Monday, March 11, 2013

လျူရှောင်ဘို ပြောတဲ့ တရုတ်ဒီမိုကရေစီ

by Ye Myint Kyaw on Monday, March 11, 2013 at 10:55am ·
နော်ဝေနိုင်ငံ နိုဘယ်ဆုကော်မတီက ၂၀၁၀ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်ပြည်မှာ လူ့အခွင့် အရေးနဲ့ အကြမ်းမဖက် လှုပ်ရှားမှုကို အချိန်ကြာမြင့်စွာ ဆောင်ရွက်ပြီး  အကျဉ်းကျနေတဲ့ လျုရှောင်ဘိုကို ချီးမြှင့်ခဲ့ပါတယ်။ လျူရှောင်ဘို ဟာ တရုတ် အတိုက်အခံ စာရေးဆရာဖြစ်ပြီး၊ စာအုပ် ၁၁ အုပ်နဲ့ အက်ဆေး များစွာ ရေးသားသူပါ။


၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်းမှာ ဒီိမိုကရေစီလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာပါတယ်။ ၁၉၈၉-၉၁ ခုနှစ်မှာ စတင် အဖမ်းခံခဲ့ရပြီး၊ ၁၉၉၆- ၉၉ တွင် ဒုတိယအကြိမ် ပြန် အဖမ်းခံခဲ့ရပါတယ်။ ပြန်လွတ်လာတော့၊  ‘လွတ်လပ်တဲ့ တရုတ် ကလောင်ရှင်များ အဖွဲ့’ ဥက္ကဌ နဲ့ Democratic China မဂ္ဂဇင်း အယ်ဒီတာ တာဝန်ယူဆောင်ရွက်ပါတယ်။

လျူ ဟာ တရုတ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ နာမည်ကျော် ‘Chapter 8’ စာတမ်းကို အဓိက ရေးခဲ့သူပါ။ အဲဒီ ချာတာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေတာကြောင့်ပဲ၊ ၂၀၀၉ ဇွန် ၂၃ ရက်နေ့မှာ ‘နိုင်ငံတော်အာဏာ ပျက်စီးအောင် ဆူပူလှုံဆော်တဲ့ ဥပဒေ’ နဲ့ နောက်ထပ် ၁၁ နှစ် ထောင်ချခံရပါတယ်။  အခု လျောင်နင် ပြည်နယ် ရှီင့်ချို့ အကျဉ်းထောင်မှာပါ။

တရုတ်အစိုးရက သူ့ဇနီး လျူရှီယာ ကို သူ့ကိုယ်စား ဆုသွားမယူနိုင်အောင် နေအိမ်အကျယ်ချုပ် ချထားပြီး၊ ဆွေးမျိုးသားချင်း တွေကိုလည်း တားမြစ်ထားတာကြောင့်၊ ၂၀၁၀ ဒီဇင်ဘာ၁၀ ရက် အော်စလို ငြိမ်းချမ်းရေး နိုဘယ်ဆုဟာ လက်ခံယူမယ့်သူ မရှိတဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနား ဖြစ်သွားရပါတယ်။  ပိုဆိုးတာက တရုတ်အစိုးရ ငြူစူမှာ စိုးတဲ့အတွက် ကုလသမဂ္ဂ၊ အာစီယံ အပါအ၀င် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ နိုဘယ်ဆုကို ကိုယ်စား လက်ခံယူမပေးတာကလည်း ငြိမ်းချမ်းရေးလောကမှာ မှတ်တမ်းတစ်ခု ဖြစ်သွားပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ စာတမ်းဟာ ၂၀၀၅ အောက်တိုဘာ ၁၉ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီက ဖြန့်ဝေတဲ့ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းကို လျူရှောင်ဘိုက တုံ့ပြန် ရေးသားထားတာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဧကရာဇ်ဝါဒနဲ့ အာဏာရှင်စနစ်တို့ဟာ စိတ်ပျက်စရာကောင်းလောက်အောင် နှစ်ပဋိစ္ဆေဒ ရှည်ကြာလွန်းကြောင်း သမိုင်းနဲ့တကွ ဖော်ပြထားပြီး၊ ယခုထိ တရုတ်လူထုအခြေအနေက ဟိုးအရင်အတိုင်း ဘာကွာခြားမှုမှ မရှိသေးဘူးလို့ ပြောပါတယ်။

‘လွတ်လပ်တဲ့ တရုတ်ပြည်’ ပေါ်ပေါက်ဖို့ဆိုတာ၊ လက်ရှိအာဏာရထားသူတွေနဲ့ သူတို့ပေါ်လစီတွေထဲက ထွက်လာမှာမဟုတ်ဘဲ၊ ‘လူထုအာဏာပါဝါ’ ကနေသာ ပေါ်ထွက်လာမယ်လို့ ဟု သူ့စာတမ်း အဆုံးပိုင်းမှာ တင်ပြထားပါတယ်။

*******************************

တရုတ်လူထုက ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ဒီမိုကရေစီနဲ့သာ ထိုက်တန်ပါသလား

၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနက ‘တရုတ်ပြည် ဒီမိုကရက်တစ် နိုင်ငံရေး တည်ဆောက်မှု’ ခေါင်းစဉ်နဲ့ စက္ကူဖြူ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ အာဏာရကတည်းက ပထမဆုံး ထုတ်ဝေတဲ့ ဒီမိုကရေစီ တည်ဆောက်ရေး စာတမ်းဖြစ်ပေမဲ့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဆုပ်ဆုပ်ကိုင်ကိုင် ဘာအချက်အလက်မှ မပါပါဘူး။

စာတမ်းရဲ့ အနှစ်သာရပိုင်းမှာ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’၊ တရုတ်ကွန်မြူနစ်ပါတီ (CCP)ရဲ့ အာဏာဆိုင်ရာ သီအိုရီ’ နဲ့ ‘ပါတီရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ ဆိုတဲ့ အကြောင်းအရာ သုံးခုကို အခြေတည် ဆွေးနွေးထားပါတယ်။

‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ပိုင်းမှာ စီးပွားရေး အားနည်းချက်တွေ၊ လူထုနေထိုင်မှု အခြေအနေ နိမ့်ကျမှုတွေကို ထည့်သွင်း ဆွေးနွေးမထားပါဘူး။ ပါတီရဲ့ ခေါင်းဆောင်မှုနေရာအတွက် သမိုင်းဖြတ်သန်းမှုအရ ရွေးချယ်ရခြင်းနဲ့ တရုတ် လူထုရဲ့ အလိုက်သင့်ရွေးချယ်မှု ကိစ္စကိုသာ အလေးပေး ဆွေးနွေးထားပါတယ်။ ဆိုလိုတာက တိုင်းပြည်ခေါင်းဆောင်မှုကို လူထုဆန္ဒအရထက်၊ သမိုင်းကြီးမြတ်မှုနဲ့သာ ဖန်တီးသွားမယ်လို့ ပြောထားခြင်း ဖြစ်ပါတယ်။

ရှင်းပါတယ်။ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ရဲ့ ရည်ရွယ်ချက်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ စံနှုန်းတွေကို ငြင်းပယ်ထားတယ်။ အမျိုးသားအခြေအနေ ဆိုတာတွေကို အရေးတကြီး ရှေ့တန်းတင် လှုံဆော်ပြီး၊ လက်ရှိ CCP ပါတီနဲ့ အစိုးရရဲ့ မရိုးသားတဲ့ တရားဝင်မှု (legitimacy) ပြဿနာတွေကို ဖုံးဖိထားခြင်းသာ ဖြစ်ပါတယ်။

‘ပါတီအာဏာဆိုင်ရာ သီအိုရီ’ မှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပုံစံဖြစ်တဲ့ ပါတီက အမြင့်ဆုံးအာဏာ ရယူထားမှုကို ထပ်ပြီး အတည်ပြုပေးထားခြင်း ပါပဲ။ လူထုအချုပ်အခြာ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်ဖြစ်၊ အခြေခံဥပဒေထဲမှာ ရေးထားတဲ့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကိုဖြစ်ဖြစ်၊ အမျိုးသားလွှတ်တော် ကိစ္စဖြစ်ဖြစ်၊ ပါတီရဲ့ ‘ဒီမိုကရက်တစ်ဗဟိုပြုရေး’ အမည်ခံ ဗန်းပြမှုပဲဖြစ်ဖြစ်၊ ဥပဒေပြုရေးလုပ်ငန်းဖြစ်ဖြစ်၊ အောက်ခြေ လူထုအတွက် ဒီမိုကရေစီဖြစ်စဉ်တွေကိုပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အားလုံးဟာ CCP အာဏာပိုင်အဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ လိုက်နာကြရလိမ့်မယ်။  လူထုရဲ့ အချုပ်အခြာအာဏာ အတွက် တကယ်တန်း ဘာလုပ်ပိုင်ခွင့်မှ ပေးမထားပါဘူး။

နောက် ‘CCP ပါတီရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ မှာတော့ တရုတ်ပြည်ရဲ့ လက်ရှိ အောင်မြင်မှုတွေဟာ ပါတီကြောင့် ဆိုတာကိုပဲ အထပ်ထပ် သိဒ္ဓိတင် ကြော်ငြာနေတာပါ။ ကြီးမားများပြားတဲ့ ကျရှုံးမှုတွေကို ကာကွယ်ဖို့အတွက် ရတတ်သမျှ အောင်မြင်မှုတွေ ချဲ့ကားထားတာပါ။ တိုင်းပြည်မှာ ဒီမိုကရေစီ စိုးစဉ်းမျှရှိတယ်ဆိုရင် အဲဒါက ပါတီရဲ့ အသိဥာဏ်ပညာကြောင့် လို့ ပြောထားတာပါ။ ကွန်မြူနစ်ပါတီကပဲ ဥာဏ်ပညာကြီးကြီးနဲ့ ဦးဆောင်ဦးရွက်ပြုပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့လို့သာ တရုတ်ပြည် ဖြစ်လာတာလို့ ဆိုလိုချင်တာပါ။ တရုတ်လူထုတွေ မျိုးဆက်ချီ ကြိုးစားအားထုတ် ပေးဆပ်မှုတွေနဲ့ အသီးအပွင့် ရလဒ်တွေဆို ဘာတစ်ခုမှ အသိအမှတ်ပြု ဖော်ပြမထားပါဘူး။

သူတို့ စက္ကူဖြူစာတမ်းရဲ့ အချုပ်က လူထုရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့ ဒီမိုကရေစီရဲ့အထက်မှာ ပါတီအာဏာ ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကို မောင်းခတ်ကြေငြာတဲ့ သဘောဆောင်နေပါတယ်။ ပါတီအာဏာကသာ အမြင့်မြတ်ဆုံး ထည်ဝါကြီးကျယ်ဆုံး ဖြစ်တယ်။ ‘လူထုရဲ့ အကြီးအကဲဟာ ကွန်မြူနစ်ပါတီ’ ပဲဖြစ်တယ်။ ‘ဒီမိုကရေစီရဲ့ အကြီးအမှုးက CCP ပါတီ’ ပဲ ဖြစ်ရမယ်။ အမျိုးသားလွှတ်တော် (NPC) က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ရုပ်သေးသာ ဖြစ်တယ်။ တရုတ်လူထု နိုင်ငံရေးရာ အတိုင်ပင်ခံ ညီလာခံ (CPCC) ဆိုတာ အဆင်တန်ဆာ ပွဲတက်အခမ်းအနားမျှ ဖြစ်တယ်။ တရားရေးစနစ်က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ကရိယာ တန်ဆာပလာသာ ဖြစ်တယ်။ လူ့အခွင့်ရေး၊ ဒီမိုကရေစီ စတဲ့ စကားလုံးတွေဟာ စက္ကူဖြူစာတမ်းမှာ ခန်းစီးလိုက်ကာလို ပကာသနတွေသာ ဖြစ်နေတယ်။

CCP အာဏာပိုင်အဖွဲ့ အရင်က ထုတ်ဝေတဲ့ လူ့အခွင့်အရေးအမြင် စာတမ်းလိုပါပဲ။ အခု ဒီမိုကရေစီရေးရာ စာတမ်းကလည်း မုသားတွေ ပြည့်နှက်နေပါတယ်။ ဥပမာ၊ စက္ကူဖြူစာတမ်းထဲမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဏာအားလုံးကို လူထုကသာ ပိုင်ဆိုင်တယ်” လို့ ဖော်ပြထားချက် ပါပါတယ်။ သို့သော် ၁.၃ ဘီလီယံ ရှိတဲ့ တရုတ်ပြည်သူတွေခမျာ ပါတီအာဏာပိုင်များ လိုသလို အမောင်းခံရတဲ့ သိုးအုပ်ကြီးများသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သမ္မတ ရွေးကောက်ပွဲမှာ လူထုပါဝင်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။

နောက် ဥပမာတစ်ခုက စက္ကူဖြူစာတမ်းထဲမှာ “ပါတီတွင်း ဒီမိုကရေစီ ဖွံဖြိုးရေး” ဆိုတာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က ၆၈ သန်း သော ပါတီအဖွဲ့ဝင်တွေဟာ ပါတီကျေးကျွန်အဆင့်ထက် မပိုပါ။ ပါတီအကြီးအကဲကို ရွေးချယ်ဖို့ သူတို့မှာ အမှန်တကယ် အခွင့်အလမ်း မရှိရှာပါဘူး။


အဲဒီ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းဟာ ကြွားလုံးသက်သက်ထုတ်ပြီး ဟန်ဓာတ်ခုတ်ထားမှုသာ ဖြစ်တယ်။ တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှုလို့ ကြွေးကြော်ပြီး၊ ကွန်မြူနစ်ပါတီ အမြင်ဆုံးအာဏာပိုင်အဖွဲ့ ကျင့်သုံးတဲ့ အာဏာရှင်စနစ်ကို လူထုက ကျေးကျွန်ပြုပေးရမယ့် စာတမ်းသာ ဖြစ်တယ်။

**********************************

၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ မော်စီတုန်း တီယန်နန်မင်ရင်ပြင် ဂိတ်ပေါ်တက်လာတော့၊ တစ်တိုင်းပြည်လုံးအနှံ့မှာ လူထုက “သူဟာ ကျွန်ုပ်တို့လူထုတွေအတွက် မဟာကယ်တင်ရှင်ကြီးပါ” ဆိုတဲ့ သီချင်းကို သံပြိုင် ကြွေးကြော် အော်ဟစ်ခဲ့ရပါတယ်။

၁၉၈၄ အောက်တိုဘာ ၁ ရက်နေ့မှာ တိန့်ရှောင်ပိန် တီယန်နန်မင် ရင်ပြင်ပေါ်မှာ တပ်တွေစစ်ဆေးတော့ ‘ဟလို ရှောင်ပိန်!’ လို့ သူ့လက် ဝှေ့ယမ်းပြပြီး နိုင်ငံ့ဗိသုကာကြီး အဖြစ်နဲ့ လူထုအားလုံးရဲ့ ထောက်ခံမှု ရယူပါတယ်။ ပြီး သူက “လူတချို့ အရင်ဆုံး ချမ်းသာ ပလေ့စေ” (Let some people get rich first.) လို့ ကွန်မြူနစ် ဇာတ်ပျက်စကားပြောပြီး လူတစ်စုအတွက်သာ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ်။

၁၉၉၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ကျန်ဇီမင်း တပ်တွေ စစ်ဆေးပြန်တော့ အကြီးအကျယ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီကြားကပဲ တော်လှန်ရေးလမ်းကြောင်းနဲ့ တရုတ်ပြည်အနာဂတ် အမွေဆက်ခံမယ့် အဓိက ဦးဆောင်မှုနေရာကို ရသွားပြန်တယ်။ သူက တရုတ်အင်ပါယာအတွက် ကြီးမားရက်ရောတဲ့ ဆန်းသစ်တီထွင်မှု သီအိုရီတစ်ခု နောက်ထပ်ဖန်တီးပြီး၊ ခေတ်ပျက်မှာ ချမ်းသာလာတဲ့ အရင်းရှင်တွေကို CCP ပါတီထဲ အဖွဲ့ဝင်ဖြစ်ခွင့် ပေးလိုက်တယ်။


ဟူကျင်တောင်း တပ်တွေစစ်ဆေးတဲ့အခါ ‘သူ့ချစ်လှစွာသော ပြည်သူတွေ’ အတွက် ဘယ်လို ရုပ်ပုံ ဖော်မယ်ဆိုတာ ကျနော် မသိသေးပါဘူး။ လက်ရှိ အာဏာရ အုပ်စုအတွင်းမှာ ဖယ်ရှားခံခဲ့ရတဲ့ ကျောက်ကျိယန့် နဲ့ ဟူယောင့်ပန်း တို့ပုံစံမျိုး၊ လူထုကို ကောင်းမွန်စွာ ဆက်ဆံပြီး ခေတ်သစ်နိုင်ငံရေးရဲ့ သဘောကို ကျက်မိတဲ့ အဆင့်မြင့်အရာရှိတွေ ရှိကောင်း ရှိနိုင်တယ် ဆိုတာကို ကျွန်တော် မငြင်းလိုပါဘူး။ ဒီလူတွေဟာ ကောင်းမွန်တဲ့ မူဝါဒဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး စွန့်စားလုပ်ချင်ကြမှာပါ။

သို့ပေမဲ့ အဲဒီလို အရာရှိကောင်းတွေဟာ CCP ပါတီစနစ်အောက်မှာ သက်ဆိုးမရှည်နိုင်ကြပါဘူး။ အဲဒီလိုဖြစ်သွားရတဲ့အခါ လူထုတွေမှာလည်း အထက်က ပါတီဘော့စ်တွေ ပေးကမ်းမယ့် အခွင့်အရေးနဲ့ အကျိုးရလဒ်လေးတွေ ကိုပဲ ထိုင်စောင့်မျှော်ရင်း ဆက်လက်ရှင်သန်ကြရပါတယ်။

*************************************

နောက်ကို ခြေလှမ်းတစ်ထောင်လောက် ဆုတ်ပြီး တရုတ်ပြည်ကြီးကို ပြန်ကြည့်ကြပါဦး။ ကျနော်တို့ တိုင်းသူပြည်သားများဟာ ဥာဏ်အမြှော်မြင် ပြည့်စုံတဲ့ အုပ်စိုးသူနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင်၊ သို့မဟုတ် ဧကရာဇ် အချို့ရဲ့ မျက်နှာသာပေးမှု ခံစားခဲ့ရတယ် ဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်စော်ကားတာတွေ ရှိလင့်ကစား၊ အကျိုးခံစားခွင့် ဆုပ်ဆုပ်ကိုင်ကိုင် ရရှိမှုအတွက် ခွင့်လွှတ်ကြရမှာပါပဲ။

ဒါပေမဲ့ သိပ်သိပ်ကိုဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ဒုက္ခအကြီးအကျယ် ခံစားနေကြရတယ်။ ဘိုးဘွားဘီဘင် ရှေးအတီ မျိုးဆက်ပေါင်းများစွာကနေ ကနေ့အထိ လူထုအပေါ် သနားကြင်နာမှုပြမယ့်၊ ပညာဥာဏ်ရှိတဲ့ အုပ်ချုပ်သူမျိုးကို တစ်ကြိမ်တစ်ခါတောင် မဆုံခဲ့ကြရပါဘူး။

ဒါ့အပြင် တရုတ်မင်းဆက် သံသရာစက်သမိုင်းမှာ၊ မင်းဧကရာဇ်ရဲ့ လူထုအပေါ် ရက်ရော လိုက်လျောတတ်တဲ့ အပြုအမူဟာ သူ နန်းစတက်ချိန်မှာပဲ ရှိတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့က အုပ်ချုပ်သွားတဲ့ မင်းဆက်က သူ့နောက်ဆုံးနှစ်တွေအတွင်း ဘာကောင်းကျိုးမှ မဆောင်ရွက်ဘဲ တိုင်းပြည်ကို အကျပ်အတည်း ဘေးဒုက္ခပေါင်းစုံနဲ့ ချန်ထားရစ်ခဲ့လို့ပါပဲ။ နန်းသစ် တက်လာသူကျတော့ လူထုလိုအပ်ချက်အတွက် လုပ်ဆောင်ပေးတာထက်၊ သူ့နိုင်ငံရေးအာဏာ ကြံ့ခိုင်အောင်ထိန်းဖို့ ခေတ္တမျှ လိုက်လျော လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။ နန်းတက်စမှာ မင်းသားပြုံး ပြုံးပြပြီး မကြာခင် ဘီလူးရုပ်ပြန်ပေါ်လာပါတယ်။


ကျနော်တို့ တိုင်းသူပြည်သားတွေကလည်း ကြီးသူရဲ့ စောင့်ရှောက်မှုအပေါ် လုံးဝမှီခိုနေရတဲ့ ကလေးငယ်လေးတွေ လိုပါပဲ။ အသိဥာဏ်ရှိရှိ အုပ်ချုပ်မယ့် မင်းလောင်းပေါ်လာဖို့ကို ရာစုတွေချီပြီး ထိုင်စောင့်မျှော်နေတတ်တဲ့ သူတွေပါ။ တရုတ်လူထုဟာ ချွတ်ချော်ယိုင်နဲ့ပြီး ဘယ်တော့မှ ရင့်ကျက် ကြီးပြင်း မလာသေးဘူးလို့ပြောရင် ကျွန်တော် လွန်လေမလား။ သူတို့ဟာ ရှေးဦးလူတွေ ကြယ်လနက္ခတာရာတွေ ထိုင်ရှိခိုးသလိုမျိုး၊ တရုတ် ဧကရာဇ် မင်းတွေကို အခုထိ ဒူးထောက် ခယ၀ပ်တွား မော်ဖူးနေကြတုန်းပဲလား။

******************************
မော်ခေတ်နဲ့ နှိုင်းစာရင် မော်ခေတ်လွန် ပြည်မကြီးမှာ ကျနော်တို့ ပြည်သူတွေဟာ အစားအသောက်၊ နေမှုထိုင်မှုနဲ့ တစ်ဦးချင်း ရွေးချယ်ပိုင်ခွင့် အတော်ရှိလာတယ်၊ ဖိနှိပ်ကန့်သတ်မှုတွေအောက်မှာပဲ အကျိုးအမြတ်အချို့ ရှိလာတယ်ဆိုတာ လုံးဝသံသယ မရှိပါဘူး။ ‘လူတန်းစား တိုက်ပွဲ’ ကို ဦးစားပေးတဲ့ မော်ရဲ့ အိုင်ဒီအိုလော်ဂျီနဲ့ နှိုင်းစာရင်၊ တိန့်ရှောင်ပိန်ရဲ့ လက်တွေ့ကျတဲ့ ‘ကြောင်သီအိုရီ’ က ပိုမိုသွက်လက်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိတယ်လို့ ဆိုရမယ်။

ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေရဲ့ ဘယ်အရာကမှ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ ရှိမြဲအနေအထားကို အခြေခံကျကျ ပြောင်းလဲ ပေးတာမရှိပါဘူး။ ဟောဒီ ပြည်မ မြေပေါ်မှာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံတွေအကြား ခေတ်အဆက်ဆက် ကြမ်းရှတဲ့ ဆက်ဆံရေးဟာ တစ်ပုံစံထဲပါပဲ။ ဒီကနေ့ထိလည်း မပြောင်းမလဲ ဒုံရင်းပါပဲ။

လူထုအတွက် အခွင့်အရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ဆုံးဖြတ်ချက်၊ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ လူ့အဖွဲ့အစည်းတိုးတက်မှု၊ အောက်ခြေလူထုတွေရဲ့ ဘ၀ ဒါတွေအားလုံးကို အာဏာရှင်များကပဲ ချုပ်ကိုင်ထားပါတယ်။ ရှိရှိသမျှသော တိုးတက်မှုတွေဟာ အပေါ်ရဲ့ ပေးကမ်းစွန့်ကြဲမှုကနေ လာပါတယ်။ အဲဒီအတွက် အပြုခံလူထုက အုပ်ချုပ်သူတွေကို သစ္စာရှိကြောင်း၊ ကျေးဇူးတင်ကြောင်း ပြသဖို့၊ ကိုယ်တော်ချောများ ‘သက်ကျော် ရာကျော် ရှည်ပါစေ’ လို့ မပြတ်အော်ဟစ်ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရပ်သားအခွင့်အရေး ကာကွယ်လှုပ်ရှားမှုတွေ တိုးတက်လာသော်လည်း၊ အာဏာရှင်စနစ်ယန္တရားနဲ့ ကျေးကျွန် ယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ဖယ်ရှားပစ်နိုင်မယ့် အေက်ခြေလူထုလှုပ်ရှားမှုတွေဟာ တရုတ်မှာ အတိုင်းအတာကြီးကြီး ပေါ်ထွက်လာဖို့ အခုထိ လမ်းစမမြင်ရသေးပါဘူး။

ဒါဟာ ဘာကြောင့်လဲ။

ဝန်ခံရရင် အာဏာရှင်များရဲ့ ဖိနှိပ်လွန်းအားကြီးမှုကြောင့် ပါပဲ။ ဖိနှိပ်ခံရလွန်းတော့ လူထုအဖို့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ သူတို့အတွက် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ မြင်နေကြတယ်။ လူထုရဲ့ စိတ်ထဲမှာ အသိဥာဏ်မဲ့မှု၊ သူရဲဘောကြောင်မှုနဲ့ မျက်ကန်းနေမှုတို့ လွှမ်းခြံနေပြီး၊ အဖိနှိပ်ခံအခြေအနေနဲ့ သူတို့ လွတ်မြောက်ခြင်းကြား ဘာမှ မကွာခြားနိုင်ဘူးလို့ သဘောထား နေပါတယ်။

သူရဲဘောကြောင်မှုနဲ့ သံသယစိတ် လွန်ကဲမှုတို့ကြောင့်ပဲ၊ အဖိနှိပ်ခံရခြင်းဆိုတာ အပစ်ပယ်ခံရခြင်း ခွဲခြားဆက်ဆံခံရခြင်းလို့ အဓိပ္ပါယ် ပေါ်လာပါတယ်။ အကျိုးဆက်အဖြစ် အာဏာရှင်တို့ရဲ့ ကြံရာပါ၊ လက်ပါးစေ၊ ကျိုးကျိုးနွံ့နွံ့ နှုတ်ဆိတ်နေသူများ ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဘယ်အခါမှာများ ကျနော်တို့ တိုင်းသူ ပြည်သားတွေဟာ စစ်မှန်တဲ့ လွတ်မြောက်မှုအတွက်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အတွက် အစမ်းသပ် ခံကြမှာလဲ။ ဘယ်အချိန်ကျမှ တရုတ်ပြည်ဟာ အာဏာရှင် မင်းအဆက်ဆက် စိုးမိုးမှုအောက်မှ ကသောင်းကနင်း အခြေအနေတွေနဲ့ အဆိုးသံသရာ သမိုင်းစက်ဝန်းထဲကနေ ဖောက်ထွက်နိုင် ကြလိမ့်မလဲ။

မျိုးဆက်ပေါင်းများစွာကနေ ကနေ့ CCP စိုးမိုးထားတဲ့ နေ့ရက်များအထိ ကျနော်တို့ လူထုခေါင်းထဲမှာ ဒုက္ခပေးနေတဲ့ ဝေါဟာရတွေ ရှိပါတယ်။ ‘လွတ်လပ်ရေး ရပြီးနောက်’ ၊ ‘တိုင်းပြည်စတည်ထောင်ကတည်းက’၊  ‘ကွန်မြူနစ်ပါတီမရှိရင် တရုတ်ပြည်သစ် ဖြစ်မလာနိုင်ဘူး’၊ ‘ခမ်းနားထည်ဝါတဲ့ တပ်မတော်ကြီး’ စတာတွေဟာ လူထုရဲ့ သမိုင်းနားလည်မှု အခြေခံတွေ ဖြစ်ပြီး၊ သူတို့စိတ်ထဲမှာ အနည်ထိုင်နေတဲ့ ဘာသာဗေဒ အလေ့စရိုက်တွေပါပဲ။

လူထုရဲ့ နေ့စဉ် စကားပြောမှု ရေးသားမှုတွေမှာ အဲဒီ အသုံးအနှုန်းတွေက ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ပြီး အဆင်တန်ဆာလို ဖြစ်နေတယ်။ ကွန်မြူနစ်ပါတီ CCP ရဲ့ ကလိမ်သမိုင်းကို နောကျေအောင်သိတဲ့ ပညာတတ်တွေ လစ်ဘရယ်ကျသူတွေ တောင်မှ CCP အာဏာရယူပြီးနောက် မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့အကြောင်း ဖော်ထုတ်ရေးသားတဲ့အခါ အဲဒီဝေါဟာရ အသုံးနှုန်းတွေ အပ်ကြောင်းထပ်အောင် ပါနေတတ်တယ်။

အလားတူပါပဲ။ ၁၉၈၉ ဇူလိုင် ၄ တီယန်နန်မင် လူသတ်ပွဲအကြောင်း ယနေ့ လူအများစု ပြောကြတဲ့အခါ၊ ‘ကသောင်းကနင်း ကာလ’ တို့၊ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးနှုန်းတွေကို သတိထား ရှောင်ရှား ပြောကြတယ်။ ကြီးမားတဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲနဲ့ အစုလိုက်အပြုံလိုက် သွေးထွက်သံယို သတ်ဖြတ်ခံရမှု အတွေ့အကြုံတွေ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ ပေကျင်းမြို့ လူထုကတောင် အဲဒီ ဝေါဟာရတွေကို ကနေ့ မေ့ပစ်လိုက်ကြတယ်။

တကယ်တော့ အာဏာပိုင်တွေက မီဒီယာကတစ်ဆင့် ‘ကသောင်းကနင်း ကာလ’ နဲ့ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးအနှုန်းတွေကို ‘နိုင်ငံရေးဆိုင်ရာ နှောင့်ယှက်မှုများ’ ဆိုပြီး ဘယ်လိုပဲ ၀ါဒဖြန့် ပြောင်းလဲပစ်ပစ်၊ မှန်ကန်တဲ့ လူထု ဘာသာစကားတွေကို များများ ပြောင်းမပစ်နိုင်ပါဘူး။

၁၉၉၉ ခုနှစ်မှာ ကျန်ဇီမင်း အစိုးရက ဖာလွန်ဂေါင်းဂိုဏ်းကို နှိပ်ကွပ်ဖြိုခွင်းပြီးနောက် အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်း စာအုပ်တွေထဲမှာ ‘အစွန်းရောက် ကိုးကွယ်ယုံကြည်မှု’ ဆိုတဲ့ အသုံးနှုန်းတွေသွင်းပြီး ကျောင်းသားတွေကြားထဲ ရိုက်ထည့်တယ်။ ကာလရှည်ကြာ ကျေးကျွန်ပြုနိုင်ဖို့ လူထုစိတ်ထဲကို အိုင်ဒီအိုလော်ဂျီ သွတ်သွင်းမှုဟာ၊ မှန်ကန်တဲ့ ဘာသာစကားအသုံးနဲ့ သမိုင်းမှတ်ဥာဏ်တွေကို အများကြီး ထိခိုက်စေပါတယ်။

မြင့်မြတ်တဲ့ ဘာသာဗေဒ-ဒဿန ပညာရှင်ကြီး Ludwig Wittgenstein ရဲ့ အဆိုအမိန့် တစ်ခု ရှိပါတယ်။ “ဘာသာစကားဆိုတာ အစဉ်အလာနေထိုင်မှု မြင်ကွင်းတွေကို ဖော်ပြတဲ့ ကရိယာ (tool) တစ်ခု မဟုတ်ဘူး။ လှုပ်ရှားသက်ဝင်နေတဲ့ အပြုအမူ(action) သာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်ဟာ မိမိကိုယ်ကို ဖော်ညွှန်းဖို့ ဘာသာစကား အသုံးပြုမှုနည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ ရွေးချယ်လိုက်တာပဲ။ သူဟာတွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” လို့ ဆိုခဲ့တယ်။


ဒါကို ထပ်ချဲ့ပြောမယ်ဆိုရင် တစ်ဦးတစ်ယောက်ဟာ အုပ်ချုပ်သူအပေါ် လေးလေးနက်နက် ကျေးဇူးတင်မှုကို ဘာသာဗေဒနည်းနဲ့ ဖော်ပြတယ်ဆိုရင်၊ အဲဒါ ကယ်တယ်ရှင် မျှော်ကိုးစိတ် မိမိဖာသာ ဖန်တီးလိုက်တာပဲ။ အဲဒီ ကယ်တင်ရှင် အားကိုးစိတ်က မလွှဲသာမရှောင်သာပဲ အထက်ရဲ့ ပေးသနားမှုကို စောင့်မျှော်ရတဲ့ (ကျားသနားမှ နွားချမ်းသာရမယ့်) ကျေးကျွန် ဘ၀နေနည်းကို ဦးတည်သွားစေပါတော့တယ်။ ကယ်တင်ရှင်မှ မရှိရင် တစ်စုံတစ်ဦးဟာ အိမ်ခြေရာမဲ့ ခွေးလေခွေးလွင့်သဖွယ် သနားစရာကောင်းတဲ့ စိတ်ခံစားချက်နဲ့ အခြေအနေဆိုးမျိုး ရောက်သွားမှာကို ကြောက်နေတတ်ပါတယ်။

***********************************

အချိန်တိုင်း အချိန်တိုင်းမှာ လူထုဟာ ထိပ်ဆုံး အုပ်ချုပ်သူတွေဆီကနေ နိုင်ငံရေးအပြောင်းအလဲတွေ ထွက်ပေါ်လာမှာကို မျှော်လင့်ချက်ကြီးကြီး ထားနေကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်း စိတ်ပျက်မှုတွေနဲ့ပဲ အဆုံးသတ်ကြရပါတယ်။ အဆိုးဆုံးကတော့ CCP ဦးဆောင်တဲ့ အပြောင်းအလဲက ထူးထူးခြားခြား ဘာမှမျှော်လင့်စရာ မရှိပေမဲ့လည်း၊ လူထုတွေရဲ့ စိတ်ပျက်မှုက တစ်ခုပြီး နောက်စိတ်ပျက်မှုတစ်ခု  ပြီးဆုံးသွားတာမရှိ ဇယ်ဆက်နေပါတယ်။ ဒါဟာ ဘာကြောင့်လဲ။

အချို့ကတော့ တိုင်းပြည်ရဲ့ အမျိုးသားအခြေအနေတွေကြောင့်လို့ ဆိုတယ်။ အချို့ကလည်း ဒီလောက် ကြီးမားတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်ကသာ ထိန်းချုပ်ထားနိုင်မယ်လို့ ပြောကြတယ်။ တချို့ကျတော့ CCP က အဏာသိပ်ကြီးလွန်း၊ ရင်းမြစ်တွေအပေါ် လက်ဝါးကြီးအုပ်ထားလွန်းလို့ အခြားဘယ်အင်အားစုကမှ ပြောင်းလဲဖို့ စိန်မခေါ်နိုင်ဘူးလို့ ပြောကြတယ်။ အချို့ကလည်း အတိုက်အခံအုပ်စုတွေဟာ ဝေလေလေ ပေါ်ပြူလာနိုင်ငံရေး လမ်းကြောင်းပဲ လိုက်လွန်းပြီး၊ သူတို့အာဏာရရင် CCP ထက်တောင် ပိုဆိုးဦးမယ်လို့ ပြောကြပါတယ်။

အချို့ကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်ခင် စီးပွားရေးဖွံ့ဖြိုးမှု အရင်လုပ်သင့်တယ်လို့ ပြောတယ်။ စီးပွားရေးဖွံဖြိုးမှု ကသာ တိုင်းပြည်တည်ငြိမ်မှုကို ထိန်းထားနိုင်မယ်၊ CCP လုပ်ဆောင်နေတာ မှန်တယ်လို့ ပြောပါတယ်။ အခြားသူတွေကလည်း ပြည်မကြီးရဲ့ လူဦးရေက သိပ်များလွန်းပြီး အသိပညာ နုံနဲ့တာကြောင့်မို့ အထက်က အမိန့်နဲ့ ဆောင်ရွက်ပေးတာသာလျှင် အသင့်တော်ဆုံးလို့ ဆိုပါတယ်။

အဲဒီ အားလုံးသော ပြောဆိုချက်တွေကိုကြည့်ရင် တကယ်လို့ CCP သာမရှိခဲ့ရင်၊ CCP သာ ပြုတ်ကျသွားခဲ့ရင် သူ့နေရာ ထိထိရောက်ရောက် အစားထိုးဖို့ ဘယ်သူ နေရာယူနိုင်မလဲပေါ့။ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ တရုတ်နိုင်ငံရေး လေ့လာသုံးသပ် ကျွမ်းကျင်သူတွေကကော ဒီမေးခွန်းကို မဖြေနိုင်ကြတော့ဘူးလား။ ဒါကြောင့်မို့လဲ အပေါ်က ချပေးတဲ့ မဖြစ်စလောက် နှစ်သိမ့် လက်ဆောင်လေးတွေကိုသာ လူထုက ရွေးချယ်ကျေနပ်နေကြရတာပေါ့။


ဒီတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ ကိုယ့်ဟာကိုယ် အရှင်သခင်ဖြစ်ဖို့လည်း မပြင်ဆင်ကြဘူး၊ တိုက်ယူဖို့လည်း မကြိုးစားဘူး။ တစ်ဦးချင်း အခွင့်အရေးအတွက် ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်ဖြင့်၊ လက်ရှိ အုပ်ချုပ်သူတွေ မရှိတဲ့အခါ တိုင်းပြည်ဖရိုဖရဲနဲ့ ချောက်ထဲကျသွားမယ်ဆိုတဲ့ အယူအဆကိုပဲ မသိစိတ်မှ စွဲနေကြဦးမှာပဲ။ ဒီအယူအဆပုံစံဟာ CCP ရဲ့ ကာလရှည်ကြာစွာ ရိုက်သွတ်သွင်းထားတဲ့ အိုင်ဒီအိုလော်ဂျီမှိုင်းကနေ လာတာဖြစ်တယ်။ ဒီအယူအဆဟာ ကနေ့အထိ မပြောင်းသေးတဲ့ တိုင်းသူပြည်သားများရဲ့ ကျေးကျွန် စရိုက်သဘာဝကနေလာတာ ဖြစ်ပါတယ်။

**************************************

အာဏာရှင်တွေဟာ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လျစ်လျူရှုပြီး အဲဒီအယူအဆမျိုးကို ဘာကြောင့် အမြဲရိုက်သွင်းနေတာလဲ။ အကြောင်းရှိတယ်။ သူတို့ဆုံးဖြတ်တဲ့ မူဝါဒတိုင်း၊ သူတို့ပြောတဲ့ အရာရာတိုင်းမှာ အဆုံးစွန် ရည်ရွယ်ချက်တစ်ခုထဲသာ ရှိတယ်။ အဲဒါကတော့ အာဏာကို လုံးဝ ထိန်းချုပ်ထားရေးပဲ ဖြစ်တယ်။

သို့သော် အဲဒီလို အပေါ်ပိုင်းက ရိုက်သွင်းတဲ့ အယူအဆကို လူထုအနေနဲ့ လက်ခံစရာ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအယူအဆကို ထောက်ပံ့ပေးနေတဲ့ စနစ်ဟာ လူထုကို လူသားတွေ အဖြစ် အသိအမှတ်မပြု၊ လူသားလို မဆက်ဆံတဲ့ စနစ်ဖြစ်နေတာကြောင့်ပဲ။ ဘာကြောင့်မှ လက်ခံစရာ မလိုဘူး။

တကယ်လို့ ကျနော်တို့ တိုင်းသူပြည်သားများဟာ သမိုင်းဆိုင်ရာ မှန်ကန်တဲ့ အချက်အလက်တွေကို မေ့ပစ်ပြီး၊ အပေါ်ကလာတဲ့ အယူအဆတွေမှာပဲ မိန်းမောတွေဝေ မှိုင်းမိနေကြမယ်ဆိုရင်၊ သူတို့ပေးသမျှ မရေမရာ မျှော့်လင့်ချက်တွေနဲ့ပဲ လက်ခံကျေနပ် ဘ၀ဇာတ်သိမ်းကြရမှာပဲ။ တစ်ကြိမ်တစ်ခါ မျှော်လင့်ချက်လေးအတွက် ကိုးကြိမ်ကိုးခါ ဘ၀သေခဲ့လျှင်တောင်မှ ကောင်းမြတ်တဲ့ အုပ်ချုပ်သူ ပေါ်ပါစေလို့ ဆုတောင်းနေကြရဦးမှာပဲ။


အောက်ခြေလူထု လှုပ်ရှားမှုတွေ၊ တစ်ဦးချင်း ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်ခဲ့သူတွေကို အာဏာရှင်စနစ် ပြောင်းလဲဖို့ ဆောင်ရွက်နေသူတွေလို့ အားပေးဖို့ထက် အဟန့်အတားလို့ပဲ မြင်နေကြဦးမှာပဲ။ ပေါ်လစီကောင်း တစ်ရာခိုင်နှုန်းလောက် ချပေးပြီး၊ ၉၉ ရာခိုင်နှုန်း ဆိုးသွမ်းနေတဲ့ အစိုးရအပေါ် ဆန့်ကျင်နေသူတွေကို ဆူးညှောင့်ခလုပ်တွေလို့ မြင်နေကြဦးမှာပဲ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုခံရတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ မိသားစုဘ၀ပျက်ရတာတွေ၊ ပြည်ပြေးဘ၀တွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတာတောင်မ။  အာဏာရှင်တွေကို “အမှားယွင်းမရှိသော၊ ကြီးမြတ်လှသော၊ ဘုန်းတန်ခိုး ရှိန်စော်ကြီးမားသော” စတဲ့ ဂါထာပရိတ်မွှန်းပြီး ကျေးဇူးတင်မဆုံး တကုန်းကုန်း ဖြစ်နေကြဦးမှာပဲ။

**********************************************

တန်(င) မင်းဆက်ခေတ် ကဗျာဆရာကြီး ဘိုင်ချူးယိ က “တောမီးတွေ သူတို့ကို ဘယ်တော့မှ မဖျက်ဆီးနိုင်ပါ.. နွေဦး လေပြေထဲမှာ ထပ် ကြီးထွားဦးမှာ…” လို့ အုပ်ချုပ်သူတွေအတွက် ရေးဖွဲ့ပေးခဲ့တယ်။

တရုတ်ပြည်မကြီးရဲ့ အဲဒီကျော်ကြားတဲ့ ကဗျာဟာ လူထုကို သတ္တိရှိရှိ မားမားမတ်မတ်ရပ်နိုင်ဖို့ ဖွဲ့ဆိုတာ မဟုတ်ဘဲ၊ လူထုကို အမြဲဒူးထောက်မှု ကျင့်သားရစေဖို့ တိုက်တွန်းထားတာ ဖြစ်တယ်။ ဧကရာဇ် ထီးနန်းရိပ်အောက်မှာ အရပ်ဖက်နဲ့ စစ်ဖက် အရာရှိတွေဟာ အုပ်ချုပ်သူ ‘သက်ကျော်ရာကျော် ရှည်ပါစေ’ လို့ နေ့စဉ် သုံးကြိမ်သုံးခါ အော်ဟစ်ရင်း ဒူးထောက် ဦးချရတယ်။

တီယန်နန်မင် ထိပ်မှာ အာဏာရှင် မော်တို့ တိန့်တို့က သူ့လက်ကို ဝှေ့ပြလိုက်တော့ ကမ္ဘာ့အကြီးမားဆုံး ရင်ပြင်ကြီးဟာ အာဏာရှင်ကို ကေင်းချီးဩဘာပေးတဲ့ ကျေးကျွန်များရဲ့ ပင်လယ်ပြင်ကြီး ဖြစ်သွားရတယ်။ ၁၉၁၁ ခုနှစ်မှာ ချင်(င) မင်းဆက် ပြိုကျပြီး CCP အာဏာရကတည်းက ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ဘိုးဘွားတွေလက်ထက်ကထက် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ပိုဒူးထောက်လာကြရတယ်။

‘လူဟာ တရားမျှတမှု၊ လွတ်လပ်မှုတို့နဲ့ မွေးဖွားလာရမယ်’ လို့ မှန်ကန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ လောကတရားက ဆိုဆုံးမထားတယ်။ တကယ်တော့ ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဖြစ်မှု၊ မတရား မမျှတမှုတွေဟာ၊ အုပ်ချုပ်သူတွေရဲ့ အာဏာ အလွန်အကျွံ ကျင့်သုံးမှုနဲ့ ဥာဏ်အမြှော်အမြင်ကြီးမှုတို့်ကြောင့် ဖြစ်စေတာမဟုတ်ဘူး။ အအုပ်ချုပ်ခံ လူထုရဲ့ ကျွန်သန္ဓေစိတ် လွန်ကဲပြီး ဒူးထောက်မှုတို့ကြောင့်သာ ဖြစ်နေကြရတာ။

သုံးကြီမ် ဦးချရပြီး၊ ကိုးကြိမ် ဒူးတုပ်ပြရတဲ့ အင်ပါယာခေတ် ကုန်ဆုံးခဲ့ပြီး၊ နှစ် ၁၀၀ ကျော် ယနေ့အချိန်ကာလမှာ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ကိုယ့်ဟာကိုယ် အရှက်ရအောင် ပြုမူနေကြဦးမှာလား။ ဒူးထောက်ရတဲ့ အခြေအနေကို ကာကွယ်ဖို့ အမျိုးမျိုး အကြောင်းပြနေကြဦးမှာပဲလား။ လူနေမှုအဆင့်အတန်းကောင်းကောင်း ရဖို့နဲ့ ချမ်းသာတဲ့သူတွေ ပါတီထဲ ၀င်ခွင့်ရရေး အတွက် အာဏာရှင်တွေကို ကျေးဇူးတင်မဆုံး ဒူးထောက် မော်ဖူးမဆုံး ဆက်လုပ်နေကြဦးမှာပဲလား။

လွတ်လပ်တဲ့ တရုတ်ပြည်ကြီး ပေါ်ထွန်းဖို့အတွက် အထက်အာဏာရှိသူတွေထံကနေ ‘ပေါ်လစီသစ်တွေ’ ထိုင်မျှော်နေခြင်းဟာ မိုက်မဲရူးသွပ်လွန်းပါတယ်။ မွေးရာပါ ၀မ်းတွင်းအရူးနာတွေကို တစ်စချင်း ဆွဲနှုတ်ပစ်ကြရမယ်။

လူထုကြားမှာပဲ ‘အားအင်သစ်တွေ’ ဆက်တိုးချဲ့နိုင်ရေး မျှော်လင့်ကြဖို့ပဲ ရှိရပါမယ်။ လူထုအတွက် ဂုဏ်သိက္ခာ (dignity) ကို အယူအဆအရရော တရားဝင်မှုအရပါ ထူထောင်နိုင်တဲ့ နေ့ဟာ၊ ကျနော်တို့ တိုင်းသူပြည်သားများရဲ့ လူ့အခွင့်အရေးအတွက် အင်စတီကျူးရှင်း ဆိုင်ရာ အကာအကွယ် ရရှိတဲ့ နေ့ပါပဲ။

ရည်ညွှန်း။ Can it be that the Chinese People deserve only ‘CCP party-led democracy” by Liu Xiaobo

ရဲမြင့်ကျော်

မှတ်ချက်။ လူ့ဘောင်သစ်ဂျာနယ်မှ ထုတ်ဝေသော အလင်းရနံဂျာနယ် အမှတ် (၅ ) တွင် ရဲနွယ်မိုး နာမည်နဲ့ ဖော်ပြခဲ့။

PD*39403386 Chinese dissident Liu Xiaobo...epa02382858 (FILE) An undated Liu Xia handout image showing of jailed Chinese dissident and civil rights activist Liu Xiaobo in Beijing, China. Liu is considered a candidate for the 2010 Nobel Peace Prize. Dissident Chinese writer and human rights activist Liu Xiaobo wins Nobel Peace Prize for 2010, it was announced in Oslo, Norway 08 October 2010. EPA/LIU XIA/HANDOUT EDITORIAL USE ONLY/NO SALES EPA

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...