Wednesday, March 27, 2013

ဂျပန်မှ မြန်မာသို့ ဖွံ့ဖြိုးရေးအကူအညီများ (ODA) ပေးအပ်မည့် စီမံကိန်းတာဝန်ခံနှင့် တွေ့ဆုံခြင်း


“မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံခြားအကူအညီတွေ ဘယ်လောက်ပဲရရ မြန်မာနိုင်ငံအစိုးရက ကိုယ့်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပေးရမှာ”


ရေးသားသူ- အားမာန်

ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ အကူအညီများပေးအပ်ရန် ပထမဆုံးအကြိမ် အစည်းအဝေးကို မတ်လ ၁၃ ရက်တွင် ကျင်းပခဲ့သည်။ ယခင် ဂျပန်က မြန်မာသို့ ပေးအပ်မှု ကာလရှည် ရပ်နားထားသော ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ (ODA)ကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီများပေးအပ်ရေး စီမံကိန်းအတွက် တာဝန်ရှိသူ တစ်ဦးဖြစ်သော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ ရှူဂျီ မယ်လ်ဒါနှင့် မတ်လ ၁၄ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

လက်ရှိ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုပေးမယ့် ODA က ဘယ်ကဏ္ဍတွေအတွက်လဲ။
တစ်အချက်ကတော့ ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးပေါင်းစုံ နေထိုင်စားသောက်ရေးအားလုံး သာယာဝပြောစေဖို့နဲ့ ပြည်နယ်
နဲ့တိုင်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ အဓိကဆောင်ရွက်နေပါတယ်။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်လာတဲ့အထိ အတတ်ပညာတွေ သင်ပေးဖို့အတွက် လုပ်ပေးတာက ဒုတိယအချက်ပေါ့။ နံပါတ်သုံးအချက်
ကတော့ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ပါ။ အခုအားလုံး အာရုံစူးစိုက်နေတဲ့ ODA ကနေပြီးတော့ ချေးငွေတွေပေးမယ်။ လူတိုင်းကလည်း ဒါကိုစိတ်ဝင်စားနေကြတယ်။ ယန်းကုဋေ ၅၀၀ ကို ODA ကနေ ချေးပေးမယ်။ ဒီနှစ်မှာလည်း ကုဋေ ၂၀၀ အလကားပေးမယ်။ နောက်နှစ်မှာလည်း ကုဋေ ၂၀၀ ထပ်ပေးမယ်။ ပေးမယ့် ကုဋေ ၄၀၀ ထဲမှာ အတတ်ပညာရှင်၊ အသိပညာရှင်တွေ ဂျပန်ကနေလာပြီး မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ နေရာတွေမှာ အတတ်ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရာမှာ သုံးဖို့လည်းပါတယ်။ အရှေ့တောင်အာရှမှာ ကုဋေ ၂၀၀ ပေးမယ်ဆိုတာမြန်မာနိုင်ငံ ပထမဆုံးပဲ။ ဒီ့အပြင်
နိုင်ငံ ဘယ်နိုင်ငံမှ အဲဒီပမာဏလောက်ကို တစ်ခါတည်း အကူအညီ မပေးဖူးသေးဘူး။ ဒါကြောင့်မို့ ဒါကိုကြည့်မယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာဖို့နဲ့နိုင်ငံတိုးတက်လာဖို့အတွက်ကို ဘယ်လောက်အလေး
ထားတယ်ဆိုတာ သိသာနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်မနေ့က အစည်း
အဝေးလုပ်တယ်။ အစည်းအဝေးမှာ အားလုံးတင်ပြတာ အခုပြောထားတဲ့ အဓိကအချက်တွေ အားလုံးပါတယ်။ အခုဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံကိုသွားပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အချိန်မှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ODA ကနေတစ်ဆင့် ထောက်ပံ့ဖို့ သူတို့ဆုံးဖြတ်ထားတယ်။

အခုပေးမယ်ဆိုတဲ့ ကုဋေ ၄၀၀ က အရင်ချေးမယ်ပြောထားတဲ့ ယန်း ကုဋေ ၅၀၀ နဲ့ တူလား။
ဒီဥစ္စာက အသစ်။ ဒါက သတ်သတ်ပါ။ ကုဋေ ၅၀၀ ကို ချေးပေးမယ့်အတွက်ကြောင့်မို့ အရင် အကြွေးဟောင်းတွေကို အကုန်လုံး လျှော်လိုက်တာ။ ကုဋေ ၅၀၀ ကလည်း ချေးငွေအသစ်ပါ။ ၂၀၁၂ ဇန်န၀ါရီတုန်းက ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မြန်မာနိုင်ငံသွားတုန်းကလည်း ဒီကုဋေ ၅၀၀ ချေးပေးမယ့်ဟာကို အတတ်နိုင်ဆုံး၊ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သဘောတူထားတယ်။ ကုဋေ ၅၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဓိက လုပ်ပေးရမယ့် စီမံကိန်းက သုံးခုရှိတယ်။ တစ်အချက်က ပြည်နယ်နှင့်တိုင်းဒေသကြီး ဖွံ့ဖြိုးဖို့အတွက်နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ လယ်ယာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနေရာမှာ အသုံးချဖို့။ အဲဒီနေရာတွေမှာ အသုံးချဖို့အတွက် အခြေခံအဆောက်အအုံနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ပါ အသုံးပြုရမယ်။ နှစ်အချက်က လျှပ်စစ်ဓာတ်အား ဖူလုံဖို့နေရာမှာ အသုံးပြုရမယ်။ စက်ရုံတွေ တည်ဆောက်မယ့်၊ ရေကာတာတွေ တည်ဆောက်မယ့်ပြန်ပြင်မယ့်နေရာမှာ အသုံးပြုဖို့။ နံပါတ်သုံးကတော့ သီလ၀ါစက်မှုဇုန်မှာ အသုံးပြုဖို့ပါ။

ဘာကြောင့် မြန်မာနိုင်ငံကို ဒီလိုအကူအညီတွေ ပေးတာလဲ။
ဂျပန်အစိုးရကနေပြီး မြန်မာနိုင်ငံကို အရင်တုန်းကတည်းက စိတ်ဝင်စားပြီးတော့ အာရုံစိုက်ခဲ့ပါတယ်။ အကူအညီတွေပေးဖို့ အဓိကအချက်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲသွားပြီး၊ ပြည်သူတွေအပေါ်လက်ရှိ အစိုးရက အနေအထား ပြောင်းသွားတဲ့ အတွက်ကြောင့် ကူညီဖို့ဆုံးဖြတ်တာပါ။ နှစ်အချက်က မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ စားဝတ်နေရေး အဆင်ပြေပြီး စီးပွားရေးဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒပေါ့။ မြန်မာနိုင်ငံအပေါ် ကောင်းစေချင်တဲ့ ဆန္ဒမရှိရင် အကြွေးတွေ လျှော်မပစ်သလို ကုဋေ ၅၀၀ လည်း ထပ်ချေးမှာ မဟုတ်ဘူး။ ODA ပေးတာလည်း ဒါကြောင့်ပါ။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံဟာ အနာဂတ်မှာ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးဟာ လွတ်လပ်ပြီး ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှမယူရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပေါ်လစီက အခုလည်း ဒီလိုပါပဲ။ နောင်လည်း ဒီလိုပါပဲ။

ဂျပန်ရဲ့ ODA ကို အာဆီယံမှာ ဘယ်နိုင်ငံတွေက အများဆုံး ရနေပါသလဲ။
ပထမဦးဆုံး အင်ဒိုနီးရှား နောက် ဖိလစ်ပိုင်၊ နောက် ဗီယက်နမ်။ အခုလက်ရှိ စီးပွားရေးတိုးတက်သွားလို့ ထောက်ပံ့မှု မပေးတော့တဲ့ နိုင်ငံတွေဆိုရင် ထိုင်းနဲ့ မလေးရှားရှိမယ်။ ဒါပေမဲ့ သူတို့ကို ODA ပေးခဲ့တဲ့ သမိုင်းအရ ကြည့်မယ်ဆိုရင်တော့ ထိုင်းနဲ့ မလေးရှားက အများဆုံးရှိမယ်။ ဒါပေမဲ့ ကာလတိုအတွင်းမှာ အများဆုံး ပေးတာကတော့ မြန်မာနိုင်ငံက ပထမဆုံးပဲ။ အခြားနိုင်ငံတွေ ပေးတာများတယ်ဆိုတာ သူတို့ကို နှစ်ရှည်စီမံကိန်းတွေ ပေးခဲ့တာ။

ဂျပန်ရဲ့ ODA ပေးခဲ့တဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမယ်လို့ အကြံပြုချင်ပါသလဲ။
ဂျပန်နိုင်ငံက အရှေ့တောင် အာရှမှာ ODA နဲ့ ပတ်သက်ပြီးတော့ အကူအညီပေးခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ အတွေ့အကြုံတွေ အများကြီးရှိပေမယ့် မြန်မာနိုင်ငံအစိုးရကို ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ပြောမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့မှာတော့ ဒီလိုဒီလို အတွေ့အကြုံတွေရှိတယ်။ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတဲ့ အကြံဉာဏ်တွေပေးမယ်။ ကျွန်တော်တို့အနေနဲ့က ဖိအားတွေပေးပြီး ဟိုဟာလုပ်၊ ဒီဟာလုပ် မပြောပါဘူး။ အဓိကလုပ်ရမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် နိုင်ငံခြားအကူအညီတွေ ဘယ်လောက်ပဲရရ မြန်မာနိုင်ငံအစိုးရက ကိုယ့်ဘာသာကိုယ် ပြုပြင်ပြောင်းလဲပေးရမှာ။ ကျွန်တော်တို့ကတော့ အကြံဉာဏ်တွေပေးမယ်။ ပူးပေါင်းပြီးလုပ်ပေးမယ်။

အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံရသေးလဲ။
ကျွန်တော်တို့ အခြေခံအဆောက်အအုံတွေ ကောင်းအောင်လုပ်တဲ့အခါမှာ ကြုံတွေ့နေရတာက အများကြီးပေါ့။ လမ်းတွေပြင်တယ်။ အချိန်မီမပြီးဘူး။ အဲဒါတွေက ကျွန်တော်တို့အတွက် အခက်အခဲအများကြီးရှိတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် စီမံကိန်းတွေလုပ်တဲ့အခါ တာဝန်ရှိသူတွေ၊ အကောင်အထည်ဖော်တဲ့ လူတွေက အစီအစဉ်တွေမသိဘူး။ ဟိုဟာမသိဘူး၊ ဒါမသိဘူး ပြောတာတွေ၊ အချိန်မလေးစားတာတို့၊ မတိကျတာတို့မျိုးတော့ ကြုံရတယ်။ ဂျပန်တွေက လုပ်တဲ့အလုပ်ကို တာဝန်ယူတယ်။ နောက် ဟိုကုန်ကြမ်းမရလို့၊ ဒီကုန်ကြမ်းမရလို့၊ လုပ်လို့မရဘူး။ ဥပမာထားပါတော့၊ အုတ်၊ သဲ၊ ကျောက်ဆိုလို့ရှိရင် အချိန်မီမရောက်တာတို့၊ ကျောက်က အချိန်မီမရောက်တာတို့ လုပ်ငန်းကြန့်ကြာမှုတွေတော့ ကြုံရတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက စပြီးအစီအစဉ်ဆွဲတဲ့ အချိန်တုန်းကတည်းက အဲဒါတွေကို ထည့်တွက်ပြီးတော့ အသေးစိတ် တွက်ချက်ပြီးတော့ လုပ်စေချင်တာ။ ကျွန်တော်တို့ကတော့ ဆုံးဖြတ်ဖို့အတွက်ကို မစခင်မှာ အရမ်းကြာတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်။ ဒါကြောင့်လည်း လုပ်ပြီဆိုရင် တိတိကျကျလုပ်တယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံ အနေနဲ့ ODA ပေးရာမှာ အမြဲတမ်း အပြောဆိုခံရတယ်။ အရမ်းကြာတယ်။ ဘယ်တော့ပေးမှာလဲ၊ ဘယ်တော့ရမှာလဲလို့ ODA ရမယ့် နိုင်ငံတွေက သိချင်နေကြတာ။ ဒါပေမဲ့ ဂျပန်က ODA ပေးဖို့အတွက်ကို အသေးစိတ် စိစစ်ပြီးတော့မှ နောင်အနာဂတ်မှာ ပြဿနာတွေ မဖြစ်အောင်တာဝန်ယူပြီးတော့ လုပ်ပေးချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် မချခင် အချိန်နည်းနည်းကြာတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ အသေးစိတ်ပြီးဆုံးတဲ့အထိ တာဝန်ယူလုပ်ပေးတာ။ ဒါဂျပန်နိုင်ငံရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဒဿနလည်း ဖြစ်ပါတယ်။ အကူအညီတွေ ပေးတဲ့အခါ ပေးလိုက်တယ်၊ ပြီးသွားပြီ၊ ဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ နောင်အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ကြည့်ပြီးတော့ ဆိုးကျိုးတွေမရှိအောင် သေချာတွက်ချက်ပြီးတော့မှ အကူအညီပေးတာပါ။ ဒါ ဂျပန်နိုင်ငံရဲ့ ODA နဲ့ ပတ်သက်ပြီးတော့ အကူအညီပေးတဲ့ စံပေါ့။

အကူအညီတွေ ပေးထားပြီးမှ မြန်မာနိုင်ငံ နောက်ကြောင်းပြန်သွားမှာမျိုးကိုရော စိုးရိမ်မိလား။
စိုးရိမ်မှုမရှိဘူးလို့ပြောရင် လိမ်ညာရာရောက်ပါတယ်။ ဒါပေမဲ့ စိုးရိမ်မှုတွေကတော့ အမျိုးမျိုးရှိတယ်။ ဒီစိုးရိမ်မှုတွေကို ကျော်လွှားပြီးတော့ အနာဂတ်ကာလမှာ ကျွန်တော်တို့အလုပ်လုပ်ဖို့ပဲ စဉ်းစားထားတယ်။ စိုးရိမ်တယ်၊ စိုးရိမ်တယ်ဆို ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးလေ။ မြန်မာနိုင်ငံ အစိုးရကနေ နိုင်ငံတော် စီမံကိန်းတွေ ဆွဲနေတယ်။ နိုင်ငံတော်တိုးတက်ကောင်းမွန်အောင်ဆိုပြီး လောလောဆယ်ဆွဲနေတုန်းပဲဆိုပြီး ဂျပန်အစိုးရကို ပြောထားတယ်။ အဓိကလုပ်ရမယ့် အချက်တွေ ဦးစားပေးလုပ်ရမယ့် အချက်တွေ ဘာတွေဆိုတာ လက်တွေ့ဘာမှ မသိရသေးဘူး။ အဲဒီတော့ အဲဒီအချက်ကို စောင့်ကြည့်နေတယ်။ အကူအညီပေးရာမှာ မြန်မာအစိုးရကနေပြီးတော့ မတောင်းလို့ ရှိရင် ပေးလို့မရဘူး။ ကျွန်တော်တို့ က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါဆိုပြီး စီစဉ်ညွှန်ကြားလို့မရဘူး။ မြန်မာအစိုးရက ဘာလုပ်ချင်တယ်၊ ဘယ်နေရာမှာ လိုအပ်နေတယ်ဆိုတာကိုပြောမှ ကူညီလို့ရမယ်။ ဥပမာ လောပိတဆိုလည်း လောပိတကို ပြန်လည်ကောင်းအောင် လုပ်ချင်တယ်၊ အဲဒီအတွက် အကူညီထောက်ပံ့ပေးပါ ၊ အဲဒီလိုပြောမှ။ အခုက ကျွန်တော်တို့က ကူညီဖို့စောင့်နေရတာ။ မြန်မာပြည်က ဆန္ဒမရှိရင် ဘာမှလုပ်ပေးလို့မရဘူး။

သီလ၀ါ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောစရာရှိလဲ။
သီလ၀ါက သမ္မတကြီး ဦးသိန်းစိန်ကနေ ဂျပန်အစိုးရကို တိုက်ရိုက်အကူအညီတောင်းလာတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ အဓိက အလေးပေးပြီး ဆောင်ရွက်နေတာပါ။ ဒီသီလ၀ါစီမံကိန်း ပြီးသွားမယ်ဆိုရင်တော့ ဂျပန်အစိုးရအနေနဲ့ စဉ်းစားထားတာက သီလ၀ါက မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာဖြစ်လာမယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဦးမော့ထောင်တက်လာမယ်လို့ ကျွန်တော်တို့ထင်တယ်ပေါ့။ နောက်ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်လက်မဲ့တွေလည်း အလုပ်အကိုင်ရလာမယ်။ စားဝတ်နေရေးတွေ အဆင်ပြေလာမယ်လို့ ကျွန်တော်ထင်တယ်။

မနေ့တုန်းက ပထမဦးဆုံးအကြိမ် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေး အခြေခံ အဆောက်အအုံတွေ အကြောင်း ဆွေးနွေးတာ။ ပထမဆုံးအကြိမ် အစည်းအဝေးခေါင်းစဉ်က ဘာလဲဆိုတော့ သီလ၀ါစီမံကိန်းကို အစစအရာရာ တာဝန်ယူပြီး ဆောင်ရွက်ဖို့အတွက် ဂျပန်ဘက်အပိုင်းကနေပြီးတော့ JICA အဖွဲ့အစည်းကို ဦးဆောင်ပြီးလုပ်ပေးဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...