ရိက္ခာ
‘မိန်းမရေ ဒီနေ့ ရိက္ခာရမယ်ဟေ့’
‘ဒီလ နည်းနည်းစောသလားလို့’
‘လပဲကုန်တော့မယ့်ဟာ ဘယ်လိုစောမတုန်း’
မနက်စောစော ရုံးမသွားမီ အဆာပြေစားနေရင်း ဇနီးဖြစ်သူကို သတိပေးလိုက်၏။
ဇနီးသည်က လုပ်နေကျ ထုံးစံအတိုင်း ယိုးဒယားလက်ဆွဲခြင်းလေး ထုတ်လာကာ ဆာလာအိတ်တလုံးနှင့် ကြွပ်ကြွပ်အိတ် တချို့ ထည့်လိုက်သည်။ ပြီးတော့ ဆီဘူးထဲမှ လက်ကျန်ဆီကို ပုလင်းလွတ်တခုထဲ လှယ်ထည့်ကာ ဆီဘူးနှုတ်ခမ်း မှာ ပေရေနေသော ဆီချေးများကို အဝတ်စုတ်ဖြင့် ပွတ်ကာ ဆီဘူးမျက်နှာပြင် တခုလုံးကို အကြမ်းဖျင်း သုတ်သင်ပြီးမှ ဆွဲခြင်းထဲသို့ ထည့်လိုက်၏။
‘ဒီလ ငရုတ်သီး ကောင်းရင် ယူလာခဲ့အုံး’
‘အေးပါကွ’
အားလုံးအဆင်သင့်ဖြစ်တော့ ဆွဲခြင်းလေးကို ကိုင်လျက် ရုံးရှိရာ ထွက်လာခဲ့သည်။ အိမ်ရှေ့ လမ်းမပေါ် ရောက်ခါနီး ‘ဖေကြီး ဘီစကွတ်မုန့် ယူလာခဲ့’ ဟု အိမ်ထဲမှ လှမ်းအော်ပြောလိုက်သော သားငယ်၏ မပီကလာ အသံစာစာလေးကို ကြားလိုက်ရသည်။
ရုံးရောက်တော့ တနေ့တာ အလုပ်တွေက အသင့်ဆီးကြိုလျက်။ …………………………………………………………………………………………………………………………..
နေ့လည်ခင်း ရိက္ခာထုတ်သူ ပါးလောက်မဲ့အချိန်မှာ ဂိုဒေါင်ဘက်ကို လျှောက်လာခဲ့၏။ ထင်သည့်အတိုင်းပင် ရိက္ခာထုတ်သူ သုံးလေးဦးသာ ရှိသည်။ ဂိုဒေါင်တာဝန်ခံ ဆရာကြီးသက်ကို တချက်ပြုံးပြနှုတ်ဆက်ပြီး တံခါးဝမှာ ရပ်နေလိုက်သည်။
လူရှင်းသလောက်ရှိတော့ အကူရဲဘော် မောင်ထွန်းက ဆန်ခြင်ပေးသည့်နေရာသို့ မျက်ရိပ်ပြပြီး ခေါ်သည်။ မဲ့ခွက်ခွက် ပြည်တောင်းကလေးဖြင့် ၉ ခွက်တိတိ ခြင်ပေးသည်။ ဆန်ရပြီးတော့ ဆီချိန်ရန်အလှည့်။ ချိန်သည်ဆိုသော်လည်း အလေးနှင့်ချိန်သည်မဟုတ်။ တဆယ်သားခွက်၊ ငါးကျပ်သား ခွက်နှင့် ချိန်ပေးခြင်းသာ။ ဆီအရောင် နည်းနည်းရင့်သလိုလို ထင်ရသည်။ တန်တော့ ယခင်လ လက်ကျန် ဖွဲ့နုဆီနှင့် ရောနှောနေတာ ဖြစ်မည်။ မောင်ထွန်း ဆီတခွက် ပိုထည့်ပေးလိုက်သည်ဟု ပြော၏။ တဆယ်သား ခွက် ခုနှစ်ကြိမ်ထည့်ပါမှ ခြောက်ဆယ်သား မပြည့်တပြည့်။ ဆီဆိုသည်က သခင်ကို ခင်တွယ်တတ်သော ပစ္စည်းတမျိုး မဟုတ်ပါလား။
ဆီချိန်လို့ ပြီးခါနီးမှာ ဆရာကြီးသက် အနားရောက်လာသည်။ ‘ဒီလအတွက် ကုလားပဲ မရဘူး။ ပဲစဉ်းခုံ တွေ ရတယ်ကွ။ ပဲကတော့ သန့်တယ်။ ပိုးကိုက်ရာတောင် မပါဘူး’ ဟု အမွှမ်းတင်နေပြန်သည်။ ပဲစင်းခုံက ကုလားပဲ လို အရောင်းမသွက်။ စားသုံးသူအဖို့တော့ ဘာပဲဖြစ်ဖြစ် ရရာကို စားသုံးရပေမည်။ ပဲစဉ်းခုံက ချက်လိုက်ရင် ပြစ်ချွဲချွဲ နေပေမင့် စားလို့တော့ အကောင်းသား။
ငရုတ်သီးအိတ်ကို သွားနှိုက်ကြည့်လိုက်သည်။ အောက်သက်သက် မွှန်တွန်တွန် အနံ့တက်လာ၏။ ဖလံဖြူတွေ ရောရာနှင့် ငရုတ်သီးတောင့် ပိန်ကပ်ကပ်များ။ မောင်ထွန်းက စေတနာကောင်းသည်။ ‘အကို ငရုတ်သီးယူချင် တယ်ဆိုရင် ကျနော် နောက်တအိတ် ဖွင့်ပေးမယ်’ ဆိုကာ အိတ်သစ် တလုံးကိုကြိုးဖြေလိုက်သည်။ သုံးလေး တောင့် လက်ထဲဆုပ်ကာ တံခါးဝဆီ ထွက်လာပြီး ထက်ပိုင်းချိုးကြည့်လိုက်သည်။ အူတိုင်မှာ မှိုနည်းနည်းကပ် နေသော်လည်း နေဝဝ လှန်းလိုက်လျင် ပျောက်သွားနိုင်သည်ဟု ယူဆသဖြင့် ယူမည့်အကြောင်း ခေါင်းညိတ် ပြလိုက်သည်။
ငရုတ်သီးအိတ်နှင့် ဘေးချင်းယှဉ် နေရာယူလျက်သော ငါးပိအိတ်၊ ဆားအိတ်၊ နနွင်းမှုန့်အိတ်များမှာ ထိတို့ စမ်းသပ်မည့်သူ မရှိသဖြင့် ထောက်ပံ့ရေးတပ်က ထုတ်ယူလာသည့်အတိုင်း ခြေရာလက်ရာမယွင်း ငြိမ်ချက်သား ကောင်းလျက်သာ။
ထို့နောက် သကြားမတ်ခွက်တလုံးစာနှင့် နို့ဆီ ၄ ဘူး ထုတ်ယူရသည်။ သည်လိုနှင့် ရိက္ခာထုတ်ခြင်း ကိစ္စ ပြီးမြောက်သွားလေပြီ။ ဆရာကြီးသက် ကိုကြည့်လိုက်တော့ စားပွဲနားမှာ ကက်ကူလေတာတလုံးနှင့် အလုပ် ရှုပ်နေဟန် တွေ့ရ၏။
‘ဆရာကြီး အပိုဆောင်း ဘီစကစ်လေးဘာလေး မရှိတော့ဘူးလား’ ဟု စကားပစ်လိုက်သည့်အခါ ‘အေး ရှိတယ်ကွ…. ဒါပေမဲ့ သိပ်တော့ မလတ်ဘူး လိုချင်ရင် အိတ်ထဲမှာ နှိုက်သာ ယူသွား’ ဟု သဘောကောင်းစွာ ခွင့်ပြုသဖြင့် ဘီစကစ် ငါးထုပ် ယူလာခဲ့သည်။
ဘီစကစ်က အပိုဆောင်း ရိက္ခာအမယ်ဖြစ်သည်။ စစ်သည်တိုင်း ရတာမဟုတ်။ လုပ်ငန်းခွင်အခြေအနေလိုက်၍ စားသုံးခွင့်ပြုခြင်း ဖြစ်၏။ ဥပမာ- ထမင်းချက်၊ စက်ပြင်၊ လက်နက်ပြင်၊ ရေယာဉ်ကိုယ်ထည်ပြင် စသည့် အလုပ်တာဝန် ထမ်းဆောင်ရသော ပညာသည် အမျိုးအစား အခြားအဆင့်များကို ထုတ်ပေးခြင်း ဖြစ်သည်။ ဟိုယခင်က ပစ္စည်းအမယ် အတော်စုံလင်သည်ဟု သိရသော်လည်း ယခုနောက်ပိုင်း နို့ဆီနှင့် ဘီစကစ်သာ ရတော့၏။
……………………………………………………………………..
ညနေ ရုံးဆင်းခါနီးသောအခါ သားတော်မောင် နှစ်ယောက် ရုံးသို့လိုက်လာ၏။ အိမ်အပြန်မှာ သားကြီးက လက်ဆွဲခြင်း ကူဆွဲပြီး သားငယ်က နို့ဆီ နှစ်ဘူးကို ဘယ်တလုံး ညာတလုံးကိုင်ကာ သီချင်းတစာစာဖြင့် လိုက်လာခဲ့သည်။
လိုင်းခန်းရှေ့ ရောက်တော့ နို့ဆီဘူးတွေကို အမေဖြစ်သူထံ ပေးပြီး အိမ်ထဲ ဝင်ပြေးသွားသည်။ ပြီးတော့ အုန်းသီး ပိုက်ကာ ပြန်ထွက်လာ၏။ နောက်တခေါက် ဝင်သွားပြန်သည်။ ဓားတလက်ပါလာ၏။ ဆန်ထုပ်ကို ဝရန်တာပေါ်သို့ ခဏတင်ထားပြီး အုန်းသီးတလုံး ခွဲပေးလိုက်ရသည်။ သူတို့ ညီအစ်ကို သကြားနှင့် စားကြ မည်လေ။ အမေဖြစ်သူ မုန့်လုပ်ရောင်းသဖြင့် အိမ်မှာ အုန်းသီးအဆင်သင့် ရှိနေခြင်းပင်။
‘ဒီလ ဆန် ဘယ်လိုနေလဲ’
‘ထုံးစံအတိုင်း ပိုးတွဲနည်းနည်းတော့ ပါတာပေါ့’
‘ဘာဖြစ်ဖြစ် ခဲ(ဂဲ)မစင် ရေပေါ် အောက်စော် မနံရင် ပြီးတာပါပဲ’
ဟုတ်ပေသည်။ တလတလ ရလာသည့် ရိက္ခာဆန်ကို မိသားစုထမင်းပွဲ အဆင့်ရောက်အောင် ပြုပြင် မွန်းမံရသည့် အလုပ်က အိမ်ရှင်မ ရဲမေများအတွက် ဝန်ထုပ်တခု ပမာ။ မြက်သီးနှင့်ဂဲ ရောနှော ပါလာသည့် လများတွင် မည်မျှပင် ရွေးကောက်ပွဲ လုပ်ပါစေ။ လုံးဝကင်းစင်တယ် မရှိတော့။ ဆန်အိုးထဲ ရေထည့်လိုက် လျှင်လည်း ပိုးထိုးဆန်က မြုပ်တဝက် ပေါ်တဝက်။ ရေဘယ်နှပ်ထပ်ပင်ဆေးဆေး ချက်ပြီးသား ထမင်းက ပြုတ်ဆန်နံ့နှင့် မတူသော အောက်သိုးသိုးအနံ့ တသင်းသင်း။
သူက ပြောပြောဆိုဆို ဆန်အိတ်ဖွင့်လိုက်ပြီး အပေါ်ဆုံးမှ ထည့်လာသော ဘီစကစ်ထုတ်များကို အရင်ဆုံး ထုတ်ကာ ဘေးမှာချထားလိုက်သည်။ သားအငယ်ကောင် သူ့လက်ထဲမှ အုန်းသီးစိတ်ကို အသာပစ်ချ၍ ဘီစကစ် တထုပ်ပြေးကောက်ကိုင်ပြီး ကိုက်ဖောက်နေသဖြင့် ဖမ်းဆွဲထားလိုက်ရသည်။
‘နေဦးကွ အမေကြော်ပေးလိမ့်မယ်’
ဒီကောင်က အစားသောက်ဆို ဆက်တိုက်စားရမှ ကျေနပ်သည်။ အရင်လ တုန်းက နို့ဆီ သောက်ချင်သည် တကဲကဲ ဖြစ်နေသောကြောင့် ဓားချွန်ဖြင့် အပေါက်သေးသေး ဖောက်ပေးလိုက်ရာ ညီအစ်ကို နှစ်ဦးသား တယောက်တလှည့် စုပ်လိုက်ကြတာ တညနေတွင်းချင်း ပြောင်တလင်းခါသွားတော့သည်။ အဲဒီညနေ နှစ်ယောက်လုံး ထမင်းမစားတော့။ မစားသဖူး…. ဘာများဖြစ်လေမလဲ တွေးတော ပူပင်ရသည်။ မဖြစ်၍သာ တော်လှ၏။
အိမ်ခန်းထောင့်မှာ နို့ဆီ ဘူး ၃၀ ခန့်နှင့် သကြား ၃ ပိဿလောက် စုပုံထားတာတွေ့လိုက်ရသည်။ အခန်းနီးချင်း ရဲဘော်မိသားစုများထံမှ ဇနီးသည် ဝယ်ယူထားခြင်း ဖြစ်လေသည်။ တပ်တွင်းပေါက်ဈေးနှင့် ကောက်ပြီး ရွာထဲမှ ကုန်စုံဆိုင်တွင် သွားသွင်းလျှင် နို့ဆီတဘူးကို ၁ ကျပ် ၂ ကျပ် စသဖြင့် အမြတ်ရ၏။ အိမ်အတွက်ရသည့် နို့ဆီကို သွားရောင်းရင်း သူ့အဖို့ နေ့တွက်ကိုက်အောင် လုပ်ဆောင်ခြင်းပင်။
‘သားကြီး ညနေအေးရင် အမေနဲ့ ရွာထဲကို အဖော်လိုက်ခဲ့ပါလား’
မီးဖိုးကို ကားယားခွထိုင်ကာ မီးမွှေးနေသော သားကြီးကို အဖော်စပ်နေပြန်သည်။ ခဏနေတော့ သားအမိတွေ ခေါင်းချင်းဆိုင်လျက် ဘီစကစ်ကြော်နေကြသည်။ အငယ်ကောင်က အမေ့ပုခုံးကို နောက်က သိုင်းဖက်ထားရင်း ဒယ်အိုးဆီ ညွှန်ပြကာ တတွတ်တွတ်နှင့် ဘာတွေပြောနေသည်မသိ။ ဆီကြော်ဘီစကစ်တချို့ ပန်းကန်ပြားထဲ ရောက်လာချိန်မှာ ဘီစကစ်ကို လက်ညှိုးဖြင့် ထောက်ကြည့်လိုက်ပြီး ဆတ်ခနဲ နောက်ပြန်တွန့်သွားသည်။ သို့သော် ဒီကောင် လက်မလျှော့။ စက္ကူဖြင့် ခုကိုင်ကာ တဖူးဖူး မှုတ်ရင်း ကိုက်ဖဲ့တီးနေတော့သည်။
သူတို့လေးတွေကို ငေးကြည့်ရင်း ကိုယ်ငယ်ငယ်က ကြုံခဲ့တာတွေကို ပြန်မြင်ယောင်နေမိသည်။ ကိုင်း သီးနှံ ပေါ်ချိန်မှာ မီးဖိုခွင်ပေါ်က ပြောင်းဖူးပြုတ်၊ ကန်စွန်းဦးပြုတ် ပူပူကို တုတ်နဲ့ထိုးပြီး အလောတကြီး ဟပ်ထိုးစားမိ သဖြင့် အာခေါင်တွေပူပြီး လျှာကျက်မတတ် ဖြစ်ခဲ့ရတာ၊ အမေ မသိအောင် မြေပဲဆံ အစိမ်းတွေ ဝါးစားပြီး ရင်ပြည့် ရင်ကယ် မအီမသာ ခံစားခဲ့ရတာတွေ ….။
အခုတော့ ငယ်ဘဝ နှစ်ခုကြားမှာ နှစ်ကာလတွေ ခေတ်တွေ အတန်ငယ် ခြားနားသွားခဲ့ပြီ။
နေမင်းသူ
၃၁-၀၃-၂၀၁၃
0 comments:
Post a Comment