Wednesday, March 6, 2013

နိုင်ငံမရှိတဲ့ လူ


Written by မောင်ခိုင်လတ်

အမှန်တော့ သူ့အကြောင်း ပြောလို စိတ်လည်း မရှိလှပါ။ သူသည် သန်းပေါင်း များစွာသော သူတွေထဲက စိတ်ဝင်စားဖို့ မကောင်းဆုံး လူသား တစ်ဦးမျှသာ ဖြစ်လေသည်။

ခုတော့ သူ့အကြောင်း စာတမ်း တစ်စောင် ရေးဖြစ်ရန် တစ်စုံ တစ်ရာက လှုံ့ဆော် နေလေသည်။ ဒါက သူ့အကြောင်းမှ ဆက်ပြီး လူငယ်တွေကို စကား လက်ဆောင် ပါးလို၍ ဖြစ်သည်။ အမှန် ပြောရလျှင် သူက ကျွန်တော့်အတွက် သာမက မည်သူ့ အတွက်မှ အရေးမပါ လှပါ။ မည်သူမျှ လည်း သူ့အကြောင်း တစ်ခုတ်တရ ပြောနေမည် လည်း မဟုတ်ပါ။ ဒါဖြင့် ဘာ့ကြောင့် သူ့အကြောင်း ပြောနေရ သေးသနည်း။ တစ်ခုပဲ ရှိပါသည်။ သူ၏ ဆိုးဝါးလှသော အတိတ်ကို လူငယ်တွေ၏ အနာဂတ်အဖြစ် မကျန်ရစ်စေလိုသော ကြောင့်ဖြစ်ပါသည်။

သူကား အလွတ်သင် ဆရာ တစ်ဦး ဖြစ်သည်။ အလွတ်သင် ဆရာပီပီ လူငယ်တွေနှင့် ထိတွေ့ ဆက်ဆံမှုက အထိုက် အလျောက်တော့ ရှိနေသည်။ ဤအချက်သည် စိုးရိမ်စရာ အကောင်းဆုံး အချက်ဖြစ်သည်။

လူငယ် ဆိုသည်မှာ (အထူးသဖြင့် မြန်မာ လူငယ်ဆိုသည်မှာ) နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ်ဖြင့် သင်ကြား လေ့ကျွမ်းလာကြသူများ မဟုတ်ဘဲ နှုတ်တိုက် အာဂုံ ဆောင်ရန် သင်ကြားပေး ခံရပြီး ဤနည်းjဖင့် အတန်းတက် လာကြသူများဖြစ်သည်။
ကိုယ်ပိုင် အတွေး အခေါ် ကိုယ်ပိုင် အယူအဆဖြင့် ရပ်တည် ရှင်သန်ရန် သင်ကြား ခံရဖူးခြင်းလည်း မရှိ။ သို့သော် ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးသူများပီပီ သူတို့နှင့်စိတ် သဘောချင်း အသင့်အတင့် တူမျှရုံနှင့် အတုခိုးရန်၊ စံပုဂ္ဂိုလ် အဖြစ် ရည်ရွယ် သတ်မှတ်ရန် ညွတ်နူး လွယ်ကြသူတွေ ဖြစ်သည်။ လူဆိုသည်က သိမြင် နားလည် သလောက်သာ တွေးတော နိုင်သည် မဟုတ်လား။

နိုင်ငံတကာ ပညာရေးမှာတော့ အတန်းစဉ် အလိုက် မည်သည့် အမျိုးအစား စာအုပ် မည်ရွေ့ မည်မျှ ဖတ်ဖူးရမည်။ ဖတ်ကို ဖတ်ရမည့် စာအုပ် စာရင်း စသည်တို့ကို သင်ရိုး မာတိကာတွင် ထည့်သွင်းရေး ဆွဲလေ့ရှိသည်။ ကျွန်တော်တို့ ဆီမှာတော့ အိုမင်းဆွေး မြည့်နေသော စံနစ် ဟောင်းကြီး အတိုင်းသာ။... ထားတော့။

သည်မှာ အလွတ်သင် ဆရာတွေ တစ်စခန်း ထတော့သည်။ (ကျွန်တော့် မိတ်ဆွေ အက်ဆေး ဆရာ တစ်ယောက်က သောင်းကျန်း ချင်တိုင်း သောင်းကျန်း ခွင့်ပေးထား သည်ဟုပင် သုံးနှုန်း ခဲ့ဖူး သည်) အလွတ်သင်ဆရာ တစ်ယောက်၏ သတ်မှတ် ပြဋ္ဌာန်း ထားခြင်း မဟုတ်သော အရည် အချင်းတွေက အများသားပင်။

ရုပ်ချော ရမည်။ ဒါက ပြင်ဆင် ပြောင်းလဲ၍ မရသည်မို့ ခေတ်ပေါ် ဓာတု ပစ္စည်း တွေနှင့် အတတ်နိုင်ဆုံး မွမ်းမံ ခြယ်သရမည်။ ကြော့ရှင်း နေရမည်၊ အ၀တ်အစား စမတ်ကျရမည်၊ (အ၀တ်အစား တစ်နေ့ တစ်စုံ လဲလှယ် ရမည်)၊ အသံကောင်း ရမည်၊ သီချင်း ဆိုတတ် ရမည်၊ ဟာသ ပြက်လုံးတွေ ပြောတတ်ရမည်။ အလွတ်သင် ဆရာ၏ ကိုယ်ရည် ကိုယ်သွေး၊ ဆရာ ပီသမှု၊ အနစ်နာခံ မှုတွေသည် ဟိုး ကမ္ဘာတစ်ဖက်မှာ ကျန်ရစ်ခဲ့ပြီ။ ဒါတွေနှင့် တိုင်းတာသူဆိုလျှင် တခြားကမ္ဘာက ရောက်လာသော ဂြိုဟ်သား တစ်ဦးနှယ် အကြည့်ခံ ရမည်။ အဆိုးဆုံးက ကျောင်းသားတွေ ကိုယ်တိုင်က ဒိတ်အောက် ကြီးဟု အထင်ရှိ နေကြခြင်းပင်။ တိုက်ပုံ အင်္ကျီနှင့် ပုဆိုးနှင့် ဆိုလျှင် ခပ်တုံးတုံး ဆရာ၊ ခပ်ညံ့ညံ့ ဆရာဟု သတ်မှတ် နေကြခြင်း ဖြစ်သည်။

ကျွန်တော်တို့၏ အလွတ်သင် ဆရာမှာ သူ့ဆရာတွေ နည်းတူ ပျော်တော် ဆက်သာသာ ဖြစ်သည်။ Joke တွေ ပြော မည်၊ လူငယ်တွေ ဘ၀င်ခိုက်မည့် စကားလုံးတွေ ရွေးသုံးမည်၊ လူငယ် တွေနှင့် လက်ပွန်း တတီး နေမည်။ ဒါက ၂၀ ရာစု ဆည်းဆာမှ ၂၁ ရာစု အရုဏ်ထိ အလွတ်သင် ဆရာတို့၏ ပုံရိပ် ၀ိညာဉ်လို ဖြစ်နေသည်။ တချို့တလေ ခြွင်းချက်တော့ ရှိနိုင် ပါသည်။ ယေဘု ယျသည် ခြွင်းချက် မဟုတ်ပါ။ ယေဘုယျသာ ဖြစ်ပါသည်။

ကျွန်တော်တို့ တစ်တွေ အတိ ဒုက္ခ ရောက်နေချိန်တွင် သူသည် ကျွန်တော်တို့၏ ကမ္ဘာ ဘက်ခြမ်းမှာ မရှိ။ ကျွန်တော် တို့နှင့် အလွန် ဝေးလျားလွန်းလှသော ထောင့်ကျဉ်း တစ်နေရာမှာ ကုပ်ကုပ်ရုပ်ရုပ် ကလေး ရှိနေ ခဲ့သည်။ ကျွန်တော် တို့နှင့် ဘယ်သောအခါ ကမှ အဆက်အဆံ မရှိလေဟန် နေထိုင်တတ် သည်။ နောက် အခြေအနေတွေ ပြန် လည် တည်ငြိမ် အေးဆေးလာပြီ ဆိုသည် နှင့် သူက ဘွားခနဲ ပေါ်လာတတ်သည်။ လူငယ် တချို့က မိုးကျ ရွှေကိုယ်ဟု အမည်ပေးကြသည်။ အဓိပ္ပာယ်ကို ပြည့်ပြည့် ၀၀ နားလည်ပုံ မရဘဲ သူက ပြုံးဖြီးဖြီးနှင့် ကြည်နူး နေတတ်သည်။ တချို့တလေက အောင်ပွဲရှိရာတွင် အမြဲတစေ ရောက်ရှိနေတတ်သည့် မူဆိုလီနီနှင့် သူ့အမည်ကို တွဲဖက်ပြီး ဘသန်းလီနီဟု သူ့နောက်ကွယ်တွင် အမည်ပြောင်နှင့် ခေါ်ဝေါ် တတ်ကြသည်။ သူ့ရှေ့တွင်ရော နောက်ကွယ်တွင်ပါ ထိုအမည်ပြောင်ကို မခေါ်ဝေါ် ဖို့ အတန်တန် သတိပေး နေသည် ကြားက တစ်နေ့တွင် လူငယ် တစ်ဦးက သူ့ရှေ့ တွင် ထိုအမည်ပြောင်ကို အမှတ်မထင် နှုတ်က ထွက်သွားသည်။ နဂိုက ပြာနှမ်းနှမ်း သူ့မျက်နှာမှာ ချက်ချင်းမည်းမှောင် သွားတော့ သည်။ အားနာလွန်းစွာဖြင့် သူ့ဘက်ကို မကြည့်မိအောင် သတိထား နေသည့်ကြားက သူ၏ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပုံကို မြင်နေရ သည်။ သူလည်း စာဖတ်သည်မို့ လီနီ ဟူသော စကားစ်လုံးနှင့် သူ့အမည် တွဲဖက်ထားခြင်း၏ ပညတ် အနက်ကိုတော့ သိမည်သာ ဖြစ်သည်။ ထိုမှဆက်၍ ဂယက်အနက်ထိ ထိုးဖောက် သိမြင်မည်ဆိုလည်း သိလောက်ပေသည်။ သူက အတွေးအခေါ် မကောင်း သည့် တိုင် လုံးဝ မတွေးခေါ် နိုင်တာတော့ မဟုတ်ပေ။

သူက ကိုယ်ရည် ကိုယ်သွေး သာမန် အဆင့်၊ ဉာဏ်ရည်ကိန်း မြင့်မြင့်မားမား မရှိလှသော်လည်း သူ၏ အကျိုး စီးပွားနှင့် ပတ်သက် လျှင်တော့ တုံ့ပြန်အား ကောင်းသူ တွက်ချက်ရာတွင် အသေးစိတ် တိကျလွန်း သူတော့ ဖြစ် သည်။ သူ၏ အတ္တဥခွံ ထဲမှနေ၍ ကမ္ဘာ လောကကြီးကို ချောင်းမြောင်း ကြည့်ရှုလေ့ ရှိပြီး သူ့အတွက် လုံခြုံစိတ်ချရ သည့် နေရာများကို အမြဲအဆင်သင့် ဖြစ်နေအောင် ကြိုတင် ရှာဖွေထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ စီးပွားမှာ ဒီရေလို တရိပ်ရိပ် မဟုတ်သည့်တိုင်အောင် ဖြည်းဖြည်းနှင့် မှန်မှန်တော့ တိုးပွား နေလေ့ရှိသည်။ အံ့သြစရာတော့ မဟုတ်ချေ။

လွန်ခဲ့သော တစ်နှစ်လောက်က သူ အဆိုတင် ဖွဲ့စည်းလိုက်သော လူမှု အထောက် အကူပြု အဖွဲ့အစည်းကလေးတစ်ခု ဖွဲ့စည်း ခဲ့သည်။ သူ စတင် အဆိုပြုသည်မို့ အဖွဲ့ အစည်း၏ ဥက္ကဋ္ဌ နေရာတွင် သူ့ကိုပဲ ရွေးချယ် လိုက်ကြသည်။ သိပ်မကြာခင် မှာပင် အဖွဲ့၏ ရည်ရွယ်ချက်နှင့် စည်းကမ်းများ ရေးဆွဲ ထုတ်ပြန် လိုက်သည်။ သူ ရေးဆွဲသော စည်းကမ်းချက်များထဲတွင် တစ်ခုမှာ နိုင်ငံရေးနှင့် ကင်းရှင်းရမည် ဟူ၍ ပါရှိလေသည်။ စည်းကမ်းချက်များ ရေးဆွဲ ကြေညာပြီး တစ်ပတ် အတွင်း အဖွဲ့ဝင် လူငယ် သုံးဦး နုတ်ထွက် သွားတော့သည်။ ခြောက်လ ကြာသောအခါ အဖွဲ့တွင် သူတစ် ယောက်တည်း ကျန်ရစ်သည်။ သူ၏ အတ္တ ကြီးမားမှု၊ အမြော်အမြင် နည်းပါး မှု၊ အနစ်နာခံလို စိတ်မရှိမှုတို့နှင့် ရိုးသား ဖြောင့်မတ်မှု ကင်းမဲ့ခြင်း တို့ကြောင့် ဖြစ်သည်။ လူမှုရေး စိတ်ဓာတ် အခြေခံ ကင်းမဲ့ နေသူက လူမှု အထောက်အကူပြု အဖွဲ့အစည်း ဖွဲ့စည်းရန် သူ စိတ်ကူးမိပုံကတော့ တကယ့် ပဟေဠိ တစ်ပုဒ်ပင်။

ဘာပဲဖြစ်ဖြစ် သူကတော့ အောင် မြင်နေသူ တစ်ယောက်ပမာ ခေါင်းမော့ ရင်ကော့ ရှိနေမြဲ။ ဘယ်အချိန်အခါ ဖြစ် ဖြစ်သူက အရာရာကို စင်းမှေးသော မျက်လုံးဖြင့် မယုံသင်္ကာ ကြည့်နေမြဲ။ ဘာကိုမှ မယုံကြည်သလို သူ့ကိုယ်သူလည်း ယုံကြည်ပုံ မရ။ ခေါင်းမော့ရင်ကော့ ၀င့်ကြွားနေပုံမှာ ကိုယ့်ကိုယ်ကို ပြန်လည် အားပေး အားမြှောက် ပြုနေဟန်က မသိမသာ ပေါ်လွင်နေလေသည်။

သိပ်မကြာသေးမီက သူ့အသက် မွေးဝမ်းကျောင်း အလုပ်နှင့်ဆိုင်သော အဖွဲ့ငယ်ကလေးတစ်ခု ထပ်မံ ဖွဲ့စည်းလိုက်ပြန်သည်။ သူက အတွင်းရေးမှူး တာဝန်ယူပြန်သည်။ စည်းကမ်းချက်များ ရေးဆွဲရာတွင် ပထမ အကြိမ်ကလိုပင် သူ၏ ဥခွံထဲမှ နေ၍ ရေးဆွဲလိုက် ပြန်သည်။ သူကတော့ သူ့ဘ၀လေးကို လုံခြုံမှု ရှိစေရန် ခြံခတ်လိုက်ပုံရသည်။ သို့သော် သူ ခတ်လိုက်သော စည်းရိုးကြောင့်ပင် သူ့အဖွဲ့ ကလေးမှာ မလုံမခြုံဖြင့် ယိမ်းခါ သွားရတော့သည်။ သူ့ မိတ်ဆွေတွေက ပင်လယ်ထဲမှာ သွားနေပါလားဟု အကြံပေး သလိုလိုနှင့် ရှုတ်ချကြတော့သည်။ ကြာလေလေ သူ့မှာ ဘာရပ်တည်ချက်မှ မရှိကြောင်း၊ မူဟူ၍ ခိုင်ခိုင်မြဲ မြဲ မရှိကြောင်း အားလုံးက သိလာကြသည်။ လူတစ်ယောက်သည် မည်သည့် ယုံကြည်မှုမျိုးမှ မရှိတော့ဟုဆိုလျှင် မည်သို့ အသက်ရှင် နေထိုင်မည်နည်း။

လူငယ် ဘ၀ တစ်လျှောက်လုံး ကျွန်တော်တို့ စာအုပ်တွေ အတူဖတ်ကြသည်။ အားလုံးနီးပါးမှာ ကျွန်တော် ၀ယ်ယူ စုဆောင်းခဲ့သော (နောင်အခါ စာအုပ်တိုက် တွေက လက်ဆောင်ရ သော) စာအုပ်တွေက အများစုဖြစ်သည်။

ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေ၏ အတ္ထုပ္ပတ္တိ စာအုပ်တွေ ဖတ်ကြသည်။ အာဏာရှင်တွေလည်းပါသည်။ တော်လှန်ရေးသမားတွေ လည်းပါ သည်။ ရဲခေါင် ပြောက်ကျား ချေဂွေဗား ရား၊ အလံမလှဲ စတမ်း ချောအိမာန်၊ ဂျေဖူးချစ်၏ ကြိုးစင်ပေါ်က မှတ်တမ်း၊ အန်းဖရန့်၏ မှောင်ထဲက မှတ်တမ်း စသည်တို့ကို ဖတ်ကြ သည်။ အတ္ထုပ္ပတ္တိ တွေထဲမှာ လီနင်၊ စတာလင်၊ ဟစ်တလာ၊ ကတ်စထရို၊ ဟိုချီမင်း၊ မော်စီ တုန်း၊ ဂျိုဆေရီဇော် တို့ကို ဖတ်ခဲ့ကြသည်။

ပြည်သူတွေ အတွက် စွန့်လွှတ် စွန့် စား ရဲဝံ့ခဲ့ ကြသော၊ နောက်ဆုံး လူသတ်ကွင်းထဲသို့ အင်တာ နေရှင်နယ် သီချင်းဆိုပြီး ရင်ကော့ ၀င်သွားသော၊ အနှိပ်စက်ခံ၊ အညှဉ်းပန်းခံပြီး ကြိုးစင်ပေါ်တွင် အသက် စွန့်လွှတ် ခဲ့ကြသော ပြည်သူချစ် သော သူရဲကောင်း တွေ၏ ဘ၀ အတ္ထုပ္ပတ္တိ တွေကို ကျွန်တော်တို့ အတူတကွ ဖတ်ခဲ့ကြသည်။

အမှန်တော့ သူက စာကြမ်းပိုး (Bookish) မဟုတ်သလို စာအုပ်ဘ၀င် (Book Snobbig) သမားလည်း မဟုတ်ပါ။ စာအုပ်တွေ ကတော့ ဖတ်သည်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိတွေ၊ အောင်မြင်ရေးကျမ်းတွေ၊ အတွေးအမြင် စာအုပ်တွေ၊ ခေတ်ပြိုင် စာတွေ ဖတ်သူ ဖြစ်သည်။ ကျွန်တော်တို့ အတူတကွ ဖတ်ခဲ့ကြသည်။

သို့သော် (ဤ သို့သော်သည် အလွန် ကြီးကျယ်သော သို့သော် ဖြစ်သည်) တစ်ခုပဲ ကွာပါသည်။ ကျွန်တော်တို့က ပြည်သူ့ သူရဲကောင်းတွေ၏ ရပ်တည်ချက်၊ စွန့်လွှတ် အနစ်နာခံမှုနှင့် သေဆုံးသည့်တိုင် ယုံကြည်ချက်အပေါ် မယိမ်းမယိုင် သစ္စာ ရှိခဲ့မှုတို့ကို လေးစား ဦးညွှတ်ပြီး စံနမူနာအဖြစ် နှလုံးသွင်း နေကြချိန်မှာ သူလည်း တစ်ခုခုကို စူးစူး နစ်နစ် ခံစားခဲ့ ပုံရလေသည်။
ကျွန်တော်တို့က စွန့်လွှတ် အနစ်နာခံရသော ရဲရင့် နှလုံးသားတွေကို လေးမြတ်စွာ အားကျ ရင်ခုန် နေကြချိန်တွင် ကိုယ့်လူက ထိုသူ တွေ၏ ဘ၀ တစ်လျှောက်လုံး ခံစားခဲ့ရသော ဆင်းရဲ ဒုက္ခ အပေါင်း တို့ကို သင်ခန်းစာ ယူခဲ့လေသည်တကား။


မောင်ခိုင်လတ်

(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ 2013)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...