Sunday, November 2, 2014

“တစ္ဆေည”

     
    ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညကို သူတို့ဆီမှာတော့တစ္ဆေည (Halloween Night) လို့ ခေါ်သတဲ့။ အိုင်ယာလန်မှာတော့ နောက်တနေ့ နိုဝင်ဘာ ၁ ရက်နေ့ကျရင်သရဲတစ္ဆေတွေအကုန်လုံး လွတ်မြောက်ခွင့်ရမှာမို့လို့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ပျော်ပျော်ပါးပါးခြောက်လှန့်ကစားကြရာက စလာတယ် လို့ ဆိုကြတယ်။ ကလေးလေးတွေ ပျော်တဲ့ပွဲပါ။
သရဲပုံ၊ စုန်းမပုံ၊မှော်ဆရာကြီးပုံ လိမ်းခြယ်ပြင်ဆင်ပြီး အိမ်ပေါက်စေ့တံခါးလိုက်ခေါက် “ခြောက်လိုက်ရမလား။”ရယ်လို့ ဟိန်းကဟောက်ကာနဲ့ သကြားလုံးတောင်းစားကြတယ်လေ။ “ထွစ် အော် ထွိ” (Trick or Treat) လို့ မပီကလာ အသံကလေးနဲ့ တံခါးလာခေါက်တဲ့ တစ္ဆေသရဲကလေးတွေဟာ ကြောက်စရာမကောင်းပဲအလွန်ချစ်စရာကောင်းမှာပါ။ အိမ်ရှေ့တွေမှာတော့ မီးပုံးကလေးတွေ မထွန်းပဲ ရွှေဖရုံသီးကြီးကိုအသားတွေထွင်းလို့ အတွင်းက ဖယောင်းတိုင်ထွန်းကြတယ်။ အဲ့ဒါ သရဲတွေကို နှိမ်နှင်းတဲ့ Jackသူရဲကောင်းကလေး ဖရုံသီးအိမ်အတွင်းမှာ ပိတ်မိနေတဲ့ ပုံပေါ့။ (သိလှချည်လား လို့ မထင်နဲ့ညနေကမှ မန်းလေး အက်ဖ်အမ် နားထောင်ထားတာ။) ဓလေ့က အနောက်တိုင်းဓလေ့ဆိုပေမယ့် ကိုယ်တို့အာရှတိုက်အရှေ့ဖျားစွန်းမှာနေတဲ့ ဂျပန်တွေလည်း အိမ်လုံးကျွတ် မြို့လုံးကျွတ် ဟော်လိုဝင်းပွဲဆင်နွှဲကြတယ်။ ယန်းတစ်ရာဆိုင်ကလေးတွေကအစ သရဲဝတ်စုံ၊ မှော်ဆရာဦးထုပ်၊ ဖရုံသီးမီးခွက်၊ပဉ္စလက်နှင်တံ၊ အတောင်ပံဝတ်ရုံ၊ စုံနေအောင် တင်ထားကြတယ်။ ပွဲတွေပွဲတွေ ဆိုတာကတော့ ပြောမနေနဲ့။ကလေးတွေနဲ့ရောပြီး လူကြီးတွေပါ ဝင်ပြီး ကလက်တီးကလက်တက် ကော့စတွန်းပါတီတွေ လုပ်ကြတယ်။သူလိုကိုယ်လို မြင်နေကျမျက်နှာကြီးနဲ့ ဝင်သွားလို့ကတော့ အရူးကြီးတစ်ကောင် ကြောင်တောင်တောင်ကြီးဟဆို ဝိုင်းအဟားခံရမယ်။ ခေတ်မီဝင်ဆန့်နေတဲ့ ကာလသားသမီးများလက်ထက်မှာ ဗယ်လင်တိုင်းဆိုလည်းတိုင်းနိုင်မှ၊ ဟော်လိုဝင်းဆိုလည်း ဝင်းနိုင်မှ၊ သန့်ခ်စ်ဂစ်ဗင်းဆိုလည်း ဗင်းနိုင်မှလူရာသူရာဝင်မှာဆိုတော့ မသိသေးတဲ့သူတွေလည်း ရေရေရာရာ သိသွားရအောင်၊ သိပြီးသားသူတွေလည်းအဲ့ဒါနဲ့ ဆက်စပ်မိတဲ့ ကိုယ့်အတွေး ကိုယ့်အမြင်ကလေးတွေ ရယ်ရွှန်းပတ်ရွှန်းဖတ်နိုင်အောင်ရမယ်ရှာလိုက်ရပါတယ်လေ။

          တစ္ဆေသရဲတို့ နာနာဘာဝ ဝိနာဘာဝတို့ဆိုတာ ကိုယ်ကိုယ်တိုင်မျက်စိနဲ့ တပ်အပ် မြင်ဖူးတဲ့သူ တော်တော်ရှားတယ်ဆိုပေမယ့် ကမ္ဘာအနှံ့ ဘယ်လူမျိုးမဆိုသရဲမရှိတဲ့ ယဉ်ကျေးမှုဆိုတာ မရှိဘူး။ တရုတ်မှာလည်း တရုတ်သရဲ၊ အင်္ဂလိပ်မှာလည်း အင်္ဂလိပ်သရဲ၊ဗမာမှာလည်း ဗမာသရဲ ရှိကြတာချည့်ပဲ။ ယုံတာမယုံတာက ကိုယ့်အပိုင်း၊ ရှိတာ မရှိတာကလည်းသုတေသီတွေအပိုင်း၊ ဒါပေမယ့် သရဲအကြောင်း ပြောကြစမ်းဟေ့ဆိုရင် ဘယ်လောက်ပဲ ပထဝီ သမိုင်းယဉ်ကျေးမှု ဘာသာစကားတွေ ကွဲပြားခြားနားစမ်းပါစေ။ ကိုယ့်သရဲကိုယ် စီကာပတ်ကုံး ပုံဖော်ပြနိုင်သပ။မတူတော့ မတူဘူးပေါ့လေ။ တရုတ်သရဲက လက်ကလေးနှစ်ဘက် ရှေ့တန်းပြီး ခုန်ဆွခုန်ဆွသွားတာ။ကုလားသရဲက မျက်ဆန်နီကြီးနဲ့ အစွယ်ပြူးပြူး ထွက်နေတာ၊ ယိုးဒယားသရဲက မိတ်ကပ်ထူလပျစ်ကြီးနဲ့ဆံပင်ဖားယားချထားတာ။ ကိုယ်တို့ မြန်မာသရဲမတွေကျတော့ ထမီကို ဇောက်ထိုးဝတ်ထားမယ်။ ရင်လျားကြီး။ဆံပင်ကလည်း ဖားယားပဲ။ သားစိမ်းငါးစိမ်းများ အာသာငမ်းငမ်း စားနိုင်တယ်။ ဇကောကလေးတစ်ချပ်နဲ့ထမင်းဟင်းပုံပြီး ခေါစာပစ်ရင် လက်ပြန်ကြီးနယ်ဖတ်စားသောက်သတဲ့။

         တူတာကတော့ သရဲမှန်သမျှဟာ သေပြီးသားလူတွေချည့်ပဲ။ဘယ်တုန်းက သေသေ သူ့ဝိဥာဉ်က ဘဝတပါးကို ကူးပြောင်းမသွားပဲ လူ့ဘဝတုန်းက ကျင်လည်ရာ အသိုင်းအဝန်းကြားမှာတဝဲလည်လည်နဲ့ ကာလများစွာ စွဲလန်းတွယ်ငြိနေတာပါ။ မြင်ချင်တဲ့သူတွေ မြင်လိမ့်မယ်။ ကြားချင်တဲ့သူတွေကြားလိမ့်မယ်။ ဆန်းပြားတဲ့ သွင်ပြင်နဲ့ ထိတ်လန့်အောင် ခြောက်လှန့်နိုင်လိမ့်မယ်။ ကလေးတွေအတွေးမှာတော့ သေအောင်တောင် သတ်နိုင်လိမ့်ဦးမယ်။ ဂုတ်ချိုးသတ်လိုက်တယ်တို့၊ တွန်းချသတ်လိုက်တယ်တို့ပေါ့။ဘဝဟောင်းကိုလွန်၍ ဘဝသစ်သို့ ကူးပြောင်းစဉ်အခိုက်မှာ ဥပါဒါန်အစွဲတစ်ခုခုကြောင့်သော်လည်းကောင်း၊သံယောဇဉ်အမျှင်တစ်ခုကြောင့်သော်လည်းကောင်း၊ နောက်ဆံငင်နေရတဲ့အတွက် ဟိုမရောက်သည်မရောက်ဖြစ်နေရှာသူများပေါ့။ ကိုယ်တို့ ဗုဒ္ဓဘာသာမှာတော့ ဝေမာနိကပြိတ္တာမျိုးလို့ဆိုပြီး ပေတတွေလို့ခေါ်ကြတယ်။ ခရစ်ယာန်ဘာသာမှာလည်း သေလွန်ပြီးတဲ့နောက် ကုသိုလ် အကုသိုလ်အလျောက် Heavenမရောက်၊ Hell   မရောက်ပဲ Purgatory လို့ခေါ်တဲ့ အကြားဘုံတစ်ခုမှာ ခေတ္တကျင်လည်နေတဲ့သဘော တဲ့။ တရုတ်ကားထဲကသရဲတွေ ဘာဖြစ်လို့ ကတုံးတခြမ်းပြောင်ကျစ်ဆံမြီးအရှည်ကြီးနဲ့ လက်သည်းအရှည်ကြီးထားသလဲ သိပြီလား။ ကြည့်ရတာ အဲသည်မန်ချူးခေတ်လောက်တုန်းကသူတို့တရုတ်ပြည်မှာ လူတွေသောက်သောက်လဲ အသတ်ခံရလွန်းလို့ တရုတ်သရဲတွေကြည့်လိုက်ရင် အကုန်နီးပါးအဲသည်ခေတ်ပြန်ရောက်နေတာ ဖြစ်လိမ့်မယ်။

          အဲ့တော့ မှတ်ထားကြကွယ်။ နံပတ်တစ် က သရဲဆိုတာသေပြီးသားလူတွေ။ (သူပြောမှပဲ) အဲဒီသေပြီးသားလူကြီးတွေက သူ့သားသူ့မြေးတွေ သေလွန်ကုန်တာတောင်မှမကျွတ်မလွတ်နိုင်ပဲ နေမြဲရပ်ရွာမှာ စွဲလန်းငြိတွယ်နေတယ်ဆိုတော့ မသေဆေးစားထားတဲ့သူတွေလိုဖြစ်နေပြန်ရော။ ဟင် ဒါဖြင့် သရဲဆိုတာ မသေနိုင်တဲ့သူတွေလည်း ဖြစ်နေပြန်ပြီ မဟုတ်လား။ဥပမာဆို တောင်ပြုံးအရှင်နှစ်ပါးကိုကြည့်လေ။ သူတို့ သေတော့ သေပြီးပြီ မဟုတ်လား။ ဒါပေသိဘိုးတော် အနော်ရထာမင်းကြီးတို့ ဘဘကျန်တို့ နတ်ရွာစံတာတောင် နှစ်ပေါင်း တစ်ထောင်ကျော်နေပြီ။ပုဂံပြည်ကြီးတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ သူတို့ကတော့ နှစ်စဉ်မပျက် ချိုးရေတော်သုံး၊စစ်ထွက် စစ်ပြန်၊ မောင်းမမိဿံ ရံရွေတွေနဲ့ ပျော်ဆဲပါးဆဲဆိုတော့ သေခြင်းကင်းသောသူတွေလည်းဖြစ်နေပြန်ရော။ သူတို့ကိုတော့ သရဲလို့ မခေါ်ပါဘူးလေ။ သူတို့မှာ ကမ္မဇဋ္ဌိ တန်ခိုးရှိတယ်ဆိုတော့နတ်လို့ ခေါ်တာပေါ့။ (ပြောမှားဆိုမှားရှိ ခွင့်လွှတ်ပါ ကိုယ်တော်ကြီးဖျားတို့ရယ်။ ညီဘွားတော့လာမကိုင်ပါနဲ့။ ဒုက္ခတွေများကုန်ပါ့မယ်)

          ကိုယ်တို့ဆီမှာလိုပဲ သူတို့အနောက်နိုင်ငံကသရဲများဟာလည်း အလယ်ခေတ်က ရဲတိုက်ကြီးတွေထဲမှာ ယနေ့ထက်တိုင် စံမြဲမြန်းဆဲ ရံဖန်ရံခါခြောက်လှန့်ဖမ်းစားဆဲဆိုတာတွေ ရှိသတဲ့။ ဒါလည်း သေပြီးကာမှ အမတ ရနေသလိုလို ဖြစ်နေတာပေါ့လေ။ဒါပေသိ သူတို့က ပိုပြိး ယုတ္တိယုတ္တာနဲ့ ပုံဆောင် အသက်သွင်းချင်တော့ တစ်သစ်ဆန်းပြီး တခန်းထွင်ရတာပေါ့လေ။နဂိုတည်းကိုက မသေသေးဘူး။ သူတို့က သတ်လို့မသေ သံပုရာရည်သောက်နေတဲ့အမျိုးတွေ။ လူသားအချင်းချင်းဂုတ်သွေးလေးများ ဖောက်စုပ်လိုက်ရရင် အရွယ်တင် နုပျို သက်ရှည်ကျန်းမာ ဘယ်ခါမနွမ်း လန်းဆန်းလို့နေပါသတဲ့။ဟော သည်လိုကျတော့ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ ဒရာကူလာတွေ ပေါ်လာပြန်ရော။ အာရှက သရဲတွေကသွေးတော့ မစုပ်တတ်ဘူး။ နေရောင်ထိလို့ လောင်မီးမကျဘူး။ ရင်ဝသတ်လျှိုလို့ ဖုတ်မထွက်ဘူး။သူတို့အနောက်တိုင်း သရဲများကျတော့မှပဲ သွေးရဲရဲသံရဲရဲ။ အစပိုင်းတုန်းက ကြောက်စရာကောင်းပေမယ့်နောက်ပိုင်းနှစ်တွေမှာ ချစ်စရာ ကောင်းကောင်းလာလိုက်တာ။ ဗမ်ပိုင်းယား နဲ့ အင်တာဗျူးခန်းလာတော့ဘရက်ပစ်ကလေး စင်လွန်လွန်းလို့ မာမီတို့အသဲတွေ တဖြတ်ဖြတ်ခုန်ရပါသတဲ့။ တွမ်ခရုကြီးနဲ့လည်း လစ်ကွစ်တွေပေးပြလိုက်ရော ဆိုင်ရှိသမျှအခွေ ကုန်အောင်ဝယ်ပြီး ညတိုင်း အမုန်းထိုင်ကြည့်ပစ်ကြသတဲ့။တွိုင်းလိုက်ဆာဂါကလေးလည်းလာရော အနောက်တိုင်း အရှေ့တိုင်း ရှိရှိသမျှ မိန်းမဘသားတွေလည်ပင်းကလေးထိုးပေးပြီး မတ်ကင်ကလေးတော့ လုပ်လိုက်ပါ အကို ဖြစ်ကုန်တယ်။ သရဲချောချောကလေးနဲ့ဆိုရင်တရေးချစ်ခွင့် ကြင်ရနိုးရှင့်တဲ့။ ဖုတ်ကောင်က သွေးစုပ်လိုက်ရင် ကိုယ်တိုင်လည်း ဖုတ်ကောင်ဖြစ်သွားလိမ့်မယ်ဆိုတာတောင် မကြောက်ဘူး။ ဖြစ်ပစေလေ။ သေလည်းမသေတော့ဘူး။ အမြဲနုပျို လှပနေရဦးမယ်။ ကိုကိုနဲ့လည်းသံသရာဆုံးတိုင် ဆိုတော့ ကျန်တာတွေ ဘာမှ မလိုချင်တော့ဘူးလေ။

        ကိုယ့်အဖို့ကတော့ သရဲဆိုတာ စိတ်ကူးယဉ်ကမ္ဘာထဲကတစုံတယောက်ပဲ။ သေသွားပြီးသားသူတစ်ယောက်ကို ကိုယ့်အတ္တနဲ့ ကိုယ့်အနီးအနားမှာ ရှိနေတယ်လို့ခံစားယူတာမျိုးပေါ့။ ကိုယ်ကတော့ မသေစေချင်သေးဘူးလေ။ ရှိနေစေချင်သေးတယ်။ သူ့ပုံရိပ်ကလေးတွေ၊သူ့အသံကလေးတွေ၊ သူ့အနံ့အသက်ကလေးတွေ၊ စိတ်ထဲကနေ မှန်းဆပြီး ခံစားယူကြည့်တာ။ ကိုယ့်တစ်သက်မှာကိုယ်နဲ့ တစ်အိမ်တည်းနေတဲ့ မိသားစုဝင်နှစ်ယောက် ကွယ်လွန်သွားခဲ့ပြီ။ အဲသည်အချိန်ကစလို့ကိုယ့်မှာ သရဲကြောက်တဲ့စိတ်ဆိုတာ အမြစ်ကဆွဲနှုတ်သလို အစွဲကျွတ်သွားတယ်။ မြင်ချင်တယ်လေ။တွေ့ချင်တယ်လေ။ ဘာစကားတွေ ပြောမလဲ နားထောင်ချင်တယ်လေ။ သရဲဆိုလည်း သရဲပေါ့။ သူများသရဲမှမဟုတ်တာ ကိုယ့်အိမ်ကသရဲ။ မကြောက်ဘူး။ ဘယ်မလဲ။ လိုက်ရှာမိတယ်။ သူတို့က မစွဲလန်းတော့ကိုယ့်အနားမှာ ရှိမနေပေမယ့် ကိုယ်က စွဲလန်းနေဆဲသူဆိုတော့  ချိုးချိုးချွတ်ချွတ် အသံကြားလည်း အိမ်တံခါး ပြေးဖွင့်မတတ်လာနိုးဆတ်ဆတ်မျှော်မိတယ်။ ဒါ သူတို့စွဲလန်းတာ မဟုတ်ဘူးလေ။ ကိုယ်စွဲလန်းတာ။ နှစ်တွေကြာလာတော့သူနဲ့ကိုယ်ကြား ဘဝချင်းခြားထားတဲ့ ဆက်နွယ်မှုတစ်ခုကို ဘာမှ မပတ်သက်သူတွေက တွေ့မြင်ခံစားရတယ်ဆိုပါစို့။သူတို့အတွက်တော့ တမလွန်ဘဝက ကြောက်စရာအဖြစ်ဆန်းတွေ မဟုတ်ဘူးလား။ ကိုယ့်လိုတော့ ခုံမင်နှစ်သက်ဖွယ်ဘယ်ခံစားရပါ့မလဲ။ အဲ့ဒါ သရဲခြောက်တာလေ။ ဒါဆို ပြောချင်တာက သရဲဆိုတာ တကယ် မရှိဘူးပေါ့။အဲ့လိုလား။ အဲ့သလိုတော့လည်း မဟုတ်သေးပြန်ဘူးဗျ။

         ရှိချင်ရှိလိမ့်မယ်။ ကိုယ်က မကြောက်တော့တာကိုပြောတာ။ သရဲခြောက်တယ်လို့ နံမယ်ကြီးလှတဲ့ ဆေးရုံအဆောင်တွေမှာ တစ်ယောက်တည်း ညဂျူတီဆင်းဖူးတယ်။ဘာမှန်းမသိတဲ့ ဟိုအသံ သည်အသံတွေကြားလည်း ထတော့ မကြည့်အားဘူး။ လူနာလာခေါ်တဲ့ အသံမဟုတ်ရင်အချိန်ရှိခိုက် လုံ့လစိုက်ပြီး အိပ်ရဦးမယ်။ သရဲက အန်တာတိန်းတာတွေ အာရုံမစိုက်နိုင်ဘူး။မြင်ဖူးသလားဆိုရင် ရိုးတိုးရိပ်တိပ် မြင်ဖူးတယ်။ မတ်တပ်ရပ်ဖုန်းပြောနေတုန်း ဘေးကနေလူတစ်ယောက် ဖြတ်ဝင်သွားလို့ လိုက်ခေါ်ခိုင်းရင် အထဲမှာ လူတစ်ယောက်မှ မရှိဘူး။ အခန်းဟိုဘက်မှာထွက်ပေါက်လည်း ရှိတာမဟုတ်။ သေခါနီး လူနာတချို့ဟာ မျက်စိထဲမှာ ဟိုဟာမြင်သည်ဟာမြင် မြင်ပါတယ်လို့ပြောလာရင် ကိုယ်တို့က စိတ်ထဲမှာ လှုံ့ဆော်မဲ့အာရုံမှားတွေ ထင်လာတာ လို့ ပြောကြတယ်။ ဒါပေမယ့်ကိုယ့်မျက်စိအောက်က လူနာတစ်ယောက် မကြာခင်သေလိမ့်မယ်ဆိုတာ ဆေးပညာနဲ့ မပတ်သက်တဲ့ ခံစားမှုတစ်ခုနဲ့လည်းသိလို့ရမှန်း သဘောပေါက်လာပြီ။ စိတ်ထင့်တာ လို့ပဲ ပြောတတ်တယ်။ ကိစ္စရှိရင် အခုပြီးအောင်လုပ်။နောက်တစ်ခါ မရှိတော့ဘူးဆိုတာ ကိုယ့်ဘာသာခံစားမိတယ်။ ဝက်ရူးပြန်တဲ့သူတွေ တက်ခါနီးရင်Aura လို့ခေါ်တဲ့ ခံစားမှုတစ်ခုရသလိုပဲ ကိုယ့်ဆီမှာလည်း သေခြင်းတရားအတွက် ခံစားမှုတမျိုးရှိနေတာ ဖြစ်ချင်ဖြစ်မယ်။ သူ့ရဲ့ အေးစက်သောလက်ဖဝါးကြီး ဂုတ်ပေါ်ရောက်လာသလိုမျိုးလေ။ဒါပေမယ့် သရဲတွေကို ကြောက်သလားလို့မေးရင် မကြောက်ပါဘူး။ လူတွေကိုပဲ ပိုကြောက်ပါတယ်။

          လူတွေမှာလည်း သရဲတစ္ဆေတွေလို ခြောက်လှန့်ဟိန်းဟောက်မောင်းမဲလှည့်စားလို့ မအပ်စပ်သောအစာများ ကျော်ကာလှော်ကာ စားရှာရသူ ပေတများ ရှိတဲ့အကြောင်းဟိုးအရင်တုန်းက စာတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အထူးသဖြင့် ဆေးရုံတွေပေါ်မှာပေါ့နော်။ အဲသည်ပေတတွေကိုပရိတ်  ကမ္မဝါဖတ်လို့ မောင်းနှင်ရမယ့်အစား ခေါစာပစ်စပါးလင်စိုက်ပြီး သရဲမွေးထားသော အောက်လမ်းဆရာများကိုလည်း ရိုးတိုးရိတ်တိပ် ချိတ်ခဲ့ပြီးပါပြီ။အင်မတန်မှကို စက်ဆုပ်ရွံရှာ အော်ဂလီဆန်ချင်စရာကောင်းကြောင်း မြင်သူတကာက အလွယ်တကူ သိနိုင်ပေမယ့်လည်းကာယကံရှင် ငမိုက်သားတွေက မသိနိုင်ကြပါဘူး။ သူတို့ကြည့်ရတာ မြိန်ရေယှက်ရေနဲ့ပါ။ အခုတခါမှာတော့ကိုယ်တို့အလုပ်ထဲမှာ ဒရယ်ကူလာလို သွေးစုပ်ဖုတ်ကောင်ကြီးတွေလည်း အများကြီး ရှိသေးပါလားလို့ဟော်လိုဝင်းပါတီ ဖိတ်လိုက်ရပါတယ်လေ။ ဒရယ်ကူလာဆိုတာ လူအချင်းချင်း ဂုတ်သွေးစုပ်ပြီးအားသစ်မွေး သွေးသစ်လောင်း သက်ဆိုးရှည်ရာရှည်ကြောင်း ကြံသူတစုကို ပြောတာပေါ့နော်။ တခုသိထားဖို့ကဒရယ်ကူလာကြီးက သွေးစုတ်တာခံလိုက်ရရင် ကိုယ်လည်းပဲ ဒရယ်ကူလာ ဖြစ်သွားပြီး ကိုယ့်ဖို့ရောသူ့ဖို့ပါ သွေးဆာပြီး သားကောင်ရှာပေးရတဲ့ဘဝရောက်သွားသတဲ့။ ကိုယ်တို့အလုပ်ထဲမှာ အဲသလိုသတ္တဝါမျိုးတွေ မရှိဘူးလား ဟင်။ ကိုယ်တိုင်ရော ဂုတ်သွေးစုပ်ခံရဖူးသလား။ သူ့အတွက် ကိုယ့်အတွက်ဆရာစား တပည့်စားတွေ ခွင်ဖန်ပေးခဲ့ဖူးသလား။ ပြန်စဉ်းစားကြည့်ကြပါဦး။

          ပါစင်နယ်တွေတော့မပြောချင်ပါဘူး။ ဖြစ်ရပ်ကိုပဲ ဥပမာဆောင်ပါ့မယ်။ ဟိုဌာနက ဦးစီးမှူးကြီးဟာ အောက်ခြေဝန်ထမ်းတွေကိုအလုပ်တာဝန်ခွဲဝေပေးတဲ့နေရာမှာတော့ အင်မတန် စေ့စပ်တိကျပါသတဲ့။ လစဉ်ဖုန်းကဒ်သုံးကဒ် ဖြည့်ပေးရတာကတစ်ယောက်၊(သူရယ် သူ့မိန်းမရယ် သူ့သမီးရယ်တဲ့) ဆီဝယ်ဆန်ဝယ်က တစ်ယောက်၊ ဟင်းချက်စရာ ဝယ်ဖို့က တစ်ယောက်၊ဂရင်းမီးရထားဟော်တယ်မှာ အညောင်းအညာဖြေရင် ဘောလုံးပွဲကြည့်ရင်း စားစရာသောက်စရာ ဝယ်ပေးဖို့ကတစ်ယောက်၊မြန်မာသံစဉ်ချိုနားဝင်ကလေးများ ကာရာအိုကေ ဟစ်ချင်လာရင် မီးငယ်လေးတို့ကို မုန့်ဖိုးပေးရမှာကတစ်ယောက်တဲ့။ အားလုံးကို မျှမျှတတ သူ့အဆိုင်းမန့်နဲ့သူ ချထားတယ်။ သူ့အောက်ခြေဝန်ထမ်းလစာကိုရန်ကုန်စားရိတ်နဲ့ နှုတ်လိုက်ရင် သူပေးတဲ့ အဆိုင်းမန့်ဖိုးထွက်လာအောင် အဲသည်ကလေးတွေဘာလုပ်ကြရမယ် ထင်သလဲ။ ဘယ်ဘက်က တစ်ဆုပ်ကြဲချင် ညာဘက်က တစ်လှည်းဝင်အောင် ရှာရုံ ရှိတော့မပေါ့။စည်ပင်ကလူတွေ ဈေးဝယ်ရင်၊ ရဲစခန်းကလူတွေ ဓါတ်ဆီဖြည့်ရင်၊ ရပ်ကွက်လူကြီးတွေ အနှိပ်ခန်းသွားရင်မေတ္တာဖြင့် ချစ်ခြင်းအားဖြင့်ချည့်သာပ။ ပိုက်ဆံတစ်ကျပ်တစ်ပြား အတင်းပေးကြည့်ပါလား။ခမျာများမှာ ဘာအမှားအယွင်း လုပ်မိပါလိမ့်ဆို တောင်းတောင်းပန်ပန် ပြန်ပေးကြတာ။ ဘယ်သူမှမယူရဲဘူး။ (ဆရာဝန် ဆိုင်ကယ်ဦးထုပ် မပါတာနဲ့တော့ ဘယ်တူပါ့မလဲ မန်းလေးသားတွေရယ်)

          လာဘ်ပေးလာဘ်ယူဆိုတာကို လူတွေက ဘူးသီးခရမ်းသီးလောက်ပဲအထင်သေး စကားတင်းဆိုဝံ့တာ။ စိန်ခြယ်မြရံတွေ အိမ်ပေါ်တက် ရှိခိုးဦးတင်ပေးရတာကျတော့ လက်ခံရင်ကိုပဲဖလ္လသမာပတ်နိုးထတဲ့ ရဟန္တာကိုယ်တော်များ ဆွမ်းလှူရသလို ဝမ်းသာပီတိဖြာကြတယ်လေ။ လက်ငင်းအကျိုးပေးတော့မယ့်အလှူကြီးကိုး။ မော်တော်ပီကယ်ကလေး လက်ဘက်ရည်ဖိုးတောင်းမိရင် လူတွေများ ပြောလိုက်တာ နှစ်ပြားမှမတန်ဘူး။(ဟိုတုန်းက ပြောတာပါ) ဖလားထဲလှူသမျှ နန္ဒိယဖို့ချည့် မမှတ်နဲ့။ သူတို့မှာလည်း သူ့အဆိုင်းမန့်နဲ့သူ။ဟိုးအပေါ်က ပို့ဆွမ်းစားကိုယ်တော်လည်း အပြစ်တင်မနေနဲ့။ သူ့မှာလည်း သူ့အဆိုင်းမန့်နဲ့သူ။ဘယ်သူဘယ်လမ်းကြောင်း ဘယ်ခွင်က တစ်လဘယ်လောက်ဝင်တယ်။ ဘယ်အခင်း စပါးဘယ်လောက်ထွက်တယ်ဆိုတာကိုယ့်မတိုင်ခင် အစဉ်အဆက် ရိတ်သိမ်းလာခဲ့လို့ သိပြီးသား။ အူကြောင်ကြားတော့ လာမလုပ်နဲ့။လုပ်ချင်တဲ့သူတွေ ရိုက်သတ်လို့ မကုန်ဘူး။ လူလဲကစားလိုက်ရမလား။ ဟွင်း ဟွင်း။

          မယိမ်းမယိုင် ခိုင်မာသော စတုတ္ထမဏ္ဍိုင်ကြီးရဲ့စောင့်ရှောက်မှုအောက်မှာ သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရမင်းများ လက်ထက်တော်မှာပွင့်လင်းမြင်သာသော စီမံဆောင်ရွက်မှုများနဲ့ အကျင့်ပျက်ခြစားမှူတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှုတွေကို လက်ညှိုးမကောင်းလက်ညှိုး လက်မ မကောင်း လက်မ အရေးယူတော့မယ်ဆိုတော့ သတ္တိရှိရင် စားကြည့်ကြပေါ့လေ။ ဘယ်သူတိုင်မလဲ။ချက်ခြင်း အရေးယူပလိုက်မှာပေါ့။ မဟုတ်ဘူးလား ဘတို့ရယ်။ ဟုတ်တာပေါ့ ငါ့တူရယ်။ တိုင်သူရှိရင်ကွိုင်ပူမိမယ်သာမှတ်။ ဒါပေမယ့်လည်း ဦးရယ်။ လူဆိုတာဟာ ခက်တယ်။ ကွိုင်ပူမိတော့လည်း နိုင်သူရှိပါသေးတယ်။နည်းနည်းလေးမှ စိတ်မပူနဲ့ ပူနဲ့ ပူနဲ့ လာ။ နတ်ပြည်ကို တက်လိုက်ရင် စူ့ထက်စူ လုစွမ်းကောင်းတွေချည့်ပဲ။စားလို့သာ ပြုတ်ရရိုးမှန်ရင် ခြောက်ထပ်စလုံး ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားမှာပေါ့။ ပြုတ်တဲ့သူကစားလို့ ပြုတ်တာ မဟုတ်ဘူး။ မခိုင်လို့ ပြုတ်တာ။ ဘေးကသွားတွေ တစ်ခိုင်လုံး ပြုတ်မစိုးလို့နှုတ်လိုက်ရတာ။ စားတယ်လို့ ရမယ်ရှာခံရတာ။ (သွားတုတပ်တဲ့အကြောင်းပြောနေတာနော်။ ဟိုဟာသည်ဟာဆက်တွေးလို့ကတော့ ကိုယ့်ဒေါသနဲ့ကိုယ်။)

          ဝင်းဝင်း အဖြေထုတ်နည်းဆိုတာ ကြားဖူးတယ်ဟုတ်။ တိုင်တဲ့သူ ရှိလာတယ်။သူကျေနပ်သွားအောင် ပြောင်းပေးလိုက်ကွယ်။ အေးရော တစ်ဝင်း။ အပြောင်းခံရတဲ့သူလည်း ကျေနပ်သွားအောင်အေးရာအေးကြောင်း နေရာကောင်းလေး နောက်တစ်ခု ပို့ပေးလိုက်ကွယ်။ လာလေ့ရော နောက်တစ်ဝင်း။သူတို့နှစ်ဦးစလုံး ကျေနပ်တော့ နှစ်ဘက်စလုံးဆီက ချမ်းမြေ့မေတ္တာ တုန့်ပြန်ကြလကွယ်။ လာပြန်ပဟနောက်တစ်ဝင်း။  အဲသည်ဝင်းဝင်းဝင်းကလေးတွေနဲ့ဘ လည်းပဲ ဆက်ဝင်းရသေးတာပေါ့ကွယ်။ ဘ မှာလည်း ကိုယ့်အဆိုင်းမန့်နဲ့ကိုယ် မို့လား။ အဲဒါအဲ့ဒါ အဲ့ဒါ ဝင်းသံသရာ။ အဲသည် ဝင်းသံသရာလည်ပုံကြောင့် ဒရယ်ကူလာများဟာ အချင်းချင်း စောင့်ရှောက်ကြလျက်အလယ်ခေတ်ရဲတိုက်ကြီးကနေ သည်ကနေ့ထိတိုင်အောင် အဆီကိုစား အသားကိုမျို သွေးချိုချိုကလေးတွေသောက်သုံးဆဲ ဖြစ်သတဲ့ကွယ်။ မခံနိုင်လို့ အလုပ်ထွက်ချင်းထွက်ရင်  ကိုယ်ကသာ ထွက်ဖို့ရှိမယ်။ သူတို့ကတော့ ပန်းပန်လျက်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...