Saturday, November 1, 2014

ပြည်တွင်းမှ လေဆာသွားတိုက်ဆေး ထုတ်လုပ်မှုလုပ်ငန်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် Colgate ကုမ္ပဏီဝယ်ယူ


အမေရိကန်အခြေစိုက် နာမည်ကြီး လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော Colgate သည် ပြည်တွင်းမှ လေဆာသွားတိုက်ဆေး ထုတ်လုပ်မှုလုပ်ငန်းအား ဒေါ်လာသန်း ၁ဝဝ ဖြင့် ဝယ်ယူခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်ထုတ် Wall Street Journal ၏ ဖော်ပြချက်အရ သိရသည်။
Colgate-Palmolive ကုမ္ပဏီအနေဖြင့် ၎င်းတို့ကုမ္ပဏီထုတ်လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံပြည် တွင်း၌ပင် ထုတ်လုပ်ရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုအကြီးမားဆုံး နိုင်ငံခြားကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။
Colgate ကုမ္ပဏီသည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော လေဆာသွားတိုက်ဆေးနှင့် တစ်ကိုယ်ရေသန့်စင်ရေး သုံးကုန်ပစ္စည်း ထုတ်လုပ်သည့် ရွှေဧရာနဒီ ကုမ္ပဏီထံမှ လေဆာသွားတိုက်ဆေး အမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့်လုပ်ငန်းအား ဝယ်ယူခဲ့သည်ကို အတည်ပြုခဲ့သော်လည်း စာချုပ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
သို့ရာတွင် Colgate ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက လေဆာသွားတိုက်ဆေး ထုတ်လုပ်မှုလုပ်ငန်းကို ဒေါ်လာသန်း ၁ဝဝ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
လက်ရှိ ပြည်တွင်းတွင် အသုံးပြုနေသော Colgate လူသုံးကုန်ပစ္စည်းများမှာ ထိုင်းနိုင်ငံမှ ဝင်ရောက်နေခြင်းဖြစ်ပြီး လေဆာသွားတိုက် ဆေးလုပ်ငန်းကို ဝယ်ယူလိုက်ခြင်းအားဖြင့် လာမည့်အချိန်အနည်းငယ်အတွင်း Colgate ထွက်ကုန်များကို ပြည်တွင်း၌ပင် ထုတ်လုပ်ဖြန့်ချိသွားမည်ဟုလည်း သိရသည်။ သို့ရာတွင် စတင်ထုတ်လုပ်ဖြန့်ချိမည့် အချိန်အတိအကျကိုမူ Colgate ကုမ္ပဏီမှ အတည်ပြုပြောကြားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူသုံးကုန်နှင့်တစ်ကိုယ်ရေ သန့်စင်မှု သုံးကုန်ပစ္စည်းများ၏ ဈေးကွက်တန်ဖိုးသည် ပြီးခဲ့သည့် နှစ်က ဒေါ်လာ ၃၁၈ သန်းတန်ဖိုးရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း Euromonitor International ဈေးကွက်သုတေသနကုမ္ပဏီက သုံးသပ်ခဲ့သည်။ Euromonitor က မြန်မာနိုင်ငံ၏ လူသုံးကုန်ပစ္စည်းဈေးကွက် တန်ဖိုးသည် လာမည့်နှစ်တွင်လည်း တိုးတက်လာဦးမည် ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ လူသုံးကုန်ပစ္စည်းလိုအပ်ချက် အမြင့်ဆုံးဈေးကွက် ၂ဝ အနက် တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်ကြောင်းလည်း ညွှန်းဆိုခဲ့သည်။
Colgate ကုမ္ပဏီ၏ ဒေါ်လာသန်း ၁ဝဝ တန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် အမေရိကန်အခြေစိုက် လူသုံးကုန်ပစ္စည်း ကုမ္ပဏီများအနက် Coca-Cola ကုမ္ပဏီ၏ လာမည့်ငါးနှစ်အတွင်း ဒေါ်လာသန်း ၂ဝဝ ကျော် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်နောက် အမြင့်ဆုံးတွင် ရှိနေကြောင်း သိရသည်။
နိုင်ငံအတွင်း လေဆာ၏ ရောင်းချရမှုနှင့် ဈေးကွက်ပမာဏကို သိရှိရခြင်း မရှိသေးသလို၊ လေဆာ၏ ရောင်းချရမှုပမာဏနှင့် ပေးဆောင်ထားသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ပမာဏကိုလည်း အသေးစိတ် မသိရှိရသေးပေ။ လေဆာ၏ ပြီးခဲ့သည့် ငါးနှစ်အတွင်း ရောင်းချရမှုနှင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်မည်မျှ ပေးဆောင်သည်ကိုလည်း မသိရှိရသေးပေ။ လေဆာ၏ မတည်ရင်းနှီးငွေ ပမာဏကိုလည်း မသိရှိရသေးပေ။ Colgate ကုမ္ပဏီက လေဆာကို ဒေါ်လာသန်း ၁ဝဝ ဖြင့် ဝယ်ယူသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ လေဆာကုမ္ပဏီ တာဝန်ရှိသူများထံ မည်သည့်ပုံစံဖြင့် မည်သို့ ဝယ်ယူသည်ဆိုခြင်းကို ဖုန်းဆက်မေးမြန်းခဲ့ရာ အသေးစိတ် အချက်အလက်များကို လတ်တလော ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...