Monday, March 18, 2013

အတိုက်အခံအကွဲနှင့် ရွေးကောက်ပွဲ ရလာဒ် (မောင်ဝံသ)

by Maung Wuntha (Notes) on Monday, March 18, 2013 at 7:33pm


ပြီးခဲ့တဲ့ အပတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ ရွေးကောက်ပွဲ သင်ခန်းစာ နမူနာ အချို့ခေါင်းစဉ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော့်ရဲ့ ရဲရဲတင်းတင်း အာမခံချက် လွဲချော်ပြီး   ပဲခူးတိုင်းမှာ ဒီချုပ် တစ်နေရာရှုံးခဲ့တဲ့အကြောင်း ရေးခဲ့ပါတယ်။ အဲဒီအကြောင်းအစပြန်ဖော်ရတာက လောလောဆယ် ပြည်နယ်တချို့က တိုင်းရင်းသားပါတီတွေ က နောက်ရွေးကောက်ပွဲတွေကျရင်  နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေ သူတို့ဆီမှာ လာမပြိုင်စေချင်ဘူးလို့ အတိအလင်း သဘောထားထုတ်ဖော်နေကြတာကို ကြားသိနေရလို့ ဖြစ်ပါတယ်။
ပြည်မြို့နယ် မဲဆန္ဒနယ် တစ်ခုမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ ဇာစ်မြစ်ကို ခုအချိန်မှာ ဇာတ်ကြောင်းပြန်မလှန်ချင်တော့ ပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ ရွေးချယ်ချိန်မှာ ကျွန်တော် အင်းစိန်ထောင် ထဲ ရောက် နေပါတယ်။
၁၉၈၉ ဇူလိုင်လ၂၀ ရက်နေ့ညက ဒီချုပ်ပါတီဌာနချုပ်ရုံးထဲကနေ ဗဟိုကော်မတီ ဦးမိုးသူနဲ့ ကျွန်တော့်ကို ဖမ်းသွားတာပါ။ စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာ ၉လကျော် ပုဒ်မ ၁၀ (က)နဲ့ ထိန်းသိမ်းထားပြီး ရွေးကောက်ပွဲ မကျင်းပခင် တစ်လလောက်အလိုမှာမှ ပြန်လွတ်ခဲ့ပါတယ်။ ဝေါမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ အမတ်လောင်းအဖြစ် ၀င်အရွေးခံဖို့ ပုံစံတွေကို ဒီချုပ်က ထောင်ထဲကို ပို့လိုက်တာ ကျွန်တော်က လက်ခံသဘောတူကြောင်း လက်မှတ် ရေးထိုး ပြန်ပို့လိုက်တာဖြစ်လို့ အမတ်လောင်းတစ်ယောက်အနေနဲ့ ပြန်လွတ်တာ ဖြစ်ပါတယ်။
ကျွန်တော့်ကို ပြန်လွှတ်တဲ့နေ့က အိမ်ကို တန်းပြီး ပြန်မပို့သေးဘူး။ ခင်ဗျား ထိန်းသိမ်းခံနေရတဲ့ ၉လကျော်အတွင်း တည်ဆောက်ပြုပြင်ရေးတွေကြောင့် ရန်ကုန်မြို့ကြီး ဘယ်လောက် တိုးတက်နေတယ်ဆိုတာ လိုက်ပြမယ်ဆိုကာ ကားနဲ့ လှည့်ပြပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်ပိုစတာကြီး တွေကိုလည်း ပြပါတယ်။ အဲသလိုပြရင်း ]]ခင်ဗျားတို့ အဖွဲ့ချုပ်ကတော့ အမတ်လောင်းအဝေမတည့်လို့ ရန်တွေဖြစ်ကြ၊ တံမျက်စည်းရိုးနဲ့ ရိုက်မောင်း ပုတ်မောင်းတွေ ဖြစ်ကြ၊ ခင်ဗျား သိပ်မကြာခင်ကြားပါလိမ့်မယ်}} လို့ ပြောပါ သေးတယ်။
အိမ်ပြန်ရောက်တဲ့နေ့ချင်းမှာပဲ အခြေအနေတွေ သိရပါတယ်။ သို့ပေမယ့် လမ်းမှာ ပြောလိုက်သလောက် ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ ထုံးစံအတိုင်း အမတ်လောင်း ရွေးချယ်ရေးမှာ ပြသနာဖြစ်ခဲ့တဲ့နေရာတချို့ ရှိခဲ့တယ်။ အဲဒီအထဲ ပဲခူးတိုင်း ပြည်မြို့နယ်လည်း ပါဝင်နေတာပါပဲ။ ဗဟိုက ရွေးချယ်လိုက်သူကို လက်မခံလိုတဲ့ အောက်ခြေပါတီဝင်တချို့က သူတို့ သဘောကျတဲ့ ဒေသခံ ဒီချုပ်အဖွဲ့ဝင်တစ်ယောက်ကို တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် တင်ပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် မရှိတဲ့အချိန်မှာ အဲဒီပြသနာတွေ ဖြစ်ခဲ့တာ အမတ်လောင်စာရင်းတွေ ထွက်ပြီး မဲတောင်ဆွယ်နေကြပြီဆိုတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။
မဲဆန္ဒရှင်အများစုက ဒီချုပ်ကို ထောက်ခံမဲပေးချင်တယ်။ သို့ပေမယ့် ခမောက် အမှတ်အသားနဲ့ ယှဉ်ပြိုင်တဲ့ အမတ်လောင်းရယ်၊ သူတို့က ဒီချုပ်တစ်ယောက် လို့ပဲ သိထားတဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းရယ် ကြားမှာ မဲတွေကွဲကုန်ပြီး      ကြားထဲက တစည အမတ်လောင်းက အနိုင်ရသွားတယ်။ သည်နှစ်ယောက်ရဲ့ မဲစုစုပေါင်းဟာ တစညအမတ်လောင်းရသွားတဲ့ မဲထက် အများကြီးသာတယ်။ သို့ပေမယ့် မဲကွဲသွားလို့ နှစ်ယောက်လုံး ရှုံးခဲ့ရတာပါ။ ဒီလို ဖြစ်ရခြင်းဟာ ဘာမှ မထူးဆန်းပါဘူး။ တောင်ကိုရီးယားမှာ ၁၉၈၆ခုနှစ်က အလားတူ အဖြစ်မျိုး အထင်အရှား ဖြစ်ခဲ့ဖူးလို့ လေ့လာသူအတော်များများက အဲဒီအကြောင်းကို နိုင်ငံရေး သိပ္ပံသင်ခန်းစာတစ်ခုအဖြစ် လေ့လာမှတ်သားခဲ့ကြပါတယ်။
တောင်ကိုရီးယားမှာ ကွမ်ဂျူး အုံကြွမှုကြီးလို ပြည်သူအများသွေးမြေကျခံပြီး တောင်းဆိုဆန္ဒပြပွဲများစွာ ဖြစ်ပွားအပြီးမှာ အာဏာရှင် ချန်ဒူးဝှမ်က  သမ္မတကို လွှတ်တော်က ရွေးတဲ့စနစ်ကနေ ပြည်သူလူထုတိုက်ရိုက်ဆန္ဒမဲပေးရွေးချယ်တဲ့ စနစ်သို့ပြောင်းလဲတဲ့ အခြေခံဥပဒေ ပြင်ဆင်မှု ပြုလုပ်ပေးခဲ့တယ်။ ပထမဆုံး တိုက်ရိုက်မဲပေး ရွေးကောက်တဲ့ပွဲမှာ အာဏာရှင် ချန်ဒူးဝှမ်က သူ့လူရင်း ဗိုလ်ချုပ်ကြီး နိုတေ၀ူးကို စစ်မှုထမ်းအဖြစ်က ထွက်စေပြီး သမ္မတလောင်းအဖြစ် ၀င်အရွေးခံ ခိုင်းတယ်။ တစ်ချိန်တည်းမှာ လက်ယာအုပ်စုက ကင်မ်ယန်းဆန် ကလည်း သမ္မတလောင်းအဖြစ် စာရင်းတင်တယ်။ တစ်သက်လုံး အတိုက်အခံ လုပ်လာသူ၊ ပြည်ပြေးဖြစ်လိုက်၊ ၀ရမ်းပြေးဖြစ်လိုက်၊  ထောင်ကျလိုက်နေခဲ့ရသူ လက်ဝဲယိမ်းနိုင်ငံရေးသမားကြီးလို့ လူသိများတဲ့  ကင်မ်ဒေးဂျုံကလည်း သမ္မတလောင်းအဖြစ်စာရင်းတင်ပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်က နောက်ဆုတ်ပေးဖို့၊ နိုတေ၀ူးကို အတိုက်အခံတစ်ယောက်တည်း က ယှဉ်ပြိုင်ဖို့ အမြော်အမြင်ကြီးသူ တိုင်းပြည်ရဲ့ နားမျက်စိများက ၀ိုင်းဝန်း တောင်းပန်ကြပေမယ့် ဘယ်သူကမှ နောက်မဆုတ် ပေးခဲ့ပါဘူး။ သည်လိုနဲ့ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးနိုတေ၀ူးက အနိုင်ရကာ သမ္မတဖြစ်သွားပါတယ်။
ဒါနဲ့ မပြီးသေးဘူး။ နိုင်ငံရေးဆိုတာ ဘယ်လောက် သိမ်မွေ့သလဲဆိုရင် နိုတေ၀ူးသမ္မတသက်တမ်းအတွင်း ကင်မ်ယန်းဆန်က နိုတေ၀ူးပါတီနဲ့ ပေါင်းလိုက်တယ်။ နောက်တစ်ကြိမ်ရွေးကောက်ပွဲကျတော့ အာဏာရပါတီရဲ့ သမ္မတလောင်းအဖြစ် ကင်မ်ယန်းဆန်ကို ရွေးလိုက်တယ်။ ကင်မ်ယန်းဆန်နဲ့ ကင်မ်ဒေးဂျုံ တစ်ပွေချင်းပြန်ဖိုက်ကြတဲ့အခါ ကင်မ်ဒေးဂျုံ ရှုံးသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာက မူလ သူ့ကို ထောက်ခံတဲ့ အပိုင်မဲပဲ ရှိတယ်။ ကင်မ်ယန်းဆန်ကျတော့ မူလသူ့အပိုင်မဲအပြင် အာဏာရပါတီကို ထောက်ခံတဲ့ မဲတွေပါ သူ့ဆီဝင်ကုန်တာကိုး။ ကင်မ်ဒေးဂျုံခမျာ တတိယအကြိမ်ဝင်ပြိုင်တော့မှ သမ္မတဖြစ်ပါတော့တယ်။ (သူနဲ့ ယှဉ်ပြိုင်သူက အစိုးရနဲ့နီးစပ်သူဆိုပြီး လူထုမဲက သူ့ဆီ ပြုံရောက်သွားတာပါ။)
ကျွန်တော့် ဆောင်းပါးရဲ့ မူလဦးတည်ချက်ကို ပြန်ကောက်ပါမယ်။ တိုင်းရင်းသား ဒေသ (ပြည်နယ်)တွေမှာ ပြည်မက နိုင်ငံရေးပါတီကြီးတွေ ၂၀၁၅ကျရင် လက်ရှောင်ကြပါလို့ မေတ္တာရပ်ခံနေကြတာကို ထည့်သွင်းစဉ်းစား သင့်ကြောင်း ပထမဆောင်းပါးမှာကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပါတီကြီးက အမတ်လောင်းကို ပါတီကြီးရဲ့ စည်းရုံးရေးနဲ့ အခြား အရှိန်အ၀ါများကြောင့် မဲပေးသူတွေ အများကြီးရှိနိုင်သလို  တိုင်းရင်းသားပါတီက အမတ်လောင်း ကိုလည်း တိုင်းရင်းသားချင်းဆိုတဲ့ သံယောဇဉ်နဲ့ မဲပေးကြမှာပါပဲ။ သို့ပေမယ့် မဲတွေကွဲသွားတဲ့အတွက် သူတို့နှစ်ယောက်စလုံး နိုင်ခြေနည်းပါလိမ့်မယ်။
၉၀ပြည့်နှစ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ SNLD က နေရာအများစု နိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာလည်း ALD က အများစုနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာလည်း မွန်ပါတီက အတော်များများနိုင်ခဲ့တယ်လို့ ကျွန်တော် မှတ်မိပါတယ်။
၁၉၆၀ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဦးနုရဲ့ သန့်ရှင်းဖဆပလကို ပုံအော မဲပေး ခဲ့ကြတဲ့အတွက် ယခင်ရွေးကောက်ပွဲ (၁၉၅၆)တုန်းက အမတ်နေရာ ၄၆နေရာရခဲ့တဲ့ အတိုက်အခံတပ်ပေါင်းစု (ပမညတ)ဟာ အမတ်တစ်နေရာပဲ နိုင်ခဲ့ပါတယ်။ ပြည်သူချစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည်ပင်လျှင် တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်တာ အနိုင်မရခဲ့ပါဘူး။ ၉၀ပြည့်နှစ်တုန်းက ဒီချုပ်အနေအထားဟာ ၁၉၆၀ပြည့်နှစ်က သန့်ရှင်းဖဆပလနဲ့ ဆင်တူပါတယ်။ ဟိုတုန်းက နုမှ နု ဖြစ်ခဲ့သလို ၉၀ပြည့်မှာလည်း စုမှ စု ဖြစ်ခဲ့တာပါ။
သို့သော် ဟိုတုန်းက သန့်ရှင်းဖဆပလက ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေနဲ့  ရွေးကောက်ပွဲ မဟာမိတ်(electoral alliance)တွေ ဖွဲ့ပြီး အပေးအယူလုပ် ယှဉ်ပြိုင်ခဲ့ကြတယ်ဆိုတာ  လေ့လာသင့် ပါတယ်။ နိုင်ငံရေးမှာ အကျိုးဆက်တွေ ဖြစ်ပေါ်တတ်တဲ့ ထုံးစံအတိုင်း အဲသလို ရွေးကောက်ပွဲ မဟာမိတ်လုပ်ခဲ့ခြင်းရဲ့ ဂယက်တွေလည်း ကျန်ခဲ့တာပါပဲ။ ဦးနုဟာ နောက်ပိုင်းမှာ ဝေဖန်မှုတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ မဟာမိတ်ပုံစံအချို့ အကြောင်း နောင် အလျဉ်းသင့်ရင် တင်ပြပါဦးမယ်။
၁၆ ၀၃ ၂၀၁၃
maungwuntha@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...