Monday, March 18, 2013

အထွန်း-၃

by A Mon Moon (Notes) on Saturday, March 16, 2013 at 10:43pm

ညကတစ်ညလုံးကောင်းကောင်းအိပ်လို့ မပျော်ပဲ မနက်လင်းခါနီးမှ ကျွန်မအိပ်ပျော်သွားခဲ့တာ မျက်စိဖွင့်ဖွင့်ချင်း နာရီကိုကြည့်လိုက်တော့ မနက် ၈ နာရီထိုးလုပြီ။ စိတ်ထဲ အတော်လေး ထိခတ်သွားခဲ့မိတဲ့အတွက် ခေါင်းက မကြည်လင်နေ။ အတွေးထဲ ပထမဆုံးရောက်လာတာက အထွန်းလေး။ ညက အတော်လေး နောက်ကျတဲ့အထိ သူ့ ဝမ်းနည်းမှုတွေထဲ မှာ စိတ်မကောင်းချင်းကြီးစွာ နဲ့ သောကတွေ ကူးယူမိနေခဲ့တာ။ ကျွန်မ သူ့ ကို အိမ်မှာခေါ်ထားဖို့ ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ တစ်နေရာရာပို့ ပေးဖို့ ဆိုတာကလည်း သူ့ မိသားစုရဲ့ အကြောင်းက သူပြောတာသာ ကျွန်မသိတာ။ ကျွန်မ အတော်လေး ဆုံးဖြတ်ရကြပ်တည်းခဲ့ပါတယ်။ သူ့ ကို ဒီအမှောင်ထုကြီးထဲက စွဲထုတ်ဖို့ ကျွန်မ ဘာများ လုပ်နိုင်မလဲ။ ဒီအတိုင်းပြစ်ထားလိုက်ဖို့ တော့ လုံးဝမဖြစ်နိုင်ပါ။ အထွန်းလေး သူ့ ရဲ့ ဆန္ဒကိုသာ ကျွန်မအရင်မေးမြန်းကြည့်ရပါတော့တယ်။


"သား ညီမလေးကို သားပြန်ခေါ်မှ ဖြစ်မယ်" သူဒါလေးပဲ တိုးတိုးပြောရှာတယ်။ သူ့ ညီမလေးကို သူစိတ်ပူနေမိပြီဆိုတာ ကျွန်မရိပ်စားလိုက်မိပါတယ်။ အရွယ်မတိုင်သေးဘူးဆိုပေမယ့် အထွန်းလေးရဲ့ အသိဥာဏ်ထဲမှာ အန္တာရယ်ဆိုတာကို ကြိုတင်တွက်ချက်ပြီး သူ စိုးရိမ်တတ်နေပြီလေ။ ငိုရတာမောသွားပြီး တိတ်ဆိတ်နေတဲ့ အထွန်းရဲ့ မျက်ဝန်းထဲမှာ ကျွန်မရုတ်တရက် ဖမ်းမိလိုက်တဲ့ အရိပ်လေးက ပုဇွန်ဆီရောင်ညို့ နေတဲ့ နေမင်းကြီးရဲ့ နူုတ်ဆက်ထွက်ခွာသွားသလို ခွဲခွာခြင်းတွေညိုမှိုင်းလို့ ။ သူလေးစားရတဲ့ သူ့ ဖေဖေရယ် ၊ အေးမြနေတဲ့ သူ့ မေမေရဲ့ အပြုံးလေးရယ်၊ ညီမလေးလက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ အထွန်းရဲ့ လက်လေးရယ် လေထဲမှာ လွင့်လို့ ။ ချစ်ခြင်းမေတ္တာဆေးစက်ဟာ  သစ်ရွက်ဖျားမှာ နားနေတဲ့  နေပျောက်တစ်ပျောက် စာလောက်တောင် မလင်းနေတဲ့ ဘ၀လေးထဲမှာ ကလေးလေးတွေဟာ လောကဓံရဲ့ ရက်စက်မှုကို ဘာ့ကြောင့်များ အပြစ်မရှိပဲ လည်စင်းခံနေရတာပါလိမ့်။ စိုစွတ်နေတဲ့ ပါးပြင်ပေါ်က သနပ်ခါးတွေကို လက်ဖမိုးနဲ့ တွန်းထုတ်ပြီး အရောင်ကင်းမဲ့သွားတဲ့ သူ့ မျက်ဝန်းလေးတွေနဲ့ ကျွန်မကို တစ်ချက်မော့ကြည့်ပြီး "ကျေးဇူးတင်ပါတယ်အန်တီ" လို့ ပြောပြီး မုန့် လှည်းလေးကို တအိအိတွန်းကာ ထွက်ခွာသွားတာ အမှောင်ထဲကို အထွန်းလေး တိုးဝင်ပျောက်ကွယ်သွားသလိုပါ။ နာကျင်ရပါတယ် အထွန်းရေ။

နေ့ လည်ကတည်းက တီးလုံးသံလေးကို ကျွန်မမျှော်နေမိတယ်။ အချိန်မရောက်သေးမှန်းသိပေမယ့် ဘာမှကို လုပ်လို့ ကိုင်လို့ မရအောင် ပြတင်းတံခါးကနေ ဘိန်းမုန့် လှည်းလေးဝင်လာမယ့် လမ်းကိုသာ။ အထွန်းညက အဆင်ပြေပါ့မလား။ သူ့ မေမေနဲ့ ညီမလေး ပြန်လာမယ်ဆိုတာ ပြန်ရောက်ရဲ့ လား။ ဘာတွေများဖြစ်ဦးမလဲ။ သူ့ မေမေကို ပြောပြလိုက်ဖို့ ကျွန်မတိုက်တွန်းလိုက်တာ အထွန်းလေး ပြောပြဖြစ်ရဲ့ လား။ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများဆုံးဖြတ်ပါ့မလဲလေ။ အဆင်ပြေမယ်ဆို ကျွန်မ အထွန်းတို့ မောင်နှမလေးတွေကို တစ်ခုခု လုပ်ပေးချင်မိတယ်။ သူ့ ရဲ့ စိတ်ဒဏ်ရာဆူး ပိုမနက်ခင်မှာ အထွန်းလေးရဲ့ စိတ်ကိုပြန်လည်လန်းဆန်းလာအောင် အားပေးဖို့ လိုပြီ။ သို့ မဟုတ်ရင် လောကကြီးထဲက လူမမယ် လူသားငယ်လေးဟာ အနာတရ တွေနဲ့ ဘယ်လိုများ ရှင်သန်မှာလဲလေ။ ဖတ်လက်စ စာအုပ်ကို လက်က ကိုင်ထားပေမယ့် စာကိုမဖတ်ဖြစ်။ အတွေးထဲ အထွန်းလေးတို့ မောင်နှမအတွက်သာ စိုးရိမ်ပူပန်မိနေပြီ။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ဘယ်လိုမှ မနေနိုင်ပါဘူး။ အထွန်းရဲ့ မျက်ဝန်းထဲက စကားလုံးတွေဟာ ကျွန်မကို လူသားပီသဖို့ ချုပ်နှောင်သွားခဲ့လေပြီ။ ညနေ နေကျသွားတဲ့အထိ ဘာတီးလုံးမှ မကြားခဲ့ရပါ။ ကျွန်မသောကတွေ မေ့မေ့ပျောက်ပျောက်မဖြစ်ခဲ့။ နောက်တစ်ရက် ပြီးနောက်တစ်ရက် အထွန်းရဲ့ မုန့် လှည်းလေး ပေါ်မလာတော့ပါ။ ခုဆို အထွန်းလေးမလာတာ ရက်သတ္တပတ် ၂ ပတ်ကျော်သွားပြီ။ ကျွန်မ ၀မ်းနည်းမှုတွေ အနည်ထိုင်စပြုနေပြီ ဖြစ်ပေမယ့် ပြန်တွေးမိတိုင်း ဘာမှ လုပ်မပေးလိုက်နိုင်တာကို စိတ်မကောင်းဖြစ်မိတုန်းရယ်။

လကုန်ရက်မို့ မိနီလေး မနက်အစောကြီးရောက်လာပြီ.။အရင်လို ခေါင်းလောင်းကြိုးကို ညံနေအောင်မဆွဲပဲ အပေါ်ထိတက်လာပုံထောက်တော့ သူ့ မှာ ရင်ဖွင့်စရာတွေ ပါလာပြန်ပြီထင်တယ်။ ကျွန်မကို မြင်တော့ သူ့ ဆံပင်တွေကို လွင့်နေအောင်ခါပြတယ်။ " အန်တီ မိနီမလှဘူးလား" သေချာကြည့်မိတော့မှ ဟုတ်ပါရဲ့ မိနီပုံစံတွေပြောင်းနေတာ သူ့ ဆံပင်လေးတွေ ကြောင့်ကိုး။ "

"အမယ် တယ်ဟုတ်ပါလား။ ဆံပင်တွေဖြောင့်ထားတယ်ပေါ့။ လှပါ့ လှပါ့"

တကယ်လည်း မျက်နှာဝိုင်းဝိုင်းလေးမှာ ဆံပင်လေးတွေဟာ ၀ဲလို့ ။ ကလေးလေးတွေရဲ့ အမေလို့ မထင်ရအောင်ကို နုနယ်လှပနေတာ မနက်ခင်းလေးအတိုင်းပါပဲ။ တကယ်တန်း သူ့ အရွယ်လေးကလည်း ခုမှ ဖူးပွင့်ရမယ့် ပန်းကလေးအရွယ်ပါပဲ။ အရွယ်မတိုင်ခင် ဖူးပွင့်လိုက်ရလို့ အနည်းငယ် မာကြောနေပုံရပေမယ့် သူ့ မျက်နှာလေးက ခုထိ နုနုနယ်နယ်လေးရယ်။ မိနီလေးကတော့ ပျော်လို့ ။ သူလည်း သူ့ အရွယ်မှာ လှချင်ပချင်ရှာမှာပါ။ အတွေးတွေကို ရပ်ပြီးတစ်လစာ ပဲပြုတ်ဖိုးထုတ်ပေးလိုက်တယ်။

"အန်တီ။ မိနီလေ နောက်နေ့ တွေ မလာနိုင်တော့ဘူး။ အဲဒါ ဒေါ်ကြီးမြကို ပြောခဲ့တယ်။ သူ့ ဆီကပဲ ၀ယ်စားလိုက်ပါနော်။ အန်င်္တီ့ကို အဲဒါလည်း ပြောရင်း ကန်တော့နှုတ်ဆက်ရအောင် မိနီတက်လာတာ။ "ြ

ပုံးရွှင်ပြီး ပြောလည်းပြော ထိုင်လည်းကန်တော့တဲ့ မိနီကို ကျွန်မ ဘာမေးခွန်းမှ ထုတ်ချိန်မရလိုက်။ ၀ဲနေတဲ့ ဆံနွယ်တွေက ဦးချလိုက်တိုင်း ယိမ်းလို့ ။ မိနီလေး အေးချမ်းပါစေ။ လိုအင်ဆန္ဒတွေ ပြည့်စုံပါစေ။ သွားလေရာ လာလေရော သူတော်ကောင်းတွေနဲ့ သာ   တွေ့ ဆုံနိုင်ပါစေလို့  ဆုတောင်းပေးလိုက်တယ်။ မိနီလေးက အလုပ်ရသွားတာတဲ့။

"ဆံပင်ညှပ်ဆိုင်လို့ တော့ပြောတာပဲ အန်တီ။ သမီးပဲပြုတ်အမြဲပို့ ပေးနေရတဲ့ မြင့်မိုရ်လမ်းထဲက ဆိုင်လေ။ အန်တီသိလား။ အဲဒီက အစ်မကြီးတွေက သူတို့ ဆိုင်မှာ လူလိုလို့ တဲ့.။ သမီးဆံပင်ကိုလည်း သူတို့ ပဲ ဖြောင့်ပေးလိုက်တာ။ လစာက ၃၀၀၀၀ တောင်အန်တီရ။ အဲယားကွန်းခန်းကြီးနဲ့ ။ လှလှပပလေးလည်း နေရမယ်။ အ၀တ်တွေလည်း သူတို့ ဆင်ပေးမယ်ပြောတယ် အန်တီ။ မိနီက ဘာလုပ်ရမှာလည်း ဟုတ်လား။ အင်း။ သူတို့ ခိုင်းတာပေါ့အန်တီရယ်။ သမီး အလုပ်လုပ်မှဖြစ်မယ်။ ကလေးတွေက ထွက်ထားသေးတာ။ သူတို့ က ပါးစပ်ပေါက်ကလေးတွေနဲ့ အန်တီရ။ မွေးပြီးရင်တော့ ကျွေးရဦးမှာပေါ့။ ဘာဖြစ်ဖြစ် သမီးကတော့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ် အန်တီ။ ခုအလုပ်က အရင်းပြီး အရင်းလည်နေတာ။ အမြတ်မကျန်ဘူးရှင့်။ အဲဒီဆိုင်မှာက ကိုယ်တော်ရင် တော်သလို ဘောက်ဆူးတွေလည်းရမယ်ေ့ပြာတယ်။ သမီးကံကောင်းတာပဲ"

မိနီလေးက တရစပ်ပြောနေတာကို နားထောင်နေမိတယ်။ တော်ရင်တော်သလို.......ဘောက်ဆူး.......ဘာအလုပ်ရယ်လို့ မဟုတ်ဘူး.....မြင့်မိုရ်လမ်းထဲက ဆိုင်။ ကျွန်မကပဲ အတွေးလွန်တတ်သလား စိုးရိမ်ပူပန်မှု ပိုတာလား မပြောတတ်ပါ။ ကျွန်မ မိနီရဲ့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ဆံပင်နီရဲရဲ ၀ဲဝဲလေးတွေကို ငေးကြည့်နေမိရင်း ရင်တွေပူလာမိတယ်။ သူကလေးကတော့ ဘ၀မှာ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ ထားရသလို ပျော်ရွှင်လို့ ။ ကျွန်မဘာမှ အသေအချာမသိသေးပဲနဲ့ သူ့ ရဲ့ တက်ကြွနေတဲ့ စိတ်ကလေးကို ဘယ်လိုသွားတားဆီးရမှာလဲ။ အရွယ်လေးအရ လှချင်ပချင်တာမှန်ပေမယ့် သူ့ စကားတွေ သူ့ စိတ်တွေမှာ မိခင်တစ်ယောက်ရဲ့ အားမာန်တွေပါနေတာ ကျွန်မဖမ်းမိပါတယ်။ သူ့ ကလေးလေးတွေအတွက် အလုပ်လုပ်ရမယ်တဲ့ ကလေးလေးတစ်ယောက်က ပြောနေတယ်။ မိနီလေးက သူ့ လျှောက်မယ့်လမ်းဟာ ဖြောင့်သလား ကောက်သလား ဆူးတွေညှောင့်တွေ ရှိသလား အန္တရာယ်ကင်းသလား တွေးတတ်ပုံမရ။ လမ်းလို့ မြင်တာနဲ့ ကို လျှောက်ဖို့ ဆုံးဖြတ်ထားပုံ။ မိနီလေးအတွက် ကျွန်မအဲဒီဆိုင်ကို တစ်ခေါက်လောက်တော့ သွားကြည့်ချင်နေမိပြီ။ ဘာပဲဖြစ်ဖြစ်ခုတော့ သူ့ ရဲ့ တက်ကြွနေတဲ့ စိတ်လေးကိုပဲ အားပေးရင်း မိနီကံကောင်းပါစေ။ သူတော်ကောင်းတွေနဲ့ သာတွေ့ ပါစေ လို့ ထပ်ပြီး မှာနေမိတယ်။

"အို ဒါနဲ ့အန္တီၤ။ ဟိုအခြောက်လေးလေ။ အန်တီသိလား။ ဘိန်းမုန့် ရောင်းတဲ့ သနပ်ခါးဘဲကြားနဲ့ အခြောက်လေးလေ။ သူ့ အကြောင်း သိပြီးပြီလား အန်တီ။ "

မိနီက သူ့ အကြောင်းတွေ သူ့ နဲ့ နီးစပ်ရာ အကြောင်းတွေ ပြောနေရင်းက ဒီစကားကိုကြားလိုက်ရတော့ ကျွန်မစိတ်လှုပ်ရှားမိသွားတယ်။

" အေးအေး။ သမီးပြောပါဦး။ အန်တီက သူ့ မုန့် တွေ အားပေးနေကျ. သမီင်္းလိုပဲ သူလေးကိုလည်း အန်တီခင်နေတာ။ မလာတာကြာလို့ စိတ်ပူနေတာ။ ပြောပါဦး မိနီရဲ့ ။"

" ဟုတ်လား။ သူ လူသတ်မှု ဖြစ်လို့ လေ အန်တီရဲ့ ။ အခြောက်ကလေးမို့ သာ အန်တီရေ။ အတော်ရက်ရက်စက်စက်သတ်တာတဲ့။ တခြားလူမဟုတ်ဘူး။ သူ့ ပထွေးကို။ ဓါးနဲ့ ကို အချက်ပေါင်းများစွာ ထိုးသတ်လိုက်တာတဲ့ အန်တီရေ။ သမီးတို့ တောင် အံ့သြလို့ ။ နွဲ့ နွဲ့ လေးကို ဘယ်လောက်တောင် နှိပ်စက်လို့ ဒီလို ပက်ပက်စက်စက်ဖြစ်ရတာလဲ မသိဘူး။ မကြာသေးဘူး အန်တီ။ ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ခုတော့ ကလေးထောင်ထဲမှာ ဆိုလားပဲ။ သူ့ အမေကလည်း အစကတည်းကမှ အဆင်မပြေတာ ။ အမှုလည်း ဘယ်လို ရင်ဆိုင်မလဲနော့်။ ဒီအခြောက်ကလေးတော့ တစ်သက်တစ်ကျွန်းပဲ သေချာတယ်"

မိနီလေးရဲ့ စကားတွေ ဆက်မကြားနိုင်တော့ပါ။

အထွန်းလေး
အထွန်းလေး
သူ့ ညီမလေး
လူသတ်မှု
အချက်ပေါင်းများစွာ
ဓါးနဲ့ ထိုးတာ
ရက်ရက်စက်စက်
အခြောက်လေး............................။

ကျွန်မ ခေါင်းထဲ ဥက္ကာခဲတစ်ခု ၀င်တိုက်မိသွားသလို မေ့ဆေးပြယ်စ လူလို ဦးနှောက်ကြီး စေးခဲသွားသလို ကျွန်မအသက်မရှုမိ။


ဆက်ဦးမည်။

အမွန်မွန်း
၂၀၁၃ မတ်၁၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...