ကျိုက်ထီးရိုးဆံတော်ရှင်ဘုရား
ကျိုက်ထီးရိုးဆံတော်ရှင်ဘုရား
အရှင်ဘုရားလည်း သူပုန်တွေကြားနေရင်
အကောင်းသား
အကောင်းသား
ဒီကောင်တွေအုပ်စီးသွားမှ
ကွာတာဘောင်းဘီဝတ်ထားသလို
စပ်တတ်တတ်ဖြစ်သွားတယ်ဘုရား။
စီးပွားရေးသမားအစ
ဂေါပကအလယ်
လမ်းဘေးချရောင်းတဲ့ နံ့သာသည်အဆုံး
အရှင်ဘုရားကုန်းတော်ပေါ်မှာ
သံပုရာသီးတွေနဲ့ အစာချနေလိုက်တာ
ဟပ်တဲ့ငါးတွေနဲ့အုန်းအုန်းထလို့..
လူကနေကျောက်ဖြစ်တာတစ်မျိုး
အရှင်ဘုရားရှိရာကုန်းတော်ချင်းအတူတူ အောင်မြေဆိုတာကတစ်သွယ်
လမ်းဖောက်မယ်ဆိုတာလည်းပါသေးရဲ့
ဒေါက်ချာဆောင်းတွေရော
သပိတ်ပိုက်တွေရော
တောင်းလိုက်ကြတဲ့ပိုက်ဆံ
အရှင်ဘုရားကခွင့်ပြုထားတာလားဘုရား...။
အဆိုးဆုံးက ကုန်းတော်ပေါ်ကအဆင်း ကားဝင်းမရောက်မီလမ်းတစ်လျှောက်
သေးပေါက်အီးယို ပိုက်တွေအသွယ်သွယ်နဲ့
တောင်စောင်းတစ်လျှောက် အီးအီးတုံးလေးတွေ လိမ့် လိမ့်ဆင်းနေတာ
ဂေါပကကိုကြောက်လို့ သည်းခံတော်မူနေသလားဘုရား။
ရှေးယခင်က လေပြင်းတိုက်တဲ့ မိုးပြင်းရွာတဲ့ အရှင်ဘုရားရဲ့ “ဇ”တွေ
စစ်အစိုးရခေတ်မှာ ပြားပြားဝပ်သွားသလား ဘုရား။
အရှင်ဘုရားကို
ယိုးဒယားရောက် ပဒေါင်တွေလို ဓါတ်ပုံတွဲရိုက်စရာလို့ ထင်နေသူတွေကြား အရှင်ဘုရားလည်း ကျင့်သားရသွားပြီထင်ပါရဲ့။
အမျိုးသမီးမတက်ပါနဲ့လို့ တတွတ်တွတ်အော်နေတဲ့ ဝတ်ပြုစရာ အင်္ဂတေစင်မြင့်က အရှင်ဘုရားထက်မြင့်နေလို့ တပည့်တော်တော့ မကန်တော့ခဲ့တော့ဘူးဘုရား။
အရှင်ဘုရားကို ကန်တော့ရမှာလား။
ဟပ်ဝေး၊ ဆမ်းဆောင်တွေရှေ့မှာ ပြုံးပြုံကြီးကြည့်နေသူတွေကို ကန်တော့ရမှာ လားလည်းမကွဲဘူးဘုရား။
ဆွမ်းတော်ပွဲအောက်က မီးခိုးတစ်လူလူနဲ့
လှိုင်ဂူထဲက အမွှေးရနံ့တွေနဲ့အရှင်ဘုရား ခေါင်းကိုက်မှာ ကျွဲကောသီးနဲ့နွားနို့ရောတိုက်နေကြတာလည်း တပည့်တော် ကိုယ်ချင်းစာပါတယ်ဘုရား။
နောက်ဆုံးတော့ ငွေမုဆိုးတွေနဲ့မြို့ပြက အပန်းလာဖြေသူတွေကြား
အရှင်ဘုရား အနေကျုံ့နေပြီဆိုတာ---
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျောက်တုံးကြီးလှုပ်လှုပ်နဲ့ ရသေ့ကြီးရာဇဝင်တွေနဲ့ တပည့်တော် အံ့သြဘနမ်း ကြည်ညိုစိတ်တွေနဲ့ ဦးချချင်သေးပါတယ် အရှင်ဘုရား။
အရှင်ဘုရားကုန်းတော်ပေါ်လည်း ယောက်ဖရေ ချစ်နှမရေ စရင်းနောက်ရင်း တောနံ့သင်းသင်းရှုလို့ တက်ဖူးချင်ပါသေးတယ် အရှင်ဘုရားရယ်။
Jessy Kp

0 comments:
Post a Comment