Saturday, November 8, 2014

ရွတ်တို့မြေမှာ ခဏတာ (၄)


တလောက ဒီမှာရှိတဲ့ကျောင်းသားတွေ ရုရှားနိုင်ငံရဲ့ပညာရေးစနစ် အကြောင်း ရေးသားပြုစုရမယ်ဆိုပြီး တာဝန်တွေ ခွဲတော့ ကျွန်တော်တို့ကျောင်းက မူကြိုအဆင့်ပညာရေးစနစ် အကြောင်း ကို တာဝန်ယူရေးသားရတယ် ။ တခြားကျောင်းတွေကတော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ၊ တက္ကသိုလ် ၊ ဘွဲ့လွန်စသဖြင့် အပိုင်းလိုက်ပေါ့ ။
ကိုယ့်ကျောင်းအလိုက်တာဝန် တွေ ရပြီးပြီဆိုတော့ အစည်းဝေးလုပ်ပြီးတာဝန်ထပ်ခွဲကြတယ် ။
မူကြို ပညာရေး နဲ့ ပက်သက်ပြီး ရုရှားအစိုးရက ချမှတ်ထားတဲ့ ပေါ်လစီတွေ ၊ ဥပဒေတွေ ဘာသာပြန်ပြီး ပြန်ရေးတဲ့ အဖွဲ့ ၊ လက်ရှိမူကြိုကျောင်းတွေမှာ လုပ်ဆောင်နေတဲ့ အခြေနေတွေ ကို သွားရောက်မေးမြန်းလေ့လာပြီးအချက်လက်တွေရယူမဲ့ အဖွဲ့ ၊ အွန်လိုင်းကနေ ရနိုင်သမျှ အချက်လက်တွေ ရယူမဲ့အဖွဲ့ နဲ့ အားလုံးရလာတဲ့ အချက်လက်တွေ စုပြီး ရုံးစာ အတိုင်းပြန်လည်ရေးသားမဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲ လိုက်ကြတယ် ။
ကျောင်းက စီနီယာကျောင်းသားများ က ဦးဆောင်ပြီး အဖွဲ့လိုက်လုပ်ဆောင်ကြတယ် ။ ကျွန်တော်ကတော့ အားလုံးရလာတဲ့ အချက်လက်တွေကို အချောသတ်ပြန်ရေးဖို့ အဖွဲ့မှာ တာဝန်ကျတယ် ။ တစ်ယောက်ချင်းစီလိုက်က အပြောစကားနဲ့ ရေးသားထားတဲ့စာတွေ ၊ မတူညီတဲ့ အာဘော်တွေကို ညှိပြီး စာစကားအဖြစ် အချောရေးသားပေးရတယ် ။ သတ်ပုံတွေ စစ်ပြီး ၊ ရုံးစာရေးသားနည်းအတိုင်း ဖော့မတ် ပြန်သွင်းပေးရတယ် ။ ရုရှားလို နဲ့ မြန်မာလို ညှိပြီး ဖောင်းပွနေတဲ့ အသုံးနှုန်းတွေ ကို ကျစ်လစ်အောင် ပြန်ရေးပေးရပါတယ် ။
ကောင်းတာတစ်ခု ကတော့ အားလုံးဆီက ရလာတဲ့ အချက်လက်တွေအားလုံးကို ဖတ်ခွင့်ရရှိတာပါပဲ ။ ရုရှားနိုင်ငံ ရဲ့မူကြိုပညာရေး၊ နေ့ကလေးထိန်းကျောင်းတွေစတင်တာကတော့ ပီတာ ဘုရင်လက်ထက်မှာစတင်ခဲ့တာဖြစ်ပြီးတော့ မြန်မာလိုဆို မူးတန်း ၊ မတ်တန်း ကနေ စတင်ခဲ့ကြတာပါ ။ ဒါပေမဲ့ အဲဒီချိန်က အင်စတီကျူးရှင်းအဖြစ် ခိုင်ခိုငမာမာ မရှိခဲ့ သေးပဲ ၁၉၇၁ ခု နှစ်ကျမှာသာRules and Regulationခိုင်ခိုင်မာမာနဲ့တည်ဆောက်ခဲ့ကြတယ်။ပညာရေးဆိုင်ရာ ပေါ်လစီရဲ့အစမှာ ဖော်ပြထားတာလေးကသိပ်ကိုသဘောကျဖို့ ကောင်းပါတယ် ။
" .... ပညာရေးသင်ကြားခြင်း ဟူ သည် စိတ်ကိုချမ်းသာစေခြင်း၊ သန့်ရှင်းကောင်းမွန်သောစိတ်ဓာတ် နှင့် ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးခြင်း ဟူသည့် စိတ် နှင့် ရုပ်ကိုစည်းချက် ညီညီပေါင်းစပ်ပေးနိုင်သော ၊ ထက်မြက်ပြီးစည်းကမ်းကောင်းမွန်သော ၊လူမှုအသိုင်းဝိုင်းကိုအကျိုး ပြု နိုင်သောအဖိုးတန်လူသားတစ်ယောက်အဖြစ်မွေးထုတ်ပေးနိုင်ခြင်းငှာအထောက်ပံ့ဖြစ်စေပါသည် ။....." တဲ့ ။
ဒီစာပိုဒ် လေး ဟာ ရုရှားနိုင်ငံ ရဲ့ ပညာရေးပေါ် အမြင်လို့လည်းပြောလို့ရပါတယ် ။
ပညာရေးနဲ့ ပက်သက်ပြီး ပေါ်လစီတွေမချခင် ၊ ဥပဒေတွေ မပြုခင် ၊ မြေပြင်မှာ လက်တွေ့ မလုပ်ဆောင်ခင်မှာ အရင်ဆုံး တွေ့ ရတာကတော့ ကလေးတွေရဲ့သဘာဝ ကို လေ့လာခြင်းတွေပါပဲ ။ သူတို့ရုရှား လူမျိုး ကလေးငယ်တွေ ဟာ မွေးပြီး ဘယ်နှနှစ်နေရင် အလေးချိန်ဘယ်လောက်ရှိတတ်တယ် ၊ အရပ်ဘယ်လောက်စင်တီမီတာရှိတတ်တယ် ..စတဲ့ ကျန်းမာရေးဆိုင်ရာ အချက်လက်တွေ အပြင် ကလေးငယ်တွေ ဟာ စိတ်ညစ်ရင်ဘာလုပ်တတ်တယ် ၊ စိတ်ပျော်ရင်ဘာလုပ်တတ်တယ် ။ ဘယ်အရွယ်ကနေ ဘယ်အရွယ်ကြား ကတော့ဘာတွေ ကြိုက်တတ်တယ် ။ ပတ်ဝန်းကျင်က လေ့လာမှု တွေ ဘယ်ချိန်မှာစတင်နိုင်ကြတယ် ။ ဘယ်နှနှစ် နဲ့ ဘယ်နှနှစ်ကြားမှာဆိုရင်တော့ဘယ်ဘာသာရပ်တွေကို သင်ကြားသင့်တယ် ။ ကလေးငယ် ၊ ကစားခြင်း နဲ့ ပညာသင်ကြားနိုင်မှုကြားဆက်နွှယ်မှု နေမှုတွေ ကို လေ့လာဖော်ထုတ်ထားပါတယ်။
အဲဒီနောက်ပိုင်းမှာ မှ ပေါ်လစီပိုင်းဆိုင်ရာရေးဆွဲခြင်းတွေ ၊ ဆရာဆရာမတွေ လေ့ကျင့်ပျိုးထောင်ခြင်းတွေ ၊ မူကြိုကျောင်းတည်ဆောက်ခြင်းတွေ ၊ မူကြိုကျောင်းမှာ ရှိရမဲ့ အင်္ဂါရပ်တွေ ၊ ဆရာတစ်ယောက်မှာ ရှိရမဲ့ အရည်ချင်းတွေ ၊ မူကြိုကျောင်းအုပ်တစ်ယောက်မှာ ရှိရမဲ့ အရည်ချင်းတွေ ၊ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ ၊ တာဝန်ဝတ္တရားတွေ ၊ ကလေးငယ်များကျောင်းအပ်လက်ခံခြင်း ၊ ပညာသင်ကြားခြင်း ၊ မူလတန်းကျောင်းများ နှင့် ပေါင်းစင်ညှိနှိုင်းခြင်း ၊ မိဘများနှင့် ပူပေါင်းဆောင်ရွက်ခြင်းတွေ အဆင့်လိုက် အဆင့်လိုက် ဘယ်အတန်းမှာဘာသင်ရမယ်ဆိုတာမျိုးတွေ ကို သတ်မှတ်ထားကြပါတယ် ။
မူကြိုကျောင်းတစ်ကျောင်းကိုကျောင်းအုပ်အသော်ရတီနဲ့ စီမံခန့်ခွဲပိုင်ခွင့်ပေးအပ်ထားတယ် ။
သို့သော် ပေါ်လစီတွေကို အစိုးရ ၊ ပညာရေးဌာန နဲ့ ပညာရှင်တွေက ပေါင်းစပ်ညှိနှိုင်းပြီး ရေးဆွဲ ပါ တယ် ။ ကျောင်းအဆောက်ဦးအတွက်လိုအပ်တာ ၊ သင်ထောက်ကူပစ္စည်း တွေကိုအစိုးရက ထောက်ပံ့ ပေးပြီးတော့ မူကြိုအုပ်ချုပ်ရေးအဖွဲ့ က ဦးစီးပြီးတည်ဆောက်ရတယ် ။ သို့ပေမဲ့ အဆောက်ဦးစံချိန် ၊ စံညွှန်း ကလေးငယ်များ အတွက် အန္တရာယ်ရှိ နိုင်မရှိနိုင် စတာတွေ ကိုတော့ ဆောက်လုပ်ရေးဌာနက ဦးစီးပြီးစစ်ဆေးတယ် ။
ကျန်းမာရေး စံချိန်စံညွှန်းတွေပြည့် မှီ မမှီကိုတော့ ကျန်းမာရေးဌာနက ဦးစီးပြီးစစ်ဆေးတယ် ။
check and balance လုပ်ထားခြင်းဖြစ်ပါ တယ် ။ အားလုံးရဲ့ ထောက်ခံ ချက်တွေ ရရှိမှာသာ အစိုးရ အနေနဲ့ သက်ဆိုင်ရာကျောင်းဒါရိုက်တာအဖွဲ့ကို မူကြိုကျောင်းဖွင့်လှစ်ခွင့်လိုင်စင် ထုတ်ပေးပါတယ် ။ အဲဒီအဆင့်တွေ အားလုံးကျော်ဖြတ်ပြီးမှ သာ အစိုးရက သင်ထောက်ကူပစ္စည်းများထောက်ပံ့ခြင်း ၊ ကျောင်းအပ်လက်ခံခြင်း ၊ ကလေးငယ်များ နေရာချထားခြင်း ၊ ပညာသင်ကြားခြင်းတွေကို ဆက်လက်ဆောင်ရွက်ကြရတယ် ။ မူကြိုကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးအဖွဲ့ ၊ ဆရာဆရာမတွေ အပြင် ၊ အနုပညာဒါရိုက်တာ ၊ ကျန်းမာရေးဆိုင်ရာ ဒေါက်တာ/နာ့စ် နဲ့ ထမင်းချက် ၊ ကလေးထိန်း ၊ လက်သမားအဖွဲ့ တွေ ကအစ ထားရှိကြ ပါ တယ် ။
ကျွန်တော်တို့ နိုင်ငံမှာလည်း ပညာရေးစနစ်ပြောင်းလဲ မှုတွေ တကယ်လုပ်မယ်ဆိုရင် ဟို နိုင်ငံက ဟိုလိုရှိတယ် ၊ ဒီနိုင်ငံက ဒီလို ရှိတယ် ဆိုတာတွေ ကို ပုံစံယူနေတာထက် ...သင်ခန်းစာယူပြီး မြန်မာမော်ဒယ် တစ်ခု အရင်ဆုံးတည်ဆောက်သင့်တယ်ထင်ပါတယ် ။
မြန်မာကလေးငယ်တွေ ရဲ့ သဘာဝတွေ ၊ မြန်မာလူမှု ၀န်းကျင် ရဲ့ အနေထားတွေ ဒါတွေ အားလုံးထည့်သွင်းလေ့လာပြီး မြန်မာမော်ဒယ် တစ်ခု ရလာမှသာ ကျန်တဲ့ ပေါ်လစီပိုင်းဆိုင်ရာတွေ ဆွေးနွေးညှိ နှိုင်း / ငြင်းခုန်တာ ပြုကြရမယ်ထင်ပါတယ် ။
ဟို နိုင်ငံ က တော့ ဘယ်လိုတိုးတက်တာ ၊ ပညာရေးဘယ်လိုကောင်းတာ ဆိုတာကိုကြည့်ပြီး ပုံတူကူးချ ရင်တော့ ရေရှည် အတွက် အံဝင်ခွင်ကျဖြစ်နိုင်မယ်မထင်ပါဘူး ။
အခု ပြောမိတာ ကလည်း တတ်လို့ သိလို့ရယ်လို့တော့မဟုတ်ပါဘူး ။ ကိုယ်တွေ့ မိသလောက် ကိုယ့်အတွေးလေး ချပြမိတဲ့ သဘောပါပဲ ။
လွန်တာရှိရင်တော့ ၀န္ဒာမိပါ ။
(ရုပ်ဆိုး)
01.11.2014

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...