Monday, January 5, 2015

ရဲဘော်ငဦးနှင့် လွတ်လပ်ရေးညနေခင်း အကုသိုလ် စုံတွဲ


Aung Ko Oo


သာယာလှပသည့် လွတ်လပ်ရေးနေ့ အခါသမယပါလား။

ရဲဘော်ငဦးသည်လည်း သာယာလှပနေသည့် လွတ်လပ်ရေးနေ့ ညနေခင်းကို ပုထုဇဉ် တစ်ယောက်ပီပီ အလွတ်မခံနိုင်။
ထို့ကြောင့် ရန်ကုန်မြို့လယ် ဆူးလေပန်းခြံသို့ အာရုံ၆-ပါးအလိုကို ခံစားနိုင်ရန် အလို့ငှာ သွားရောက်ခဲ့၏။
 ပျိုပျို အိုအို အလှအပစုံ၊ အတွဲပေါင်းစုံ၊ ဆန္ဒပြသူပေါင်းစုံ အစုံစုံ အဖုံဖုံ။ လွတ်လပ်ရေးကျောက်တိုင်ကြီး တည်ရှိနေသည့် ထိုပန်းခြံသည် လူ့လောက လူ့သဘာဝအတိုင်း အလန်းအလှန် အဆန်းပျံနေတော့သည်။


ရဲဘော်ငဦးသည်လည်း ကျောက်တိုင်ခြေရင်း မြက်ခင်းစပ်အနီး ပန်းချုံကိုအမှီပြုကာ စိတ်သန္တာန်ကို စုန်ဆန်ကူးခတ်ကြည့်၏။
ပြာလဲ့လဲ့ မိုးသားကောင်းကင်ယံအောက်က မြို့တော်ခန်းမ၊ရွှေရောင်တဖိတ်ဖိတ်စင်နေသည့် ဆူးလေဘုရား၊
နို့နှစ်ရောင်သန်းနေသည့် ရိုးကုန်တိုက်ဟောင်း၊ ဥရောပဆန်ဆန် ခရစ်ယာန်ဘုရားကျောင်း၊
ကဗျာဆန်ဆန်အိုနေသည့် တရားလွတ်တော်ရုံး။

အလိုးလိုး သဘာဝတရား၏ ဆေးစက်များဖြင့် မွန်းခြယ်သသည့် ဆူးလေပန်းခြံသည် နတ်ဘုံနတ်နန်းလော့။
ရဲဘော်ငဦး၏ စိတ်အဟုန်သည် သောမနသ၁ ဝေဒနာ ပီတိအဖြာဖြာဖြင့် လွတ်လပ်ရေးနေ့ ညနေခင်းကို ကုန်ဆုံးရတော့မည်၏။

“အို.......မောင် လွတ်နော် တအားမကြမ်းနဲ့“
“ခင်လေ....ဒီမှာ တအားကောင်းနေပြီ မောင်နော် မောင်..လွတ်ပါ. အား... အ..”
ကောင်းမလေးတစ်ယောက်၏အသံကို မိမိနှင့်ကျောခင်းကပ် ချုံအကွယ်က အထိတ်တလန့် ရဲဘော်ငဦး ကြားလိုက်ရသည်။

မိမိစိတ်သန္တာန်မှာ ဖြစ်တည်နေသော လှပမှုအတိပြီးသည့် လွတ်လပ်သော ညနေခင်းသည် ထိုအသံကြောင့် ပျက်စီးရကုန်၏။
လူပေါင်းရာချီရှိသောပန်းခြံတွင် ထိုမျှလက်ရဲဇက်ရဲနိုင်သော အတွဲသည် မည်သို့နည်း။
ရှက်ခြင်းကြောက်ခြင်းမရှိ မြို့လယ်ခေါင် လူကြားသူကြား ရိုင်းစိုင်းလိုက်ပါဘိ။

မိမိ၏ သာယာလှပသော ညနေခင်းသည် မိုးပြိုကမ္ဘာပျက်တော့မည်ဆဲဆဲတွင် ထိုအတွဲထံမှ ငှက်ဆိုးသံကို ထပ်မံကြားရပြန်၏။
”ခင် တောင်းပန်ပါတယ် မောင်ရယ်”
“ဆက်မလုပ်ပါနဲ့တော့နော်“
“ခင် ပြီးတော့မှာနော်”
“မောင်ခဏလောက် ငြိမ်ငြိမ်လေး နေပေးပါနော်“
ခင်ဆိုသည့် ကောင်မလေးထံမှ အသံသည် ရဲဘော်ငဦး၏ သောတပသာဒကို ထပ်မံရိုက်ခပ်ပြန်၏။

သည်းညည်းခံနိုင်စွမ်း ကုန်ခမ်းကာ ရဲဘော်ငဦး ဒေါသအမျက် ခြောင်းခြောင်းထွက် ပေါက်ကွဲ၏။
ကောင်မလေးက တောင်းပန်ပါရဲ့ကယ်နှင့် တကောင့်သားက အရှက်မရှိ ယုတ်မာမှုကြောင့်သာ မိန်းမငယ်ခင်ဗျာ လူလယ်ကောင် ဒုက္ခရောက်နေပုံရသည်။

ရဲဘော်ငဦး မည်သို့လုပ်ရမည်နည်း။
သွားရောက်တားမြစ်ရမည်လော့။
ဟီရိဩတပ္ပ တရားကြီမားသော တိုင်းပြည်မှာ မိန်းမငယ်တစ်ယေက်၏ အိနြေ္ဒကို မိမိမည်သို့ ကာကွယ်ရမည်နည်း။
ထိုသကောင့်သားကို သွားသတ်ရမည်လော့။
ငယ်မူပြန် လူမိုက်ဆန်ဆန် တွေးတောမိ၏။
ရဲဘော်ငဦးသည် ပုထုဇဉ် လူသားပီပီ ဒေါသမူစိတ်၂-ပါးကို မပါယ်သတ်နိုင်သေး။

အိုမဖြစ်ချေဘူး ရဲဘော်ငဦး မင်းစိတ်ထိန်းစမ်းဟု မိမိကိုယ်ကိုယ်မိမိ အသိ သတိ ယှဉ်ကပ်၏။
ဝင်လေ ထွက်လေကို မပြတ်ရှု၏။
အာနာပါန တရားကို လက်ကိုင်ကာဆူးလေဘုရားကို အာရုံပြု၏။

မရချေ ဒေါသတရားက ငယ်ထိပ်ရောက်ရှိသွား၏။
လူကြားသူကြား အကိုင်ကြမ်းသည့် သကောင်းသား ဒင်းကို သတ်မှကို ရဲဘော်ငဦး ကျေနပ်မည်။
ရဲဘော်ငဦး စိတ်တွင် ဘာဆို ဘာမှ မမြင်တော့ မောဟတရား ကြီးစိုးသောအချိန်မှာပင်
“အို မောင် မောင် လွတ်လို့ လွတ်နော်”
“ဒီမှာ ညီမဟာ ပွန်းကုန်ပြီ အား အား...”
“ပွန်းကုန်ပြီလို့.................”
ဒင်းကိုတော့ သေချာပေါက်ကို သတ်ရတော့မည် မရတော့။

အနီးနားတွင် အုတ်ခဲ၊ တုတ် လူသတ်ရန် လက်နက် စသည်ဖြင့် ရဲဘော်ငဦးလိုက်ရှာကြည့်သည်။
ဘာဆိုဘာမျှမရှိ။
ဘေးလွယ်အိပ်ကို ရှာဖွေကြည့်တော့ ဘောပင်တစ်ချောင်းနှင့် ဆရာမြသန်းတင့် စာအုပ်တစ်အုပ်သာ ထွက်လာသည်။
ဟုတ်ပြီ ဒင်း၏ လည်မြိုကို ဘောပင်ဖျားဖြင့် ထိုးသတ်အံ့။
မဖြစ်ပြန်ချေ ဘောပင်ဖြင့် တကောင့်သားကို မသတ်နိုင် မိမိသည် စာပေချစ်မြတ်နိုးသူ ဖြစ်ရကာ ဒင်းအသက်နှင့် ဘောပင်နှင့်မတန်။

“အား!!!!!!!!!!!!!!!!!!”
ခင်ဆိုသည့် ကောင်မလေးထံမှ နောက်ဆုံး ထွက်လာသည့် စိတ်ဆိုးနေသည့် အသံနက်ကြီးဖြစ်သည်။
ဘယ်လိုလဲ ရဲဘော်ငဦး မင်းမြန်မာနိုင်ငံသား ထေရ၀ါဒဆို ခုတော့မိန်းမငယ် တစ်ယောက်၏အရှက်ကို မင်းမကာကွယ်နိုင်တော့ဘူးလားဟု မိမိစိတ်တွင် ထပ်ခါထပ်ခါ ကြားရ၏။

နောက်ဆုံး ရဲဘော်ငဦး ဆုံးဖြတ်ချက်ချလိုက်သည်။
ဟာမူယာဘီ (Hammurabi's code)၏ ကိုဒဥပဒေအတိုင်း မျက်လုံးတစ်လုံးရှုံးလျှင် မျက်လုံး နားတစ်ဖက်ရှုံးလျှင် နား။
ဒင်းကိုလည်း ဝှေးစိ(ဂွေစိ)နှစ်လုံးကို ညှစ်သတ်မည်။

ဟာမူယဘီဥပဒေအရ မှသာလျှင် ကောင်းမလေးအတွက် ကိုက်ညီမည် တရားမျှတမည်ဖြစ်သည်။
ရဲဘော်ငဦး အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။
လက်သီးကို ဆုပ်လိုက်သည်။
နီရဲသောနှလုံသွေးတို့ တထိပ်ထိပ် ခုန်ထွက်လာသည်။
သတ်မည်ဟု စိတ်တွင်ကြုံးဝါးပြီး ထအထွက်။

“ကဲကဲကဲ ရော့ ခင်ပြီးပြီ မောင်ပဲဆော့တော့”
“ခင် ဂိမ်းတစ်ပွဲလေး ဆော့တာကို မောင်နှောက်ယှက်လွန်းတယ်”
“ရော့ အဲဒီမှာ စိတ်ကြိုက်ကိုင် စိတ်ကြိုက်ပွတ်”
“ဖြေဖြေပွတ်နော် အိုင်ဖုန်းဆစ်ပလာပ်ကြီး (iphone6+)”
“ပွန်းပဲကုန်အုန်းမယ်”
“စင်ကာပူက ဦးလေးပို့လိုက်တာ ကာဗာတောင် မအုပ်ရသေးဘူး”
“မောင် လုပ်မှ ပွန်း ကုန်လိမ့်မယ်”

ဟင်......သောက်ကမြင်းက စောစောက ပြောပါလား။
အိုင်ဖုန်း(iphone)ဆိုလဲ အိုင်ဖုန်း(iphone)ပေါ့။

ခုတော့ ဒင်းတို့ အတွဲကြောင့် မိမိ၏သာယာလှပသည့် လွတ်လပ်ရေး ညနေခင်းသည် အကုသိုလ် တရားတို့ဖြင့် ကုန်ဆုံးရချေတော့မည်။
စိတ်ပျက်လက်ပျက်ဖြစ်ပြီး လွတ်လပ်ရေးကျောက်တိုင်ကြီးကို ဦးညွတ်ပြီး ပြန်ထွက်မည်အပြုတွင်။
ကျောက်တိုင်ခြေရင်း ခြင်္သေ့ကြီး ပေါင်ကြားက ဝှေးဥ(ဂွေးဥ)စိမ်းစိမ်းကြီးက ရဲဘော်ငဦး၏ ဟာမူယာဘီဥပဒေကို သဘောကျကာ ဟားတိုက်ရယ်မော ဝှေးဥပြူးပြူးကြီးဖြင့် လှောင်ပြောင်နေသယောင်။

:P :) :)

(ရဲဘော်မိတ်ဆွေများ သာယာလှပသည့် လွတ်လပ်ရေးနေ့ပါ) 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...