Wednesday, March 6, 2013

တွေ့ကြုံခဲ့ရသော ကျောင်းဆရာတစ်ဦး


Published on Tuesday, 05 March 2013 11:44



မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စ ကျယ်ကျယ်လောင်လောင် ဖြစ်လာသည်ကို ၀မ်းသာအားရ ကြိုဆိုမိသည်။ နှစ်ပေါင်း ၅၀ ကျော် လျစ်လျူရှုခြင်း ခံထားရသော ပညာရေးအကြောင်းကို အုပ်ချုပ်သူ လူတန်းစားကပါ ပြောလာသည်ကို တွေ့ရသည့်အခါ ၀မ်းသာပီတိ ဖြစ်မိသည်။


ကျွန်တော်နှင့်ရွယ်တူ အသက် ၄၀ ကျော်ဝန်းကျင် မျိုးဆက်များအကြောင်းကို စဉ်စားမိသည်။ စစ်အုပ်ချုပ်ရေးအောက်က ပညာရေးစနစ် တွင်ကြီးပြင်းခဲ့သော ကျွန်တော်တို့ မျိုးဆက်၏ ပညာရေးနှင့် ကိုယ်ကျင့်တရား ထိမ်းသိမ်းစောင့်ရှောက်မှုကို အတွေးနယ်ချဲ့မိသည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကာလက ကြုံခဲ့ရသော ကျွန်တော်နဲ့ ရွယ်တူနီးပါးရှိ ရန်ကုန်မြို့က နာမည်ကျော် ကျူရှင်ဆရာ တဦးနဲ့ ပြန်လည်ဆုံစည်းခဲ့ရသည်။
အကြောင်းတိုက်ဆိုင်သည်ဟုပင် ထင်မြင်မိသည်။ ၂၀၁၂ ခုနှစ်က မြန်မာ့ပညာရေး ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖိတ်စာတစ်စောင် ရရှိခဲ့သည်။ ထိုဖိတ်စာထဲတွင် နာမည်ကျော် နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င်  ပညာရှင်များ ပါဝင်သည်ကို တွေ့ရသည်။ ထိုနာမည်ကျော် နိုင်ငံရေးသမားများ၊ ပညာရှင်များကြားတွင် ကျွန်တော်နှင့် ဘ၀တကွေ့တွင် ကြုံဆုံခဲ့ဖူးသော ရန်ကုန်မြို့က နာမည်ကျော် ကျူရှင်ဆရာတစ်ဦးမှ ထိုအလုပ်ရုံ ဆွေးနွေးပွဲ၏ ဒုတိယရက်တွင် မြန်မာ့ပညာရေး အကြောင်း ဆွေးနွေးမည်ဟု အလုပ်ရုံ ဆွေးနွေးပွဲ အစဉ်အစဉ်ကို ဖတ်ရသောအခါ တော်တော် စိတ်ပျက်သွားမိသည်။
ကျွန်တော်လည်း မောက္ခပညာရေးမဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးအဖြစ် တက်ရောက်ခွင့် ရခဲ့သည်။ ထိုဆရာသည်ကား ပြောင်းလဲလာသည့် နိုင်ငံရေး စနစ်အောက်တွင် ပေါ်ပေါက်လာသည့် ပုဂ္ဂလိက ပညာသင်ဆရာများ၏ အဖွဲ့အစည်းတခုတွင် ရာထူးကြီးကြီး ယူထားသည်ကို တွေ့ရသည်။
၁၉၉၆ -၉၇ ခုနှစ်၊ ကျွန်တော်တက္ကသိုလ် တက်နေစဉ် တဖက်တလမ်း ၀င်ငွေရရှိရေးအတွက် ဘော်ဒါဆောင်များ၊ ကျူရှင်ဝိုင်းများတွင် ဂိုက်အဖြစ် လုပ်ခဲ့ရသည်။ အင်းစိန်မြို့နယ်က ကျူရှင်တစ်ခုတွင် အဆိုပါ နာမည်ကျော် ကျူရှင်ဆရာကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်လည်း နာမည်ကျော် ဆရာဖြစ်သူ၏ သင်ပြမှုကို စိတ်ဝင်းစားမိသည်မှာ အမှန်ပင်။ အထင်ကြီးမှုနှင့်အတူ ထိုဆရာ၏ သင်ပြမှုကို လေ့လာမိသည်။ အဆိုပါ ကျူရှင်တွင် ရန်ကုန်မြို့ ပေါ်က နာမည်ကျော် ဓါတုဗေဒ ဆရာ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဆရာများက သင်ကြား ကြသည်။ သို့ရာတွင် ထိုနာမည်ကြီး ဆရာတို့မှာကား တစ်လလျင် နှစ်ကြိမ်မျှ ရောက်လာလျင် တော်တော် ကံကောင်းသည်ဟု ပြောရပင်မည်။ လကုန်ရက် နီးကပ်လာသော အချိန်တွင် ထိုဆရာများ ရောက်လာလေ့ရှိသည်။ ကျန်ရက်များတွင် ထိုဆရာများ၏ လက်ထောက်ဆရာ များကသာ သင်ကြားသည်ကို တွေ့ခဲ့ရသည်။
ကျွန်တော်နဲ့ ရင်းနှီးခဲ့သော ရန်ကုန်မြို့က နာမည်ကျော် ထိုဆရာ၏ သင်ပြမှုကား နားမခံသာဖွယ် အညီအဟောက် စကားလုံးများက ခဏခဏ ပါနေတတ်ခြင်းဖြစ်သည်။ အညီအဟောက် ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်သော စကားလုံးများကို ဆိုလိုခြင်းဖြစ်သည်။ ရယ်စရာနဲ့ အညီအဟောက် စကားလုံးများ၏ အောက်တွင် ပျော်ရွှင် ရယ်မောနေသော ကျောင်းသားများကို ကြည့်ကာ ရင်မောခဲ့ရသည်။ ထိုနာမည်ကျော် ဆရာနဲ့ ရင်းနှီးလာတော့ လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ သည်။ ခပ်ကြွားကြွား စကားလုံးများကို နေ့စဉ်လိုလို ကြားနာခဲ့ရသည်။
တနေ့တွင်သူ၏ Business Card တခုကို ထုတ်ပြီး ကျွန်တော့်ကို ပေးရာ အံ့သြခဲ့ရသည်။ ထိုနာမည်ကျော် ဆရာ၏ Business Card တွင် ဘွဲ့ဒီဂရီအများအပြား တပ်ထားသည်ကို တွေ့ရသည်။ ထိုဆရာသည် ၁၉၈၆ လောက်မှ ဆယ်တန်းအောင်ပြီး Bachelor of Dental Science ကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် တက်ရောက်သင်ယူခဲ့သည်။ သူ၏ ဆယ်တန်းအောင် လက်မှတ်အရဆိုပါက B.Ds ဘွဲ့ကို ခြောက်နှစ် သင်ယူရမည် ဖြစ်ပြီး ၁၉၉၀ ကျော်ခုနှစ်များတွင်မှ ဘွဲ့ရမည် ဖြစ်သည်။ သို့ရာတွင် ထိုနာမည်ကျော် ဆရာ၏ Business Card တွင် Higher Grade Pleader (HGP) ဒီပလိုမာ ဘွဲ့ကို တပ်ထားသည်ကို တွေ့ရတော့ ကျွန်တော် တော်တော် အံ့သြသွားသည်။ HGP သည် ၁၉၈၈ နောက်ပိုင်းတွင် ဖွင့်လှစ်သင်ကြားခြင်း မရှိတော့သည်ကို ထိုနာမည်ကျော် ဆရာမသိသည်ကို ပြနေသည်။
ကျွန်တော် B.A ဘွဲ့ရပြီး ဘွဲ့လွန် တက်ရောက် သင်ယူနေသော ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဌာနနှင့် ကပ်လျက် ရှိသော ရာမညဆောင်သည် ဥပဒေ ပညာရပ်များကို ပို့ချပေးနေသော အဆောင်ဖြစ်သည်ကို ထိုနာမည်ကျော် ကျူရှင်ဆရာ သိပုံမပေါ်။
ရာမညဆောင်တွင် ဘွဲ့လွန် တက်ရောက် သင်ယူနေသော သူငယ်ချင်းများထံသို့ ခဏခဏ ရောက်ဖြစ်တော့ မြန်မာ့နိုင်ငံရေး အကြောင်း၊ ပညာရေး နိမ့်ပါးနေမှု အကြောင်းကို နေ့စဉ် ပြောဖြစ်ခဲ့ကြသည်။ ထိုအကြောင်းအရာများထဲတွင် HGP ခေါ် အထက်တန်း ရှေ့နေဒီပလိုမာ ဘွဲ့အကြောင်းအရာ လည်းပါဝင်ခဲ့သည်။ နိုင်ငံသားများအနေဖြင့် ဥပဒေ ပညာရပ်များကို သိရှိထားလျင် အုပ်ချုပ်ရေးဆိုင်ရာတွင် အခက်အခဲ အဟန့်အတား ဖြစ်စေနိုင်သည့်အတွက် HGP သင်တန်းများကို ပိတ်ထားသည့်ဟု ကောလဟာလ သတင်းများသဲ့သဲ့ကြားခဲ့ရသည်။
ကျူရှင်ဆရာသည် ယင်းအချိန်က ရန်ကုန် တက္ကသိုလ်တွင် ပါမောက္ခ တာဝန် ထမ်းဆောင်နေသည့် သတ္တဗေဒ၊ ရုက္ခဗေဒ ပါမောက္ခ ဆရာကြီးများနဲ့ ဘယ်လို၊ ဘယ်ပုံ ရင်းနှီး ကျွမ်းဝင်ကြောင်း ကျောင်းသားများကို ခဏခဏ ကြွားလေ့ရှိသည်ကို သတိထားမိသည်။
 Business Card တွင် ကုမ္ပဏီများ၏ အမည်များပင် ပါလိုက်သေးသည်။ သူအစုရှယ်ယာ ၀င်ထားသည့် ကုမ္ပဏီ ဖြစ်သည်ဟု ကျောင်းသူများကို ခပ်ကြွားကြွား ပြောလေ့ရှိသည်။ မုသာဝါဒ ကိုကြုံသည့် နေရာတွင် ပြောဆိုကျင့်ကြံနေသော အဆိုပါ ဆရာသည် ရန်ကုန်မြို့မှ လူငယ်များ၏ အတုယူစရာ ဆရာတစ်ဆူဖြစ်နေခြင်း ပင်ဖြစ်သည်။
မိမိ၏ ဘွဲ့ဒီဂရီများကို လိမ်လည်တပ်ထားသည်မှာ ပြသနာမရှိ။ ပြသနာမှာကား ရုပ်ချောချော ကျောင်းသူများမှာ သူ၏အပြောအဆို အောက်တွင် အထင်ကြီးလေးစားမိရင်း ရေစုံမျောခဲ့ရသော ကျောင်းသူများလည်းရှိသည်။ အတင်းစကားမဟုတ်။ ကျွန်တော်ကိုယ်တိုင် ထိုဆရာ၏ လက်ကွက်ကို မြင်တွေ့ခဲ့ရသည်။
ဆရာဝန် ကျူရှင်ဆရာ၊ ဆရာဝန်  မလုပ်ဘဲ စာရေးဆရာလုပ်နေသော ဆရာဝန်၊ ဆရာဝန် အဆိုတော်၊ ဆရာဝန် စီးပွားရေးသမား စသည့် ပုဂ္ဂိုလ်ကျော်များကို  ကျောင်းသားဘ၀က ကြည့်မရ။ အကြောင်းမှာ ပုဂ္ဂိုလ်ရေးမုန်းတီးခြင်းမဟုတ်။ မြန်မာနိုင်ငံလို နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ ဆင်းရဲသည့် နိုင်ငံမျိုးတွင် ဆရာဝန် တစ်ဦးဖြစ်ရန် အင်မတန် ခက်ခဲပေသည်။ အဆိုပါပုဂ္ဂိုလ်များကို ကျွန်တော်၏ နှလုံးအိမ်တွင် ဆုံးဖြတ်နိုင်စွမ်းမရှိသူများ၊ လူသားမဆန်သော လူများ၊ အံချော်နေသူများ အဖြစ်သာ ထင်မြင်မိသည်။
မြန်မာ့နိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ဆရာများ၏ ကိုယ်ကျင့်တရားဆိုင်ရာ အခန်းကဏ္ဍ သည်လည်း အရေးကြီးလှပေသည်။ ဆရာများအတွက် ကိုယ်ကျင့်တရား ဆိုင်ရာပြသနာသည် ထိုဆရာ၏ ပညာအရည်အချင်းထက်ပင် အရေးပါသည်ဟု ထင်မြင်မိသည်။ နိုင်ငံရပ်ခြား ဒီမိုကရေစီနိုင်ငံများတွင် လူငယ်ကျောင်းသားများနှင့် စပ်အပ်မှုမရှိသည့် ကိုယ်ကျင့်တရား မကောင်းသည့် ဆရာများကို အလုပ်မှ ထုတ်ပယ်သည်ကို မကြာခဏ ဖတ်ရသည်။ စာသင်ခန်း ထဲမှ နုနယ်သော လူငယ်လေးများကို လူသားဆန်သော ဆရာများက ပုံသွင်းပေးနေခြင်းဖြစ်သည်။
ထို့ကြောင့် လူသားဆန်သော ဆရာများသာ မြန်မာနိုင်ငံ၏ ပန်းပေါင်းစုံပွင့်သော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မည်ဟု ထင်မြင်မိသည်။

Written by လှရွှေ
http://maukkha.org/index.php/interview-maukkha/opinion-maukkha/3049-2013-03-05-11-44-38?fb_action_ids=430325983718963&fb_action_types=og.likes&fb_source=other_multiline&action_object_map={%22430325983718963%22%3A509083949137818}&action_type_map={%22430325983718963%22%3A%22og.likes%22}&action_ref_map=[]  မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...