Thursday, May 21, 2015

နိုင်ငံရေးလူမိုက်ဆိုတဲ့လူ


“ ပြုပြင်ပြောင်းလဲရေးမှာ တက်ကြွလှုပ်ရှားသူတွေအများကြီးလိုတယ်။ ပြုပြင်ပြောင်းလဲရေးကာလကိုကျော်ပြီး တည်ဆောက်ရေးကာလကျရင်တော့ ပညာရှင်တွေလိုတာပေါ့။ အဲဒီအခါကျရင် ကျွန်တော်တို့ မလိုတော့ဘူး။ အခုကတော့ ကျွန်တော့်လိုနိုင်ငံရေးလူမိုက်တွေ အများကြီးလိုမယ်လို့ထင်တယ်”

ဒီစကားကိုပြောသူက မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ကိုအေးသိန်း။ ကိုအေးသိန်းဆိုတာက မြန်မာနိုင်ငံအထက်ပိုင်းက တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး လှုပ်ရှားမှုတွေ၊ဆန္ဒပြပွဲတွေမှာ အမြဲတွေ့ရလေ့ရှိသူ။ ထွန်တုံးတိုက်ပွဲတွေအတွက် လယ်သမားတွေကို တရားဟောလေ့ရှိသူ။ ကျောအလယ်လောက်ထိရှိတဲ့ ဆံပင်အရှည်နဲ့ သူ့ပုံစံက တစ်ခါတွေ့တာနဲ့ အမြဲမှတ်မိနိုင်တယ်။

သူက မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်အလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့( FNIFN ) ရဲ့ မန္တလေးတိုင်းတာဝန်ခံအဖြစ် လှုပ်ရှားမှုတွေ ဆောင်ရွက်နေသူတစ်ယောက်ပါ။ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့လို့ လူသိများတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့(MDCF)ရဲ့ လှုပ်ရှားမှုတွေမှာလည်း သူရှိနေတာတွေ့ရတယ်။ လယ်သိမ်းယာသိမ်းကိစ္စတွေ၊ အလုပ်သမားအခွင့်အရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဆန္ဒပြပွဲတွေအပြင် ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေး ဆန္ဒပြပွဲတွေမှာလည်း သူ့ကို တွေ့နိုင်တယ်။

“ မန္တလေးမှာက တက်ကြွလှုပ်ရှားသူနည်းတယ်။ ဒါပေမဲ့ မန္တလေးမှာ ဒေသဆိုင်ရာလူထုအစည်းအဝေးတစ်ခုလုပ်နိုင်ခဲ့တဲ့ပြီးနောက် အကျိုးအမြတ်က နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဆရာတော်တွေ၊ တက်ကြွလှုပ်ရှားသူတွေစုမိပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ လှုပ်ရှားတဲ့ ကျောင်းသားတွေကို ကူညီနိုင်ခဲ့တယ်။ အဲဒီရလဒ်ကတော့ ကျောင်းသားသပိတ်စစ်ကြောင်းကို မန္တလေးကစပြီး တာထွက်နိုင်ခဲ့တာပဲ” လို့ သူကဆိုတယ်။

သူ့ရဲ့ အဖိုးဖြစ်သူက မြန်မာပြည်ကွန်မြူနစ်ပါတီထဲမှာပါဝင်ခဲ့တာကလွဲရင် မိဘတွေရော၊ (၆) ယောက်ရှိတဲ့ ညီအကို မောင်နှမတွေပါ ကျေးလက်နေပြည်သူတွေအဖြစ် နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေထိုင်ကြတယ်။ သူကတော့ ငယ်ငယ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့တယ်။

၁၉၈၈ အရေးအခင်းဖြစ်တော့ သူ့အသက်က (၁၉) နှစ်ဝန်းကျင်ရှိခဲ့ပြီ။ သပိတ်ကျင်းမြို့နယ် NLD မြို့နယ် စည်းကော်မတီမှာပါဝင်ရင်း ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး အဖမ်းအဆီးကာလတွေမှာတော့ ဇာတိရွာဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာမှာ မနေနိုင်တော့ဘဲ မန္တလေး မစိုးရိမ်တိုက်သစ်မှာ ပုန်းရှောင်နေခဲ့ရတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်တဲ့ စစ်အစိုးရအဖွဲ့ကို သံဃာတော်တွေက ပတ္တနိကုဇ္ဈနကံဆောင်ဖို့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ ၀ိုင်းဝန်းကူညီရင်း ဆရာတော်တွေ၊ ကျောင်းသားတွေ အဖမ်းခံရတဲ့အခါ သူလည်း မိုးကုတ်ဘက်ကို ဆက်ပြီးပုန်းရှောင်နေရပြန်တယ်။ အဲဒီကာလတွေမှာ ထောက်လှမ်းရေးတပ်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ထောင်ကျခံရတာမျိုးတွေတော့ မရှိခဲ့ပါဘူး။

သူက “နိုင်ငံရေးအသိစိတ်က ငယ်ငယ်ကတည်းက ရှိတာဗျ။ တခြားကိစ္စတွေလည်း လက်လှမ်းက မမီဘူး။ စိတ်ကူးလည်း မယဉ်မိဘူး” လို့ ငယ်စဉ်က ပညာရေးပိုင်းမှာ အားနည်းခဲ့တာကို ပွင့်ပွင့်လင်းလင်းပဲဆိုတယ်။

NLD ပါတီဝင်အဖြစ်နိုင်ငံရေးမှာ လှုပ်ရှားဆောင်ရွက်ရင်း ၂၀၀၃၊ ၂၀၀၄ ခုနှစ်တွေမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ အထက်မြန်မာနိုင်ငံခရီးစဉ်တွေမှာ လုံခြုံရေးအဖြစ် ပါဝင်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီးနောက်မှာတော့ NLD အနေနဲ့ လွတ်တော်နိုင်ငံရေးမှာ ၀င်ရောက်ပါဝင်သင့်၊ မသင့်ဆိုတဲ့ကိစ္စဟာ ပါတီဝင်တွေကြားမှာရော၊ ပြင်ပနိုင်ငံရေးလေ့လာသူတွေကြားမှာပါ အငြင်းပွားမှုတွေရှိခဲ့တယ်။

လွတ်တော်တွင်းဝင်ရောက်ယှဉ်ပြိုင်လိုတဲ့သူတွေက မိခင်ပါတီကခွဲထွက်ပြီး ပါတီသစ်တည်ထောင်မှုတွေရှိလာခဲ့သလို ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်အထိ လွတ်တော်နိုင်ငံရေးလမ်းကြောင်းကိုသဘောမတူတဲ့ အင်အားစုတွေကလည်း ရှိနေဆဲပဲ။ အဲဒီအင်အားစုတွေထဲမှာ ကိုအေးသိန်းလည်း ပါဝင်ခဲ့တယ်။ ဒီတော့ သူလည်း NLD ကနေ နုတ်ထွက်ခဲ့တယ်။

“ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံမယ်။ လွတ်တော်နိုင်ငံရေးထက် ပိုပြီးကျယ်ပြန့်တယ်လို့ ပြောလို့ရတယ်။ တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ပေးတယ်။ ဒေါ်စုမဲ ရရှိရေးပေါ့။ FNIFL ရဲ့ ရည်ရွယ်ချက်က ပြည်သူဖြစ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းဝန်းရံမှာပဲ။ ပြည်သူက ဒေါ်စုကို အားကိုးတာသိတယ်။ ဒီတော့ ဒေါ်စုပါတီမဲရရေး အားကြိုးမာန်တက် ၀န်းရံနေမှာပဲ” လို့ သူက ဆိုတယ်။

၂၀၁၀ပြည့်နှစ် နောက်ပိုင်းမှာ လယ်ယာမြေအရေး၊ အလုပ်သမားအရေးလှုပ်ရှားတဲ့ ကွန်ရက်တွေနဲ့ ချိတ်ဆက်မိပြီး အလုပ်သမား၊ လယ်သမားအရေးတွေကိုပဲ ပိုပြီး အာရုံစိုက်လုပ်ကိုင်လာခဲ့တယ်။ ဒါပေမဲ့ NLD ရဲ့ ကျေးဇူးတွေကိုတော့ သူမမေ့ဘူး။

“ နိုင်ငံရေးမှာ ဆရာရှိတယ်ဗျ။ ကျွန်တော်လုပ်နေတာတွေက ပါတီနဲ့ ကင်းရှင်းပေမယ့် NLD မှာ နှစ်(၂၀) လောက်လုပ်ခဲ့တော့ ဆရာသမားတွေနဲ့ တွေ့ခဲ့တယ်။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ စိတ်ဓာတ်အင်အားလေးကအစ လုပ်တတ်၊ ကိုင်တတ်ဖြစ်လာတာပေါ့။ အဲဒါကို အသိအမှတ်ပြုရမယ်” လို့ သူကဆိုတယ်။

 ကိုအေးသိန်းဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ထောင်(၅) နှစ်ကျခဲ့တယ်။ မန္တလေးမြို့၊ ကိုင်းတန်းဈေးမရွှေ့ပြောင်းရေးကိစ္စမှာ ပါဝင်လှုပ်ရှား ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ထောင်ထဲမှာနေရတယ်။ ပြန်လွတ်ပြီး သိပ်မကြာသေးခင်မှာပဲ မြရည်နန္ဒာအိမ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုတွေ၊ လှုပ်ရှားမှုတွေကြောင့် ၂၀၁၄ ခုနှစ်မှာပဲ ထောင်ဒဏ် ၆ လကျခံရပြီး ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ပြန်လွတ်လာတယ်။

သူက “ ပြည်သူ့အရေးလိုက်လုပ်ရင်း ထောင်ကျတာ ၀မ်းမနည်းဘူး။ သမိုင်းပေးတာဝန်အရဆောင်ရွက်တာ ၀မ်းမနည်းဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ပြီး ပြန်လာတော့ တောင်သူလယ်သမားညီလာခံလုပ်ပြီးပြောတယ်။ တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်သော တောင်သူလယ်သမားတွေရဲ့ လွတ်လပ်ရေးဟာ တိုင်းပြည်ရဲ့လွတ်လပ်ရေးနဲ့ တစ်ပါတည်းကပ်ပါလာရမယ်လို့ ပြောတယ်။ ကျွန်တော်တို့ အခုထိ တာဝန်မကျေသေးဘူးဗျ။ အားမရသေးဘူး။ ထောင်ထဲသာ ခဏ၊ ခဏ ၀င်ထွက်နေရတာ။ ပြည်သူအပေါ်တာဝန် မကျေသေးဘူး” လို့ ဆိုတယ်။

 လက်ရှိမှာလည်း သူက နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲက လယ်မြေတွေ သိမ်းဆည်းခံရမှုနဲ့ပတ်သက်ပြီး တရားဟောတဲ့အတွက် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ပြီးတော့ လက်ပံတန်းမြို့မှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးမှာပြုလုပ်ခဲ့တဲ့ ရှုတ်ချပွဲမှာပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ငါး ခုနဲ့ တရားစွဲခံထားရတယ်။

လက်ရှိအချိန်ထိ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေထဲမှာတော့ လယ်ယာမြေထွန်တုံးတိုက်ပွဲတွေကို အားအရဆုံးဖြစ်တယ်လို့ သူက ဆိုတယ်။ လယ်သမားတွေအနေနဲ့ ထွန်တုံးတိုက်ပွဲတွေဆင်နွှဲရင်း အဆင်ပြေပြီး လယ်ယာမြေတွေ ပြန်လည်ရရှိခဲ့ကြတာကိုတွေ့ရင် ကိုယ်တိုင်ပြန်ရခဲ့သလို ပီတိဖြစ်မိတယ်လို့လည်း ကိုအေးသိန်းကပြောတယ်။ ပြီးတော့ မြန်မာနိုင်ငံအထက်ပိုင်းမှာ တောင်သူလယ်သမား၊ အလုပ်သမားသမဂ္ဂတွေ အများအပြားပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်ခဲ့တာကိုလည်း ကျေနပ်နေတယ်။

ဒါပေမဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ မိသားစုအရေးနဲ့ ပတ်သက်ရင်တော့ သူက တာဝန်ကျေတဲ့ သားတစ်ယောက်တော့ မဖြစ်ခဲ့ဘူး။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် ကာလကြာရှည် အိုးပစ်၊ အိမ်ပစ် လှုပ်ရှားနေခဲ့တဲ့အခါ သားသမီးဝတ္တရားမှာတော့ ချို့ယွင်းခဲ့တယ်။ ကျန်တဲ့ မွေးချင်းညီအကို မောင်နှမတွေကပဲ မိဘတွေကို ၀ိုင်းဝန်းကြည့်ရှုခဲ့ကြတယ်။

ကိုအေးသိန်းက  “ အဖေ၊အမေက နိုင်ငံရေးစိတ်ဓာတ်တော့ရှိတယ်။ အပြစ်မပြောဘူး။ အိမ်မှာတော့ နေစေချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်လုပ်နေတာကိုတော့ မတားဘူး။ ထောင်ကျရင်တော့ လာမတွေ့ကြပါနဲ့၊ ကျွန်တော်လည်း လုပ်ကိုင်ကျွေးထားတာမရှိပါဘူးလို့ သူတို့ကို မေတ္တာရပ်ခံထားတာပေါ့ဗျာ” လို့ ပြောတယ်။

“ အသက်(၈၀)ကျော် မိဘတွေကို လုပ်ကိုင်မကျွေးနိုင်တာ၊ သားသမီးတစ်ယောက်အနေနဲ့ တာဝန်မကျေတာကိုတော့ စိတ်မကောင်းဖြစ်ရတာပေါ့” လို့လည်း ဆက်ပြီး ပြောတယ်။

သူ့ရဲ့ပုဂ္ဂလိကဘ၀အတွက်အိမ်ထောင်ရေးအခြေအနေမှာလည်း ဘာကိုမှမျှော်လင့်နိုင်တဲ့အခြေအနေမရှိဘူးလို့ အသက် (၄၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုအေးသိန်းက ဆိုတယ်။ အချိန်မရွေး ထောင်ထဲရောက်သွားနိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ဘ၀မှာ တည်ငြိမ်မှုဆိုတာလည်း ဘာမှမရှိဘူးလို့ သူက ရယ်ရယ်မောမောနဲ့ ပြောတယ်။

“ ခက်တာက မိသားစု စီးပွားရေးလည်း မလုပ်နိုင်၊ သူများသားသမီးလည်း စိတ်ချမ်းသာအောင်ထားဖို့ မဖြစ်နိုင်ဘူးလေ” လို့ ကိုအေးသိန်းက ဆိုတယ်။

လက်ရှိမှာလည်း သူ့မှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံမရှိဘူး။ မန္တလေး ရတနာပုံတက္ကသိုလ်အနီးက FNIFL ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ အိမ်မှာနေတယ်။ ဦးကိုကိုကြီးက သူ့ကို အစစအရာရာ ကူညီပေးတယ်။ ဒီလိုနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာပဲ တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် သူ့ရဲ့နေ့ရက်တွေကို ဖြတ်သန်းနေဆဲပဲ။

တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဆိုတဲ့ ရပ်တည်ချက်အပေါ် လက်ရှိအချိန်အထိ ပြည်သူတွေအနေနဲ့ ကောင်းကောင်းရင်းနှီးကျွမ်းဝင်မှုမရှိသေးသလို အစိုးရဌာနဆိုင်ရာဘက်ကလည်း အမြင်တမျိုးရှိနေဆဲပါ။ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ကာယကံတွေ၊ ဒေသခံတွေထက် တက်ကြွလှုပ်ရှားသူတွေကပဲ တောင်းဆိုတာ၊ ထိုးနှက်ဝေဖန်တာမျိုးတွေ ပိုပြီးလုပ်ဆောင်နေတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိကြတယ်။ တက်ကြွလှုပ်ရှားသူတွေကြောင့် ဒေသခံတွေကို စေ့စပ်ညှိုနှိုင်းရေးလုပ်ဖို့ ခက်ခဲတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိကြတယ်။
ဘာပဲဖြစ်ဖြစ် ကိုအေးသိန်းတစ်ယောက်ကတော့ သူ့ရပ်တည်ချက်အတိုင်း ရှေ့ဆက်သွားဖို့ အားမွေးထားတယ်။ သူကတော့ သူ့အယူအဆကို ခပ်ရှင်းရှင်းပဲပြောခဲ့တယ်။

“ တက်ကြွလှုပ်ရှားသူမပါရင် ပြည်သူကလည်း အရမ်းစိုးရိမ်တယ်။ သူတို့ရှေ့မှာ ဦးဆောင်တဲ့သူရှိနေမှ နောက်ကလိုက်မှာလေ။ ပြည်သူတွေကို မြှောက်ပေးတယ်ဆိုတဲ့သဘောနဲ့ အစိုးရက မဖြစ်စေချင်ဘူးဆိုရင် နဂိုကတည်းက အဆင်ပြေအောင်ညှိနှိုင်းပြီး လယ်တွေပြန်ပေးပေါ့။ ကျွန်တော်တို့လည်း နိုင်ငံသားဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ပြသနာကို လက်လှမ်းမှီသလောက် လိုက်ဆောင်ရွက်ရမှာပဲ။ အစိုးရက ဘာပဲပြောပြောထည့်တွက်မှာ မဟုတ်ဘူး။ ကျွန်တော်လုပ်နိုင်သလောက်တော့ လုပ်နေမှာပဲ” လို့ သူကဆိုပါတယ်။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...