Thursday, May 21, 2015

ဆရာဦးတင်လင်း (ကျောင်းဆရာ RIT, Temasek Poly, Singapore) တွေ့ဆုံမေးမြန်းခန်း


(မိုးမခ) မေ ၂၀၊ ၂၀၁၅
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကိုရောက်မယ်ဆိုတော့ မြန်မာကလပ်ကို လူထုနဲ့ တွေ့ဆုံပွဲလုပ်ပေးဖို့ စင်ကာပူအစိုးရအဖွဲ့ အစည်းက ကမ်းလှမ်းခဲ့ပါတယ်။ အဖြစ်သဘော မြန်မာရာဂဏန်းလောက်နဲ့ စင်ကာပူ NTU တက္ကသိုလ်မှာ လုပ်ဖို့နေရာ ပေးပေမယ့်၊ စင်ကာပူရောက်မြန်မာများစွာ တောင်းဆိုမှုကြောင့် လူ၅၀၀၀ ဆံ့တဲ့ စင်တိုးစားမှာ ဈေးနှုန်းကြီးစွာပေး၍ ငှားရမ်း ကျင်းပခဲ့ပါတယ်။ မြန်မာအဖွဲ့အစည်းပေါင်း ၇၀ ကျော်နဲ့ တွေ့ဆုံညှိနှိုင်းရပါတယ်။ ဝင်ကြေးအဖြစ် ၁၅ ဒေါ်လာ သတ်မှတ် ခဲ့ပါတယ်။ မြန်မာများ ပွဲဆူကြမှာ စိုးရိမ်နေသူများ၏ရှိလို့၊ လုံခြုံရေးတင်းကြပ်မယ်၊ မှတ်ပုံတင်ပြရမယ် ..စည်းကမ်းချက်တွေ များစွာလုပ်ပေမဲ့ အလွန်စည်းကမ်းရှိတဲ့မြန်မာများက လက်မှတ်တန်းစီဝယ်ခြင်း၊ အချင်းချင်းစည်းကမ်းစာင့်ထိန်းမှုတို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် စကားပြောတဲ့နေ့မှာ စနစ်တကျအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
ထုံးစံအတိုင်း ဆို၊ က၊ တီး၊ သဘာပတိသမားများအတွက်တော့ စင်ပေါ်တက်ဖို့ တော်တော်ပင်ပန်းစွာ စီစဉ်ရပါတယ်။ ရှေ့ထွက်ပြီး ကူညီလုပ်ကိုင်ပေး သူများစွာ ရှိသလို နောက်ကွယ်က လုပ်ပေးတဲ့ မြန်မာများစွာလည်းရှိကြပါတယ်။ ဆရာဦးတင်လင်း မြန်မာကလပ် ဒုဥက္ကဌ တာဝန်ယူထားတော့ နောက်ကွယ်က ထိန်းသိမ်းပေးတဲ့ မြန်မာတဦးအဖြစ် မှတ်တမ်းတင်ရပါမယ်။ ယခုအချိန်မှာတော့ မြန်မာကလပ်ရဲ့ ဥက္ကဌတာဝန်နဲ့ စင်ကာပူ တိမားဆက်ပိုလီ Temasek Poly Lecturer အဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ် ပါတယ်။
မုံရွာမြို့ဇာတိဖြစ်ပြီး၊ ၆ တန်းအထိ၊ မုံရွာအထက-၁ မှာ ပညာသင်ခဲ့ပြီး မြင်းမူအထကမှ ၁၀ တန်းအောင်ခဲ့ပါတယ်။  ၁၉၆၆ ခုတွင် ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ၌ ဓာတုအင်ဂျင်နီယာကျောင်းသားအဖြစ် တက် ရောက်ခဲ့ပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ဓါတုအင်ဂျင်နီယာ ဌာနာမှာပင် ၁၉၇၂ မေလကစပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး၊ ကျောထောက်နောက်ခံမရှိတော့ နိုင်ငံခြားပညာတော်သင် တော်တော်နဲ့မသွားရဘဲ၊ လုပ်သက် ၁၅ နှစ်ရှိတော့မှ၊ သြစကြေးလျနိုင်ငံ၊ မဲလဘုန်းတက္ကသိုလ်တွင် မာစတာဘွဲ့ပညာသွားသင်ခွင့်ရပါတယ်။ (အယ်ဒီတာမှတ်ချက်။ ယခုအချိန်ထိ နိုင်ငံခြားပညာတော်သင်ကမ်းလှမ်းမှုများကို နီးစပ်ရာများသာရရှိပြီး၊ စာတော်သူဆရာ များအဖို့ ပညာသင်ဆုမရနိုင်သည်မှာ နှစ်ပေါင်း ၄၀ ခန့် ကြာပြီဖြစ်သည်။ မြန်မာ့ပညာရေးအတွက် ဆရာများအရည်အချင်းမြှင့် တင်ဖို့ အထူးအရေးကြီးပါသည်)။
သြစတြေးလျားသို့မသွားမီသမိုင်းကောလိပ်ဝင်းထဲရှိ အင်းလေး ကျောင်းသားအဆောင်တွင်အဆောင်မှုးအဖြစ်၊ ၁၀နှစ်တာမျှ တာဝန်ယူခဲ့ပါတယ်။ စက်မှုတက္ကသိုလ်က သူငယ်ချင်း ဆရာ၊ ဆရာမ အားလုံးနီးပါး ၁၉၈၈ အရေးခင်းနောက်ပိုင်းမှာ နိုင်ငံခြားထွက်ခွာ အလုပ်သွားလုပ်ကြပါတယ်။ ဆရာဦးတင်လင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက မခွဲမခွာနိုင်ဖြစ်ရပြီး၊ မြန်မာပြည်မှာပဲ အေးဆေးစွာ ပင်စင်ယူ၊ နေထိုင်တော့မယ်ဆုံးဖြတ်ခဲ့ပါတယ်
၁၉၉၀ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ပင်မကို နယ်မြို့များဆီ ခွဲဖွင့်ပါတော့တယ်။ အဲဒီနှစ်မှာဘဲ  မန္တလေးစက်မှုတက္ကသိုလ်ကို စတင်တည်ဆောက်ဖို့ ရန်ကုန်က ဆရာ ၃ ဦး မန္တလေးပို့ရာတွင် ဆရာဦးတင်လင်းက လိုလားစွာသွားပေးခဲ့ပါတယ်။ မန္တလေး လွင်ပြင်ခေါင်ခေါင်မှာ အမြန်ဆုံး နိုင်ငံတော်စီမံကိန်းအဖြစ် စာသင်ခန်း၊ ရုံးခန်း၊ ဆရာ၊ ကျောင်းသားအဆောင်၊ လျှပ်စစ်၊ တယ်လီဖုန်း အစရှိတာတွေ ၉ လအတွင်းပြီးအောင်လုပ်ရတော့ မန္တလေးရောက်နေတဲ့ မိတ်ဆွေ၊ ကျောင်းသားဟောင်း အစိုးရအရာရှိများက ဝိုင်းဝန်းကူညီလို့ သတ်မှတ်ချက်အတိုင်း ကျောင်းသားသစ်များနဲ့ ၁၉၁၁ အောက်တိုဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂ လခွဲခန့် ပထမနှစ်သင်တန်းများဖွင့်လှစ်အပြီး ရန်ကုန်တွင် ကျောင်းသားအရေးခင်းဖြစ်လာသည့်အတွက် တပြည်လုံးကျာင်းများပိတ်လိုက်ရာ ကျောင်းသားများကို အမြန်ဆုံးအိမ်ပြန်ပို့ပေးလိုက်ပြီး၊ ဆရာတွေကတော့ ရန်ကုန် ကျောင်းသို့ ပြန်လာကြရပါတယ်။
၁၉၉၃ မှစ၍ ရတဲ့လစာက၊လူတယောက်စားစရိတ်တောင် မလောက်၊ စုဆောင်းထားတာလည်း ကုန်တော့၊ စီးပွားရေးလုပ်ငန်း လည်းမလုပ်ချင်တဲ့ ပညာရေးဝန်ထမ်းတဦးဘဝ အလွန်ခက်ခဲခဲ့ပါတယ်။ စုစုပေါင်း ၂၆ နှစ်လုံး ကထိကရာထူးနဲ့ အလုပ်လုပ် လာခဲ့တာ စင်ကာပူရောက်တပည့်ဟောင်းတွေက အလုပ်လာလုပ်ဖို့ခေါ်ပေမယ့် ဖြစ်သလိုပဲ မြန်မာပြည်မှာနေတော့မယ် ဆုံးဖြတ်ပါတယ်။
နောက်တော့ စင်ကာပူက TP မှာဆရာလုပ်နေတဲ့ တပည့်ဟောင်းက၊ သူ့မှာ ဆရာကောင်းတယောက်ရှိတယ်လို့ အထက်က ကျောင်းဒါရိုက်တာကိုပြောပြခဲ့သည်မှစ၍၊ ဒီဇင်္ဘာကျောင်းအပိတ် ထိုတပည့်ရန်ကုန်ပြန်တော့ ဒါရိုက်တာက မင့်ဆရာကို ဒီပုံစံတွေဖြည့်ခိုင်းပြီး ပြန်ရင် ယူလာခဲ့မှာသည်နှင့် ဒါရိက်တာရော၊ တပည့်ကိုပါအားနားစွာဖြင့်၊ အလုပ်လျောက်လွှာနှင့် cv များ ဖြည့်ပေးလိုက်ပါသည်။ မကြာမီမှာဘဲ စလုံးမှ ဖုန်းဖြင့်အင်တာဗျူးမေးလာတော့၊ အလုပ်ခန့်လိုက်လျှင် အဆင်သင့်ဖြစ် အောင် လက်ရှိကထိကရာထူးမှ နုတ်ထွက်လိုက်ပါသည်။
လူတွေ့အင်တာဗျူးအတွက် စင်ကာပူကိုလာဖို့ခေါ်စာရောက်တော့သွားဖို့က အဆင်သင့်မဖြစ်၊ နောက်ဆုံး  ပတ်စ်ပို့လျှောက်ပြီး စင်ကာပူကို အလုပ်လုပ်ဖို့ထွက်လာခဲ့တာ ၁၉၉၉ ခုနှစ်ကဆိုတော့ အခု ဘာလိုလိုနဲ့ စင်ကာပူ ပိုလီကျောင်းဆရာအလုပ်ကို ၁၆ နှစ်တောင် ကြာသွားပါတယ်။ ဒီနှစ် ၂၀၁၅ အသက် ၆၆ နှစ်ပြည့် ပင်စင်ယူရမှာဖြစ်ပေမယ့် ကန်ထရိုက်ကျောင်းဆရာအဖြစ် တနာရီဒေါ်လာ ၈၀ နှုန်းနဲ့ ထပ်မံခန့်ထားပါတယ်။ ၂၀၁၅ မှာတော့ အရင်လောက်တာဝန်တွေ များများယူစရာမလိုတော့တဲ့ ကျောင်းဆရာအဖြစ် ဆက်လက်လုပ်နေဆဲပါပဲ။
မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံ ပညာရေးစနစ်အကြောင်း အင်တာဗျူးလုပ်ခဲ့ပါသည်။ အမေးအဖြေအဖြစ် ဆက်လက်တင်ပြ လိုက်ပါတယ်။
မေး။ ။ ဆရာရဲ့ နိုင်ငံနှစ်ခု ပညာရေးလောက အတွေ့အကြုံလေးပြောပြပါဦး။
ဖြေ။ ။ ပြောရရင်တော့ အများကြီးပါပဲ။ ဆရာကိုယ်တိုင် ရန်ကုန်စက်မှုတက္ကသိုလ်မှာ၂၆ နှစ်လုံး အလုပ်လုပ်လာခဲ့တာ၊ သင် ထောက်ကူပစ္စည်းရယ်လို့ မယ်မယ်ရရမရှိ။ ကျောင်းဖွင့်လျှင် မြေဖြူဘူး ၁ ဘူး၊ ဘောဖျက် ၁ ခု၊ စက္ကူဖိုင်၂ ခု ၃ ခု ထုတ်ပေးပါ တယ်။ စင်ကာပူကျောင်းမှာတော့ ဘာမရှိလို့ဆိုတာပြောစရာမရှိအော
င်ကိုဘဲ သင်ထောက်ကူပစ္စည်းတွေ ထားထားပေးပါ တယ်။
ကုန်ခါနီးရင်လည်း ထပ်ဖြည့်ပေးတယ်။ ကျောင်းဆရာတွေ ကိုယ်သင်မယ့်ဘာသာ ကျောင်းသားများအတွက် စာရွက်စာတန်း လိုသလောက် သုံးခွင့်ရတယ်။ စာကူးစက်ထားတဲ့အခန်းထဲမှာလဲ A4 စာရွက်ထုပ်တွေ လူတရပ်စာခန့် ပုံထားပေးပါတယ်။ မြန်မာပြည်မှာ ကျောင်းသား ၁၀၀ အတွက် လက်ချာစာရွက်လုပ်ဖို့ လက်လှည့်ပုံနှိပ်စက်ကို ကိုယ့်ပိုက်ဆံနဲ့ပဲသုံးရတယ်။ ကျောင်းသားတွေကပဲ စုဆောင်းပြီး စာရွက်စာတန်းဖိုး ပြန်ပေးရတယ်။ မြေဖြူခဲသုံးပြီး နှစ်ပေါင်းများစွာ ဘောဖျက်သုံး အမှုန် တွေကြားမှာ စာသင်ခဲ့ရပါတယ်။ ဒီမှာတော့ စာသင်ခန်းသုံး စာရွက်၊ စာအုပ်ချုပ်၊ စာရေးကိရိယာ၊ ဝိုက်ဘုတ်သုံး ရောင်စုံများ၊ ကွန်ပြူတာ၊ လက်ပတော့၊ ပရိုဂျက်တာ၊ ကော်ပီယာ အစုံပဲ၊ ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘူး။ ကျောင်းဆရာက စာသင် မဲ့အလုပ်ပဲ အဓိကထားလုပ်ရတယ်။
ဒါနဲ့ စင်ကာပူပထမဆုံး လစာငွေထုတ်တော့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ တလ ကျပ် ၄၅၀ နဲ့ စတင်လုပ်ခဲ့ပြီး၊ နောက်ဆုံး ကျပ်နှစ်ထောင်နဲ့လုပ်ခဲ့တဲ့ ၂၆ နှစ်ကိုလည်း နောက်ဆုံးလစာနှုန်း နှစ်ထောင်နဲ့ မြှောက်ကြည့်ပြီး၊ စလုံးမှာ ပထမဆုံးရတဲ့လစာ ကို ဒေါ်လာပေါက်ဈေး ကျပ်ငွေနဲ့ မြှောက်လို့ရတာ နှစ်ခုယှဉ်လိုက်တော့၂၆ နှစ်လုပ်ခဲ့တဲ့ကျပ်ငွေထက်တောင် ဒီမှာတလစာ က ပိုရနေတာတွေ့ရတော့ ဝမ်းနည်း ဝမ်းသာဖြစ်မိရတယ်။
မြန်မာပြည်မှာတော့ စာပဲသင်လို့ မဖြစ်ဘူး။ ကိုယ်ရတဲ့အချိန်တွင်းမှာ အပြင်အလုပ်တွေ လုပ်ရတယ်။ လုပ်ပိုင်ခွင့်တွေကို ငွေရအောင် သုံးရတယ်။ ဒါမျိုးတွေမလုပ်ချင်ပဲ စာပဲသင်ချင်တဲ့ဆရာအတွက်တော့ မြန်မာပြည်မှာ လုပ်ရ တော်တော်ကြပ် ပါတယ်။
ဌာနတိုင်းလိုလိုကဝန်ထမ်းတွေလည်း ဌာနတွေမှာဌာနဆိုင်ရာ လူကြီးတွေက ပညာရပ်မကျွမ်းကျင်သူတွေဖြစ်ရင်၊ လုပ်ရ တာ မလွယ်ဘူး။ ဥပမာ ရေသန့်ထုတ်တာ ပီအိပ် ဆဲဗင်းရပြီ၊ အခြေအနေကောင်းပါတယ်လို့ သတင်းပို့ရင်၊ အေး.. ပီအိပ် ၈၊ ၉၊ ၁၀ ထိရပြီး၊ ပိုကောင်းတဲ့ရေဖြစ်အောင်လုပ်ကြဖို့ ညွန်ကြားချက်ပေးသွားတာမျိုးတွေပေါ့။
ရန်ကုန်မှာ ကျောင်းဆရာလုပ်တော့ မန္တလေး၊ မုံရွာဘက်က မိတ်ဆွေသားသမီးတွေ ရန်ကုန်ကို တက္ကသိုလ်လာတက်ကြပါ တယ်။ အဲဒီခေတ်က ရန်ကုန်စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်တို့ဆိုတာ တခုတည်းရှိတော့ တိုင်းနဲ့ပြည်နယ် အားလုံး က ရန်ကုန်ကိုရောက်လာတယ်။ မိတ်ဆွေသားသမီးတွေကိုလည်း ကူညီနိုင်၊ ပြောပြလမ်းညွှန်ပေးနိုင်တာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တနိုင်ငံလုံးက တိုင်းရင်းသားမျိုးစုံ ရန်ကုန်ရောက်လာတော့ အားလုံး အဆောင်မှာစုပေါင်း နေထိုင်စား သောက်ရင်း ယဉ်ကျေးမှုဖလှယ်နိုင်တယ်။ တယောက်နဲ့တယောက် နားလည်မှုရပါတယ်။ ပျော်စရာလည်း ကောင်းပါတယ်။
၁၉၉၃ ခု၊ ဇန္နဝါရီလကနေ ၁၉၉၉ ခုနှစ်၊ မတ်လအထိ လပေါင်း ၆၀ ကိုရတဲ့လစာနဲ့လည်း မလုံလောက်၊ စိုက်စားစရာ ကိုယ်ပိုင်ငွေလည်း မရှိနဲ့ မြန်မာနိုင်ငံမှာ အင်မတန်ခက်ခဲစွာ နေထိုင်လုပ်ကိုင်စားသောက်ခဲ့ရပါတယ်။
မေး ။ ။ ကျောင်းဆရာ၊ မိဘ၊ ကျောင်းသားနှိုင်းယှဉ်ချက်လေး ပြောပြပေးပါဦး ဆရာ။
ဖြေ ။ ။ မြန်မာပြည်မှာတော့ ကျောင်းသားကျောင်းသူ၊ မိဘများက ကျောင်းဆရာများကို လေးစားကြပါတယ်။ တော်တန်ရုံ ပြန်လည်ပြောဆိုတာ မလုပ်ပါဘူး။ ကျောင်းဆရာများကလည်း လေးစားဖွယ်နေထိုင်ရပါတယ်။ စင်ကာပူမှာတော့ မိဘများနဲ့ တိုက်ရိုက် မတွေ့ရပါဘူး။ ကျောင်းသား စာမေးပွဲမဖြေနိုင်ရင် ကျောင်းခေါ်ချိန်မပြည့်ရင်၊ ကျောင်းသား၊ မိဘတွေဆီ အ ကြောင်းကြားစာပို့ ဆွေးနွေးကြရပါတယ်။ ဆရာမိဘ၊ ကျောင်းသားဆက်ဆံရေးက တာဝန်အရ ဆက်ဆံနေရသလိုပါပဲ။ နွေးနွေးထွေးထွေးမရှိလှဘူး။

အခုခေတ် မြန်မာနိုင်ငံမှာလဲ မိဘ၊ ကျောင်းသားများက ကျောင်းဆရာများကို မလေးစားတော့ဘူးဆိုတာ့ ဆရာ၊ ကျောင်း သား၊ မိဘ ဆက်ဆံရေးက နွေးနွေးထွေးထွေး မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။
စင်ကာပူမှာတော့ ကျောင်းဆရာတွေမှာ ကိုယ့်ကိုယ်ကို အမြဲတိုးတက်နေဖို့ Upgrading သင်တန်းတွေ နှစ်တိုင်း အများကြီး တက်ရပါတယ်။ ဥပမာ 7 Habits of Highly Effective People သင်တန်း ရက်ရှည်တက်ရတယ်။ HR Management, Behavior, Culture စတဲ့ စီမံခန့်ခွဲမှုသင်တန်းများ မတက်မနေရ သတ်မှတ်ထားချက်မီအောင် ကိုယ်ဘာသာ လျှောက်ပြီး တက်ရတယ်။ ပညာရပ်ပိုင်းဆိုရင်လည်း ဓာတုပညာရပ်တခုထဲ မဟုတ်ပဲ၊ စက်မှု၊ လျှပ်စစ်၊ ဘိုင်အို၊ pharmaceutical, nanotechnology, မိုက်ကရိုအီလက်ထရွန်းနစ်၊ အော်တိုမေးရှင်း အလိုအလျှောက် စက်များ၊ PLC, Network, IT အားလုံးကို သင်ကြားခဲ့ရပါတယ်။ ကိုယ်ကလည်း ကျောင်းသားတွေကို စာသင်၊ ကိုယ်တိုင်လည်းလေ့လာ အဆက်မပြက်သင်ကြားရင်း လေ့လာနေရပါတယ်။
မေး ။ ။ သင်ကြားခြင်းနဲ့မေးခွန်းထုတ်ပုံတွေလည်း အကျဉ်းပြောပြပါဦး။
ဖြေ ။ ။ ကိုယ်သင်ရမဲ့ ဘာသာရပ်ကို ကိုယ့်ဖာသာကိုယ် စာစဉ်တွေ ရေးပြီး၊ ထုတ်ဖို့ သင်ရိုးဆွဲရတယ်။ ပြီးတော့ မေးခွန်းတွေ ကိုလည်းကျောင်းဖွင့်လို့ တလလောက်ရှိကတည်းက ထုတ်ပေးထားရတယ်။ မေးခွန်းများထုတ်ရာမှာလည်း Topic အားလုံး အခြေခံထုတ်ရတယ်။ အဓိက ၃ ပိုင်းခွဲပြီးမေးတဲ့အခါ 1. Knowledge , 2.Conpression , 3.Application အားလုံး အကျုံး ဝင်အောင်ထုတ်ရတယ်။ အောင်မှတ်၊ ဂုဏ်ထူးမှတ် စသဖြင့် အဆင့်တွေ သတ်မှတ်ထားရတယ်။ ကိုယ်ထုတ်ပေးလိုက်တဲ့ မေးခွန်းကို vet လုပ်ဖို့ ဌာနကသတ်မှတ်ပေးထားတဲ့ အခြားကထိက၊ ဌာနမှူး၊ မန်နေဂျာတို့ကို တင်ပေးရပါတယ်။ သူတို့က စစ်ဆေးပြီး ကွန်မင့်တွေနဲ့ ကိုယ့်ဆီပြန်ရောက်လာတယ်။ ကိုယ်က ပြန်ပြင်ဆင်ပြီး၊ နောက်ဆုံး အတည်ပြုပေးလိုက်တယ်။ အဆင့် ၃ ဆင့်လောက်ကို ကျောင်းဆရာနဲ့ စီမံခန့်ခွဲ တတ်ကျွမ်းသူများက မေးခွန်းကို တည်းဖြတ်ပြင်ဆင်တော့ ကိုယ်ပေး လိုက်တဲ့မေးခွန်းက တယောက်ထဲသဘောမဟုတ်တော့ပဲ ၃ ဦးက စုပေါင်းထုတ်ပေးတာဖြစ်လို့ ပိုပြီးကောင်းမွန်တယ်။ ကိုယ် လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ စနစ်တကျ သင်ကြားမေးခွန်းထုတ်တဲ့စနစ်ဖြစ်
ပါတယ်။
ဒီမှာတော့ ကျောင်းသားတွေရဲ့ ဖိဘက် Feedback ဆိုတဲ့ကွန်မင့်တွေက အရေးကြီးပါတယ်။ ကိုယ်သင်ပေးလိုက်တဲ့ ကျောင်း သားတွေက ကိုယ့်ဆရာကို ပြန်ပြီး၊ သင်ကြားမှုဆိုင်ရာ အရည်အချင်းသတ်မှတ်တဲ့ စနစ်တခု ရှိပါတယ်။ စင်ကာပူရောက်စ အရမ်းကြိုးစားပြီး သင်ရပါတယ်။ ကျောင်းသားလေးတွေရဲ့ အထာ၊ ကျောင်းရဲ့ ပညာသင်စနစ်တွေလည်း လေ့လာရပါတယ်။ ဆရာကို ကျောင်းသားများက “အလွန်ကောင်းတယ် – strongly agree” ဆိုတဲ့ မှတ်ချက်ရခဲ့ပါတယ်။ အမှတ် ၁၀၀ ပေးရင် အမှတ် ၉၀ အနည်းဆုံးရဖို့ သတ်မှတ်ထားပါတယ်။ ကျောင်းသား feedback တွေအရ၊ ဆရာတွေကလိုအပ်ရင် သင်ကြားပုံနည်းစနစ်ပြောင်းသင်ကြရပါတယ်။
မေး ။ ။ ဆရာလည်း ပင်စင်ယူပြီး အသက်ရွယ်ရလာပြီဆိုတော့ မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ပေးချင်သလဲ ဆန္ဒရှိတာ လေးတွေ ပြောပြပါဦးဆရာ။
ဖြေ ။ ။ အမှန်တကယ်ပြောရရင် မြန်မာနိုင်ငံမှာ စင်ကာပူ ပိုလီကျောင်းက စာသင်နည်းစနစ်တွေ၊ ပညာရေးအထေက် အကူ ဓါတ်ခွဲခန်းပစ္စည်းတွေ ပံ့ပိုးပေးပြီး၊ ပုဂ္ဂလိက အသက်မွေးပညာသင်ကျောင်းဖွင့်ဖို့ အားပေးမှုတွေ ရရှိထားပါတယ်။ မြန်မာနိုင်ငံ အလည်ပြန်သွားချိန်မှာ လက်ရှိ မြန်မာ့စက်မှုသက်မွေးပညာရေးအုပ်
ချုပ်ရေး၊ သင်ကြားရေးလုပ်ကိုင်နေသူများကလည်း မိတ်ဆွေသူငယ်ချင်းတွေပဲဆိုတော့ သူတို့နဲ့ဆွေးနွေးဖို့စဉ်းစားထားပါတယ်။ စင်ကာပူ၊ ရန်ကုန်မြို့တွေမှာ ရန်ကုန်စက်မှု တက္ကသိုလ် ဆရာပူဇော်ပွဲတွေ ပုံမှန်လုပ်နေကျဖြစ်တော့၊ ကျောင်းဆရာများ၊ စက်ရုံအလုပ်ရုံလုပ်နေသူ ကျောင်းသားဟောင်း များလဲမျးစွာ ရှိပါတယ်။ စက်မှုသက်မွေး ပုဂ္ဂလိကသင်တန်းတွေ၊ အစိုးရကျောင်းတွေ၊ တက္ကသိုလ်ကောလိပ်တွေ အရည်ချင်း တိုးတက်ဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာပြည်ကိုပြန်ပြီး စင်ကာပူက သင်ကြားရေးအတွေ့အကြုံများကို ဝေငှ၊ သင်ကြား ပေးနိုင်ဖို့ အများကြီးမျှော်လင့်ပါတယ်။
စင်ကာပူကို မြန်မာများ ကျောင်းလာတက်တာ အရင်ထက်စာရင် အများကြီးပိုလာပါတယ်။ အရင်က ဘွဲ့ရဆိုရင် NTU, NUS အစိုးရတက္ကသိုလ်တွေမှာ မာစတာ၊ ပီအိတ်ဒီတွေ စကောာလားရှစ်၊ ပညာသင်ဆု၊ ဒါမှမဟုတ် ကိုယ့်စရိတ်နဲ့ကိုယ် လာတက်ကြပါတယ်။ ဆယ်တန်းအောင်၊ တက္ကသိုလ်တက်နေဆဲ မြန်မာကျောင်းသားများကတော့ အာဗွီလို့ခေါ်တဲ့ စင်ကာပူ ပိုလီဝင်ခွင့်သင်တန်း တက်ရပါတယ်။ တနိုင်ငံလုံးက ထိပ်ဆုံးအမှတ်ရသူများ အာဗွီသင်တန်းတက်ပြီး၊ စင်ကာပူ ပိုလီ ကျောင်းများက အင်တာလာဗျူးပါတယ်။ သင်တန်းကြေးကလည်း မနည်းပေးရပြီး၊ စင်ကာပူအစိုးရ ပိုလီ၊ တက္ကသိုလ်များက လက်ခံနိုင်တာထက် မြန်မာပြည်က ကျောင်းသားများက အရမ်းများလာပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း များစွာ ပေါ်လာပါတယ်။ စင်ကာပူ၊ မလေးရှားတွေမှာလည်း အစိုးရကျောင်းတက်ခွင့်မရရင် ငွေအများကြီးပေးရတဲ့ စင်ကာပူ က ပုဂ္ဂလိကကျောင်း Private Diploma, 1 year topup Degree စတဲ့ကျောင်းတွေကို လာတက်နေကြပါတယ်။
မေး ။ ။ စင်ကာပူမှာ ပညာရေးဟောပြောပွဲများ၊ မြန်မာများအတွက် ပုဂ္ဂလိကကျောင်းလိုအပ်ပါသလား။
ဖြေ ။ ။ တကယ်တော့ မြန်မာသံရုံးကလည်း ဒါတွေ မလုပ်ပေးနိုင်သေးပါဘူး။ ပုဂ္ဂလိက စင်ကာပူရောက်မြန်မာများက လုပ်ပေးရမှာဖြစ်ပါတယ်။ ဆရာလည်း လုပ်ပေးချင်ပြီး၊ ဆန္ဒလည်း ရှိပါတယ်။

တကယ်တော့ အားကစားသမားတစ်ယောက် ထူးချွန်ရင် ၁၀ နှစ်လောက် တိုင်းပြည်ကိုယ်စားပြုနိုင်ပါတယ်။ ပညာတော်သင် တစ်ဦးထူးချွန်ရင် အနှစ် ၄၀ နိုင်ငံကို အကျိုးပြုနိုင်ပါတယ်။ ဆရာ မြန်မာပြည်မှာ ၂၆ နှစ်၊ စင်ကာပူမှာ ၁၃ နှစ် – ကြာခဲ့ပါပြီ။ ဆက်လက်အကျိုးပြုနေဆဲ၊ အကျိုးပြုနိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။
စင်ကာပူမှာ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားများကို စီမီနာပုံစံ ဘယ်လိုကျောင်းတက်၊ ထူးချွန်အောင်၊ နိုင်ငံခြား တက္က သိုလ်များစွာက ပညာသင်ဆု၊ ပညာချွန်ဆုများ ရရှိအောင်လုပ်ဖို့ ဝေငှပြောကြားချင်ပါတယ်။ မြန်မာပြည်အလည်ပြန်စဉ်က ဓါတုအင်ဂျင်နီယာကျောင်းဆင်း ဆရာ၊ ဆရာမ၊ ပါမောက္ခငယ်များ အသက် ၃၀ ပတ်ဝန်းကျင်များစွာကို တွေ့ရပါတယ်။ သူတို့ကို ကမ္ဘာ့အဆင့်မီဆရာများ ဖြစ်စေလိုပါတယ်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ၂၀၁၄ မတ်လက၊ ဆရာ့ရဲ့ စင်္ကာပူပညာရေးအတွေ့အကြုံ knowledge sharing ကို YTU, WYTU နဲ့ TU (သံလျင်) တို့မှ ဓါတုအင်ဂျင်နီယာဆရာ၊ ဆရာမ ၄၀ တို့ကို ပြောဟောခဲ့ရပါတယ်။
နိဂုံး။
ဆရာဦးတင်လင်း (B.E Chemical,RIT, M.E Australia) နှင့် ပညာရေးအမေးအဖြေအခန်းမှ မိတ်ဆွေများ၏ သားသမီးများ၊ တူတူမများအတွက် အနည်းငယ်အကျိုးရှိမည် မျှော်လင့်ပါသည်။ မြန်မာနိုင်ငံပညာရေး တိုးတက်ဖို့ ဆိုသည်မှာ မြန်မာအစိုးရ အပေါ်တွင် လုံးဝမူတည်နေပါသည်။ သို့သော် ပြည်ပရောက်မြန်မာများကလည်း မြန်မာလူငယ်များ၊ ကြိုးစားထူးချွန်သူများ အတွက် ပညာချွန်ဆု၊ ပညာသင်ဆုများကို ဖန်တီးပေးနေကြပါသည်။ အရှိန်မြှင့်ပေးရန်အတွက် အထူးလိုအပ်နေကြောင်း တင်ပြလိုက်ပါသည်။ ဆရာ၏သားသမီးများက စင်ကာပူ ပင်နီစူလာပလာစာတွင် AIM Foundation ပညာရေး၊ အထွေထွေ အကျိုးဆောင်အဖြစ် လုပ်ဆောင်လျှက်၊ သားသမီးများ၊ ဇနီး၊ မိသားစုနှင့်အတူ စင်ကာပူနိုင်ငံတွင် ပညာရေးဝန်ထမ်းအဖြစ်ဖြင့် နေထိုင်လျှက်ရှိပါသည်။ ဆရာဦးတင်လင်းအား လုပ်သက်ရှည် အသင်အပြကောင်းသော Myanmar Good Attitude ကျောင်းဆရာတဦးအဖြစ် မှတ်တမ်းတင် ဖေါ်ပြလိုက်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...