Monday, March 11, 2013

အရာရာ နောက်ကျနေခဲ့ရခြင်းရဲ့ အကြောင်းတရား တစ်ခု ....

by Ko Htike on Sunday, March 10, 2013 at 12:53pm ·

မြန်မာပြည်ရဲ့ ပညာရေး စနစ်နဲ့ အခြားတိုးတတ်တဲ့ နိုင်ငံက ပညာရေး စနစ် ၂ ခုလုံးမှာ ကိုယ်တိုင် ပါဝင်ခဲ့သူအနေနဲ့ ... ပညာရေး သင်ကြားခံရမှုမှာ ကြုံတွေ့ရသမျှတွေအကြောင်း ပြောပြလိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ကျောင်းမှာ စာတမ်းတွေ ရေးတဲ့အခါ၊ စာတမ်း တင်တဲ့အခါ ... အမြဲတမ်း သတိပေးခံရတာက ... ပုဂ္ဂိုလ်စွဲ ကင်းအောင် (Objectively) ရေးဖို့ သတိပေးလေ့ရှိတယ်။ ပုဂ္ဂလိက နာမ်တွေ၊ နာမ်စားတွေ မသုံးဖို့ပါ။ ရသစာပေ (Literature) အရေးအသားက လွဲရင်ပေါ့။ ရသစာပေကတော့ ဇာတ်အိမ်တည်ဖို့ လိုအပ်တဲ့အခါ ... ပုဂ္ဂလ နာမ်တွေ၊ နာမ်စားတွေ သုံးပြီး ဖွဲ့နွဲ့သင့်ရင်လည်း ဖွဲ့ရမှာပေါ့။ ကျန်တဲ့ စာပေတွေ အားလုံးကတော့ ... ပုဂ္ဂလ နာမ်၊ နာမ်စားတွေ မပါဖို့ ကြိုးစားရပါတယ်။


အတွေးအခေါ်ပိုင်းဆိုင်ရာ (philosophy) မှာတော့ ... ဆွေးနွေးချက် တစ်ခုမှာ စာရေးသူက ဘယ်လို ထင်သလဲဆိုတဲ့ ထင်မြင်ချက်ကို ပြောတဲ့ အခါမှာ "ကျွန်ုပ်" (I) ကို သုံးခွင့် ရှိပေမယ့် .. အခြားနေရာမှာတော့ သုံးခွင့် မရှိပါဘူး။ ဥပမာ ... ဒေးလ်ကား (René Descartes) ရဲ့ "ငါစဉ်းစားတယ်၊ ဒါကြောင့် ငါ ရှိတယ်" ..(Cogito ergo sum) ... I think, therefore I am. ဆိုတာကို ထောက်ခံပြီး ရေးမယ်ဆိုရင် ... ကျွန်ုပ်က ဒေးကားလ်ရဲ့ အဆိုကို ထောက်ခံပြီး ဘယ်လို ဆွေးနွေးပါမယ်။ ... ကန့်ကွက်မယ်ဆိုရင်လည်း ....  ကျွန်ုပ်က ဒေးကားလ်ရဲ့ အဆိုကို ဘယ်လို ကန့်ကွက်တယ် ဆိုတာကို ... ပြောတဲ့ စာအညွန်းနေရာမှာသာ ရေးခွင့်ပြုပြီး ကျန်နေရာမှာတော့ ရေးခွင့် မရှိပါဘူး။

အယူအဆတွေကို ငြင်းတာ၊ ထောက်ခံတာ လုပ်တဲ့ အခါမှာ ဆရာ၊ ဆရာမ တွေက ပြောတာကို ကျက်မှတ်ပြီး ပြန်ပြောနိုင်သူထက် ... ကိုယ်ပိုင် အတွေးအခေါ်နဲ့ ပြောနိုင်ဖို့ကို အဓိက ထား သင်ပေးကြပါတယ်။ ဆိုလိုတာက အဖြေကို မသင်ပေးဘူး။ အဖြေကို ကိုယ့်ဘာသာ ရှာယူ။ ဖြစ်နတာတွေပဲ ချပြတယ်။

စပြီး သင်ယူခါစ အချိန်တွေမှာ ပထမဦးဆုံး စာမေးပွဲ ဖြေရမယ်ဆိုတော့ ... စိုးရိမ်စိတ် ဝင်လာခဲ့ပါတယ်။ ဘာမေးမလဲ ဆိုတာလည်း မသိ။ မေးခွန်းတွေ၊ အဖြေတွေ ဆိုတာလည်း မရှိ။ သင်ပေးခဲ့သမျှက အချက်အလက်တွေပဲ သင်ပေးခဲ့တယ်။ မဖြေနိုင်ဘဲ စာမေးပွဲ ကျရင် ဘယ်လို လုပ်မလဲ။ စတဲ့ စိုးရိမ်စိတ်တွေပေါ့။ ဥပမာ .. နိုင်ငံရေး အတွေးအခေါ်မှာ သောမက်စ် ဟော့်ဘ် (Thomas Hobbes) ရဲ့ လူသားတွေဟာ လွတ်လပ်စွာ နေထိုင်လို့ရတဲ့ သဘာဝနေထိုင်မှု ပုံစံ (State of Nature) ကနေ ... ဘာဖြစ်လို့ အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံ (Political State) ကို ဖွဲ့စည်းခဲ့တာလည်း ဆိုတဲ့ တွေးပြပုံကို ရှင်းပြတယ်။ ဒါပဲ။ ကျန်တာက ကိုယ့်ဘာသာ စာတွေ ရှာဖတ်ပဲ။ စာမေးပွဲမှာ မေးခွန်း မေးရင်တော့ ... သောမက်စ်ဟော့ဘ်ရဲ့ သဘာဝနေထိုင်မှု ပုံစံကနေ အချုပ်အခြာ အာဏာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံတွေကို တည်ထောင်မှုကို ဘယ်လို ယူဆပါသလဲ မေးတော့တာ။ အဖြေကို ဆရာတွေက တစ်ခါမှ ပေးထားတာ မဟုတ်ဘူး။ မူရင်း အယူအဆကိုလည်း သေချာ သိအောင် လုပ်ရပြီး ကိုယ့်အယူဆကို ဆွေးနွေးပေတော့ပဲ။

လက်တွေ့ပိုင်း ဆိုင်ရာမှာလည်း ... သီအိုရီတွေ၊ အယူအဆတွေ၊ လက်တွေ့ လုပ်ကိုင်ပုံ အယူအဆတွေကို ချပြ ဆွေးနွေးပါတယ်။ ပြီးရင် ... ဆရာ၊ ဆရာမရဲ့ တိုက်ရိုက် အကူအညီ မပါပဲ ... ကိုယ့်ဘာသာ လက်တွေ့ လုပ်ရပါတယ်။ ဥပမာ ... စီးပွားရေး ဘာသာမှာ ငွေကြေးဖေါင်းပွမှု တိုင်းတာတဲ့ ပုံစံကို ရှင်းပြပါတယ်။ ပြီးရင် တလ အတွင်းမှာ ငွေကြေးဖေါင်းပွမှုကို ကိုယ့်ဘာသာ ပုံစံတစ်ခု တည်ဆောက်ပြီး လက်တွေ့ ဈေးကွက်ထဲမှာ တိုင်းတာရပါတယ်။ ပြီးရင် ... တိုင်းတာရရှိတဲ့ အဖြေနဲ့ ...တရားဝင် အဖွဲ့အစည်းတွေရဲ့ တိုင်းတာမှု အဖြေကြားမှာ ... ဘာတွေကွာသလဲ၊ ဘာကြောင့် ကွာသလဲ၊....ဘယ်လို ယူဆသလဲ၊ ဘယ်လို လုပ်ခဲ့သလဲ ဆိုတာတွေကို စာတမ်းရေးပြီး အထောက်အထားနဲ့ တင်ရပါတယ်။ လက်တွေ့ကို ကိုယ်တိုင် လက်တွေ့ လုပ်ရပါတယ်။

တသက်လုံး သင်ယူခဲ့ရတဲ့ ပညာရေးမှာ ... ဆရာ၊ ဆရာမတွေက တခုခုကို သင်ပေး၊ .... မေးခွန်းတွေ၊ အဖြေတွေကို ဖြေပေးထားတယ်။ သူတို့ ဖြေထားတာကို အလွတ်ကျက်မှတ်၊ ... ကိုယ်က ဆရာ၊ ဆရာမတွေရဲ့ အဖြေအတိုင်း တူအောင် ဖြေနိုင်ရင် ... အတော်ဆုံး ကျောင်းသား ဖြစ်ပြီး ... နည်းနည်းလွဲရင် လွဲသလို အမှတ်လျော့တယ်။ လျှာရှည်ပြီး ... ဒီလို ယူဆပါတယ်။ ဟိုလို ဖြစ်သင့်ပါတယ်ဆိုတာ ပါရင် ... အထွန့်တတ်တယ်။ သင်သလို မဖြေဘူးဆိုပြီး ဆူခံရတာ ဖြစ်ပြီး ... ကံဆိုးရင် မိဘ ခေါ်လာခဲ့ဆိုတာနဲ့ပါ ကြုံရနိုင်တယ်။

ဒီဘက်မှာကတော့ ... သူများနဲ့ အဖြေတူရင်တောင် အဖြေတူသူ ၂ ယောက်ကို ခေါ်ပြီး ကူးချတယ်ဆိုပြီး ... သတိပေး အရေးယူပါတယ်။ စာအုပ်ထဲက အဖြေကိုလည်း ပေးလို့ မရပါဘူး။ ကိုယ့်ဘာသာ စဉ်းစားပြီး ကိုယ့်ယူဆချက်ကို အဖြေထုတ်နိုင်မှ၊ အဖြေထုတ်သမျှဟာလည်း အချက်လက်ကျကျ ယုတ္တိရှိရှိ ယူဆနိုင်ပါမှ အဖြေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေ ယူဆရသလဲဆိုတာကို ယုတ္တိကျကျ မပြောနိုင်ဘဲ ... အထောက်အထား မပါဘဲ ... စိတ်ထင်နဲ့ ပြောရင်တော့ အမှတ်မရပါဘူး။

သူတို့ ပညာရေးမှာ ကိုယ်ပိုင် တွေးခေါ်မှုနဲ့ ယုတ္တိကျကျ စဉ်းစားမှုကို အားပေးလေ့ကျင့်ပေးပြီး ... လူပုဂ္ဂိုလ်ရေးကို ဦးတည်တာ၊ ချီးမွမ်းတာ၊ တိုက်ခိုက်တာ၊ ရှုံ့ချတာတွေ မလုပ်ဘဲ ... အယူအဆတွေကို ထောက်ခံတာ၊ ငြင်းဆိုတာ တွေကိုပဲ လုပ်ရပါတယ်။ သူများရဲ့ ဥာဏပိုင်းဆိုင်ရာ ပစ္စည်း (Intellectual  properties) တွေဖြစ်တဲ့ ... စာတစ်ကြောင်း၊ စာတစ်စုကို ကူးယူမျိုးကိုတော့ လုံးဝ ခွင့်မလွှတ်ပါဘူး။

မညီမျှတဲ့ အချက်တွေလည်း ရှိတာ သေချာပါတယ်။ ဥပမာ ... သင်ထောက်ကူ ပစ္စည်းပိုင်းနဲ့ ... အစိုးရရဲ့ ပညာရေး မူဝါဒ စတာတွေက အဓိက ကျတဲ့ နေရာမှာ ရှိတာလည်း ထည့်တွက်စရာ ဖြစ်ပါတယ်။ ကျောင်းရဲ့ ပင်မ စာကြည့်တိုက်မှာ (Electronic books) မပါ စာအုပ်ပေါင်း ၂ သန်းခွဲ ရှိပြီး ... ကွန်ပြူတာ အလုံးပေါင်း ထောင်ဂဏန်းနဲ့ ကျောင်းသားတွေကို နေ့စဉ် မနက် ၇ နာရီကနေ နောက်နေ့ မနက် ၂ နာရီအထိ စာကြည့်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ (တချို့ကျောင်းတွေက စာကြည့်တိုက်တွေဆို ၂၄ နာရီဖွင့်ပါတယ်။) ကျောင်းစာကြည့်တိုက်မှာ မရှိတဲ့ ပညာရေးဆိုင်ရာ ဂျာနယ်တွေကိုလည်း ကမ္ဘာအရပ်ရပ်က ပညာရေး နက်ဝက်နဲ့ ချိတ်ဆက်ပြီး ....အခြား ကျောင်းတွေ၊ ပညာရေး အဖွဲ့အစည်းတွေက ebooks တွေကို ကျောင်းသားတွေက ... ရယူဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ တချို့ စာအုပ်ရေ နည်းတဲ့ စာအုပ်တွေဆိုရင်တော့ ... သက်ဆိုင်ရာ ဌာနက ဆရာတွေက ... မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တွေရဲ့ အရေးကြီးတဲ့ အခန်းတွေကို ... စကန် (Scan) ဖတ်ပြီး ကျောင်းသားတိုင်း ဖတ်ရှုနိုင်ဖို့ စီစဉ် လုပ်ဆောင်ပေးပါတယ်။

အထက်ပါ အချက်တွေကို ကြည့်ပြီး မြန်မာပြည်ရဲ့ ပညာရေးနဲ့ ... တိုးတတ်နေတဲ့ နိုင်ငံတွေက သင်ကြားပုံ ပညာရေး စနစ်တွေရဲ့ ကွာခြားပုံတွေဟာ ... နိုင်ငံတစ်ခုလုံးရဲ့ မျိုးဆက်တိုင်းအတွက် စဉ်းစား လုပ်ကိုင်ပုံတွေ ကွာခြားလာတဲ့ အထိ ဖြစ်လာပြီး ... အရာရာ နောက်ကျနေခဲ့ရခြင်းရဲ့ အကြောင်းတရားတွေထဲက အရေးပါတဲ့ အကြောင်းတရား တစ်ခုများလားလို့ .....

(ကိုထိုက်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...