Sunday, November 2, 2014

#‎နာလည်းနာသည်‬၊ နံလည်းနံသည်


တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသ အကြီးအကျယ်ထွက်ကာမောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန် ရုံးတင်စစ်ဆေးဖို့ အကြောင်း ဆရာတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဖာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကားအား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ မခံချိမခံသာ ဖြစ်ကြရလေသည် ။
မဟုတ်သေးပါဘူး ၊ ဆရာတော်ဘုရား ။ သည်လိုမျိုးသံဃာတော်အပေါ်ကို ကာယကံမြောက်
စော်ကားတဲ့ ငမိုက်သားကို ထိရောက်တဲ့ ဒဏ်ခတ်မှု့ မျိုးတော့ပြုသင့်ပါတယ်ဘုရား ။
အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ ဟာ တပည့်တော်တို့ ရုံးတွင် အမှု့ ဖွင့်ချင်ပါတယ် ဘုရား ... ။
"သည်းခံကြပါ ဒကာတို့ ရယ် ။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကို
လက်ကိုင်ထားကြပါ။ အမှု့ အခင်းတစ်ခုဖြစ်တယ်ဆိုရင် အင်မတန်မှ
အလုပ်များတယ်လို့  လောကီလူသားတွေ ပြောကြဆိုကြတာကို
ဘုန်းကြီးကြားပါတယ်။အမှု့ အခင်း တစ်ခုဖြစ်လာရင် အသိသက်သေတွေဆိုတာ
ရုံးကဆင့်ခေါ်လို့ မပျက်မကွက်သွားရပါလိမ့်မယ် ။
အဲဒီမှာ အဓိကကျတဲ့ ဘုန်းကြီးဟာလည်းရုံးတော်က ဆင့်ဆိုရင် မကြွမဖြစ်
ကြွရမှာအမှန်ပဲ။ အဲသည် အခါကျရင် ဘုန်းကြီး မမြင်လို ၊ မတွေ့ လိုတဲ့
ငသာဝရဲ့ မျက်နှာကို တွေ့ ရဦးမယ် ။
ဘုန်းကြီးအဖို့  ငသာဝလို ငမိုက်သား မျိုးကို
မြင်လည်းမမြင်လိုဘူး။အသံလည်းမကြားလိုဘူး။သည်လိုငမိုက်သားမျိုးဆိုတာ
သည်ဘ၀မှာပဲ လူ့ အဖြစ်ကိုရတာပါ။ တမလွန်ရောက်ရင်ဖြင့် လူ့ ပြည်မှ
ဖဲကြဉ်ပြီး ငရဲကို ဇောက်ထိုး တန်းကျမှာ သေချာတယ်။
အဲသည်လို ငရဲကို ကျိန်းသေဧကန် တန်းကျမယ့် ငမိုက်သားကို ဘာ့ကြောင့်များ
ရန်လုပ်လိုကြသေး တာလဲကွယ်။သူ့ ထိုက်နဲ့ သူ့ ကံ ရှိပါစေတော့ ။ ကျေကြပါတော့
ဒကာတို့ ရယ်"
"ဆရာတော် ပြောတာလည်း ပြောတာပေါ့ ဘုရား။ တပည့်တော်တို့ ကတော့
ကိုယ့်ဆရာအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ငသာဝအပေါ် နည်းနည်းကလေးမှ
မကျနပ်နိုင်ပါဘူး ဘုရား။ အသည်းတဆတ်ဆတ် နာလှပါတယ်ဘုရား ။
"အင်း...ဒကာတို့ မှာ တော့ နာရုံသာ နာပါတယ်။ဘုန်းကြီးမှာတော့
တရားလည်းဟောရသေး။သေနတ်လည်းအပစ်ခံရသေးဆိုတော့
'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလိုဖြစ်နေပြီကောကွယ်"
"အရှင်ဘုရား ... အဲသည် 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလေးကို
ရှင်းလင်းဟောကြားပေးတော်မူပါဘုရား။"
တပည့် ဒကာ၊ဒကာမ အပေါင်းက လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်သည်လည်း
စကားဥပမာ ထင်လင်းစေရန် ပုံပြင်တစ်ပုဒ်ကို ထုတ်နုတ်ပြောဆို
လေတော့သည်။ရှေးအခါက တောရွာတစ်ရွာတွင် အဘိုးကြီး၊ အဘွားကြီး လင်မယားသည်
အကြောင်းကိစ္စ တစ်ခုဖြင့် ခွန်းကြီးခွန်းငယ် စကားများ သတ်ပုတ်ကြရာမှ
ဒေါသကို မထိန်းနိုင်ဘဲ လုံးထွေး သတ်ပုတ်ကြလေသည်။ ထိုသို
့လုံးထွေးသတ်ပုတ်ကြစဉ် တစ်ယောက်နှင့်တစ်ယောက်
မိရာလှမ်းဆွဲ၊ကုပ်ဖဲ့၊ကိုက်ခဲကြရာ အဘိုးကြီးသည် အဘွားကြီး၏ ပေါင်ခြံကို
ကိုက်မိလေသည်။ အဘွားကြီးကလည်း အဘိုးကြီး၏ ကျောကုန်းကို
တံတောင်ဖြင့်ဆောင့်၍ ထောင်းတော့သည်။
ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အိမ်နီးနားချင်းများ ရောက်ရှိလာကြကာ
အဘိုးကြီးကိုလည်းကောင်း၊
အဘွားကြီးကိုလည်းကောင်း ဆွဲလွဲ၍ ဖျန်ဖြေပေးလိုက်ကြလေ၏ ။
ညဘက်သို့ ရောက်လေသော် အဘိုးကြီးနှင့်အဘွားကြီးလည်း
စိတ်အနည်ထိုင်စပြုပြီဖြစ်၍ အဘွားကြီးကပင် စတင်စကားစလိုက်လေသည်။
"အဘိုးကြီးနှယ်တော် ... သွားတွေအပြည့်အစုံမရှိပေလို့ ဘဲ။
ကျုပ်ပေါ်င်သားတွေ ပြတ်ကျမလားတောင် မသိဘူး။နာလိုက်တာမှ တစစ်စစ်နဲ
့။အကွင်းကြီးကို ဖြစ်လို့ ။ဆန်ကွဲထောင်းပြီး အုံမှဖြစ်မယ်။"
ထိုအခါ အဘိုးကြီးက
"အောင်မာ ...မယ်မင်းက နာရုံသာ၊နာတာပါကွယ်။ကျုပ်မှာ ကျောပြင်တစ်ခုလုံး
အောင့်လောက်အောင် နာနေတယ်။သံတူရွှင်းနဲ့  ထောင်းသလးတောင်
အောက်မေ့ရတယ်။ကျုပ်မှာတော့ မယ်မင်းရဲ့ ပေါင်ခြံကို ကိုက်မိလို့ 
ကျောပြင်တစ်ခုလုံး နာလည်းနာတဲ့အပြင် ၊ နှာခေါင်းတစ်ခုလုံးဟောင်နေအောင်ကို
နံလည်းနံသေးဗျာ.။"ဟူ၍ ပြောလိုက်လေ၏ ။
ပုံပြင်ကလေး အဆုံးကတော့ ဆရာတော်ကြီးက
"အဲသည် ပုံပြင်ဥပမာလိုပေါ့ကွယ် ။ တပည့်တော်တို့ မှာ ကိုယ့်ဆရာတော်အတွက်
နာရုံသာ နာတာပါ။
ဘုန်းကြီးမှာတော့ဖြင့်လား 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုသလို ဖြစ်နေပြီကွယ့်"
ဟူ၍ ပြောဆိုလေရာ ဒကာ၊ ဒကာမ အပေါင်းမှာလည်း ရှေ့ နောက်ဆင်ခြင်တွေးတောလျက်
ဒေါသအရှိန်များလျော့ပါးသွားပြီး ပြုံးပြုံးရယ်ရယ် ဖြစ်သွားကြလေသတည်း...........။ ။
(မမ) မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...