Saturday, March 23, 2013

"ဘီးရယ် မှန်ရယ် ကျောက်ပျဉ်ရယ်"



by Soe Min (Notes) on Saturday, March 23, 2013 at 12:52pm

         သမီးအလှ ကဉ္စနကလေးက သူ့မျက်နှာပေါ် သနပ်ခါးမတင်တော့တာ တော်တော်ကြာပါပြီ။ သူ့အဖေ လောက်ကိုင်ကို မသွားခင်တုန်းကတော့ အဖေလုပ်တဲ့သူက ရေမိုးချိုး သနပ်ခါးလူးပေးရင် ပါးကွက်လှလှလေးပါ ကွက်ပေးမှ ကြိုက်တာ။ ယုန်ကလေးလို နားရွက်ကလေးထောင်လိုက်၊ ၀က်ဝံကလေးလို အထုံးကလေးနှစ်ဘက်တင်ပေးလိုက်၊ သစ်ရွက်ကလေးလို အကြောကလေးတွေပေါ်အောင် မီးခြစ်ဆံနဲ့ဆွဲပေးလိုက် လုပ်ပေးထားရင် မှန်တကြည့်ကြည့်နဲ့ ပြုံးနေရော။ သမီးနှုတ်ခမ်းပါးပါးကလေးက ဆေးကူစရာမလိုပဲ နီတာရဲကလေးဆိုတော့ သနပ်ခါးလိမ်းပေးပြီး၊ ဆံပင်ကလေး တထွာတညိုအတွက် အရုပ်ကလစ်လှလှကလေးတွေ မုန့်ဗူးအ၀ိုင်းကလေးနဲ့ ထည့်ထားတဲ့အထဲက သူ့စိတ်ကြိုက်ရွေးပြီး ဆင်ပေးလိုက်ရင် မီးမီး နဲ့ ဖေဖေ နဲ့ လည်လည်သွားဖို့ အသင့်ဖြစ်ပြီ။ အင်္ကျီလဲဖို့ပဲ ကျန်တော့တယ်။ အမြဲလုပ်ပေးနေကျက သူ့အဖွားပေမယ့် သူ့အဖေ အားအားယားယားရှိလို့ ကိုယ်တိုင်လုပ်ပေးရင် ပိုသဘောကျတယ်။ (ကိုယ့်ဘာသာ ထင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ) အဲဒီတုန်းကတော့ သနပ်ခါး မကြိုက်ဘူး တစ်ခါမှ မပြောဖူးပါဘူး။ သူငယ်တန်းတက်လို့ သူ့အဖေလည်း တောတောင်တခွင် လှည့်လည်စဉ်နဲ့ ပေါ်ချည်ပျောက်ချည် အလှမ်းဝေးသွားသခိုက်မှာ သမီးက သူနေတဲ့တစ်အိမ်လုံးကို အာဏာသိမ်းပလိုက်ပြီ။ သူမကြိုက်တာဆို လုံးဝ လုံးဝ မလုပ်ခိုင်းနဲ့။ မရဘူး။ အဲဒီအထဲမှာ သနပ်ခါးကလေးလည်း အဆစ်ပါသွားတယ်။  လိမ်းဘူးတဲ့။ မျက်နှာပေါ်မှာ တင်းတင်းကြီးမို့ မနေတတ်ဘူးတဲ့။ ပေါင်ဒါလေး ပုတ်လိုက်ရင် ပြေသွားပါတယ် သမီးရယ် လို့ ချော့ပြောလည်း ဘူးဆိုရင် ဖယုံမသီးတော့။ ဒီလိုနဲ့ သမီးကို ခြံစည်းရိုး အပြင်မှာ စိုက်ထားတဲ့ တရုတ်စကားပင်ကလေးနဲ့ စကားစပ်ပြီး သနပ်ခါးပုံပြင်ကလေး အစဖော်ရတယ်။ စိတ်များလည်လာမလားလို့။ နောင်ကျ ကြီးလာလို့ သည်စာကလေး ဖတ်မိတဲ့အခါတော့ ဘာရယ်မဟုတ် ဖေ့ကိုသတိရလို့ဆို သနပ်ခါးလေး ကောက်လူးဖြစ်ရင် တော်ပါပြီ။
            အဲသည်တရုတ်စကားပင်ကလေးကို အကျော် လို့လည်းခေါ်တယ်လို့ ပြောကြတယ်။ အကျော်ဆိုတာ စားတဲ့အကြော်ကို ပြောတာ မဟုတ်ဘူး။ သနပ်ခါးလိမ်းသလို လိမ်းတဲ့အကျော် ကိုပြောတာ။ သနပ်ခါးဆိုတာ သမီးသိသလို တစ်မျိုးတည်းတော့ မမှတ်လေနဲ့။ အဖေတို့အဖွားဆို သနပ်ခါးတုံးတွေ ယွန်းဗျပ်ကြီးနဲ့ထားတာ။ အဲဒါတောင် တစ်မျိုးကို တစ်တုံးပဲ ထားတယ်။ ဘယ်နှစ်မျိုးတောင် ရှိမယ် ထင်သလဲ။ သနပ်ခါးချည့်ပဲကို အခေါက်တုံး နဲ့ အမြစ်တုံး နှစ်မျိုးထားတယ်။ အပွေးထူထူ နဲ့ အခေါက်တုံး(ပင်စည်) က မျက်နှာလိမ်းဖို့၊ အမြစ်တုံးကတော့ ခြေထောက်တွေ လက်တွေ လိမ်းဖို့လေ။ အမြစ်တုံးက အတုံးကြီးတယ်။ ဈေးလည်း သက်သာတယ်လေ။ ပေါပေါလောလော လိမ်းနိုင်တယ်။ အခေါက်တုံးက အပွေးလေးတွေ မကုန်မချင်းသွေးပြီး အပွေးတွေ မကျန်တော့ရင် ဈေးထဲမှာ သနပ်ခါးခဲ ကျိတ်ဖို့သွားပေးတယ်။ ဖေတို့မောင်နှမတွေ ပြောမရရင်လည်း သနပ်ခါးတုံးလက်ကျန်တွေက အသုံးဝင်တယ်။ ကောက်ပေါက်ထည့်လိုက်ရော။
         သူသနပ်ခါးလိမ်းတာကလေးက သူ့အထာနဲ့သူ ရှိတယ်။ နံသာဖြူတုံးကလေးတွေက ကိုယ်လိမ်းတဲ့အခါ စပ်လိမ်းတယ်။ ရေမွှေးမလိုဘူး။ ကြိုင်ကြိုင်ကိုသင်းနေတာ။ ညိုတိုတို အမွှေးတုံးကလေးကျတော့ နံသာနီတဲ့။ သီချင်းကြီးတွေထဲမှာတောင် ရှိသေး။ နံသာနီတောင် ဆိုတာ။ ကရမက်တုံးကလေးဆိုတာလည်း ပါတယ်။ သူ့အနံ့ကတစ်မျိုး။ အကျော်တို့ ကရမက်တို့ဆိုတာ သစ်မွှေးတွေတဲ့။ ခုန သမီးကိုပြောတဲ့ တရုတ်စကားပင်ဟာ တကယ်တော့ အကျော်ပင် မဟုတ်ပါဘူး။ ခပ်ဆင်ဆင်တူတာသာ ဖြစ်တယ် လို့ ပြောတယ်။ နံ့သာဖြူ နဲ့ ကရမက်ကို ဘယ်လိုခွဲသလဲတော့ မမှတ်မိတော့ဘူး။ ငယ်ငယ်ကတော့ အဖွားက နံ့သာဖြူ ယူခိုင်းလို့ ကရမက်ပါလာရင် အခေါက်ခံရလို့ မှတ်မိတယ်။ အပူစင်အောင်လိမ်းရတယ်ဆိုတာကျတော့ တောင်နံကြီးတဲ့။ အတုံးခပ်ကြီးကြီးပဲ။ နွေဘက် အိုက်တဲ့အခါ အဲသဟာလိမ်းမှ အေးတယ်ဆိုလားပဲ။ ညှော်ခံမြစ်ဆိုတာလည်း ရှိသေး။ အနာတွေဘာတွေ ပေါက်လို့ အိမ်မှာ အညှော်လုပ်ရင် အဲဒါလိမ်းထား အနာမယဉ်းဘူးတဲ့။ မန်ကျည်းခေါက်လည်း ရှိတယ်။ မျက်စိမှာ ကွင်းလိမ်းရတာ။ မျက်စိနာတဲ့အခါ မန်ကျည်းခေါက်ကလေး သွေးလိမ်းပြီး ကွမ်းရွက် ရေဘင်လေး တပ်ထားလိုက်ရင် ပျောက်ကရော။ ဇာတိပ္ဖိုလ်သီးကတော့ ပါးချိတ်ယောင်တာတို့ မန်းလိုက်နေတဲ့အခါတို့ကို သွေးလိမ်းရတယ် ထင်ပါရဲ့။ ကသစ်ဖုကလေးတွေလည်း ရှိတယ်။ ၀က်ခြံပေါက်ရင် လိမ်းတာ။ ကွမ်းယာဆိုင်က လေးညှင်းပွင့်ကလေးတွေတောင် မကျန်ဘူး။ ဒါလည်း မျက်စိစွံတဲ့အခါ အသက်အောင့်ပြီး ခုနှစ်ချက်တို့လိုက်ရင်လေ ပူရှိန်းရှိန်းကလေး ဖြစ်ပြီး အောင့်ကိုက်နေတာတွေ သက်သာသွားရော။ ပျောက်တာတော့ သူ့အချိန်တန်မှ ပျောက်တယ် ထင်ရဲ့။ ကျောက်ချဉ်လည်း သွေးလိမ်းတဲ့အခါ လိမ်းရတယ်။ သူ့ဆေးညွှန်းနဲ့သူ။ စုံပြီမထင်နဲ့ဦး။ သူ့ထက်စုံတာ ကျန်သေးတယ်။ ဆေးမြစ်စုံတဲ့။ ဘာတွေမှန်းတောင် မသိတော့ဘူး။   
         သူတို့ခေတ်မှာ ဖေဇော်ဂျီတွေ ဆေးမကျိတ်တော့ပေမယ့် မြန်မာမိန်းကလေးတွေကတော့ ကျောက်ပြင်ကြီးပေါက်မတတ် နပ်ခါးရယ်တဲ့ သုံးတောင် ပြောင်လောက်အောင်သွေးကြရတယ်။ အညာမှာဆို ပါးသွားပြီး ပေါက်နေတဲ့ ကျောက်ပျဉ်တောင် တွေ့ဖူးသေး။ သနပ်ခါးလိမ်းတဲ့ဓလေ့ဟာ အဖွားခေတ်နဲ့ အမေခေတ်မှာတောင် မတူတော့ဘူး။ အဖွားက ဘယ်တော့မှ သနပ်ခါးခဲ မလူးဘူး။ အပျင်းတွေသာ လူးတာတဲ့။ အနားရှိတဲ့ မြေးတွေဝင်ဝင်သွေးပေးရတာကိုး။ ဒါပေမယ့် သူက စိတ်တိုင်းတယ်မကျလှပါဘူး။ သနပ်ခါးကို ညက်နေအောင် သွေးတတ်မှတဲ့။ ကျောက်ပြင်ပတ်လည် သနပ်ခါးစက်တွေ စင်မနေမှတဲ့။ သနပ်ခါးတုံးကလေး အပွေးညီအောင် လှည့်ကာပတ်ကာ သွေးတတ်မှတဲ့။ ကျောက်ပြင်က မြောင်းကလေးထဲထိ သနပ်ခါးအနှစ်ကလေးတွေ ပြည့်နေအောင် သွေးပေးရတယ်။ မြေးတွေ မသွေးခိုင်းချင်ရင် ရေကျော်ဈေးထဲမှာ သနပ်ခါး အငှားသွေးပေးတဲ့သူရှိတယ်။ အကြမ်းပန်းကန်လုံးကလေးနဲ့ ပြည့်အောင်သွေးပေးတာ။ ဒေါ်သီသနပ်ခါးတောင်မှ အစက လက်သွေးတို့ စက်သွေးတို့ နှစ်မျိုးလာတယ်။ ဈေးထဲမလည်း လက်သွေးရော စက်သွေးရော သွေးခိုင်းလို့ရတယ်။ စက်သွေးဆိုတာ အပွေးကုန်သွားတဲ့ သနပ်ခါးတုံးကို ကျိတ်ပလိုက်တာ ထင်တယ်။ အဖွားကတော့ မဖြစ်လို့သာ သူများသွေးခိုင်းတာ။ ကြိုက်ဘူးတဲ့။ အရောအနှောတွေ ပါတော့ ဘယ့်နှယ်လုပ်မလဲတဲ့။ သူအဲလောက် ဂရုစိုက်လို့လား မသိဘူး။ အဖွားဟာ အသက်ခုနှစ်ဆယ်ကျော် သေသာသေသွားရော မျက်နှာပေါ် တင်းတိပ်တစ်ကွက် မရှိဘူး။ အမေကတော့ မျက်နှာကို သနပ်ခါးသွေးလိမ်းပေမယ့် ခြေတွေလက်တွေတော့ သနပ်ခါးခဲလိမ်းတယ်။ သူ့ခေတ်မှာ သနပ်ခါးခဲတွေ မတရားစုံလင်နေပြီလေ။ ဒေါ်သီ၊ ရွှေပြည်နန်း၊ နောက်ဟာတွေ မှတ်တောင် မမှတ်မိတော့ဘူး။ ဒါပေသိ သနပ်ခါးနံ့မဟုတ်ပဲ ကုလားရေမွှေးနံ့တွေ ရနေတာ တော်တော်ဆိုးတာပဲ။
          သမီးကသာ သနပ်ခါး မကြိုက်တာ။ ဖေကတော့ ဆေးကျောင်းတက်နေတဲ့အထိ ညဘက်ဆို သနပ်ခါးလိမ်းသေးတယ်။ လှချင်လို့ထက် အေးလို့လေ။ ဖေတို့တုန်းက အိမ်မှာ ပန်ကာတောင် မရှိဘူး။ ယပ်တောင်တစ်ချောင်းနဲ့ ခြင်ထောင်ထဲဝင်သွားတာ။ လက်ညောင်းပြီး မခပ်နိုင်တော့မှ အိပ်ပျော်တယ်။ နောက်တော့ သိသွားတယ်။ အိပ်ကာနီးရေချိုးပြီး သနပ်ခါးရေကျဲကလေး လိမ်းလိုက်ရင် အေးအေးချမ်းချမ်း အိပ်ပျော်တယ်။ ချွေးစော်လည်း မနံဘူး။ သမီးပြောတဲ့ သနပ်ခါးလိမ်းပြီးရင် မျက်နှာကြီးတင်းနေတယ်ဆိုတာက ပေါင်ဒါ မရိုက်လို့ပါ။ သနပ်ခါးတုံး၊ သနပ်ခါးခဲလိုပဲ အိမ်ကမှန်တင်ခုံမှာ မရှိမဖြစ်လိုတာ သနပ်ခါးမှုန့်တဲ့။ သမီးကိုယ်မှာ ပပ်ဖ်နဲ့ ပုတ်တဲ့ ဘေဘီပေါင်ဒါမျိုး မဟုတ်ဘူး။ သနပ်ခါးအမှုန့်ကို ပေါင်ဒါလိုလုပ်ထားတာ။ အဖြူရယ် အ၀ါရယ် ရှိတယ်။ လျှော်ဖွပ်ထားတဲ့ စွပ်ကျယ်စုတ် အပိုင်းကလေးနဲ့ မျက်နှာကိုတို့ရတယ်။ တို့ပတ်ပုဝါလို့ ခေါ်တယ်။ ဦးပေါစံတို့ ဦးသိန်းဆုကြီးတို့တောင် အငြိမ့်ထဲ ထည့်ပျက်သေးတယ်။ “ဟေ့ မယ်ကြည် ပျိုကညာ။ ပေးစမ်းပါ ဟိုဥစ္စာ။” “ဘာလဲရှင့်” “တို့ပတ်ပုဝါ” ဆိုတာလေ။ သနပ်ခါးလိမ်းလို့ မျက်နှာကြီးတင်းနေရင် တို့ပတ်ကလေး ပုတ်လိုက်၊ မျက်နှာလေးက ဖုံပြီးဖွေးသွားတယ်။ တင်းနေတာတွေလည်း လျော့သွားတယ်။ ဖေ့အမတွေခေတ်မှာတော့ ပန်းရောင် ကရင်ပတ်ဆိုတာတွေ ပေါ်လာပြီ။ မိတ်ကပ်ဆိုတာလည်း ခေတ်စားလာပြီ။ မျက်လုံးကိုလည်း ရောင်စုံခြယ်ကြပြီ။
အမေကမှ မျက်ခုံးမွှေးဆွဲသေးတယ်။ အဖွားကတော့ မဆွဲပေါင်။ သွားပွတ်တံ အဟောင်းကလေး ရေဆွတ်ပြီး ဟိုဘက်တစ်ချက် သည်ဘက်တစ်ချက် ပွတ်လိုက်ရင် သူ့မျက်ခုံးကလေးက ထင်းလာပြီ။ ဒါကြောင့် အမတွေခေတ်မှာ စုံစီနဖာ ပွစာကျဲနေတဲ့ မှန်တင်ခုံဆိုတာ အဖွားဆီမှာတော့ သီချင်းထဲကအတိုင်း “ဘီးရယ် မှန်ရယ် ကျောက်ပျဉ်ရယ် သနပ်ခါးတုံးနဲ့ရယ်၊ မျက်ခုံးမွှေးလေး သေးသေးတင်ဖို့ မီးသွေးခဲနဲ့ရယ်။” ဆို ပစ္စည်းစုံနေပြီ။ ဆံပင်ကတော့ သမီးတို့လို ညှပ်ကာ လျှော်ကာ ကောက်ကာ ဆိုးကာနဲ့ ကရိကထ မများဘူး။ အုန်းဆီကလေးလူးပြီး သူတို့ထုံးနေကျအတိုင်း ပတ်ထုံးလိုက်ရုံပဲ။ ဖေတို့အမျိုးက ဆံပင်ကောင်းတယ်။ ဖေငယ်ငယ်တုန်းက သမီးဖွားဖွားဆံပင်ဟာ တံခေါက်ခွက်ကျော်တယ်။ ဖေတို့ဘေးကြီးကျတော့ ယောင်္ကျားပေမယ့် သူ့ဆံပင်က ဆံပင်တရပ် လူတရပ်၊ ခြေဖျားအထိရောက်ပြီးမှ ကော့တက်သွားတာ။ ဒါတောင် ကတုံးသုံးခါ တုံးပစ်ရသတဲ့။ ဆံပင်တွေများတော့ ခေါင်းလျှော်ရတာတစ်ခုပဲ အလုပ်ရှုပ်တယ်။ ဒါပေမယ့် သူတို့ခေါင်းလျှော်ထားတဲ့နေ့ဆို ကင်ပွန်းသီးနံ့ကလေး မွှေးနေတာပဲ။ သူတို့တတွေ ဆံထုံးထုံးတာများ သိပ်မြန် သိပ်လွယ်တာပဲ။ ဘီးနဲ့ဖြီးပြီး ကျော်ပတ်လိုက်ပြီးသွားရော။ အဲ့တုန်းက အလှပြင်တဲ့မာမီတွေမှ မပေါ်သေးပဲကိုး။ အိမ်နားက အမကြီးတွေ ဘီးဆံထုံးထုံးချင်လို့ဆိုရင် အဖွားဆီလာရတယ်။ အဖွားက ဘီးအနှောင့်ကလေးနဲ့ ပွတ်ပွတ်ပြီး ထိပ်ပေါ်တင်ပေးလိုက်ရင် ဓါတ်ပုံထဲကအတိုင်း ဖြစ်သွားရော။ သူလည်း သူ့ခေတ်နဲ့သူတော့ အတတ်ကြီးကွယ့်။
           သမီးငယ်ငယ်က သမီးကို ဖြီးလိမ်းဆင်ပြင်ပေးခဲ့သလိုပဲ ဖေငယ်ငယ်ကလည်း အဖွားတို့ အမေတို့က ဖြီးကာလိမ်းကာ သပ်သပ်ရပ်ရပ် ထားခဲ့ကြတယ်။ နောက်တော့ သမီးအရွယ်ရောက်တဲ့အခါ ဈေးဝယ်ရင် ခြင်းတောင်းဆွဲရတယ်။ ရေချိုးနေရင် သနပ်ခါးသွေးပေးရတယ်။ တရားပွဲသွားရင် အဖော်လိုက်ရတယ်။ ညဘက်ကျရင် နင်းနှိပ်ပေးရတယ်။ သမီးကတော့ ခုချိန်ထိ သမီးဖွားဖွားတွေက ပြုစုနေရတုန်း။ ဒါပေသိ ကိုယ့်ဖွားအေကိုယ် ချစ်လို့လုပ်ပေးတာ၊ ကိုယ့်မြေးလေးကိုယ် ချစ်လို့လုပ်ပေးတာဆိုတော့ တစ်ခါမှ ငြီးငြီးငြူငြူ မရှိပါဘူး။ အဲဒီချစ်စရာ မြန်မာ့ဓလေ့ကလေးက အရပ်ဘက် လူ့အဖွဲ့အစည်းမှာတော့ ပျောက်သွားသလောက်ပဲ။ သို့သော်လည်း အမြတ်တနိုး ဆက်ခံထိန်းသိမ်းထားတဲ့သူတွေတော့ ရှိသေးသကွဲ့။ လူကြီးသူမများလာရင် ကတော်မယားများအားလုံး တာဝန်ခွဲဝေလို့ အချက်အပြုတ်၊ အလျှော်အဖွပ်၊ ဈေးဝယ်၊ ဆွဲခြင်းကိုင်၊ ပိုက်ဆံရှင်း၊ နံ့သာသွေး၊ ဘယ်နေရာမှ မလစ်ဟင်းရအောင် စီမံထားရတာလေ။ ပဏ္ဏာတော်မယွင်းရုံနဲ့မရဘူး။ ရာဇသင်္ကြန်လို ပန်းကလပ်အပဲ့ကြီးနဲ့ ခစားဝင်မိလို့  တွံတေး ဒလ မုတ္တမကို သံမင်းကြီးအဖြစ်နဲ့ ဘေးတော်ရောက်သွားတာလည်း ရှိပါသတဲ့။ ပူဇာစ ပူဇာ့နေရာနံ ပူဇော်ထိုက်သူကို ပူဇော်သမှုပြုမှ နေရာနံ နေရာကောင်းကလေးများ ရမယ် မဟုတ်ဘူးလား။
         သမီးတို့ခေတ်မှာတော့ သနပ်ခါးဆိုတာကြီး ပါးပေါ်တင်မိရင် မယဉ်ကျေးသောအရပ်က သစ်ခေါက်ကို မျက်နှာပေါ်ခြယ်သတဲ့ အင်ဒီးယန်းမျိုးနွယ်တွေအလား ထင်မှတ်မှား ကုန်ကြပြီလား မသိပါဘူး။ ဟုတ်တယ်။ အဲဒီအင်ဒီးယန်းမျိုးနွယ်တွေလည်း ဖေတို့လိုပဲ သစ်ပင်သစ်ခေါက် ဆိုးလို့ခြယ်လို့ လိမ်းကျံတယ်။ သဘာဝ သစ်မြစ်သစ်ဖု၊ ဘယ်ဟာက ဘယ်နေရာမှာ အသုံးဝင်အစွမ်းထက်တယ်ဆိုတာ နားလည်တယ်။ နေလ နက္ခတ် နဲ့ သဘာဝကပြောတဲ့ အမှတ်အသား လက္ခဏာတွေကို ယုံယုံကြည်ကြည် အဓိပ္ပါယ်ကောက်တယ်။ အဖိုးက မြေးကို အဖေက သားကို သူတို့ယုံကြည်မှု၊ သူတို့ ဓလေ့ထုံးစံတွေကို လက်ဆင့်ကမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေ အခု မရှိတော့ဘူး။ အရုပ်ရေးပြစရာတောင် ချန်မထားခဲ့ဘူး။ တာဇံကားရိုက်မှ တောတွင်းသား လူရိုင်းတွေနေရာက ထားလိုက်တော့တယ်။ အရပ်ရှစ်မျက်နှာ ကမ္ဘာအနှံ့အပြား ဘယ်နေရာကလာသည်ဖြစ်စေ ဂျင်းဘောင်းဘီဝတ်၊ ဟမ်ဘာဂါစား၊ မကွဲမပြား တသားတည်းရှိဖို့ ကြိုးစားနေသူတွေရဲ့အောက်မှာ ခြေရာလည်းပျောက် ရေလည်း နောက်ခဲ့ပြီ။ ခေတ်နဲ့မလျှော်ညီတော့တဲ့၊ လိုက်လျောညီထွေမဖြစ်တော့တဲ့ အတွေးအခေါ်အယူအဆတွေမို့ စွန့်ပစ်ခဲ့ဖို့ အချိန်တန်ပြီ လို့ တွေးချင်လည်း တွေးပါလေ။ အဖေကတော့ ကိုယ့်ဘိုးကိုယ့်ဘွားတွေ ဒီလိုမျိုး နေခဲ့ထိုင်ခဲ့ကြတာကလေးတွေကို သတိရမိတော့ သူတို့ကို လွမ်းတဲ့အခါ သူတို့လိုမျိုး ပြန်နေကြည့်လိုက်ရင် စိတ်ထဲမှာ သူတို့ဆီ ပြန်ရောက်သွားသလို ခံစားရတာပေါ့။ သူတို့နဲ့ကိုယ်နဲ့ တစ်ကမ္ဘာ မခြားသေးဘူးလို့ ခံစားရတာပေါ့။ အဖေမရှိတဲ့နောက် သမီးလေးလည်း အဖေ့ကို သတိရတယ်ဆိုတဲ့ အချိန်ကျရင် ငယ်ငယ်တုန်းက  ပါးပေါ်မှာ ပါးကွက်အရုပ်ကလေးတွေ ခြယ်ပေးခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပြီး သနပ်ခါးရေကျဲကလေး လိမ်းကြည့်လိုက်ပေါ့နော်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...