November 3, 2014

သီးသန့်ဖြစ်တည်မှုများနှင့် ကစားခြင်း

(က)
အပြာရောင် မိုးသားများကြားထဲတွင် ကောင်းကင်သည် နှစ်မြှုပ်နေခဲ့သည်။
ဆက်ပြေး၍ မရသောကြောင့် ကိုယ့်ခြေလှမ်းများကို ကြိုးဖြင့် တုပ်နှောင်ခဲ့သောနေ့က
မေမေက “သားကြီး ထမင်းစားစို့” ဟု လှမ်းခေါ်သည်။
ကျွန်တော်သည် ကမ္ဘာကြီး၏ ပြင်ပတွင် ပန်းစိုက်သူ ဖြစ်လေသည်။

စက္ကန့်တံ များ လည်ပတ်နေသော ပေါင်မုန့်တစ်လုံးတွင်
အချစ်၏ သင်္ကတများကို ရှာဖွေကြ၏။
အဖြေသည် ရေသန့်ဗူးခွံများအား ကားတစ်စင်းဖြင့် တက်ကြိတ်သွားသကဲ့သလို့
တကျွတ်ကျွတ် မြည်ဟီးသွားရုံမှတပါး
ကျွန်တော်တို့ အားလုံး day dream များကို ခြောက်ကပ်ကပ် ရေဖြန်းနေကြသည်။
ကျွန်တော့်တွင် အမည်မသိ ဖဲချပ်တစ်ချပ်ရှိ၍ ထိုဖဲချပ်သည်
သူ့ကို အမည်မသိ လူတစ်ဦး ပိုင်ဆိုင်ထားကြောင်း မသိရှာပေ။ ဆိုးလေစွ။
မိန်းမတစ်ယောက်သည် ကျနော့်အား ထိုဖဲချပ်ထဲသို့ ၀င်ခွင့်ပြုရန် တောင်းဆိုသော နေ့တစ်နေ့က
ကျနော်သည် အ၀တ်လျှော်နေခဲ့သည်။ နေထွက်လာပြီးသောကြောင့် မနက်ခင်းဟု ခေါ်တွင်လိုက်သည်။
ဒိုင်ယာရီများကြားထဲတွင် ဖဲချပ်တစ်ချပ် ပျောက်ဆုံးသွားလေသည်။ ထိုမိန်းမသည် ဖဲချပ်ထဲသို့
ဝင်သွားသောကြောင့် ဖဲချပ်သည် ပျောက်ဆုံးသွားခဲ့ခြင်းမျိုး မဖြစ်နိုင်ကြောင်း
ကျွန်တော်က ခဲတံတစ်ချောင်းနှင့် ဒိုင်ယာရီပေါ် ရေးမှတ်လိုက်သည်။ (အဆင်မပြေလျှင် ပြန်ဖျက်၍
လွယ်ကူရန် ခဲတံကို အသုံးပြုခြင်း ဖြစ်လေသည်။)
(ခ)
ကျကွဲသွားသော ဖန်ခွက်ကလေး ကောင်းခဲ့စဉ်က ကျနော်သည်
အရက်ထည့်သောက်လိုက်၊ ကော်ဖီထည့်သောက်လိုက်
မျိုးစုံသုံးခဲ့သည်ကို တော်တော်ကြီးနောင်တရခဲ့၏။
ခုနေမှ ပြန်လည် တွေးတောမိသောအခါ ကျွန်တော်သည် ဒုက္ခတရားများကို
ပြီးစလွယ် အနာတရ ဖြစ်လွယ်သူ အဖြစ် သူစိမ်းတစ်ယောက်လို ပြန်မြင်လာခဲ့၏။
နေပူပါသည်။ ထို့ကြောင့် ထီးတစ်ချောင်းကို ဆန့်တန်းဖွင့်လှစ်လိုက်လေသည်။
ထီးခလုတ်သည် မီးခလုတ်တစ်ခုလို ဖွင့်ရမလွယ်သောကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေ၏။
ကျွန်တော် အကြာကြီး ကြိုးစား ဖွင့်ပြီးသွားသောအခါ နေ၀င်သွားခဲ့လေသည်။
(ဂ)
ကျွန်တော့် အရိပ်များသည် Opacity တဖြည်းဖြည်း နည်းလာခဲ့သည်။
ကျွန်တော့် ခန္ဓာကိုယ်သည်လည်း Transparent အဖြစ် တခြားတစ်ဖက်သို့ ဖေါက်ထွင်း
မြင်လာနိုင်ခဲ့သောကြောင့် ကျွန်တော် တဖြည်းဖြည်း ပျောက်ဆုံးသွားနိုင်ဖွယ် ရှိလာကြောင်း
တစ်နေ့က ပါးသိုင်းမွှေးပေါက်သော ကဗျာဆရာတစ်ဦးက ဖုန်းဆက်အကြောင်းကြားလာသည်။
ကျွန်တော်သည် ရေစိုနေသော မျက်မှန်အား အ၀တ်စိုဖြင့် ခြောက်အောင် အကြာကြီး
သုတ်နေသူ တစ်ဦးဖြစ်ကြောင်း သူမသိခဲ့ရှာပေ။
အိပ်ကပ်ထဲတွင် သာမန်ငွေသားများကို ထည့်သွင်းပြီး သကာလ
သာမန်စားသောက်ဆိုင်များသို့ လည်းကောင်း
သာမန် အရက်ဆိုင်များသို့ လည်းကောင်း
သာမန် စီးကရက်များကို သာမန် အငွေ့များ ထွက်လာအောင် ရှူရှိုက်၍
သာမန် အတွေးများ ကျွန်တော့် ရင်ဘတ်ထဲတွင် စီးမျှော လွှင့်ပျံ လျက် ရှိလေသည်။
ထို့နောက် သာမန် ကဗျာများကြားထဲတွင် ကျွန်တော် သာမန်ရောဂါတစ်ခုဖြင့် သေဆုံးသွားဖို့
သာမန်ဆုံးဖြတ်ချက်များဖြင့် ကစဉ့်ကလျား ချမှတ်လိုက်တော့သည်။
(ဃ)
လွန်လေပြီးသော နှစ်ပတ်ခန့်က သတင်းစာပေါ်တွင် ကြော်ငြာချိန်မရလောက်အောင်
ခပ်မြန်မြန်ကြီး ကျွန်တော် သေဆုံးသွားခဲ့လေသည်။
ကျွန်တော် သေပြီးသွားသောအခါ ၀တ်ရုံအနက်များ ၀တ်ဆင်ထားသော
လူငါးဦးနှင့် ကျွန်တော် ဖဲကစားရလေသည်။
ဖဲချပ်များသည် တစ်မှ ဘုရင်ထိ မဟုတ်။ တစ်ချို့ဖဲချပ်များသည် အတ္တဟုလည်းကောင်း
တစ်ချို့ဖဲချပ်များသည် ချစ်ခြင်းမေတ္တာဟုလည်းကောင်း
တစ်ချို့ဖဲချပ်များသည် အိမ်ထောင်ရေး ဖောက်ပြန်မှုဟု လည်းကောင်း
တစ်ချို့ဖဲချပ်များသည် နားလည်မှုဟုလည်းကောင်း
တစ်ချို့ဖဲချပ်များသည် ခွင့်လွတ် သည်းခံမှုဟုလည်းကောင်း အသီးသီး ရေးထားလေသည်။
ကျွန်တော်သည် နားမလည်ပါ။
မည်သည့် ဖဲချပ်သည် မည်သည့် ဖဲချပ်ကို နိုင်ပါသနည်း။ ကျွန်တော် မသိပါ။
အကောင်းဆုံး ဖဲချပ်အဖြစ် လိုရာသုံး ဂျိုကာ မပါရှိပါ။
ကျွန်တော်နှင့် ၀တ်ရုံအနက် ၀တ်ဆင်ထားသော လူများ ဖဲကစားကြလေသည်။
အရှုံးအနိုင်သည် နောက်တစ်လလောက်မှ အောင်စာရင်းထွက်သလို ထွက်မည်ဟု
ကြားသိထားခဲ့ပါသည်။
ကျွန်တော် စောင့်နေရုံမှ တပါး။


- ရင်နင့်အောင် -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...