ကတ္တရာလမ်းပေါ်က အတွေးများ..။
ပုံမှန်
5-နာရီဆို ရုံးဆင်းပေမယ့် လုပ်လက်စအလုပ်ကလေးတွေ မပြီးပြတ်သေးတာနဲ့ ဒီနေ့
ရုံးကထွက်လာတော့ ညနေ 6-နာရီ ထိုးပြီးနေပါပြီ..။ ကျူရှင်အိမ်ကိုလည်း 6.30
အရောက်သွားရမယ် ဆိုတဲ့အသိနဲ့ မိုးဖွဲဖွဲရွာနေတဲ့ထဲ ပုဆိုးကို
ခပ်တိုတိုဝတ်ပြီး ခြေလှမ်းတိုင်းကို သုတ်ခြေတင် လှမ်းရတယ်..။ 106
ကားမှတ်တိုင်နား လမ်းဖြတ်ကူးတော့မယ် ဆိုတော့ အတော်ကြာကြာကို
စောင့်နေခဲ့ရသေးတယ်..။ လူကူးမျဉ်းကျားလေး ရှိနေတယ်ဆိုပေမယ့် သူ့ခမျာ
အသက်မ၀င်ရှာ ပါဘူး..။ ဘယ်ဖက်က လာနေတဲ့ကားတွေ နည်းနည်း အလှမ်းဝေးနေတုန်း
ဆတ်ကနဲ အမြန်ကူးလိုက်ပေမယ့် လမ်းခလယ်ရောက်တော့ ညာဖက်ကနေ
အရှိန်ပြင်းပြင်းနဲ့ အဆက်မပြတ် ၀င်လာနေတဲ့ ကား တွေ ကို သတိထားကြည့်ရင်း
အချိန်ကြာကြာ ထပ်စောင့်ရတာပါပဲ..။
နိစ္စဓူဝ ကြုံတွေ့နေရတာမို့
ထူးထူးခြားခြား မခံစားမိပေမယ့် အတွေးဆိုတာမျိုး ကလည်း သူ့ဘာသာသူ
ဖြစ်ဖြစ်နေတတ်တာကိုး..။
သူငယ်ချင်းတစ်ယောက်ကတော့ ပြောဖူးတယ်… "ခင်ဗျား လမ်းကူးတဲ့အခါ ကိုယ့်အတွက် ကာထားပေးမယ့် တစ်စုံတစ်ယောက် အမြဲ ရှိနေပစေ…ကားလာနေတဲ့ဖက်အခြမ်းမှာ
တစ်ယောက်နှစ်ယောက်ကာထားပြီး လမ်းကူးဗျ.. အခန့်မသင့်လို့ တိုးမိရင်လည်း
သက်သာတာပေါ့… ခင်ဗျား အဲလို လူခံပြီး လမ်းကူးလို့လည်း ခင်ဗျားကို ဘယ်သူကမှ
အပြစ်တင်မှာ မဟုတ်ဘူးး… ဒီလူကတော့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုပြီးတော့လည်း
ခင်ဗျားကို ဘယ်သူကမှ ရှုံ့ချမှာ မဟုတ်ဘူးရယ်" တဲ့..။ သူက
ကျနော့်ကို တကယ်ခင်တဲ့စိတ် နဲ့ စေတနာအပြည့်နဲ့ ပြောနေတယ် ဆိုတာ
ခံစားမိနေတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး..။ မှန်ပါတယ်..။ ကားတွေ
ဝင်လာနေတဲ့ အစွန်မှာ မနေဘဲ ဒီဖက်အစွန်ကနေ လမ်းကူးရင် ဖြစ်လာခဲ့ရင်တောင်
ကိုယ့်အတွက် သက်သာစေနိုင်ပါ တယ်..။ ခက်တာက လူတိုင်း အဲလိုမျိုးတွေးနေကြရင်
ဘယ့်နှယ့်လုပ်ပါ့မလဲ..။ လူကူးမျဉ်းကျားပေါ်မှာ တင် နေရာလု ရင်း ငြင်းခုန်
သတ်ပုတ်နေ ကြလေမလား စဉ်းစားနေမိတယ်..။
လမ်းခလယ်မှာ
အစ်မကြီးတစ်ယောက်က စိတ်မရှည်တော့တဲ့ အမူအယာနဲ့ ကားတွေ အရှိန်ပြင်းပြင်း
ဝင်လာနေတဲ့ကြားထဲ ဇွတ်အတင်း တိုးဝင်တော့မယ့်ဟန်လုပ်နေတော့
မနေနိုင်မထိုင်နိုင် သူ့ခြင်းတောင်းလေး ကို ဖြတ်ကနဲ လှမ်းဆွဲလိုက် ရင်း… "အလွန်ဆုံး
နောက်ကျ နာရီဝက်ပေါ့ဗျာ… မတော်တဆ ကားနဲ့ ချိတ်မိရင် ဒီ့ထက်မက အချိန်တွေ
ပိုကုန်လိမ့်မယ်… အေးဆေးပေါ့…ဘာဖြစ်လို့ လောနေတာလဲ… အစ်မကြီးအိမ်က ဘယ်မှ
ရွေ့မသွားပါဘူး" ဆိုလိုက်တော့ ခြင်းတောင်းကို ဆတ်ကနဲ
ပြန်ဆွဲရုန်းရင်း.. မျက်စောင်း ထိုးတာ ခံလိုက်ရသေးတယ်..။ အင်းးးး
ခက်တော့ခက်တယ်..။ တစ်ခါတလေ ဘာမှ ၀င်မပြောမစွက်ဖက်ဘဲ ဥပေက္ခာပြုနေ မိတာကမှ
ပိုကောင်းဦးမယ်လို့ တွေးမိပြန်တယ်..။
လူကူးမျဉ်းကျားမှာ
ယာဉ်တိုက်မှုဖြစ်ရင် ကြေအေးခွင့်မရှိဘူး..အမှု ရင်ဆိုင်ရမယ်..ပေးတဲ့
အပြစ်ဒဏ်ခံယူရမယ် ဆိုတာ နေ့စဉ်သတင်းစာတွေ အပတ်စဉ်ဂျာနယ်တွေမှာ ဖတ်နေ
မြင်နေရပါတယ်..။ ခက်တာက ဒီယာဉ်မောင်းတွေ စပယ်ယာ ဆိုသူတွေ ခမျာလည်း အဲဒီ
သတင်းစာတွေ ဂျာနယ်တွေကိုရော တကယ်ဖတ်ခွင့်မှ ရှိကြပါရဲ့လား… မနက်မနက်ဆို
သူများတွေ အိပ်လို့ ကွေးလို့ ကောင်းနေတဲ့အချိန်မှာ owner
ဆီသွားပြီး ကားထုတ်ရ မယ်…ရေဆေး ဆီဖြည့် လုပ်ရမယ်… တစ်နေကုန်
သတ်မှတ်ထားတဲ့အတိုင်း 6-ခေါက်ပြည့်အောင် ဒါမှမဟုတ် 7-ခေါက် ပြည့် အောင်
မောင်းရမယ်.. owner
ကြေးလည်း ပြည့်အောင်ရှာရမယ်..ကိုယ်ထွက်လာတုန်းက တစ်နေကုန် စာ
ချက်ဖို့ပြုတ်ဖို့ ဆိုပြီး လုံလုံလောက်လောက် မပေးခဲ့ရတဲ့ အိမ်ကမိသားစုအတွက်
ဆိုတာမျိုးကလည်း ပူရဦးမယ်.. ဟိုလိုနေ ၀ီစီမှုတ် ဒီလိုနေ၀ီစီမှုတ်တားပြီး
အပြစ်မရှိ အပြစ်ရှာ ဒဏ်ငွေတောင်းတတ်တဲ့ ဆပ်ကြေးရှင်တွေ အတွက်ကလည်း
ပိုပိုလိုလို ရှာရဦးမယ်..။ ဆိုတော့ သူတို့ရဲ့ ရင်ထဲမှာလည်း လောဘတွေ
ဒေါသတွေနဲ့ အပြည့် ဖြစ်နေမှာပဲ… အဲဒီဒေါသတွေ လောဘတွေက စေခိုင်းတဲ့အတိုင်း
ခပ်ကြမ်းကြမ်း မောင်းချင်မောင်းမယ်. .ပြိုင်မောင်း လုမောင်း
လုပ်ချင်လုပ်မယ်..မျဉ်းကျားက လမ်းကူးနေသူကို သေချင်လို့ လား လို့
မကြားဝံ့မနာသာ ဆဲချင်ဆဲမယ်…အခြေနေအရပ်ရပ်က သူ့တို့ကို ဒီဇာတ်မျိုး ကဖို့ပဲ
တွန်းအားပေးနေရှာသလားး စဉ်းစားမိပြန်တယ်..။
လိုင်းကားတွေ
ကျော်သွားလို့ ကူးတော့မယ့်ဟန်ပြင်လိုက်တော့ ကား ရှေ့မီးနှစ်ခုစလုံးကို
ရုတ်တရက် ထိုးဖွင့် အချက်ပြလိုက်ပြီး ငါလာနေတယ်…ဆိုတာမျိုးနဲ့
ကိုယ်ပိုင်ကားလေးတွေက အရှိန်ပြင်းပြင်း တိုးဝင်လာပြန်တယ်..။
သူတို့ကားကိုမြင်လို့ ခပ်ရို့ရို့ ပုံစံလေးနဲ့ ဒါမှမဟုတ်
အလန့်တကြားပုံစံမျိုးနဲ့ လူကူးမျဉ်းကျားပေါ်မှာတင် နောက် ကို ခြေတစ်လှမ်းဆီ
ပြန်ဆုတ်သွားကြရတဲ့ မြင်ကွင်းကို အားရကျေနပ်နေကြတဲ့ပုံပါပဲ..။ ခဏကြာတော့
ကျနော်တို့ ဘေးကို ဒယီးဒယိုင်နဲ့ အမူးသမားတစ်ယောက် ရောက်လာပါတယ်..။
ဘေးဘီဘယ်ညာ ဘာကိုမှ မကြည့်ပါ ဘူးးး သူ့အရှိန်လေးနဲ့သူ သူ့ဈာန်လေးနဲ့သူ
ခပ်တည်တည်ပဲ အေးအေးဆေးဆေး အမူအယာနဲ့ လမ်းကို ဖြတ်ကူးလိုက်ပါ တယ်.. "ဟာ…ဒီလူတော့ သေတော့မှာပဲ"
လို့ စိတ်ထဲ အထိတ်တလန့် ဖြစ်သွားတဲ့အချိန် သူက တုန့်ကနဲရပ်လိုက်ပြီး
လာနေတဲ့ကားတွေကို လက်နှစ်ဖက်မြှောက် တားပေးပါတော့တယ်..ပြီးတော့ လမ်းခလယ်
မှာ ရှေ့လည်းမတိုးရဲ နောက်လည်း မဆုတ်သာ ဖြစ်နေရှာတဲ့ ကျနော်တို့တွေကို
လမ်းကူးကြဖို့ ယာဉ်ထိန်းရဲ တစ်ယောက်လို ဟန်ပန်အမူအယာနဲ့
အချက်ပြပါတယ်…ဒီတော့မှ ကျနော်တို့လည်း သူ့အားကိုးနဲ့ ခပ်သုတ်သုတ်လေး
လမ်းကိုဖြတ်ကူး ကြရပါတော့တယ်..။
ဘယ်ကားသမားကများ
သူ့ကို ဆဲဆိုလေမလဲလို့ သိချင်စိတ်နဲ့ လှည့်ကြည့်လှည့်ကြည့် လုပ်နေမိပေမယ့်
သူ့ကို ဘယ်သူမှ ဆဲဆိုသွားတဲ့အသံ မကြားရပါဘူး..။ သူတို့ဆဲရင် သူကလည်း
ပုဆိုးလှန်ပြဖို့ အဆင်သင့်ဖြစ်နေသလို သူတို့ကြိမ်းမောင်းရင် လည်း
ကားမှန်ကို အုတ်ခဲနဲ့ထုခွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ လူတစ်ယောက်မို့
ရေငုံနှုတ်ပိတ် တိတ်ဆိတ် နေကြလေရော့သလားးး "မင်းတို့က မတားလို့ပါကွာ မင်းတို့ အခုလိုတားရင် ငါတို့ကလည်း ရပ်ပေးဖို့ အရှိန်လျှော့ပေးဖို့ အဆင်သင့်ပါပဲ" လို့ သူတို့ တွေးများနေသလား စဉ်းစားနေမိပြန်တယ်..။
ဒီနေ့အဖို့တော့
ကတ္တရာလမ်းမပေါ် ကားတွေတဟုန်တိုး ပြေးလွှားသွားခဲ့သလို ကျနော့်ရင်ထဲမှာလည်း
အတွေးပေါင်း သောင်းခြောက် ထောင် ဖြတ်ကျော်ခုတ်မောင်း သွားခဲ့မိကြောင်းပါ..။
0 comments:
Post a Comment