Wednesday, March 27, 2013

ပဋိပက္ခများနှင့် မြန်မာ့နိုင်ငံရေး ပရောဂ


ဓါတ်ပုံအား burmese.voanews.com မှ ကူးယူဖေါ်ပြသည်။ 

by မှူး သစ် (Notes) on Monday, March 25, 2013 at 12:19pm

လူမျိုးရေးဘာသာရေးကို အခြေခံပြီးဖြစ်ပွားခဲ့သော မိတ္ထီလာ အဓိကရုဏ်းများဧ။် နောက်ဆက်တွဲ ဂယက်အဖြစ် ရန်ကုန်မြို့မှာပါ မတည်မငြိမ် အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းက ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင်ကူးပြောင်းနေစဲ မြန်မာနိုင်ငံအတွက် ကြီးစွာသော အတားအဆီးတစ်ခု ဖြစ်လာနိုင်သလို၊ ထိတ်လန့်ဖွယ်ရာ ကောင်းသော အန္တရယ်ဟုလည်း ယူဆ နိုင်သည်။။
အမှန်စင်စစ်အားဖြင့် လူမျိုးရေးဘာသာရေး ဆက်နွယ်သော ပဋိပက္ခများ ကြောင့် ဖြစ်ပွားခဲ့ရသော အဓိကရုဏ်းများမှာ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များအား ပြန်လည်ကုသရေးများလုပ်ဆောင်နေစဉ် အချိန်တွင်းမှာပင် မိတ္ထီလာ အရေးအခင်းဖြစ်ပေါ်လာခဲ့ တာဟာ   ဒီမိုကရေစီသက်တမ်းနုနယ်လွန်းသော မြန်မာနိုင်ငံအတွက် လူမျိုးရေးဘာသာရေး ပဋိပက္ခမုန်တိုင်း များစတင်ရိုက်ခတ်လာခဲ့ခြင်းပင်ဖြစ်သည်။

သက်တမ်းအားဖြင့် ၂ နှစ်တာကာလသို့ ကျော်ဖြတ်လာခဲ့သော မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲဟာ အားရကျေနပ်စရာကောင်းသော ဖြစ်ရပ်များ အပြောင်းအလဲများ ကြုံတွေ့လာခဲ့သလိုပဲ ပဋိပက္ခမျိုးစုံတို့မှာလည်း ထင်မှတ်မထားတဲ့ ထောင့်မျိုးစုံက ကြုံတွေ့လာခဲ့ရပါတယ်။

 ပြဿနာများ  ဖြစ်ပွားရခြင်းအကြောင်းအချက်များဟာ များစွာရှိနေနိုင်ပေမယ့် အခြေခံအကြောင်းအရင်းတွေကို ရှာဖွေကြည့်မယ်ဆိုရင်တော့  ယဉ်ကျေးမှုပြဿနာ ၊ လူ့အဖွဲ့အစည်းထဲက လူသားဖြစ်တည်မှု ဟာ ဘာသာရေးလူမျိုး အစွန်းရောက်ခြင်းအောက်မှာ နစ်မြုပ်နေရခြင်း၊  မတည်ငြိမ်မှုများကို လိုလားသူတွေရဲ့ လှုံဆော်မှုများနဲ့ အစွန်းရောက်လူ့အဖွဲ့အစည်း နှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်း စတဲ့အခြေခံအရင်းအမြစ်တွေကို တွေ့မြင်နိုင်ပါတယ်။


ယဉ်ကျေးမှုပြဿနာ ဟာ တတိယလှိုင်းအလွန်ကာလတွေမှာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုထွန်းကားလာခြင်းနဲ့အတူ ယဉ်ကျေးမှုရောနှောပေါင်းစပ်ခြင်းအပေါ်မှာ စိုးရိမ်စိတ်လွန်ကဲခြင်းအရ ဖြစ်ပေါ်လာခဲ့တာပါ။ အစွန်းရောက် လူ့အဖွဲ့အစည်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်ခြင်းကလည်း ယဉ်ကျေးမှုပြဿနာကို ကြီးထွားစေခဲ့ပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း အရ ရရှိလာတဲ့ အကျိုးရလဒ်တွေကို ရယူချင်ပေမယ့်၊ ဂလိုဘယ်လိုက်ဇေးရှင်းအရပဲ ဖြစ်ပေါ်လာနိုင်တဲ့ ယဉ်ကျေးမှုစည်းပေါင်းစပ်ရောနှောခြင်း ၊နယ်မြေတံတိုင်းပြိုကွဲသွားခြင်း စတာတွေကို ကြောက်ရွံ့နေမှု များပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဟာလည်း အဓိက ပြဿနာတွေထဲမှာ ပါဝင်လာတယ်လို့ ဆိုနိုင်ပါသေးတယ်။

ယနေ့ကမ္ဘာမှာ လူသားဖြစ်တည်မှုတန်ဖိုးဟာ အဓိက ကျလာတယ်ဆိုပေမယ့် အဲ့ဒီအယူအဆတွေဟာ မြန်မာ့ နိုင်ငံမှာတော့ လူမျိုးရေး၊ဘာသာရေး ဖြစ်တည်မှု ကိုကျော်လွန်နိုင်ခြင်းမရှိသေးတဲ့အပြင် တတိယလှိုင်းအလွန်ကာလ မှာ ဖြစ်ပေါ်လာတဲ့ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အတွက် အဓိက အဟန့်အတားတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စတာတွေကို နောက်ပြန်ဆွဲစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင်တော့ မတည်ငြိမ်မှုနဲ့ နောက်ကြောင်းကို ပြန်ဆွဲလိုသူတွေရဲ့ အဓိက အသုံးချလာနိုင်တဲ့ အားနည်းချက်လည်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအပြောင်းအလဲဟာ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် Political Player တွေစုံလင်လာတယ်။ အစိုးရအဖွဲ့အရွေ့၊ လွှတ်တော်အရွေ့၊ အတိုက်အခံအရွေ့တွေဟာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစွာဖြစ်ပေါ်လာခဲ့တယ်ဆိုပေမယ့် ထင်မှတ်မထားတဲ့ အတားအဆီးအခက်အခဲတွေဟာ စဉ်ဆက်မပြတ်ဆိုသလို ကြုံတွေနေရပြန်တယ်။ ဘာသာရေးလူမျိုးရေး လှုံဆော်မှုများ၊ ဆန္ဒထုတ်ဖေါ်ပွဲများဧ။် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုများ၊ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ငြိမ်ချမ်းရေးပြဿနာ စတာတွေဟာ မြန်မာ့နိုင်ငံရေးအတွက် အဓိက စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ လတ်တလော အခြေအနေဟာ Liberalization (ဖြေလျော့ခြင်း)အဆင့်ကို စတင်နေစဲ အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် Transition အဆင့်ကို သွားနိုင်ဖို့ကတော့ ခက်ခဲမှုများရှိရစဲလို့ ဆိုရင်မမှားနိုင်ပါဘူး ။ အခြေခံအားဖြင့် နိုင်ငံရေးအရ လုပ်ဆောင်မှုကိုဖြေလျော့ပေးလိုက်တဲ့အခါမှာ
နိုင်ငံရေးလုပ်ကိုင်နိုင်တဲ့ space ဟာ ကျယ်ပျံ့လာတာနဲ့အမျှ အဲ့ဒီကျယ်ပျံ့လာတဲ့ Political Space ကိုပဲ အသုံးချပြီး  မတည်ငြိမ်မှုလိုလားတဲ့ အင်အားစုများကလည်း ပဋိပက္ခတွေကို ဖန်တီးလာခဲ့ပါတယ်။ဒါဟာ မြန်မာ့နိုင်ငံရေးမှာ လတ်တလောကြုံတွေနေရတဲ့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တစ်ခုလို့ ဆိုချင်ပါတယ်။
မည်သို့ပင်ဆိုစေ ဒီမိုကရက်တိုက်ဇေးဖြစ်စဉ်မှာ Liberalization နဲ့ Transition အဆင့်တွေကို မကျော်ဖြတ်လို့တော့မဖြစ်ပါဘူး။ အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ကတော့ တိုးတက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် ပုံဖေါ်သွားနိုင်ဖို့လိုပါတယ်။

ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ ကမ္ဘာမှာ ယဉ်ကျေးမှုပေါင်းစပ်ရောနှောခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှု စတာတွေ ထွန်းကားနေချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲဖြစ်နေပါတယ်။ ဆိုရရင် ဒီမိုကရေစီနိုင်ငံအဖြစ်အသွင်းမကူးပြောင်းခင်ကာလတွေကစလို့ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုနဲ့ စတင်ထိတွေ့ခဲ့ရတယ် ဆိုသော်လည်း အကန့်သတ်တစ်ခုအောက်က အနေအထားဖြင့်သာ ထိတွေ့ခဲ့ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးယဉ်ကျေးမှုဟာ  မြန်မာ့လူ့အဖွဲ့အစည်းရဲ့ Society Change အပေါ် သိသာထင်းရှားစွာ မထိတွေ့ခဲ့ရဘူးလို့ဆိုရမှာပါ။ ဒီမိုကရေစီထွန်းကားပြီးသားနိုင်ငံတစ်ချို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ်ကျေးမှုနဲ့ အသားတကျ ရှိနေပေမယ့် ဒီမိုကရေစီအသွင်းကူးပြောင်းစ မြန်မာ့လူ့အဖွဲ့အစည်းကတော့ အသားတကျ မရှိသေးပါဘူး။ လူမျိုးစွဲ၊ဘာသာစွဲ၊ စတဲ့ အစွဲတွေကြီးမားမှုတွေဟာ မတည်မငြိမ်ဖြစ်မှုတွေကို လိုလားသူတွေရဲ့ ပဋိပက္ခကို ပုံဖေါ်တဲ့နေရာမှာ အသုံးချဖို့ရာ အကောင်းဆုံး အခြေအနေတွေဖြစ်ပေါ်စေခဲ့ပါတယ်။

အပွင့်လင်းဆုံးပြောရရင်တော့ မတည်ငြိမ်မှုကိုလိုလားသူများ၊ ကပြ စရာ စင်မရှိတဲ့အခါ နိုင်ငံရေးဇတ်ခုံတစ်ခုလုံးကို ဖျက်စီးဖို့ကြိုးစားနေကြသူများ၊ အပြင် အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ အသုံးချခံ လူတန်းစားတစ်ခုဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်စေမယ့်အရာတွေကိုဖန်းတီးလာခဲ့တယ်။ ဖန်းတီးလျှက်ရှိနေတယ်လို့ ဆိုချင်ပါတယ်။ မတည်ငြိမ်မှုကို လိုလားသူများဆိုတဲ့နေရာမှာတော့ အမျိုးစား သုံးခုရှိနိုင်ပါတယ်။ အမျိုးစားတစ်ခုကတော့ ယခင်အဏာနဲ့ လုပ်ပိုင်ခွင့်ကိုပြန်လည်အိမ်မက် မက်တမ်းတသူများဖြစ်ပြီး ကျန် နှစ်ခုကတော့ နိုင်ငံရေးဇတ်ခုံပျောက် လူတန်းစားနဲ့ ရယ်ဒီကယ်နိုင်ငံရေးသမား တနည်းအားဖြင့် ထာဝရတော်လှန်းရေးကိုလိုလားသူများဖြစ်ပါတယ်။


နိုင်ငံရေးပြဿနာတွေဟာ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဖြစ်နိုင်ပေမယ့်။ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေကတော့ ဖြေရှင်းဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှုများ နဲ့သက်ဆိုင်နေပြီး ထိလွယ်ရှလွယ်ဖြစ်လွန်းတဲ့ အရာတစ်ခုဖြစ်နေတာကြောင့်ပါပဲ။ ဒီထက်ပိုပြီးကြောက်လန့်ဖွယ်ကောင်းတာက မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခများရဲ့များနောက်ကွယ် ကြိုးကိုင်းလှုပ်ရှားမှု ပရောဂများပဲဖြစ်ပါတယ်။ မိတ္ထီလာအဓိကရုဏ်းမှာ ပါဝင်သူအများစုမှာ ဒေသခံတွေ နည်းပါတယ်လို့ သတင်းအချက်လက်တွေ ထွက်လာခဲ့သလိုပင် အဓိကအချက်အချာကျတဲ့ ရန်ကုန် မြို့ အထိ ပစ်မှတ်ထားပြီး မတည်ငြိမ်ဖြစ်ပွားအောင်လှုံဆော်မှုများကိုကြည့်မယ်ဆိုရင်လူမျိုးရေး၊ဘာသာရေးဆက်နွယ်နေတဲ့ မြန်မာ့နိုင်ငံရေးပရောဂ ရောဂါဟာ
ကြောက်လန့်စရာကောင်းလာပါတယ်။

တိုးတက်ပြီး ယဉ်းကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာခြင်းဟာ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေ ထိန်းသိမ်းနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ တိုးတက်ပြီး ယဉ်းကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာဖို့ဆိုရင်တော့ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ တစ်ခုတည်းကို တန်ဖိုးထား ကာကွယ် နေရုံနဲ့ မရပါဘူး။ ကိုယ့်ယုံကြည်မှုကို တန်ဖိုးထားသလို တစ်ပါးသူရဲ့ ယုံကြည်မှုကိုလည်း လေးစားရပါမယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းသလို တစ်ပါးသူရဲ့ ယဉ်ကျေးမှုကိုလည်း အသိမှတ်ပြုနိုင်ရပါမယ်။ လူသားဖြစ်တည်မှုကို တန်ဖိုးထားရပါမယ်။

အနာဂတ်ကမ္ဘာကြီးဟာ ယဉ်ကျေးမှုအဆင့်အတန်းတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ လူသားဖြစ်တည်မှုဟာ ပိုမိုအရေးပါလာမှာပဲဖြစ်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ်ဘာသာ စတဲ့ အတ္တမာန အစွဲ များ ကိုင်စွဲထားခြင်းဟာ ဖွံ့ဖြိုးတိုးတက်လာမယ့် လူ့ယဉ်ကျေးမှုတစ်ခုလုံးရဲ့ အနာဂတ်ကမ္ဘာမှာ အသုံးဝင်နိုင်မှာမဟုတ်သလို လူ့ယဉ်ကျေးမှုအတွက် အဆိပ်အတောက်တွေလည်း ဖြစ်လာပါလိမ့်မယ်။

ဘ၀မှာ အရေးကြီးဆုံးက "ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ" လို့ ကွယ်လွန်သွားတဲ့ အဆိုတော် ထူးအိမ်သင်က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

လတ်လလော မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်များ ကိုဖြေရှင်းနိုင်ဖို့ဆိုတာမှာ ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ ဟာ အဓိက ကျနေတယ်လို့ ဆိုချင်ပါတယ်။ လူတစ်ယောက်ခြင်းစီရဲ့ လူသားဖြစ်တည်မှုနဲ့ယုံကြည်ချက်ကို  လေးစားနိုင်ဖို့ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုမှာ ချစ်ခြင်းမေတ္တာတရားနဲ့ ဆင်ခြင်နိုင်စွမ်းမြင့်မားသော ဥာဏ်ပညာရှိဖို့ က အရေးကြီးပါတယ်။ 

ပဋိပက္ခနဲ့ အဓိကရုဏ်းတွေကို ဖန်တီးသူတွေ ပဲဖြစ်ဖြစ် ပါဝင်သူတွေပဲဖြစ်ဖြစ် အားလုံးသတိထားဖို့လိုတာကတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်တာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကို ကာကွယ်တာဖြစ်ဖြစ် ကိုယ့်လူမျိုးကို ကာကွယ်တာပဲဖြစ်ဖြစ်၊ ကာကွယ်မှုတွေဟာ နိုင်ငံကိုပျက်စီးဆုံးရှုံးစေမယ်ဆိုရင် လူမျိုး၊ဘာသာ၊ယဉ်ကျေးမှု၊ အားလုံးကို စွန့်လွှတ်ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ဆင်ခြင်နိုင်စွမ်းဖြင့် သတိပြုဖို့လိုပါတယ်။ ပဋိပက္ခများ အဓိကရုဏ်းများ မဖြစ်ပွားအောင် ကာကွယ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ပေါ်က ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ကိုယ့်နိုင်ငံကိုကာကွယ်ခြင်းဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု ၊နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ကို ကာကွယ်ထိန်းသိမ်းခြင်းဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ လူမျိုးရေးအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် ကြုံတွေလာတဲ့ အခက်အခဲပြဿနာအရပ်ရပ်ကို
ချစ်ခြင်းမေတ္တာ နဲ့ ဥာဏ်ပညာ အရင်းခံပြီး ဖြေရှင်းနိုင်မှသာ ကျွန်တော်တို့ဟာ တိုးတက်ပြီးယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ကို တက်လှမ်းနိုင်ပါလိမ့်မယ်။


မှူးသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...