Thursday, August 13, 2015

“တပ်မတော်ဆိုတာ ဘာလဲ”


အခုတလော လူပြောများတာကတော့ ကျန်းမာရေးဝန်ကြီးဌာနမှာ စစ်ဖက်ကလူတွေ ဝင်နေရာယူတဲ့ ကိစ္စပေါ့။ စစ်ဗိုလ်ဆရာဝန်တွေက အထူးကုအဖြစ် ပြောင်းလာသလို ပွဲတိုင်းကျော် ဒေါ်စိန်အေးကျောင်းဆင်းတွေက ညွှန်မှူး ရာထူးကြီးတွေ အခန့်သားယူတော့ ဘယ်ကျေနပ်ပါမလဲ။
အဲဒီလို တိုင်းပြည်ဘတ်ဂျက်ကို အများဆုံးဘုံး အဲလေ အများဆုံးသုံးစွဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေက ဘတ်ဂျက်နည်းလှတဲ့ ကျန်းမာရေးဝန်ကြီးဌာနကို အတင်းဝင် နေရာယူတာပါ။
ဒီလို မတရားလုပ်တာမျိုး ခေါင်းငုံ့ခံကြရတဲ့အပြင် တစ်ဖက်သတ် နိုင့်ထက်စီးနင်း (ငါ့စကားနွားရ) ပြောတာမျိုးလည်း ကျိတ်မှိတ်ခံရသေးတယ်။ အရပ်ဖက်ကလူတွေ အရည်အချင်းမမီလို့ စစ်ဖက်က ဝင်ပြီး စီမံခန့်ခွဲပေးရမယ် ဆိုပဲဗျ။ (နာလည်းနာသေး၊ နံလည်းနံသေးဆိုတဲ့ သနားစရာ ပြည်သူတွေရဲ့ ဘဝပါ။)
စစ်တပ်လော်ဘီတစ်ယောက်က ဒီလို ရေးလိုက်သေးတယ်။ စစ်ထဲဝင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် သင်တန်းအမျိုးမျိုး တက်လာကြသူတွေမို့ တပ်က သင်တန်း ၄-၅ ခုလောက် တက်လိုက်ရင် အရပ်ဖက် တက္ကသိုလ်က မာစတာဘွဲ့တွေထက် အများကြီးသာတယ်တဲ့။
ဒေါ်စိန်အေးကျောင်းမှာ အဓိက သင်ကြားလေ့ကျင့်ပေးလိုက်တဲ့ စစ်တိုက်တာတောင် သောက်သုံးမကျတာတော့ ရူးချင်ယောင်ဆောင်ပြီး မေ့နေကြတယ်။ လောက်ကိုင်မှာ ကိုးကန့်အဖွဲ့ ၁,၀၀၀ လောက်၊ (အမှန်က) ရှေ့တန်းမှာ တပ်စွဲထားတဲ့ လက်နက်ကိုင် ၄၀၀ ကျော်ကို လေယာဉ်တွေ၊ အမြောက်ကြီးတွေ သုံးပြီး တပ်ရင်းအများကြီးနဲ့ ဝိုင်းတိုက်တာတောင် ကိုယ့်ဖက်က ထောင်ကျော်ကျဆုံးပြီး တပ်ရင်းလိုက်ပြုတ်သွားတာလေ။ ကြက်ဥကြော်ပရိုဖိုင်းတွေပြောင်းပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်ခဲ့ကြတာ ဘယ်သူတွေလဲ။ ဒေါ်စိန်အေးကျောင်းက သင်ပေးလိုက်ရင် အားလုံးတတ်တယ်လို့ ပြောချင်သေးလား။
စစ်တပ်က စီမံခန့်ခွဲရေး တတ်ပြီး အရပ်သားတွေက ညံ့ဖျင်းတယ်လို့ ဇွတ်မပြောနဲ့။ မတူဘူး။ စစ်တပ်ကို ဟိတ်ဆိုဟိတ်၊ တိတ်ဆိုတိတ်၊ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်လို့ရတယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်လို့ ခိုင်းနိုင်တယ်။ အရပ်ဖက်မှာ မရဘူး။ အထူးသဖြင့် လူတန်းစား အလွှာစုံက လူနာတွေ၊ လူနာရှင်တွေနဲ့ နေ့စဉ် ထိတွေ့ ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အုပ်ချုပ်စီမံရတာ ပိုပြီး ခက်ခဲတယ်။
စစ်တပ်ပုံစံနဲ့ အုပ်ချုပ်လို့ တစ်ပြည်လုံး သောက်ကျိုးနည်းကုန်တာလည်း ၅၃ နှစ် ကျော်ခဲ့ပြီ။ စစ်တပ်က မအုပ်ချုပ်ရင် ချောက်ထဲကျသွားမယ်ဆိုတဲ့ လေလုံးက ခုထိ မလျှော့ဘူး။
၂၀၀၇ ခုနှစ်တုန်းက အမေရိကန်တစ်နိုင်ငံလုံး ကြွက်ကြွက်ညံသွားတဲ့ ကိစ္စကြီးတစ်ခုရှိတယ်။ အမေရိကန် ကြည်း၊ ရေ၊လေ၊ လက်နက်ကိုင်တပ်ပေါင်းစုရဲ့ အကြီးဆုံး စစ်ဆေးရုံကြီးဖြစ်တဲ့ ဝေါလ်တာရိ(ဒ်) စစ်ဆေးရုံ ပြဿနာပေါ့။ မြို့တော် ဝါရှင်တန်ဒီစီမှာ ရှိတဲ့ စစ်ဆေးရုံကြီးက ဘယ်လောက်ကြီးသလဲဆိုတော့ ကုတင် ၅၀၀ တို့ ၁,၀၀၀ တို့လိုမျိုး ကုတင်အရေအတွက်နဲ့ စကားမပြောဘူး။ အခန်းပေါင်း ၅,၅၀၀ ရှိတယ်။ အမေရိကန် သမ္မတတွေ တက်တဲ့ ဆေးရုံပါ။
အဲဒီ ဝေါလ်တာရိ(ဒ်) စစ်ဆေးရုံကြီးမှာ အောက်ခြေရဲဘော်တွေ၊ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို ပြုစုကုသရာမှာ အားနည်းချို့ယွင်းချက်တွေ အများကြီး ပေါ်ပေါက်လာတယ်။ ရဲဘော် လူနာဆောင်တွေမှာ အဲယားကွန်း ရေငွေ့ရိုက်လို့ နံရံမှာ မှိုစွဲတာ၊ ကြွက်၊ ပိုးဟပ်တွေနဲ့ ကျန်းမာသန့်ရှင်းရေး ညံ့ဖျင်းတာ တွေ့ရှိတယ်။ ပြုစုကုသရေးမှာ ဂရုမစိုက် ပေါ့လျော့တာတွေ ရှိတယ်။
ဆေးရုံလာတက်တဲ့ လူနာရဲဘော်တွေကို ကင်းစောင့်ခိုင်းတယ်။ စစ်ဆေးရုံအမှုထမ်းချင်းလည်း ရာထူးအလိုက် ကြီးနိုင်ငယ်ညှဉ်းမှုတွေ ပေါ်လာတယ်။ ဘာပြောကောင်းမလဲဗျာ၊ သတင်းမီဒီယာတွေမှာ နေ့စဉ် ထုတ်လွှင့်ရေးသားကြတာ သောသောညံလို့ပေါ့။
သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်အထိ ဂယက်ရိုက်တဲ့ ကိစ္စကြီးဖြစ်လာပြီး လက်ရှိ စစ်ဆေးရုံတပ်မှူး (ဆေးရုံအုပ်ကြီး) ဗိုလ်ချုပ် ဂျော့ခ်ျ ဝိတ်မင်း ပြုတ်သွားတယ်။ သူ့အရင် ဆေးရုံအုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကယ်ဗင် ကိုင်လီကို ရာထူးက အငြိမ်းစားယူခိုင်းလိုက်ရတယ်။ အဲဒီဗိုလ်ချုပ်နှစ်ယောက်စလုံး ဆရာဝန်တွေပါ။ ပြီးတော့ ကြည်းတပ်ဝန်ကြီးလည်း ရာထူးက နုတ်ထွက်သွားရပါတယ်။
ဝေါလ်တာရိ(ဒ်)မှာ အုပ်ချုပ်တာလည်း ဆရာဝန်စစ်ဗိုလ်ချည်းပဲ၊ လူနာကလည်း စစ်ဗိုလ်စစ်သားချည်းပဲ။ ပြောချင်တာက စစ်တပ်မို့လို့ စီမံခန့်ခွဲရေး ကျွမ်းကျင်တယ်လို့ လာမပြောနဲ့၊ ငပြိန်းတွေပဲ ယုံမယ်။
ဟိုတလောက ဗီဒီယိုအပိုင်းလေးတစ်ခု ကြည့်လိုက်ရတယ်။ (သိတဲ့ လူတွေ ပြန်တင်ပေးရင် ကျေးကျေး) မင်္ဂလာဒုံ စစ်ဆေးရုံတပ်မှူး ဗိုလ်မှူးကြီး လှအောင်က ကွာတားအချုပ်ကျနေတဲ့ ဗိုလ်လောင်းတွေကို ဆဲတာ မအေယိုးချင်း မိုးမွှန်နေတာပဲ။ တစ်ကယ်တော့ ဆေးတပ်ဗိုလ်လောင်းဆိုတာ အရပ်ဖက်ဆိုရင် ဆေးကျောင်းသားပေါ့။ ပြီးတော့ တပ်မှူး ဗိုလ်မှူးကြီး လှအောင်ကလည်း အရိုးအထူးကု ဆရာဝန်ကြီးပါ။ သူဆရာဝန်ဖြစ်တဲ့ခေတ်မှာ DSMA မပေါ်သေးဘူး။ အရပ်ဖက် ဆေးတက္ကသိုလ်က အောင်ပြီး orthopedic surgeon ဖြစ်အောင် နိုင်ငံခြားမှာ သင်ခဲ့ရသူပေါ့။ ဒါပေမယ့် တပ်ထဲမှာ ပြောဆိုဆက်ဆံပုံ မိုက်ရိုင်းချက်ကတော့ လက်လန်တယ်ဗျာ။
ဆေးတက္ကသိုလ်မှာ ပါချုပ်က ဆေးကျောင်းသားကို အဲဒီလို ပြောလို့ရမလား စဉ်းစားကြည့်ပါ။ တပ်ထဲက အချိုးမျိုးတွေနဲ့ အရပ်ဖက် ဆရာဝန်၊ သူနာပြုတွေ၊ လူနာတွေ၊ လူနာရှင်တွေကို စီမံအုပ်ချုပ်ရင် ဘယ်လို ဖြစ်ကုန်မလဲ။
အဲဟို စစ်လော်ဘီ ကြွားသလို ဒေါ်စိန်အေးကျောင်းမှာ သင်တန်းအမျိုးမျိုး တက်ပြီး အားလုံးတတ်တယ် ထင်နေရင် အမှားကြီး မှားလိမ့်မယ်။ ဒီလိုလူစားမျိုးတွေအတွက် သိုးဆောင်းစကားပုံ ရှိသဗျ။ Jack of all trades (and master of none) တဲ့။ အစုံလျှောက်လုပ်ပြီး ဘာတစ်ခုမှ ဟုတ်တိပတ်တိ မတတ်တဲ့ တတ်ယောင်ကားလို့ ဆိုလိုတာပါ။
ဪ… ပြီးတော့ အဲဒီလိုမျိုး တတ်ယောင်ကားတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရကိုလည်း စစ်အစိုးရလို့ ခေါ်ရင် သူတို့က မကြိုက်ဖူး။ တပ်မတော်အစိုးရလို့ သုံးရမယ်တဲ့ဗျ။ တပ်လို့ မတော်တာကို အင်္ဂလိပ်လိုဆိုရင် unfit လို့ သုံးတယ်။ ဒါကြောင့် တပ်မတော်အစိုးရဆိုတာကို အင်္ဂလိပ်လို ဘာသာပြန်ရင် unfit government ပေါ့နော်။ အဖြေက ရှင်းနေသားပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...