Saturday, March 23, 2013

ဒေါသရဲ့ နောက်ဆက်တွဲ

by Seaman Nayminthu (Notes) on Saturday, March 23, 2013 at 4:43am
 

၂၀၀၀ ပြည့်နှစ်ထဲမှာ ကျနော့် မိခင်ဆုံးတော့ ရွာကိုပြန်ရောက်ခဲ့ပါတယ်။ မိခင်ရင်း ဆုံးပါးသွားတာမို့ ရုတ်တရက် ဖြေမဆည်နိုင် ငိုကြွေးပူဆွေး သောကဗျာပါဒတွေ ကြားထဲကပဲ အရာအားလုံး မမြဲဘူး ဆိုတဲ့  အနိစ္စတရားကို တတ်နိုင်သမျှ နှလုံးသွင်းဆင်ခြင်ရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်။


အမေက သက်စေ့ကံကုန် သဘောပြောလို့ရတဲ့ လူကြီးရောဂါနဲ့ ဆုံးပါးသွားရှာတာ။ နာရေးကိစ္စ ဆိုတော့လည်း ရပ်နီး ဆွေမျိုးမိတ်ဆွေတွေ နဲ့ ရပ်ဝေးက တချို့ဆွေမျိုးတွေ ရောက်လာ ဆုံတွေ့ကြရပါတယ်။ ဈာပန သင်္ဂြိုလ်ကိစ္စွ ပြီးစီးသွားချိန် နောက်ရက်တွေမှာ ဆွေမျိုးတစု စကားသမီပြောကြဆိုကြတော့ မိသားစု စားဝတ်နေရေး အခြေအနေ ရပ်ရေးရွာရေး အကြောင်းတွေ ပြောဖြစ်ကြရင်း မပြောပလောက်တဲ့ အကြောင်း ကိစ္စ တခုကို အခြေခံပြီး ဒေါသမထိန်းနိုင်လို့ လူသတ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ် တချို့ဆီ ရောက်သွားပါတယ်။

ပထမ လူသတ်မှုက (၈) လောင်းပြိုင် လူသတ်မှု။ ကျနော်တို့ ရွာနဲ့ ၁၀ မိုင်လောက်အဝေးက ချောင်ကျကျ ရွာတွေမှာ ဖြစ်သွားတာ။ အဲဒီသတင်းကို ကျနော် ရန်ကုန်မှာကတည်းက အကြမ်းဖျင်းသိခဲ့ရပါတယ်။ ကျနော်တို့တပ်မှာ မှုခင်းဂျာနယ် အမြဲတမ်းဝယ်ဖတ်နေကျ ဆရာကြီးတဦး ဂျာနယ်ဖတ်ရင်း (၈)လောင်းပြိုင် လူသတ်မှုအကြောင်း တအံ့တသြ ပြောဆိုနေလို့ ကျနော်ဖတ်ကြည့်လိုက်တော့ ကိုယ့်နယ်ကိုယ့်ဒေသ ဖြစ်နေတာ တွေ့ရလိုက်ရတယ်။

ဖြစ်ပုံက … ခမုံဆိပ် ရထားဘူတာနဲ့ ၇ မိုင်လောက်ဝေးတဲ့ တော်လသရွာမှာ အင်းပိုင်ရှင်(အင်းသူကြီး) တဦး ရှိတယ်။ သူ့အင်းထဲမှာ အစောင့်ငှားထားတဲ့ အင်းလုပ်သား လူငယ်ကို အင်းသူကြီးက ငါးခိုးတယ်လို့ စွပ်စွဲရာက စဖြစ်တာ။

အင်းလုပ်သား ကောင်လေးနဲ့ အင်းသူကြီး ၂ ယောက်တည်းရှိနေခိုက် အင်းသူကြီးက ကောင်လေးကို ငါးသူခိုး စွပ်စွဲတယ်။ ကောင်လေးက မခိုးကြောင်း ငြင်းဆန်တယ်။ တယောက်တခွန်း စကား အခြေအတင် ဖြစ်လာတော့ အင်းသူကြီး လက်ထဲမှာကိုင်ထားတဲ့ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးနဲ့ ကောင်လေးကို ရိုက်တယ်။ အဲဒီမှာ ကောင်လေးက အသင့်ဆောင်ထားတဲ့ ဓားမြှောင်နဲ့ အင်းသူကြီးကို ထိုးပြီး ထွက်ပြေးသွားတယ်။
ဒီနေရာမှာ သူတို့နေထိုင်တဲ့ ရွာအနေအထားကို နည်းနည်း ပြောပြချင်ပါတယ်။ အဲဒီဘက်က ရွာတွေဟာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး ခေါင်တယ်။ ရွာပတ်ဝန်းကျင်မှာ ကိုင်းတောတွေ ပတ်လည်ဝိုင်းနေပြီး မြွေဆိုးလည်း အင်မတန်ပေါလှတယ်။ ရွာကလူတွေဟာ ငါးဖားရှာ၊ လယ်လုပ်၊ သက်ငယ်ရိတ် အလုပ်တွေနဲ့ အသက်မွေးသူတွေဖြစ်ပြီး မြို့ပြကို အရောက်အပေါက် နည်းကြတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သူတို့ဒေသကို ဖြတ်ဖောက်တဲ့ မဟာဗျူဟာ ကားလမ်း လုပ်အားပေးသွားရင်း ကျနော် အဲဒီရွာတွေကို ၂ ခေါက် ၃ ခေါက်လောက် ရောက်ခဲ့ဖူးတယ်။ သူတို့ရွာ ဓလေ့က လူတိုင်းလိုလို ဘယ်သွားသွား လွယ်အိတ်ထဲမှာ ဓားမြှောင်တချောင်း ဒါမှမဟုတ် လေးခွနဲ့ စင်းမျှား(ဂျင်ဂလိ) အမြဲလိုလို ဆောင်ထားတတ်ကြတာ။ အိမ်လည်သွားရင်လည်း ကိုင်းခုတ်ဓား၊ ငှက်ကြီးတောင်၊ လှံ၊ ကိုက်… တခုခု ပါလာတတ်ကြတယ်။ မိန်းမချင်း ရန်ဖြစ်တာတောင် ဓားခုတ်မှုဖြစ်တဲ့ ဒေသ။ မူလတန်းကျောင်း တချို့ပဲ သူတို့ရွာမှာ မြင်တွေ့ရတယ်။

ကျနော့်အမြင်တော့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုနဲ့ ပညာသင်ခွင့် နည်းပါးမှုတွေက လူတွေရဲ့ စိတ်ကို ခက်ထန် ကြမ်းတမ်း နေစေသလားလို့။

ထားပါတော့လေ.. စောစောက စကားပြန်ဆက်ရအောင်… အင်းသူကြီး ဓားထိုးခံလိုက်ရတော့ သားဖြစ်သူတွေ အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ကြတယ်။ အဖေလူမမာကို ပြုစုဖို့ထက် တဘက်လူကို ဘယ်လိုရန်တုန့်ပြန်ရ မလဲ ဇောစိုက်နေကြပုံရတယ်။ အင်းသူကြီးသားဆိုတော့ သူ့မှာ တိုက်ကျွေးပေးကမ်းထားတဲ့ တပည့်တပမ်း တချို့ ရှိနိုင်တာပေါ့။ ဒီတော့ သူ့တပည့်တွေကို လူစုခေါ်ယူပြီး ဝက်တကောင်ပေါ် ချက်ကြ စားကြ သောက်ကြနဲ့ အမူးရေချိန်ကိုက်လာချိန်မှာ အင်းသူကြီးသားက ‘ငါတို့ ဒီည အလုပ်ရှိတယ်။ အားလုံး ငါနဲ့ လိုက်ခဲ့ကြ.. ပြန်ရောက်မှ ထပ်ပြီးအောင်ပွဲခံကြမယ်’ ဆိုပြီး ဝက်သားဟင်းနဲ့ အရက် အဆင်သင့်လုပ်ထားခဲ့တယ်။

သူတို့အုပ်စု ဦးတည်သွားတာက အိုင်စောက်ရွာ။ မြစ်မခမြစ် ရေကာတာနံဘေး အိမ်ခြေ ဆယ်ဂဏာန်းပဲ ရှိတဲ့ ရွာငယ်လေး။ တော်လသ နဲ့ အိုင်စောက် ၂ မိုင်နီးပါးဝေးတယ်။ ကြားထဲမှာ ကိုင်းတောနဲ့ ချောင်းရိုးလေးတွေ ခြားထားတယ်။

အိုင်စောက်ရွာမှာက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ ကောင်လေးရဲ့မိဘအိမ်ရှိတယ်။ အဲဒီအချိန်က ကောင်းလေး အဖေ အသဲအသန် မမာမကျန်းဖြစ်နေပြီး ရွာထဲက ဆွေမျိုးမိတ်ဆွေတွေ လာရောက်သတင်းပေးနေကြတဲ့ အချိန်။

ကိုင်းတောကိုဖြတ်ပြီး လက်နှိပ်ဓာတ်မီး တဝင့်ဝင့်နဲ့ တက်လာတဲ့ လူစုဟာ ရုပ်ရှင်ထဲကအတိုင်းပဲ တဲ့။ ကောင်လေးမိဘ အိမ်ကို ရောက်တော့ အိမ်ပေါ်ကို တက်သွားပြီး အိမ်ပေါ်မှာထွန်းထားတဲ့ ရေနံဆီ မီးအိမ်ကို တယောက်က ရိုက်ခွဲပစ်လိုက်တယ်။ တဆက်တည်းပဲ ကျန်တဲ့လူတွေက တွေ့ရာ အကုန်သိမ်းခုတ်ကြတာ။ မိန်းမသားရော ကလေးတွေပါ တယောက်မှ အလွတ်မပေးဘူး။ ပတ်ဝန်းကျင်တခုလုံး  ကမ္ဘာပျက်သလို ဖြစ်သွားမှာပဲ။

လူသတ်ပွဲပြီးတော့ လူမမာအပါအဝင် အားလုံး ၈ ယောက်ပွဲချင်းပြီးသေတယ်။ ခြေပြတ်လက်ပြတ် ဒဏ်ရာ ရသူတွေလည်း ရှိတယ်။
သာယာဝတီခရိုင်က ရဲမှူးကိုယ်တိုင်ဆင်းလာပြီး အမှုကိုင်တွယ်တယ်လို့ သိရပါတယ်။
……………………………………………………………

နောက်တခုက ကျနော်တို့ ရွာနဲ့ သိပ်မဝေးတဲ့ ဇီးဖြူကုန်းရွာမ မှာဖြစ်တာ။ လက်လုပ်လက်စား ဆင်းဆင်းရဲရဲ လူတယောက် ချဲပေါက်တယ်။ ရွာမှာဆိုတော့ ဒီသတင်းက ချက်ချင်း ရွာထဲပျံ့သွားတာ။ မျက်စိမမြင်တဲ့ အဒေါ်ကြီးတဦးလည်း သမီးဖြစ်သူပြောပြလို့ သိသွားတယ်။ အဲဒီမှာ အဒေါ်ကြီးက ချဲပေါက်တဲ့လူ သူ့ဆီက ငွေချေးထားတာ တနှစ်လောက်ရှိပြီ။ ပြန်မဆပ်သေးဘူး လို့ပြောတယ်။ သမီးက ဒါအမှန်ပဲလား.. အဲဒါဆို ခုချိန် တောင်းမှ ဖြစ်မယ်ဆိုပြီး အဒေါ်ကြီး လက်ကိုဆွဲလို့ ချဲပေါက်သူရဲ့ အိမ်ကိုသွားကြတယ်။

အဲဒီလူက သူတို့အိမ် မှာ ဝင်ထွက်သွားလာနေပြီး အလုပ်ရှိလည်း ကူညီလုပ်ပေးနေကျ ရင်းနှီးနေသူဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ရစရာ ရှိတယ်ဆိုတဲ့ ငွေက ထောင်ဂဏာန်းထောင် မရှိဘူးထင်ပါတယ်။

ဟိုရောက်လို့ အကြွေးတောင်းတဲ့အခါ ချဲပေါက်ထားသူက ‘ကြီးတော်ရဲ့ အကြွေး ကျနော်ဆပ်ပြီးပြီလေ..’  လို့ သက်သေ အထောက်အထားနဲ့ ပြောတယ်။ အဒေါ်ကြီး ဇဝေဇဝါ  ဖြစ်သွားပေမယ့် သမီးဖြစ်သူက လုံးဝ လက်မခံဘူး။ ကြမ်းကြမ်းတမ်းတမ်း ရန်တွေ့တယ် တဲ့။ ဒါနဲ့ ဟိုလူက ‘အေး အဲဒါဆိုလည်း ငါဆပ်ပါမယ်ဟာ.. ဒါပေမဲ့ ပိုက်ဆံက ခုထိလာမလျော်သေးဘူး… နင်တို့ အိမ်ကိုစိတ်အေးလက်အေးပြန် ရတာနဲ့ ငါလာပို့မယ်’ ပြောတော့ လည်း မရဘူး။ တဖြည်းဖြည်း အခြေအတင်ဖြစ်လာရင်း အမျိုးသမီးက ရုန့်ရင်းတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုရင်း ဟိုလူကို ပါးရိုက်လိုက် သတဲ့။

နာလည်းနာ ရှက်လည်းရှက်ဖြစ်သွားတဲ့ လူဟာ မွှန်ထူပြီး အရိုင်းစိတ် ပူးကပ်စီးနင်းသွားတယ် ထင်ပါရဲ့။ စောစောကမှ နှီးဖြာဖို့ ထက်နေအောင်သွေးပြီး ကြမ်းခင်းအစွန်း ပေါ်တင်ထားတဲ့ ဓားကို ဆွဲကာ အမျိုးသမီးရဲ့ လည်ဂုတ်ကို ပိုင်းချလိုက်တယ်။ အသံမထွက်ဘဲ လဲသွားတဲ့ သမီး ဓားခုတ်ခံလိုက်ရမှန်း မျက်မမြင် အဒေါ်ကြီး သိပုံမရဘူး။ ဒါကြောင့် သမီးအားတက်အောင် သူကပါဝင်ပြောတော့ အဒေါ်ကြီးလည်း ဆက်ပြီး အပိုင်းခံလိုက် ရတယ်။ ၂ ယောက်လုံး ပွဲချင်းပြီးပါပဲ။
…………………………………………………………………………

အဲဒါတွေက အမေ့နာရေး ကိစ္စသွားရင်း ထပ်ပြီးကြားလိုက်ရတဲ့ နာရေးသတင်းတွေပါ။ စိတ်ခံစားမှုကြောင့် လျှပ်တပြက် ဖြစ်ပေါ်နိုးထလာတဲ့ ဒေါသအဟုန်ကို အချိန်မီ ဘရိတ်မအုပ်နိုင်တဲ့အခါ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက မတွေးဝံ့စရာ။
ဒေါသ ဓာတ်ခံပေါ်မှာ အမုန်းမီးပါ ထပ်ဆင့်လိုက်တယ် ဆိုရင်တော့…. မတွေးရဲတော့ပါ။

မထင်မှတ်ဘဲ တဒင်္ဂဒေါသကြောင့် မှားယွင်း ကျူးလွန်မှုကို ဘဝနဲ့ရင်းပြီး ပေးဆပ်တာတောင် မပြေလည် နိုင်တာတွေ ရှိလာနိုင်တယ်။ ‘ဘယ်သူမပြု မိမိမှု’ ဆိုပေမဲ့ ဒေါသ အလျောက် ကိုယ်ကျူးလွန်လိုက်တဲ့ ပြစ်မှု တခုရဲ့ အကျိုးဆက်ကို ကိုယ်တယောက်တည်း ခံလိုက်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ကိုယ်နဲ့သက်ဆိုင်တဲ့ မိသားစုပါ သောကအပူတွေကို ထပ်တူမျှဝေ ခါးစည်းခံရတာပါ။

ကြီးကြီးကျယ်ကျယ် ထိခိုက်ပျက်စီးသွားစေတဲ့  ပြဿနာမီး အများစုကြီးဟာ နန်းတော် ခေါင်ကစတာထက် လမ်းဘေးသစ်ရွက်က စလောင်တဲ့ မီးတွေများတာကို ကျနော်တို့ သက်တမ်းမှာတင် ကိုယ်တွေ့ရော ကြားသိ ကြုံတွေ့ ရတာတွေပါ များလှပါပြီ။

လူဖြစ်တဲ့အတွက် ခံစားချက် ကိုယ်စီ ရှိကြပါတယ်။ သို့သော် အဲဒီခံစားချက်ကို လွယ်လွယ်နဲ့ ဖောက်ခွဲ မပစ်လိုက်ကြဖို့  အလေးအနက် မေတ္တာရပ်ချင်ပါတယ်။ အကျိုးဆက်တွေက ခါးသီးလွန်းလို့ပါ။

နေမင်းသူ
၂၃-၀၃-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...