“သျှောင်နောက် ဆံထုံးပါ”
အဲ့သလိုနဲ့ပဲကိုယ်နဲ့နီးစပ်ရာက လူတွေခမျာမလည်း သူရေးတဲ့ထဲ ပါကုန်ပြန်ပြီ ဆို စနိုးစနောင့် ဖြစ်ကြရမယ်ထင်ပါတယ်။ စိတ်တော့ မကောင်းပါဘူး။ တတ်နိုင်သမျှတော့ ပုဂ္ဂိုလ်ရေးတွေ မပါအောင် ကြိုးစားရေးပါတယ်။ဘယ်လိုပဲရေးရေးလေ။ စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပြီး ရေးတာ မဟုတ်လို့ ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေမှာကိုယ့်မျက်စိအောက်က ဇာတ်ကောင်များက နေရာယူထားတာ မဆန်းပါဘူး။
ဒါပေသိအကြောင်းအရာတွေ စုံလာတဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်နေတာတစ်ခု သတိထားမိလာတယ်။ တချို့ကလည်း“အဲသည်အကြောင်းလည်း တစ်ခါမှ မရေးဖူးသေးဘူးနော်။ ရေးစမ်းပါဦး ဖတ်ကြည့်ရအောင်။” လို့ပွဲတောင်းလာတာ ရှိတယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်စာကိုယ် ပြန်ပြန်ဖတ်ကြည့်တဲ့အခါမှာတောင်ပြုံးက အနော်ရထာမင်း ကောင်းမှုတော်စေတီမှာ အုတ်နှစ်ချပ်လပ်နေသလိုပဲ ဟာတာတာကြီးဖြစ်နေတာကို သွားတွေ့တယ်။ ဟုတ်ပါရဲ့။ သည်အကြောင်းကိုတော့ ကိုယ်က ဝေ့လည်ကြောင်ပတ်နဲ့မရေးပဲ ချန်ချန်ထားသလိုဖြစ်နေတယ်။ တခြားဟုတ်ပါရိုးလား။ ကိုယ့်ရဲ့ အိမ်သူသက်ထား ဇနီးမယားအကြောင်းကိုကိုယ့်စာထဲ တစ်ခါမှ ထည့်မရေးဖူးဘူးလေ။ ပြဿနာတက်မှာစိုးလို့ ကြောက်လို့ မရေးရဲတာတော့မဟုတ်ပါဘူး။ တချို့ကတော့ မေးရမှာ အားနာလို့သာ “သူတို့ ကွဲများနေကြသလား မသိဘူး။” လို့တွေးချင် တွေးမှာပေါ့။ တကယ်ကတော့ ကိုယ်တိုင် မရေးပဲနဲ့ တမင်ချန်ချန်ထားတာ များပါတယ်။ဘာဖြစ်လို့ဆိုတော့ စာရေးတယ်ဆိုတာ ကိုယ့်အထုပ်ကိုယ် ဖြည်ပြရတာမျိုးပဲ။ အနည်းဆုံးတော့ကိုယ့်ရင်ထဲမှာ သိမ်းထားတဲ့အထုပ်ကို ဖြည်ပြနေရတာလေ။ ရေးပြီးသွားရင် ကိုယ့်ရင်ထဲရှိတာတွေလူတွေသိသိကုန်တယ်။ ဖတ်တဲ့သူကလည်း သူ့ရင်ထဲက အထုပ်နဲ့ နှိုင်းစာပြီးမှ သူ့ခံစားချက်အတိုင်းကြိုက်ခြင်းမကြိုက်ခြင်း ချစ်ခြင်းမုန်းခြင်းတွေ ရှိတယ်။ ကိုယ်ရေးတဲ့စာကြောင့် ကိုယ့်အပေါ်မှာချစ်ခင်နှစ်လိုနဲ့သူချည့်ပဲ ရှိမှာ မဟုတ်ဘူး။ မလိုမုန်းတီးတဲ့သူတွေလည်း ရှိမှာ ဧကန်ပဲ။ကိုယ်ကတော့ ကိစ္စမရှိပါဘူး။ ကိုယ့်စာအတွက် သက်ရောက်မှု မှန်သမျှ ကိုယ့်ဘက်က လက်ခံနိုင်ဖို့ပြင်ဆင်ထားတယ်။ ဒါပေမယ့်လည်း ကိုယ့်ဇနီး ကိုယ့်မိသားစုအနေနဲ့ သူတို့ရေးတဲ့စာလည်းမဟုတ်၊ရေးပါရေးပါ လို့လည်း တိုက်တွန်းနေတာ မဟုတ်ပဲနဲ့ အလကားနေရင်း မနေနိုင်မထိုင်နိုင်ရေးနေတဲ့ကိုယ့်ကြောင့် လူမုန်းခံရမှာ၊ အရှက်ရစရာ၊ သိက္ခာကျစရာများ ရှိလာခဲ့သည်ရှိသော် သူတို့နဲ့လွတ်လွတ်ကင်းကင်း ရှိနေစေချင်တဲ့အတွက် သူတို့ကို ကိုယ့်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ခေါ်လာလေ့မရှိပါဘူး။ (နို့မို့ရင် ဟိုဘဘကြီးလို မမညီမလေး မလိမ်မာလို့ ဟိုရှယ်သည်ရှယ်လုပ်မိတာဗွေမယူပါနဲ့နော် လို့ တောင်းပန်နေရရင် ဒုက္ခ။)
သမီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးဖြစ်တာကတော့ လောလောဆယ် သူနားမလည်နိုင်သေးတဲ့ အကြောင်းအရာတွေကို ကိုယ်မရှိတော့တဲ့နောက်သူလူလားမြောက်လာတဲ့အခါမှာ မှာချင် ပြောချင် သိစေချင်သမျှ တနေ့သောအခါ ဖတ်နိုင်ပါစေသောရယ်လို့ဒေါင်းယာဉ်ပျံ ဘုံနဘေးမှာ စာရေးလို့ ထားချင်တယ် လုပ်ရတာပါ။ ဒါတောင်မှ သူ့ကိုယ်ရေးကိုယ်တာကိစ္စကလေးတွေဆိုရင်သူများသိကုန်တာ ကြိုက်ချင်မှ ကြိုက်မှာလေဆိုပြီး ထဲထဲဝင်ဝင် မရေးပါဘူး။ မိန်းမအကြောင်းဆိုတော့ပိုစဉ်းစားရတာပေါ့။ သူ့အနေနဲ့လည်း သူမသိပဲ သူ့အကြောင်းတွေ ဖေ့စ်ဘုတ်ပေါ် ပွကုန်တာ ဘယ်ကြိုက်မလဲ။သူများတွေကို ရေးသလို အမည်မဖော်လိုသူ ကျွန်တော့်မိန်းမအကြောင်း လို့ ရေးလို့လည်း ဖြစ်တာမဟုတ်။လင်မယားချင်း “စာထဲထည့်ရေးချင်လို့ပါညော်။” လို့ Consent တောင်းရမှာလည်း အခက်။
ဒါပေသိသည်တစ်ခါတော့ သူ့ဘက်က လိုလိုချင်ချင်နဲ့ Consent ပေးလာတာမို့ ရေးရတော့မယ်ဆိုပါတော့လေ။“သူနဲ့ပတ်သက်ပြီး စာတစ်ပုဒ်ရေး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်။ ဖတ်ချင်တယ်။” လို့ မွေးနေ့လက်ဆောင် တောင်းလာတော့ ချည်ပြီးတုပ်ပြီး ချုပ်ပြီးနှောင်ပြီး။ ဘာဆင်ခြေမှပေးဖို့ မစဉ်းစားနဲ့။ ရေးဖြစ်အောင်ကို ရေးရတော့မှာ။ အဲသည်မှာတင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြရတာအပေါ်က ဖတ်လာခဲ့တဲ့ နိဒါန်းရှည်ကြီးကိုသာ ရှုတော်မူပါရော့။ ဒါ သူ့ယောင်္ကျား စာရေးဆရာဆိုသူကြီးကိုစာမေးပွဲစစ်လိုက်တာပဲဗျ။ ဟိုးအရင် ဦးသန်းရွှေကြီးလက်ထက်ကတည်းက စိတ်ထဲရှိသမျှ ဘယ်သူ့ကိုမှဗိုလ်မထားပဲ ပိဿာလေးနဲ့ ဘေးပစ်သလို ဆော်လာတာ အခု ဘဘဦးသိန်းစိန်လက်ထက်မှာလည်း ဆော်တုန်းပဲ။မတော်လို့များ ၂၀၁၅ မှာ မေစုကြီးတက်လာရင်တောင် ဆက်ဆော်ရဦးမှာပါ လို့ ဟန်ရေးတပြင်ပြင်ရှိနေတာ။ “အာဂ ဟဲ့ ငါ။ မှန်တယ်ထင် ဘယ်သူ့မျက်နှာမှ မထောက်။” လို့ မာန်တွေ တက်နေမိသေး။ကိုင်း အခုတော့ ဘယ့်နှယ်ရှိစ။ သတ္တိရှိရင် ကိုယ့်မိန်းမ မကောင်းကြောင်း ဖေ့စ်ဘုတ်ပေါ်တက်ဖွကြည့်လေ။ မိုးကြိုးပစ်တာကမှ အသံ၏အလျင် အလင်း၏အလျင်တွေနဲ့ အရောက်နှေးနေဦးမယ်။ရေးကြည့်လိုက်စမ်းပါ။ ရေးကြည့်လိုက်စမ်းပါ။ ဘာဖြစ်သွားမယ် ထင်သလဲ ဟွင်းဟွင်း။ ဟွာလေ။ အာ့ဆိုလည်း ဘေးကင်းရန်ကွာ။ ကောင်းတာလေးတွေချည့်ပဲ ရွေးရွေးပြီး ရေးရင် မကောင်းဘူးလား။
အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗူလ လို တွံတေးဝဝင်တဲ့ မိန်းမမြတ်ကလေး ဖြစ်ကြောင်း သာသာထိုးထိုးပံ့ပံ့ပိုးပိုးကလေး ရေးပေးလိုက်ရင် ဘယ်လိုနေမလဲ။ သူများတော့ မသိဘူးလေ။ ကိုယ့်ဘာသာကိုယ်တောင်အဲ့လိုစာမျိုး မဖတ်ချင်။
မနေ့ကဖတ်ဖူးလိုက်တဲ့စတေးတပ်စ်လေးတစ်ခုမှာ မှတ်သားလိုက်မိတာ ရှိတယ်။ မိုက်ကယ်အိန်ဂျလိုကြီးဟာ သူရဲ့ ကမ္ဘာကျော်ဒေးဗစ်ရုပ်ထုက ဘာဖြစ်လို့ အဲ့သလောက်တောင် အံမခန်း အနုပညာမြောက်နေရသလဲ လို့ အမေးခံရတော့“ဒေးဗစ် မဟုတ်တဲ့အရာမှန်သမျှ ဖယ်ထုတ်နိုင်ခဲ့လို့။” (I removed everything that is not David.) လို့ ဖြေပါသတဲ့။ မနှိုင်းကောင်းနှိုင်းကောင်းပေါ့လေ။ ကိုယ်လည်းဘာအကြောင်းနဲ့ပဲစာရေးရေး။ အခုဆို ကိုယ့်ရဲ့ မဟေသီအကြောင်းကို ရေးရတော့မယ် ဆိုပါတော့။ သူမဟုတ်တဲ့အရာတွေမှန်သမျှ အကုန်ဖဲ့ထုတ်ပစ်နိုင်ရလိမ့်မယ်။ ဒါမှပဲ သူကလည်း သူဖြစ်ပြီး ကိုယ်ကလည်း ကိုယ်ဖြစ်လိမ့်မှာမဟုတ်ဘူးလား။ တကယ်တမ်း စဉ်းစားကြည့်တော့ သူ့အနေနဲ့ သိချင်တာဟာ ကိုယ့်ဆီက အလိမ်အညာစကားတွေထက်စာရင်သူ့ခင်ပွန်းသည်ဟာ စိတ်ထဲမှာ သူ့အပေါ် ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုမြင်သလဲ ဆိုတာကို အမှန်ကန်ဆုံးသိချင်လိမ့်မယ် လို့ ယူဆမိတယ်။ ကိုယ့်အနေနဲ့လည်း သူနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာ ခံစားမိသမျှကိုမိမိရရ ပုံဖော်တာသာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်လေ။
ကိုယ့်ဇနီးသည်ဟာကိုယ့်ထက် အသက် လေးနှစ်ငယ်ပါတယ်။ ကိုယ်နဲ့ တစ်ယောက်ကျော် ညီတော်မောင်နဲ့ အသက်မတိမ်းမယိမ်းပါ။အစိုးရအရာရှိကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး မဟာဝိဇ္ဇာ (သမိုင်း)နဲ့ ကျောင်းပြီးပါတယ်။ ကိုယ်တို့စတွေ့တာကတော့အိမ်မှာ မဟာသွံသာရဘုရားပင့်တဲ့အခါ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်စလုံး သိတဲ့ မိတ်ဆွေတစ်ယောက်ကဖိတ်ကြားပြီး အိမ်ကို ဘုရားဖူးလာရင်း တွေ့ဖြစ်ပါတယ်။ ကိုယ်နဲ့ရင်းနှီးသိကျွမ်းပြီးအိမ်ကို အဝင်အထွက်လုပ်ဖူးတဲ့ မိန်းမပျိုတွေထဲမှာ ကိုယ့်အမေက နှစ်သက်လက်ခံတာ သူတစ်ယောက်သာရှိပါတယ်။ ယောင်္ကျားလေးရှင်ဘက်က ငြင်းစရာ ဘာတစ်ခုမှမရှိတဲ့ သူနဲ့ မိန်းကလေးရှင်ဘက်ကငြင်းစရာ ဘာတစ်ခုမှ မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ သကောင့်သားတို့ တွေ့ကြတဲ့အခါနှစ်ဦးနှစ်ဘက် ရှေ့ဆက်ဖြစ်ပါတယ်။ အဲသည်အချိန်မှာ ကိုယ့်အသက်က ၃၁ နှစ် ရှိနေပြီဖြစ်ပြီးလူပျိုကြီးလုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမထားပါဘူး။ ဆရာဝန်လုပ်သက် နှစ်နှစ်ပြည့်ကာနီးလာပြီးသိပ်မကြာခင်မှာ ရပ်ဝေးနယ်ခြားက ဆေးရုံတစ်ခုခုကို ပြောင်းရကိန်းမြင်နေတဲ့အတွက် သားလူပျိုရဲ့မရေရာတဲ့ အနာဂတ်အိမ်ထောင်ရေးဟာ အငယ်တွေ လက်မလွတ်သေးတဲ့ ကိုယ့်အမေအတွက် အင်မတန် ခေါင်းခဲရပုံပေါ်ပါတယ်။ကိုယ့်အတွက်ကရော။ အိမ်ထောင်ရေးမှာ အရေးကြီးဆုံးက အချစ်လို့ ပြောကြတာပဲလေ။ ကိုယ်အိမ်ထောင်ပြုဖို့အရွယ်ရောက်လာပြီ။ ခက်တာက ကိုယ့်မှာ လောလောဆယ် ချစ်သူ မရှိဘူး။ သူ့ကို ချစ်နိုင်သလား။မချစ်နိုင်စရာအကြောင်းတော့ မရှိပါဘူး။ မြင်မြင်ချင်းကို ကျွမ်းပစ်သွားအောင် ချစ်မိလေသတည်းဆိုတာတော့ ဘယ်ဟုတ်မလဲ။ အတူတူနေတဲ့ ဘယ်သူ့ကိုမဆို ရင်းနှီးတွယ်ငြိတတ်တဲ့ ကိုယ့်အဖို့ကိုယ်နဲ့ တသက်လုံးအတူတူနေရမယ့် တစ်ယောက်ကို မချစ်ပဲနေနိုင်စရာအကြောင်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတဲ့ အရေးအကြီးဆုံးမေးခွန်းကတော့ ရှေ့ဆက်ရန်ကျန်တဲ့ ဘဝသက်တမ်းတလျှောက်မှာ ကိုယ့်ရဲ့အချစ်နဲ့ ကာမကို သူ့တစ်ယောက်တည်းအပေါ်မှာ အပ်နှံထားနိုင်တာ သေချာပြီလား။ အဲ့ဒါ သေချာတဲ့အတွက်ကိုယ်အိမ်ထောင်ကျပါတယ်။
အိမ်ထောင်ရေးဆိုတာForest Gump ရုပ်ရှင်ထဲမှာ ပြောတဲ့ ချောကလက်လေးတွေလိုပါပဲ။ အပြင်က ဗူးခွံကိုကြည့်ပြီးအထဲကဟာတွေ စားကောင်းလိမ့်မယ် လို့ အတတ်ပြောနိုင်တာ မှ မဟုတ်တာ။ (ဒါကြောင့်လည်း တချို့လူတွေဈေးချိုထဲ ထိုးမုန့်မြည်းသလို လိုက်မြည်းနေတာ ဖြစ်မယ်။) ကိုယ်တို့နှစ်ဦး ဖောက်ကြည့်လိုက်တဲ့အိမ်ထောင်ရေး ချောကလက်ကြီးဟာလည်း ပုံပြင်တွေထဲကလို Happy ever after နဲ့ ဇာတ်သိမ်းမသွားပါဘူး။ ဇာတ်လမ်းက အဲသည်တော့မှ စတာပါ။ ကိုယ်တို့ တအိုးတအိမ်ထူထောင်ပါတယ်။ ဒါပေမယ့်တူနှစ်ကိုယ်တိုင်းပြည်တော့ မဟုတ်ပါဘူး။ နှစ်ဘက်မိဘတိုင်းပြည်ပါ။ သူက မောင်လေးတစ်ယောက်ရှိသော်လည်း တစ်ဦးတည်းသော သမီး ဖြစ်တဲ့အတွက် သူစိမ်းသက်သက်ဖြစ်သူ ကိုယ့်နောက်ကို မျက်နှာလွှဲခဲပစ်မထည့်လိုက်နိုင်ပါဘူး။ သူငယ်ချင်းတွေနဲ့ ဘက်ချလာနိုက်အပြန် သတို့သမီးဝင်ခေါ်တဲ့ သားမက်ကလေးကိုစိတ်မချလို့ မာမီရော ဒယ်ဒီပါ ညကြီးမင်းကြီး သမီးရောသားမက်ပါ အိမ်လိုက်ပို့၊ တံခါးသော့ခတ်၊သူငယ်ချင်းနှင် ပြီးမှ ပြန်ပါတယ်။ နောက်တနေ့မနက် ကိုယ်တို့မနိုးသေးခင် မနက်စာ မုန့်ဟင်းခါးချိုင့်ကလေးနဲ့အိမ်တံခါးလာခေါက်ပါတယ်။ ဟန်းနီးမွန်းထွက်တော့ သူတို့ရောပါပါတယ်။ ကျေးဇူးလည်းတင်ပါရဲ့။နမူနာပြစရာ အဖြစ်အပျက်ကတော့ အဲသည်အတိုင်းပါပဲ။ ပြီးတော့ ပြီးတော့ ထို့နောက် ထို့နောက်လည်းကောင်းပေါ့။
ကိုယ်နဲ့အိမ်ထောင်ကျတဲ့မိန်းကလေးဟာ အခြားတပါးသော မိန်းမပျိုကလေးတွေနဲ့ မတူတာ သေချာပါတယ်။ သူ့အိမ်မှာ ဝတ်ဖို့အဝတ်အစားစီးဖို့ဘိနပ်ကအစ ကြီးဒေါ်ဖြစ်သူက အဆင်သင့် ပြင်ဆင်ပေးရတဲ့သူ ဖြစ်ပေမယ့် သူလည်းပဲ သူ့အိမ်ထောင်နဲ့သူဖြစ်တဲ့အခါ ထမင်းချက်၊ အဝတ်လျှော်၊ အိမ်မှုကိစ္စ သူ့ဘာသာသူ လုပ်ရပါတယ်။ ကိုယ့်ဘက်ကလည်းချိုသည်ပဲ ဖြစ်စေ၊ ခါးသည်ပဲဖြစ်စေ၊ စားဖြစ်အောင်စားတာပါပဲ။ ထမင်းမာတယ်၊ ပျော့တယ်၊ တူးတယ်၊မနပ်ဘူး၊ ပေါ့တယ်၊ ငန်တယ်၊ ဘာတစ်ခုမှ ပြောစရာ မရှိအောင်တော့ ချက်နိုင်ပါတယ်။ သူ့ဘက်ကလုပ်နေကျမဟုတ်လို့ မလုပ်နိုင်တဲ့အလုပ်တွေရှိလည်းပဲ ကိုယ့်ဘက်က တွက်ကပ်မနေပါဘူး။ နားလည်ပါတယ်။မနက်အိပ်ယာထလို့ အိမ်အောက်မှာ မုန့်ဟင်းခါးဆင်းဝယ်ဖြစ်ရင် တစ်လမ်းတည်းနေတဲ့ ဆေးရုံကအမတစ်ယောက်က “စိုးမင်းတစ်ယောက် မိန်းမရမှ သူ့မိန်းမစားဖို့ မုန့်ဟင်းခါးကအစ ဝယ်ပေးနေရပြီ။” လို့ ဟားတာ ခံရဖူးပါတယ်။ စိတ်မဆိုးပါဘူး။ ဘာဖြစ်သလဲ။ဝယ်ပေးတယ်လေ။ နှစ်ယောက်တည်းရှိတာ။ သူမလုပ် ကိုယ်လုပ်မှာပေါ့။ သူက အပြင်ထွက်ပြီး လူတွေအကြားသွားရလာရတဲ့အလုပ်တွေကို ဝါသနာ မပါပါဘူး။
အိမ်ထောင်ကျသွားပြီးနောက်အိမ်မှာ သူတစ်ယောက်တည်း ထားခဲ့ရမှာစိုးတဲ့အတွက် လူပျိုတုန်းကလို အိမ်ပြန်ညဥ့်နက်အောင်သူငယ်ချင်းတွေနဲ့ လည်တာပတ်တာ ဆင်ခြင်ရပါတယ်။ ဆေးရုံမှာ ဆေးခန်းမှာ နိုက်ဂျူတီရှိတဲ့ရက်တွေတော့ သူ့ကို ဟိုအိမ်ပြန်ပြန်ပို့ရတာပေါ့။ နောက်တော့ အိမ်ကိုလွမ်းတယ် ဖြစ်ဖြစ်လာရင်လည်းပြန်ပို့ရပြန်ပါတယ်။ အပြစ်တင်ချင်းတင်ရင် အိမ်မပြန်ချင်အောင် မစွမ်းဆောင်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ဖို့ ရှိပါတယ်။ သူ့မိဘအိမ်မှာ ကိုယ်ပါ လိုက်မအိပ်နိုင်တဲ့အပြစ်ကတော့ ပိုကြီးမလားမသိပါဘူး။ နဂိုကတည်းက သူ့ကျွန်မခံပြီ စိတ်ဓါတ်ရှိတဲ့ကိုယ်ဟာ ယောက္ခမအိမ်မှာဆိုရင် ဘဝင်ကျကျအိပ်လို့မပျော်ပါဘူး။ ဧည့်သွားဧည့်လာ တည်းသလိုခိုသလိုသာ အောင့်အောင့်အည်းအည်းနေနိုင်တယ်။အမြဲနေဖို့တော့ ဝန်လေးပါတယ်။ ဒီလိုနဲ့ပဲ ကိုယ့်မှာ တစ်ယောက်တည်းလည်း နေတတ်တဲ့အကျင့်ကလေးရလာပါတယ်။ “အိမ်ထောင်သည်ယောင်္ကျားတစ်ယောက်ကို တစ်ယောက်တည်း ပစ်ပစ်ထားလို့ မသင့်တော်ဘူး။စိတ်မချရဘူး။” ဆိုတဲ့ အသွန်အသင်တွေလည်း သူ့ဘက်မှာရှိသလား မသိပါဘူး။ ကိုယ့်အပေါ်မှာ မသင်္ကာတဲ့ သံသယအတွေးတွေ သူ့စိတ်ထဲမှာ ဖြစ်လာပါတယ်။ဒါပေမယ့် သူဟာ ကိုယ်သွားရာနောက် ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်ပါနိုင်တဲ့သူတစ်ဦးလည်းမဟုတ်တဲ့အတွက် သူ့သံသယတွေကို ချေဖျက်စရာလည်း မရှိပါဘူး။ အဲသည်အခါမှာ ကိုယ်က သူ့ရှေ့မှာတခြားသူတစ်ဦးဦးနဲ့ အကျွမ်းတဝင် ရင်းရင်းနှီးနှီး ဆက်ဆံနေတာတွေ့ရင် သူတို့ချင်း ဘယ်အထိအောင်ရင်းနှီးနေသလဲဆိုတာ လိုက်လိုက် အကဲခတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေကိုသူ့ထက်ပိုပြီး အရေးတယူ ဆက်ဆံတယ်လို့ သူ့စိတ်ထဲမှာ ထင်ရင် ပြဿနာရှိပါတယ်။
ပြဿနာမတက်ချင်တဲ့ကိုယ်က မြွေမသေတုတ်မကျိုးတဲ့နည်းကို စဉ်းစားလိုက်တဲ့အခါ သူ့ကို ကိုယ့်သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင်မိတ်ဆက်မပေးတော့ပဲ သပ်သပ်ထားလိုက်ပါတယ်။ သိရုံကျွမ်းရုံ မြင်ဖူးရုံဆို တော်ရောပေါ့လို့ အောင့်မေ့လိုက်ပါတယ်။ ကြာလာတော့ ကိုယ့်မှာ သုံးကိုယ်ခွဲကြီး ဖြစ်လာရော။ အိမ်မှာနေတာက တစ်ကိုယ်၊ အလုပ်ထဲမှာ နေတာက တစ်ကိုယ်၊ သူငယ်ချင်းတွေနဲ့ နေတာက တစ်ကိုယ်။ အဲသည်သုံးကိုယ်ဟာတစ်ကိုယ်မီးလောင်လို့ နောက်တစ်ကိုယ် မီးမစွဲဘူး။ ဘာကိုမှ အသယ်အယူ အကူးအသန်းမလုပ်ပဲသူ့နေရာနဲ့သူ အကုန်ဖြတ်ခဲ့တယ်။
ကိုယ်ရေးတဲ့စာတွေဖတ်ဖူးပြီးအလုပ်အတူတူလုပ်ဖူးတဲ့ ဆရာဝန်မကလေးက ပြောပါတယ်။ “ဆရာ့မိန်းမဟာ တော်တော်ပျော်စရာကောင်းမှာပဲ။ဆရာက တချိန်လုံး စ နေ နောက်နေတာနဲ့ ရယ်လို့ဆုံးမှာ မဟုတ်ဘူး” တဲ့။ သူပြောလိုက်မှပဲကိုယ့်မှာ နင်သွားတော့တယ်။ ဟင့်အင်း။ ကိုယ်အိမ်မှာ အဲသလိုမျိုး ပေါက်ပန်းဈေးတွေ စ လို့နောက်လို့ မရဘူး။ သူတို့က မရယ်တတ်ဘူး။ ကိုယ်က စ လိုက်ရင် အတည်ကြီးထင်ပြီး စကားများတတ်တယ်။တခါတလေ ကိုယ့်အချင်းချင်း စကားများရရင်တော်သေး။ ကိုယ်က စ လိုက်နောက်လိုက်တဲ့ စကားတစ်ခွန်းနဲ့လူကြီးတွေပါပါလာရင် အမှုက ကြီးလာရော။ သည်လိုနဲ့ပဲ ကိုယ်လည်း အိမ်မှာနေရင် ရွှေဇီးကွက်ရဲ့အိနြေ္ဒဖြစ်လာတယ်။ “သူများတွေနဲ့ဆို ရွှန်းရွှန်းကိုဝေလို့ ငါနဲ့များဆို စကားက ပြောချင်သလိုမပြောချင်သလို။” လို့ သူ့ဘက်က ထင်မယ်ဆိုရင်လည်း အလွန်တော့ မဟုတ်ဘူး။ အရေးကြီးတာက ပြဿနာတော့မတက်ချင်ဘူးလေ။ စကားနည်းတော့ ရန်စဲသတဲ့။ လင်မယားချင်း ရန်ဖြစ်ရတာထက် စိတ်ညစ်ဖို့ကောင်းတာကိုယ့်မှာ မရှိပါဘူး။
သည်လိုပြောလို့ကိုယ်တို့လင်မယားဟာ တကျက်ကျက် ရန်ဖြစ်နေရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပေါင်းလာတာ ကြာပြီဖြစ်တဲ့အတွက် ဘယ်စကားပြောရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ အလိုလို သိနေပြီးသား ဖြစ်ကုန်ပါပြီ။ကျင်လည်ကြီးပြင်းလာရတဲ့ အသိုင်းအဝိုင်း အသိုက်အဝန်းချင်းကလည်း တော်တော်ခြားနားတာ ဖြစ်တဲ့အတွက်သူနဲ့ကိုယ်နဲ့ အတွေးအမြင် အယူအဆ ကွဲလွဲတာတွေ အများကြီး ရှိမှန်းလည်း သိနေပါပြီ။ မတူတာတွေအငြင်းမပွားပဲ တူရာတူရာကလေးတွေ အတူတူတွဲလုပ်ရင်းနဲ့ပဲ ကိုယ်တို့အိမ်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ထားပါတယ်။ အနီးစပ်ဆုံး မြင်ယောင်မိတာကတော့ “ခုနစ်စဉ်အလွမ်း” ထဲက မိ နဲ့ မောင်တို့ အိမ်ထောင်ရေးနဲ့ တော်တော်ဆင်ပါတယ်။ ပိုတူတာကတော့ ကိုယ်တို့မှာလည်း သမီးလေးတစ်ယောက်ရှိနေတယ်လေ။
သမီးကိုကိုယ်ဝန်ရှိတဲ့အခါ သူက အိပ်မက်မက်တာက စပါတယ်။ ဆံပင်ကောက်ကောက်ကလေးနဲ့ ချစ်စရာ ကလေးမလေးတစ်ယောက်သူ့ဆီလာလာနေတယ် လို့ ပြောတယ်။ ဘယ်လိုအိပ်မက်မျိုးကမှ ကိုယ်တို့ကို အဲသလောက် မပျော်စေနိုင်ပါဘူး။ကိုယ်ဝန်လရင့်လာတဲ့အခါမှာတော့ သူက ညဘက်ညဘက် မအိပ်ပဲ ထိုင်ထိုင်ငိုတတ်ပါတယ်။ ကလေးမွေးရမှာကြောက်လို့တဲ့။ ဘာကြောက်စရာ ရှိသလဲ။ ယောင်္ကျားဆရာဝန်တစ်ယောက်လုံး အိပ်ယာထဲ အတူရှိနေတာ။ကလေးမွေးတာလောက်တော့ ရိုးရိုးမွေးမွေး ခွဲမွေးမွေး မွေးတတ်တယ်။ ဒါပေမယ့် သူက ဗိုက်နာမှာကိုကြောက်တာတဲ့။ ဒါဆိုလည်း မကြောက်ပါနဲ့လေ။ ဗိုက်မနာခင် ခွဲမွေးလို့ ရတာပဲ။ အိုဂျီတွေမှန်သမျှကိုယ့်ဆရာမ။ နာကိုမနာစေရဘူး။ ခါးရိုးထဲကို ထုံဆေးလေးထိုးပေးမှာ။ စိတ်သာချ။ ဒါပေမယ့်လည်းမရပါဘူး။ ဗိုက်ခွဲရမှာ ကြောက်ပြန်သတဲ့။ ဟယ် အဲ့ဒါတော့ မတတ်နိုင်ဘူးလေ။ ပြန်ထုတ်ပစ်လို့လည်းရတာမှ မဟုတ်တာ။ ကြောက်နေလို့မပြီးဘူး။ မွေးကို မွေးရမှာ။ ရှောင်လွှဲလို့မရတဲ့ အလုပ်တစ်ခုကိုကြောက်နေတာ ဘာမှ အကျိုးမရှိဘူး။ ကလေးမွေးတယ်ဆိုတာ မိန်းမတွေတော်တော်များများ ကြုံဖူးကြတာချည့်ပဲ။(အဲသည်စကားတွေဟာ မကြာခင်မှာ ဆရာဝန်ဖြစ်ပြီး လူစိတ်မရှိလို့ ပြောတဲ့စကားတွေ ဖြစ်ကုန်ပါသတဲ့။)ယောင်္ကျားများ ကိုယ်ဝန်ဆောင်လို့ရမယ်ဆိုရင် ပိုက်ဆံဘယ်လောက်ကုန်ကုန်၊ အဲသည်ကိုယ်ဝန်ကိုယ်ဆောင်ရလိမ့်မယ် ထင်ပါတယ်။ တကယ်တမ်း ကလေးမွေးတဲ့အခါ ကိုယ်ကိုယ်တိုင် ခွဲခန်းထဲကိုလိုက်ဝင်ပါတယ်။ အမိဝမ်းကကျွတ်ကာစ နီတာရဲသမီးလေးရဲ့ မျက်နှာပြင်မှာ သူ့အမေနဲ့တူတဲ့ နှုတ်ခမ်းကလေးကိုသေသေချာချာ မြင်လိုက်မိပါတယ်။ ကိုယ့်မိန်းမစိတ်ထဲမှာ ဘယ်သူရှိသလဲဆိုတာလည်း သတိထားမိလိုက်ပါရဲ့။မေ့ဆေးမပြယ်သေးပဲ ကယောင်ကတမ်းဖြစ်နေတဲ့အချိန်မှာ ကိုယ့်အင်္ကျီကော်လံနှစ်ဘက်ကို မလွှတ်တမ်းဆွဲထားပြီးကိုယ့်နံမယ်ကို ခေါ်ခေါ်နေတယ်။
သမီးလေးငါးနှစ်အရောက် သူငယ်တန်းအတက်မှာ ကိုယ်က လောက်ကိုင်ကို ပြောင်းရပါတယ်။ ရန်ကုန်မှာတောင်အိမ်နှစ်အိမ် ကူးချည်သန်းချည်နေတဲ့ သားအမိဟာ လောက်ကိုင်ကို အလည်သာ လာနိုင်ပါတယ်။ အဖေကိုတွေ့ချင်လွန်းပါတယ်ဆိုတဲ့သမီးကလေးတောင် လောက်ကိုင်မှာ တပတ်ပြည့်အောင် မနေနိုင်ပါဘူး။ ဟိုမှာ သူတို့အတွက် အနေအစားတော်တော်ဆင်းရဲပါတယ်။ အဖိုးဖြစ်သူက ကိုယ့်အိမ်တံခါးဝအရောက် အဆင်ပြေ ပြည့်စုံအောင် စီစဉ်ထားပေးတာတောင်ကိုယ့်အိမ်ထဲ သူတို့နေရတာ တော်တော် မလွတ်မလပ် မပျော်မပိုက်နဲ့မို့ သူတို့တော်တော် စိတ်ကျဉ်းကြပ်ရှာပါတယ်။ဝက်သားအမဲသား မစားတဲ့သားအမိအတွက် ကြက်အရှင်ဝယ်ပြီး ကိုယ့်ဘာသာစီရင်ရတဲ့အရပ်မို့ ဆိုင်ကထမင်းဟင်းတွေနဲ့သာစခန်းသွားရပါတယ်။ အဲ့ဒါတွေကလည်း နှစ်ရက်လောက်ဆို သူတို့ မကြည့်ချင်တော့ဘူး။ သမီးကဆိုကြက်မည်းမည်းတွေ မစားချင်တော့ဘူးဆို ငိုတယ်။ သည်သားအမိအပေါ်မှာ သျှောင်နောက်ဆံထုံးမပါရကောင်းလားလို့ ကိုယ့်ဘက်က အပြစ်တင်စရာ အကြောင်း မရှိပါဘူး။
လောက်ကိုင်ကိုမလိုက်နိုင်တဲ့ သားအမိဟာ ဘူတန်ကိုတော့ လိုက်ရကောင်းနိုးနိုးနဲ့ ဘန်ကောက်အထိ ပါလာပါတယ်။ကိုယ်ကလည်း တစ်ခါတည်း ဗီဇာပါ လျှောက်လာခဲ့ပြီးပြီလေ။ ဒါပေမယ့် မြို့တော်ကနေ ကိုယ်အလုပ်လုပ်တဲ့မြို့ကိုဘတ်စ်ကားနှစ်ရက်စီးရမယ့် ခရီးကို သမီးကတွေးရုံနဲ့ ကြောက်ပါတယ်။ ကိုယ်ကလည်း ဟိုရောက်လို့အစားအသောက် ရေမြေကြမ်းတမ်းလို့ မနေနိုင်ရင် ပြန်ပို့ဖို့အရေးတွေးပြီး ကြောက်ပါတယ်။သည်လိုနဲ့ မခွဲနိုင်တဲ့ကြားက ဘန်ကောက်က လှည့်ပြန်ရပါတယ်။ ဘူတန်မှာနေတဲ့ နှစ်နှစ်ကာလဟာကိုယ်ရော သူတို့သားအမိရော တော်တော် စိတ်ဆင်းရဲခြင်းကြီးစွာ ဖြတ်သန်းခဲ့ရတဲ့ ကာလများဖြစ်ပါတယ်။မတွေ့ရမနေနိုင်တဲ့ ဒုက္ခမဟုတ်ပဲ အရေးကိစ္စရှိလာရင် တောင်မင်းကို မြောက်မင်းမကယ်နိုင်တဲ့ဒုက္ခကြောင့် ဖြစ်ပါတယ်။
တဖြေးဖြေးနဲ့ကိုယ်တို့နှစ်ယောက် အိမ်ထောင်ရေးရဲ့ ဗဟိုချက်ဟာ သမီးဆီကို ရောက်လာပါတယ်။ ဘာကိစ္စ စဉ်းစားစဉ်းစား၊ သမီးကို အဓိကထား စဉ်းစားလာရတယ်။ ဘူတန်ကအပြန် အမ်းကိုပြောင်းတဲ့အခါ သမီးများလိုက်နေမလားလို့ ကိုယ့်မှာ အိမ်ကိုလည်း ပြင်ရတယ်။ ရေတွေ မီးတွေ တီဗီတွေ အင်ဗာတာတွေလည်းပြည့်စုံအောင် စီစဉ်ရတယ်။ ကျောင်းတွေဘာတွေတောင် စုံစမ်းမိသေး။ ဒါပေမယ့် တစ်ညကို နှစ်နာရီသာလာတဲ့လျှပ်စစ်မီးနဲ့ သမီးရဲ့ ဗီတိုအာဏာ မိသွားပါလေရော။ ကိုယ့်အနောက်ကို မလိုက်နိုင်တဲ့ဇနီးသည်ဟာ သူ့သမီးနဲ့တော့ မခွဲမခွာနေရမှာမို့ နေပြည်တော်ကို ရွှေ့ရတဲ့ သူ့အလုပ်ကို အပြီးအပိုင်စွန့်လွှတ်ရပါတယ်။ နှစ်တွေကြာလာသော်လည်း ဘာမှ မပြောင်းလဲသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်အထင်ရှိပေမယ့်လည်း သမီးရဲ့အမေကတော့ သိသိသာသာ ပြောင်းလဲလာပါတယ်။ သူက အမေလုပ်ရမှာကိုး။အိမ်ထောင်ကျကာစက ကိုယ်ကတံခါးဖွင့်ပေးမှ အိမ်ထဲဝင်တတ်တဲ့ မိန်းကလေးဟာ ခုချိန်မှာ သမီးနဲ့သူနှစ်ယောက်တည်း ကိုယ်မပါပဲ သူတို့ဘာသာ နေတတ်နေပါပြီ။ ကိုယ်ကမှ သူတို့မရှိလည်း တစ်ယောက်တည်းနေလို့ဖြစ်တာ မဟုတ်ဘူး။ သူတို့ကလည်း ကိုယ်မရှိပဲ နှစ်ယောက်တည်း နေတတ်နေပြီ။ ကိုယ်တို့မိသားစုဟာဖြုတ်လို့တပ်လို့ရတဲ့ အရုပ်ကလေးများလိုပဲ။ Detachable အရှင်ဖြစ်နေပြီ။ မင်းရှိမှ ငါရှိမှရယ်မဟုတ်တော့ဘူး။ သို့သော်လည်းပဲ သုံးယောက်စလုံး ရှိနေမှ ပြီးပြည့်စုံတဲ့ဘဝတစ်ခု ဖြစ်တယ်။ရေမြောကမ်းမတင် ဘောင်ဘင်ခတ်နေတဲ့ ဟောသည် သုံးပုံတစ်ပုံကြီးက သူ့ကိုယ်သူပိုင်တာ မဟုတ်ဘူး။အချိန်တန်ရင် ချည်တိုင်ရှိတဲ့ဆီကို ပြန်ကိုပြန်ရမှ။
မင်းသားများအကယ်ဒမီရရလာရင် တစ်သက်လုံး အိမ်မှာထားခဲ့တဲ့ သူတို့မိန်းမကို ကောက်ကာငင်ကာ ထိပ်ဆုံးကကျေးဇူးတင်ကြတယ်။ အစကတော့ အဲ့ဒါ အိုဗာတင်းသောက်တယ် ထင်တာ။ ခု ပြန်စဉ်းစားကြည့်တော့တကယ်ပြောတာဗျ။ ကိုယ်လည်း ဘဝမှာ လုပ်ချင်တာတွေကို လုပ်ချင်တိုင်းလုပ်လာခဲ့တာ ခုထိပဲ။အစိုးရအလုပ်ဝင်ပြီး ခွဲစိတ်ဆရာဝန်လည်း လုပ်တယ်။ ဆေးခန်းလည်း မထိုင်ဘူး။ စိတ်ကူးပေါက်ရင်ပြင်သစ်ကျောင်းလည်း သွားသွားတက်ခဲ့ဖူးသဗျ။ တနေ့တနေ့ ဖေ့စ်ဘုတ်ပေါ်တက်ပြီး စာတွေလည်းထင်တိုင်းရေးနေသေးတယ်။ ဟုတ်ဟုတ်ငြားငြား ပိုက်ဆံရတာလည်း မဟုတ်။ အမလေး။ အားအားယားယားညနေဆို ဂျင်သွားသွားဆော့ချင်သေးတာ။ သူ့ကိုယ်သူ ဘာများမှတ်နေတယ်မသိ။ မိန်းမယူ ကလေးမွေးပြီးသည်လို သားကျွေးမှု မယားကျွေးမှု မရှိပဲ ထင်တိုင်းကြဲနိုင်ဖို့ဆိုတာ သည်မိန်းမကျေးဇူးမပါရင်ဘယ်လိုဖြစ်နိုင်မလဲ စဉ်းစားကြည့်ပါဦး။ အမေကမွေးထားတဲ့ ရုပ်ရည် ကိုယ်နေဟန်ထား၊ အနေအစားအသားအရေတွေဟာ မိန်းမရတဲ့အချိန်ကနေ အခု သမီး ၁၆ နှစ်မ ဖြစ်တဲ့အထိ သည်အတိုင်းရှိနေဖို့ဆိုတာသည့်ပြင်မိန်းမနဲ့ဆို ဘယ်လိုပုံစံများ ဖြစ်နေလေမလဲ တွေးကြည့်ပါဦး။ အဲ့တော့ သားလည်းပြောစမ်းပျဇီ ပြိတ်သတ်ကြီးရယ်။ အဲ့ဒါ ဝှီးကျေးဇူးကြောင့်ပါ။ သည်မိန်းမတော်လို့ ဖြစ်လာတာတွေချည့်ပါပဲ။ဟုတ်ပလား။
ဘူတန်ကပြန်လာကာစမှာ ဖေ့စ်ဘုတ်ပေါ် စာတွေရေးတဲ့အကြောင်း အိမ်ကမိန်းမ သိပါတယ်။ ဘာဖြစ်လို့ဆိုတော့ရေးထားသမျှစာတွေ အကုန်ပရင့်ထုတ်ပြီး အချက်အလက် အထောက်အထားမှားနေရင် ပြန်ပြင်ရတယ်လေ။“ငါ့ယောင်္ကျားက စာတွေဘာတွေလည်း ရေးတတ်သကိုး။” လို့ ပြောပြီး အကုန်ဖတ်တယ်။ ဘာမှတော့ ဝေဖန်ချက်မပေးဘူး။ အပြင်မှာ မြင်ဖူးကာစ ဆရာအတ္တကျော်တို့၊ ဆရာမောင်မောင်မြင့်တို့နဲ့ မကြာမကြာဆုံဖြစ်တဲ့အခါ “ဘာသွားသွားလုပ်တာလဲ ဟင်။ စာအုပ်ထုတ်ချင်လို့လား။ ပိုက်ဆံလိုရင် ပြောလေ။သူ့ဆီကယူ။” လို့ ပြောတော့ ကိုယ့်မှာ ပြောစရာစကား မရှိပါဘူး။ ဒါပေမယ့် သည်တစ်သက် ဘယ်တော့မှကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်မထုတ်ဘူး လို့တော့ ဆုံးဖြတ်မိပါတယ်။ ဆန်မရှိတဲ့သူက အစားပိုကြီးသတဲ့။မာနကြီးတခွဲသားနဲ့ ဘယ်သူ့ကိုမှ စာအုပ်ထုတ်ပေးဖို့ အောက်ကျမခံနိုင်ဘူးဆိုတဲ့ကိုယ်ဟာရောင်းအားကောင်းတဲ့ နံမယ်ကြီး စာရေးဆရာတစ်ယောက်တော့ မဟုတ်ပါဘူး။ “ငွေစန်းရောင်” ဆိုတဲ့ကလောင်နံမယ်ကို ဘယ်သူမှ မကြားဖူးကြဘူး။ ကိုယ့်စာအုပ်တွေကို ဘယ်စာအုပ်ဆိုင်မှာမှ လိုက်ရှာလို့လည်းမရနိုင်ဘူး။ အခုဆို ကိုယ့်လက်ထဲမှာတောင် တစ်အုပ်မှမရှိတော့ဘူး။ နိုင်ငံခြားကလာလည်တဲ့သူငယ်ချင်းမတစ်ယောက်ကတော့ “စိတ်မပျက်ပါနဲ့။ စိုးမင်းရယ်။ ငါသေချာ လိုက်ရှာဝယ်ကြည့်ပါ့မယ်။တွေ့တဲ့အခါ နင့်ကို စိုးမင်းအတွက် အမှတ်တရ လို့ကို လက်မှတ်ထိုးပြီး ပေးဦးမှာ။” လို့ နောက်တယ်။ ထင်ချင်တဲ့သူတွေက ထင်ချင်သလို ထင်ပါစေလေ။ တသက်လုံးပေါင်းလာတဲ့ မိန်းမရှေ့မှာပေါ်ပြူလာဖြစ်ချင်၍ စာရေးစားသူကြီး၊ လူသိများအောင် ကိုယ့်စားရိတ်ကိုယ်စိုက်၍ စာအုပ်ထုတ်လက်ဆောင်ဝေနေသူကြီး၊ သူငယ်နာမစင်တဲ့ အပြောအဆိုတွေနဲ့ အရည်မရအဖတ်မရ စာပေတွေ ရေးသားနေသူကြီးလို့တော့အထင်မခံနိုင်ပါဘူး။
အဲသည်တော့မိန်းမက သူ့အကြောင်းကလေးများ ဆိုးဆိုးကောင်းကောင်း ရေးကြည့်ပါဦး ဖတ်ကြည့်ရအောင် လို့ဆိုလာတဲ့အခါ ကိုယ့်ဘက်ကလည်း သူရောကိုယ်ရော နှစ်ဦးစလုံး သိပြီးသား အကြောင်းအရာများကိုဒေါသလည်းမသင့်အောင်၊ ချစ်သောမျက်စိဖြင့်လည်း ရှုမြင်နိုင်အောင်၊ ဖွင့်ဟမပြောဖြစ်သောအတွင်းသဘောများကိုလည်း စောကြောနိုင်အောင် လက်စွမ်းပြလိုက်ရပါတယ်လေ။ ပလီချက်ကဖြင့် ကမ်းကုန်ရောနော့။သူ့အကြောင်း ရေးပါဆိုမှ ကိုယ့်ကိစ္စတွေက ဘာလို့ကန့်လန့်ကန့်လန့် ပါနေရသလဲဆိုတော့ “Shall We Dance” ဇာတ်ကားထဲက ရစ်ချတ်ဂီရိကြီးကိုအကသင်တဲ့ စကားလေးကို ကိုးကားရမှာပဲ။ “မင်းဟာ ဓါတ်ပုံဘောင်ကလေးပါ။ သူကတော့ ဓါတ်ပုံထဲကမင်းသမီးလေးပေါ့။ မင်းလုပ်ရမယ့်အလုပ်က သူ့အလှတွေကို ပေါ်လွင်အောင် ဘောင်ခတ်ပေးရမယ်။ သည်ဘောင်ကလေးအတွင်းကနေ မင်းက သူဘယ်လောက်လှသလဲဆိုတာကို ထင်းကနဲမြင်နေစေရမယ်။” တဲ့။ အကောင်းဆုံးဇာတ်ပို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာဆန်ဆန် ပြောရကြေးဆိုရင်တော့ “မိန်းကလေးတို့ရဲ့ကျက်သရေ ချစ်သူသက်ဝေ အိမ်သူ့ဆွေ။” တဲ့။ ဘယ်သူဘယ်ဝါရဲ့ သမီးဆိုပြီး ဖူးဖူးမှုတ်အရေးပေးနေရတဲ့ဘဝကနေဘယ်သူဘယ်ဝါရဲ့ဇနီး ဆိုပြီး တင့်တင့်တယ်တယ်တလေးတစား အရေးတယူ ဆက်ဆံခံရဖို့ကတော့ ကိုယ့်တာဝန်ပဲ ရှိပါစေတော့လေ။ “ကိုယ့်ကြောင့် အရှက်ရ၊သိက္ခာကျ၊ မျက်နှာငယ်ရတဲ့ ဘဝမျိုး မဖြစ်စေရဘူး။” ဆိုတဲ့ ကတိကတော့ မွေးနေ့လက်ဆောင်အဖြစ်ယူဆလို့ရပါတယ်။
“တတ်သိနားလည်လွန်းလို့ ပြောရသည်တော့မဟုတ်ပေ။ အပတ်တကုတ်ကြိုးစား၊ ဘိုးဘွားအဖေအမေ လူကြီးသူမ ဆိုပြောကြတာတွေ နားထောင်ရင်းကအထင်းသားပေါ်နေ။ ရင်တွင်းခံစားချက်တွေ သိရာမှ မြင်လာရပေ။ အမှားအမှန် ခွဲခြား၊ တရားသဏ္ဍာန်ကွဲပြားဆင်ခြင်တော်မူစေ။
သျှောင်နောက် ဆံထုံးပါ ရုန်းမဖယ်သာလို့ မောင် ဘယ်ကိုသွားသွား တစ်ဖဝါးမှ မခွာလိုပေ။ မိန်းကလေးတို့ရဲ့ ကျက်သရေ။ ကျွန်မတို့ မိန်းကလေးကျက်သရေချစ်သူသက်ဝေ အိမ်သူ့ဆွေ။ မခေါ်ချင် ထားခဲ့လေ။ အမျှော်အမြင် တရားနဲ့နေ။ နားနားနေနေ ချစ်သူရှိရာသံသရာရှည်ရှည်၊ သည်မိုးအောက်ကမ္ဘာမြေ။”
Soe Min
0 comments:
Post a Comment