အနောက်တိုင်း တေးဂီတသမိုင်း အကြောင်း တပိုင်းတစ လေ့လာခြင်း
by Than Saw on Tuesday, March 5, 2013 at 4:49am ·

မနေ့က အိမ်အပေါ်ထပ်က ဂရိလူမျိုး ကြုံရာလုပ် လက်သမားလား၊ သူ့အိမ်မှာ ခိုးနေတဲ့ အိမ်ငှားလား မသိ၊ အိမ်တွင်းမှာ ဖြတ်ခုံ တွင်ခုံ တဒုံးဒုံး စက်မောင်းနေလို့၊ အခန်းထဲမှာ တနေ့လုံး ဥရောပ အလယ်ခေတ်နဲ့ အမှောင်ခေတ်က ခရစ်ယန် ဓမ္မတေး သီချင်းတွေ အကျယ်ကြီး ဖွင့်ထားရတယ်။
အံသြစရာက အခု သူ့အိမ်ထဲမှာ ဟွန်းမမှုတ်တတ် မှုတ်တတ်နဲ့ မှုတ်နေတယ်။ ဒါမထမဦးဆုံး ကြားဘူးသာ။ တခါမျှ ဒီဂရိ သီချင်းနားထောင်တဲ့ ပုံ မပေါ်ဘူး။ ဂရိလူမျိုးက အလုပ်ကြမ်းသမား လူတေလူပေ ဂျလယ်ဆိုတော့ အနုပညာခံစားမှုအတွက် အချိန်မရှိဘူး။ သေချာသာကတော့ သူ ခိုးပြီး အငှားချထားတဲ့ အိမ်ငှားဘဲဖြစ်မယ်။ မနေ့က ခရစ်ယန်တေးတွေ ကြားလို့ ဟွန်းထမှုတ်သာဖြစ်မယ်။ တခါမျှ ဒီလို တီးသာ မှုတ်သာ မကြားဘူးဘူး။ ဟွန်းမှုတ်သာကျယ်လွန်းလို့ အသံလုံ အခန်းမှာ နေသာတောင် ကြားရတယ်။ မှုတ်နေသာလည်း “အာ အ အာ့ အား” ဆိုတာက တမနက်လုံး မတက်နိုင်ဘူး တော်တော် ထုံရှာတယ်။ အပြင်မှာ နေသာနေသောလည်း နေကောင်းခါစဆိုတော့ အပြင်အအေးထဲ မထွက်လို။ ညနေကျမှ မြေပဲနဲ့ နှမ်းနက် အဝယ် ထွက်ရမယ်။ ကုန်သွားလို့။
အပြင်မှာလည်း လမ်းတွေကိုဆူညံစွာ ဖောက်နေကြပြန်ပြီ။
အနှစ် ၅၀၀ ကျော် ၁၀၀၀ လောက်က ခရစ်ယန်ဓမ္မတေး သီချင်းတွေ နားထောင်ပြီး ဒီဆူညံသံတွေ မကြားအောင် စိတ်ငြိမ်အောင် လုပ်ရမယ်။ ပြီးမှ ကျန်သေးတဲ့ Howard Goodall ရဲ့ The Story of Music အခန်းဆက်တွေ ဆက်ကြည့်ရမယ်။
အယင်က အနောက်တိုင်း တေးဂီတကို သေသေချာချာ အသေးစိတ် နားလည်လို့ နားထောင်ခဲ့သာမဟုတ်ဘဲ နားထောင်ကောင်းလို့ နားထောင်ခဲ့သာဘဲဖြစ်တယ်။
ဒီလို အနောက်တိုင်း တေးဂီတသမိုင်းတွေ လေ့လာမှဘဲ နဲနဲလေး ပိုနားလည်လာတယ်။
ကျမအကြိုက်ဆုံး ဂီတပညာရှင် ၅ ယောက်ဟာ Bach, Beethoven ရယ် Liszt ရယ် Wagner ရယ် Brahms ရယ်ဖြစ်တယ်။
Mozart, Handel, Haydn, Tchaikovsky, Schubert, Schoenberg, Schumann, Mendelssohn, Mussorgsky, Shostakovich, Mahler, Stravinsky အစရှိတဲ့ တေးဂီတပညာရှင်အားလုံး Monteverdi, Verdi, Rossini, Puccini အစရှိတဲ့ အော်ပရာဆရာအားလုံးနီးပါး နားထောင်ခဲ့ နှစ်သက်ခဲ့သော်လည်း အပေါ်က ငါးယာက်ကို ပိုနားထောင်ဖြစ်ခဲ့တယ်။
စိတ်ဝင်စားစရာကောင်းသာက ဒီ တီဗွီ ပညာပေး အစီအစဉ် The Story of Music ထဲက ဂီတပညာရှင် Howard Goodall က Wagner ကို Liszt ရဲ့ တေးဂီတသမိုင်းမှာ စတင် တီထွင်သမျှအားလုံး အကုန်ကူးချလို့ ဘာမျှ တေးဂီတသမိုင်းမှာ အသစ်အဆန်း တခုမျှ မလုပ်ခဲ့ဘူးလို့ဆိုတယ်။
ဒါပေမဲ့ Liszt တီထွင်ထားသာတွေကို သူ့တေးဂီတမှာ ယူသုံးတဲ့အခါ အမြဲ ပိုကောင်းအောင် ပိုနားထောင်ကောင်းအောင် ရေးသားနိုင်ခဲ့တယ်လို့ ဆိုလို့ တော်ပါသေးတယ်။ Wagner ရဲ့ ဂျူးလူမျိုးတွေကို အမြစ်ဖြုတ်ခြင်တဲ့ စိတ်ဓါတ်ကို မီးမောင်းထိုးပြတယ်။
Wagner တေးဂီတကို ဘယ်လောက်ဘဲ သူ ဒေါက်ဖြုတ် နေပေမဲ့လည်း သူ့ခမျှာ မအောင်မြင်ရှာဘူး။
Brahms အကြောင်းတော့ ဘာမျှ သိပ်မပြောဘူး။
Schubert တို့ Schumann တို့ရဲ့ အချစ်သီချင်းတွေကို ဝေဖန်သာကိုတော့ တော်တော်လေးကြိုက်မိတယ်။ ဒီ သီချင်းတွေ စပ်ဆိုတဲ့ အချိန်မှာ ဒီဂီတပညာရှင်တွေ ဟာ အသက် ၃၀ နီးပါးရှိနေတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ နှလုံးသားဆိုင်ရာမှာ သိပ် စိတ်ဓါတ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက် သာသာဘဲ ရှိသတဲ့။ ခေတ်ပြိုင် အသက် ၃၀ အရွယ် အင်္ဂလိပ်စာရေးဆရာမ Jane Austin လို နှလုံးသားရေးရာမှာ ရင့်ကျက်မှု မရှိသေးဘူးတဲ့။
ဒါပေမဲ့ ရှေးခေတ်က ဂန္တဝင် ဆယ်ကျော်သက်အရွယ် အဆင့် အချစ်သီချင်းတွေဆိုတော့၊ ကျမတို့က လှုပ်တာမြင်တိုင်း ချစ်တတ်တဲ့ နှလုံးသားမျိုး မရှိသော်လည်း သမိုင်းဝင် တေးဂီတတွေဖြစ်လို့ အတင်းဖြစ်ညှစ်ခံစားပြီး နားထောင်ကြသာပါ။ နားထောင်ချိန်မှာ တော့ ဘာမှန်းမသိသာကို ချစ်မိသလို ခံစားလိုက်သာပေါ့။ အနုပညာဘဲလေ။
ဒါပေမဲ့ Liszt ရဲ့ သေမင်းရဲ့အက Totentanz တို့ Wagner ရဲ့ The Ring တို့ကို နားထောင်တဲ့အခါရတဲ့ စစ်မှန်တဲ့ ရသ ခံစားမှုတွေ မရသာကတော့ အမှန်ပါဘဲ။
ငယ်ငယ်ကထဲက မြန်မာရုပ်ရှင်အထဲမှာ မင်းသမီး အသဲကွဲလို့ ငိုကြောရှည်နေရင် ပိတ်ကားကို မီးရှို့ခြင်တဲ့စိတ် မင်းသမီးကို နောက်က ဖနောင့်နဲ့ ပေါက်ခြင်တဲ့ စိတ်ဝင်လို့ မြန်မာကားတွေကို သိပ်မကြည့်ခဲ့တော့ဘူး။ မင်သားတွေ ငိုပြရင်တော့ ဘယ်လောက် စိတ်တိုသလည်း ဆိုသာတော့ မပြောပါနဲ့တော့။ သေခါနီးမှာ အသက်မြန်မြန်မထွက်ဘဲ စကားများတဲ့ မင်းသားဆို စိတ်ညစ်လွန်းလို့။
ဒီဝေဖန်ရေးဆရာကြီး နဲ့ ကျမ အကြိုက်တူသာကတော့ Liszt ပါဘဲ။ သူဟာ Liszt ကို အရူးအမူး ကြိုက်ပြီး Wagner ကိုတော့ ဂျူးမုန်းသူဖြစ်လို့ဆိုပြီး ဖြစ်ညှစ်ဒေါက်ဖြုတ်တယ်လေ။
Wagner ကို အရူးအမူးကြိုက်တဲ့ ဂျူးသွေးပါတဲ့ Stephen Fry တင်ပြတဲ့ အစီအစဉ်တွေကို ကြည့်ဘူးတယ်။ Wagner ကြိုက်သူများက ထိုခေတ် ထိုအခါက ဥရောပတိုက်မှာ ဂျူးလူမျိုးတွေကို ခရစ်ယန်တွေ အားလုံးနီးပါး မကြိုက်ခဲ့ မုန်းခဲ့သာပါ။ Wagner တယောက်ထဲ သာ ဒီအမြင်မျိုး ရှိသာ မဟုတ်ပါဘူး။ သူတို့ လူ့ဘောင်တစ်ခုလုံးရဲ့ အမြင်ဖြစ်လို့ Wagner မှာလည်း ဒီအမြင်ကို Wagner ငယ်စဉ်က ရှိနေခဲ့သာမဆန်းပါ လို့ ဆင်ခြေဝင်ပေးကြတယ်လေ။ Wagner ငယ်စဉ်က တခါဘဲ ရေးသား ထုတ်ဝေခဲ့တဲ့ ဂျူးလူမျိုး မုန်းတီးရေးစာ ကို ငယ်ရွယ်စဉ် မရင့်ကျက်ခင်က ရေးသာပါဆိုပြီး ရှေ့နေလိုက်ပေးခဲ့ကြတယ်လေ။
Wagner မုန်းတီးသူတွေက ငယ်ရွယ်စဉ်က ရေးခဲ့တဲ့ ဂျူးလူမျိုး မုန်းတီးရေး စာတန်းရယ် Wagner ရဲ့ opera တွေအထဲက ဂျာမန်လူမျိုးတွေကို အမျိုးသားရေးစိတ်ဓါတ် ပျင်းပြစေတဲံ ဒဏ္ဍာရီ ဇတ်လမ်း အကြောင်းအရာ တင်ပြမှုတွေကိုဘဲ အလေးထားပြီး ဝေဖန်ကြတယ်။
Wagner တေးဂီတကို ကြံဖန် ဒေါက်ဖြုတ်သာကတော့ ဒီတခါဘဲ တွေ့ဘူးပါတယ်။ Liszt က Wagner ဆီမှာ တပည့်ခံ လေ့လာခဲ့သူ လေးစားသူဖြစ်တော့ Wagner ရဲ့ ပေါ်မှာ Liszt လွှမ်းမိုးမှုရှိနေသာ အဆန်းမဟုတ်ပါ။ Liszt ရဲ့ သမီးကိုတောင် Wagner က ယူခဲ့တယ်လေ။ ဒါပေမဲ့ Wagner ထူးချွန်ပြောင်မြောက်မှုကိုတော့ သူ့နိုင်ငံရေး အမျိုးရေး အမြင်ဘာဘဲ ရှိနေနေ မရှိနေနေ ငြင်းလို့ မရပါဘူး။ ဒီဝေဖန်ရေး ဆရာကြီးလည်း နောက်ဆုံးတော့ သိပ်စိတ်မပါဘဲ ဝန်ခံရတယ်လေ။ တပည့်က ဆရာထက် နားထောင်ကောင်းစေတဲ့ ရသမှာ အမြဲသာတယ်ဆိုသာပါဘဲ။
အခု အပေါ်ထပ်က ငနဲသားက ဟွန်းမှုတ်နေသာမှာ (အာ အ အ့ အား) က မတက်တော့ လက်လျှော့လိုက်ပြီထင်တယ်။ အခု တွင်ခုံမှာ ဘာတွေဖြတ်မှန်းမသိဘူး။ အသံလုံ အခန်းဆိုသော်လည်း သူ့အခန်းမှာ သစ်သားကြမ်းခင်းထားတော့ ကြမ်းပြင်ပေါ် ပြုတ်ကြသမျှ ကိုယ်က ကြားရတယ်။ ဖြတ်သမျှ ထုသမျှ ထောင်းသမျှလည်း ကြားရတယ်။
ကဲ ၁၀ နာရီကျော် နားထောင်ရမဲ့ ခရစ်ယန် ဓမ္မတေးရဲ့ တေးဂီတ အနုပညာကို နားထောင် ခံစားပြီး လက်ဖက်ရည်ကြမ်းသောက်တော့မယ်။
အိုး ဖွင့်စရာမလိုတော့ဘူး။ အသံတွေ တိတ်သွားလို့ ဆိတ်ငြိမ်ခြင်း အရသာကို အရင် ခံစားလိုက်မယ်ကွယ်။
This is the music of the sound of silence!
မှတ်ချက်။ အခန်းဆက်တစ်ခုရဲ့ တပိုင်းတစအကြောင်းဘဲ ဖြစ်ပါတယ်။ အခန်းဆက် အားလုံးရေးရမယ်ဆိုရင်တော့ ၁၀ နှစ်စာလောက် ရေးစရာတွေ ရှိနေပါတယ်။
0 comments:
Post a Comment