Saturday, August 29, 2015

ကွင်းပျောက်နေတဲ့ ကြယ်ပွင့်များ


အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ဘောလုံးတစ်လုံးကို ဘယ်ဘက်ခြေဖမိုး ခြေဖျားပေါ်ကနေ ညာဘက်ခြေဖမိုးခြေဖျားပေါ်မြှောက်တင်လိုက်၊ ညာဘက်ခြေဖမိုးခြေဖျားပေါ်ကနေ ဘယ်ဘက်ခြေဖမိုးခြေဖျားပေါ်မြှောက်တင်လိုက်နဲ့ ဘောလုံးအောက်ကို ကျမသွားအောင် ဘောလုံးကို “တော့” ကစားနေတာ အကြိမ်ရေက တစ်ထောင်ကျော်နေပါပြီ။
ဘောလုံးကို ကျွမ်းကျင် ပိုင်နိုင်စွာ ဆော့ကစားနိုင်ဖို့ အခြေခံလေ့ကျင့်ရတဲ့ ခြေဖျားနဲ့ ဘောလုံး “တော့”ပြီး လေ့ကျင့်နည်းကို ဘောလုံးကစားနေကြ လူကြီး တစ်ယောက်တောင် တခါတည်း အကြိမ်ရေ ရာဂဏန်း ရဖို့ဆိုတာ မလွယ်ကူပါဘူး။
အရပ် ၄ ပေ ၃လက်မ ရှိတဲ့ ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်နဲ့ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က ဘောလုံး “တော့” ကစားတဲ့ အကြိမ်ရေ (၁၆၀၀)ကျော် ရောက်တဲ့ထိ မောပန်းပုံမပေါ်ပဲ ကစားနေဟန်က ပေါ့ပေါ့ပါးပါး။ အသက်အရွယ်နဲ့မလိုက် ဘောလုံးကို ခြေခွင်နဲ့ ခတ်လိုက်၊ ဒူးခေါင်းနဲ့ တိုက်လိုက် ၊ ဦးခေါင်းနဲ့ တော့လိုက် ကစားနေတဲ့ဟန်က မြန်မာနိုင်ငံ အနာဂတ် ဘောလုံးလောကအတွက် ဘောလုံးပါရမီရှင် တစ်ဦးအလား။
သူရိန်ထွန်းလို့ခေါ်တဲ့ ဆယ်နှစ်အရွယ် ဘောလုံးအားကစားဝါသနာရှင်ကလေးဟာ မန္တလေးသားတစ်ဦးဖြစ်တယ်။ ဘောလုံးအားကစားကို အသက် (၃) နှစ် အရွယ်ကစ ရှုးသွပ်သူ ဖြစ်ပြီး အသက် (၇) နှစ် အရွယ်မှာ ဘောလုံးအားကစားကို ပရောဖက်ရှင်နယ် ဘောလုံးအားကစား သင်တန်းတစ်ခုမှာ စနစ်တကျ စတင်လေ့ကျင့် ကစားခဲ့သူ။ သူ့ကိုသိတဲ့ ရွယ်တူကလေးတွေနဲ့ လူကြီးတွေကတော့ ချစ်စနိုးနဲ့ “ဒိုလေး” လို့ လည်း ခေါ်ကြတယ်။ သူဟာ မြန်မာလက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်ဖို့နဲ့ နိုင်ငံခြားအထိ ကြေးစားဘောလုံးသမားတစ်ဦးအဖြစ် သွားရောက်ကစားနိုင်ဖို့ထိ ရည်ရွယ်ချက်ကြီးမားသူ။
ဘောလုံးအားကစားကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရှုးသွပ်တာ ဒိုလေးလို့ ခေါ်တဲ့ သူရိန်ထွန်း တစ်ယောက်ထဲတော့ မဟုတ်။ သူနဲ့ တူတူ ညနေတိုင်း လေ့ကျင့်ကစားနေတဲ့သူ ဆယ်ကျော်သက်အရွယ် ယောက်ျားလေး ၃ ဦး နဲ့ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးတို့လည်း အပါအ၀င်ပါ။ သူတို့ ငါးဦးက ဘောလုံးအားကစားကို ရူးသွပ်ကြတဲ့ အနာဂတ်အတွက် ဘောလုံးပါရမီရှင်လေးတွေ။
“သားကိုယ်တိုင်ဝါသနာပါလို့ ၊ငယ်ငယ်ကတည်းကဘောလုံးတွေဝယ်တယ်။ဘောလုံးကန်တဲ့ ဖိနပ်တွေဝယ်တယ်။ သူငယ်ချင်းတွေနဲ့ဘောလုံးကန်တယ်။ ကြီးလာရင် မြန်မာလက်ရွေးစင်တစ်ယောက် ဖြစ်အောင်လုပ်မယ်။နိုင်ငံခြားထွက်ပြီး သွားကန်မယ်။ အခုလက်ရှိ ကန်နေတဲ့ မြန်မာလက်ရွေးစင် U20 ထဲက ကိုသန်းပိုင် ကိုကြိုက်တယ်။ နိုင်ငံခြား ကလပ်အသင်းတွေ အာစင်နယ် အသင်းကိုကြိုက်တယ်” လို့ သူရိန်ထွန်း ကပြောတယ်။
မြန်မာနိုင်ငံ အနာဂတ်ဘောလုံးလောက အတွက် အောင်မြင်တဲ့ ဘောလုံးအားကစားသမားတွေ တောက်လျှောက် ထွက်ပေါ်လာဖို့ အခုလို ၀ါသနာရှင်ကလေးတွေကို ငယ်ရွယ်စဉ်ကတည်း ပြုစုပျိုးထောင်ပေးဖို့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ ဒိုလေး တို့လို အပြင်က ဘောလုံးဝါသနာရှင် ကလေးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲက မန္တလေးမှာ ဘောလုံးလေ့ကျင့်ကစားဖို့အတွက် အများပြည်သူကစားလို့ရတဲ့ ဘောလုံးကွင်းတွေ ရှားပါးလာတာပါပဲ။ ဒီလို အခြေအနေမျိုးမှာ ဒိုလေး တို့လို ဘောလုံးအားကစားကိုရူးသွပ်တဲ့ ကလေးတွေက သူတို့ရဲ့ အားလပ်ချိန်လေးမှာ ဘောလုံးကစားနည်းကို နည်းပြ ဆရာနဲ့ စနစ်တကျသင်ပြီး ဘောလုံးကွင်း အတည်တကျမရှိပဲ ရှိတဲ့ နေရာမှာ ဖြစ်သလိုလေ့ကျင့်နေကြရတာဖြစ်ပါတယ်။
ညနေ ၄နာရီခွဲကနေ ညနေ ၆နာရီထိက ဒိုလေးတို့ သူငယ်ချင်းတစ်စု နေ့စဉ် ဘောလုံး လေ့ကျင့်ကြပါတယ်။ သူတို့ကို လေ့ကျင့်ပေးနေတဲ့ ဆရာက ၁၉၇၀ခုနှစ်ကနေ ၁၉၇၇ ခုနှစ်ထိ အိုလံပစ်ဖလား ၊ မာဒေးကားဖလားတို့မှာ ၀င်ရောက်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေး။ သူတို့တွေ လေ့ကျင့်နေတဲ့ နေရာက မန္တလေးမြို့က ၀န်ကြီးဌာန တစ်ခုပိုင် မြက်ခင်းစိမ်းစိမ်းနဲ့ ဘောလုံးကွင်းကြီးနှစ်ခုရဲ့ ကြားက မြေကွက်လပ်နေရာလေးတစ်ခုမှာ။
“ရပ်ကွက်ဘောလုံးကွင်းတွေလည်းမရှိတော့ဘူး။အရင်ကနာမည်ကြီးခဲ့တဲ့ ကွင်းတွေလည်းမရှိတော့ဘူး။အခု ဒီနေရာလေးတောင် လုပ်ပါရစေဆိုပြီး ခွင့်တောင်းလို့ နားလည်မှုနဲ့ လုပ်ရတာ။ ရှိတဲ့ ကွင်းတွေကြတော့လည်း လူကြီးလာရင်ပြဖို့ပဲ။ လူကြီးလာကြည့်ရင် မြက်တွေစိမ်းလန်းနေဖို့ပဲ။တကယ်တမ်း ကလေးတွေ သင်တန်းလုပ်နေမယ်။ ကစားနေမယ်ဆိုရင် မြက်စိမ်းဖို့က အဓိက မဟုတ်ဘူး။ကလေးတွေ ပြည့်နေဖို့ကအဓိက” လို့ မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေးက ပြောပါတယ်။
မန္တလေးမြို့က ဘောလုံကွင်းအချို့ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ ၇၀ ရာခိုင်နှုန်းနှီးပါးလောက် တဖြည်းဖြည်းပျောက်ကွယ်ခဲ့တယ်။ ၁၉၈၈မတိုင်ခင်က မန္တလေးမြို့မှာ ဘောလုံးကွင်းတွေ အမြောက်အမြားရှိခဲ့တယ်။ မြောက်ပြင်အရပ်က ယခုအခါ ဈေးလုပ်ထားတဲ့ ဆရာစံကွင်း၊ တမ္ပ၀တီရပ်ကွက်မှာရှိပြီး လျှပ်စစ်ဌာနကအသုံးပြုနေတဲ့ သခင်ဖိုးလှကြီးကွင်း၊လက်ရှိ ရေပေးဝေရေးစက်ရုံတည်ဆောက်ထားတဲ့ မလွန်ကွင်း၊မန္တလေးတောင်ခြေမှာရှိတဲ့ မြရတနာကွင်းတွေဟာ ပြိုင်ပွဲတွေကျင်းပခဲ့တဲ့ ဘောလုံးကွင်းတွေဖြစ်ပြီး ထူးချွန်တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းပဏာမ ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့သူ ဦးငြိမ်းချမ်း(စာရေးဆရာ ညီပုလေး) ကဆိုတယ်။
“ကိုယ်ရဲ့ ကလေးတွေကို ဘောလုံးကွင်းထဲမှာပဲ ကန်စေချင်တယ်။ လမ်းပေါ်မှာမကန်စေချင်ဘူး။ ကျွန်တော်က သားအခုလို ဘောလုံး အားကစားဝါသနာပါတာကို အားပေးတယ်။ ဒါဆို ကျန်တဲ့ မူးယစ်ဆေးဝါးတို့ မှာ စိတ်မရောက်တော့ဘူး။ ကလေးတွေ ကျန်းမာရေးအတွက် လည်းကောင်းတယ်။ ကျတော်တို့တက်နိုင်သလောက် အားကစားဝတ်စုံ လိုသလား၊ဖိနပ် လိုသလား တတ်နိုင်သလောက် ပံ့ပိုးပေးတယ်”လို့ သူရိန်ထွန်း(ခေါ်) ဒိုလေးရဲ့ ဖခင် ကိုမျိုးကျော်ကပြောတယ်။
အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာသိပံ္ပက ဘောလုံးဝါသနာပါတဲ့ အနယ်နယ်အရပ်ရပ်က ကလေးတွေကို အသက် အပိုင်းအခြားအလိုက် နှစ်စဉ်ရွေးချယ်ပြီး ဘောလုံးအားကစားသမားမျိုးဆက်ကို မြေတောင်မြှောက်ပေးနေပေမယ့်လည်း ဘဏ္ဍာငွေအခြေအနေအရ လက်ခံသင်ကြားပေးနိုင်တဲ့ အရေအတွက်ကနည်းတယ်။ ရွေးချယ်မခံရတဲ့ ကလေးတွေနဲ့ ရပ်ကွက်ထဲမှာ ဘောလုံးအားကစားကို ၀ါသနာပါတဲ့ ကလေးတွေကို တစ်ဖက်တစ်လမ်းကနေ ထူးချွန်တဲ့ ဘောလုံးသမားတွေ ဖြစ်လာဖို့ နည်းစနစ်ကျကျသင်ပေးပြီး မြေတောင်မြှောက်ပေးမယ့် အဓိက မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးတွေက အဆင်သင့်ရှိနေပေမယ့် အခက်အခဲက လေ့ကျင့်သင်ကြားပေးဖို့ အားကစားကွင်းသတ်သတ်မှတ်မှတ် မရှိတာပါပဲ။
ဘောလုံးဝါသနာရှင်ကလေးတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရပ်ကွက် အလိုက် ၊ မြို့နယ်အလိုက် ဘောလုံးအားကစားကွင်းတွေ ကို အကောင်အထည် ဖော်ပေးဖို့ လိုအပ်နေပြီး လက်ရှိ ရပ်ကွက်တိုင်း ၊မြို့နယ်တိုင်းမှာ အကောင်အထည်မဖော်နိုင်သေးရင်တောင် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတစ်ခုကို ဘောလုံးဝါသနာရှင်ကလေးတွေ လေ့ကျင့်ကစားတာလုပ်နိုင်ဖို့ ခွင့်ပြုပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဦးခင်မောင်လေးက ဆိုတယ်။
“အားကာမှာ လေ့ကျင့်ကွင်းတွေ ရှိတယ်။ အဲဒီကွင်းထဲက တစ်ကွင်းကွင်းလောက်ရမယ်ဆိုရင်ကို အဆင်ပြေတယ်။ လေ့ကျင့်ရေးကွင်းတွေ အများကြီးရှိပေမယ့်ဒီအတိုင်းပဲ အလှကြည့်ထားတယ်” လို့ ဦးခင်မောင်လေးကပြောတယ်။
အများပြည်သူ လေ့ကျင့်ဖို့ ဘောလုံးကွင်းတွေ ကွယ်ပျောက်လာတာ ၊ ကလေးအများစုဟာ တစ်နေကုန်၊ တစ်နှစ်ပတ်လုံး ကျူရှင် နဲ့ ကျောင်း အချိန်ကုန်နေကြတာတွေဟာ ဘောလုံးအားကစားကို စိတ်ဝင်စားတဲ့ ငယ်ရွယ်တဲ့ မျိုးဆက်လည်း အရင်ခေတ်တွေကနဲ့နှိုင်းယှဉ်ရင် တစ်ဖြည်းဖြည်း နည်းလာတယ်လို့ ဦးခင်မောင်လေးက သူ့အမြင်ကိုပြောတယ်။
မန္တလေးဟာ အဆက်ဆက်မှာ ထူးချွန်တဲ့ ဘောလုံးအားကစားသမား အများအပြားပေါ်ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မန္တလေးမြို့ပေါ်ထက် နယ်ဘက်တွေကသာ ပေါ်ထွက်လာတတ်ကြပြီး မြို့ပေါ်နေထိုင်ကြတဲ့ ကလေးတွေထဲက ထူးချွန်တဲ့ ဘောလုံးအားကစားသမားပေါ်ထွက်တာမျိုး မရှိသလောက်ဖြစ်လာပါတယ်။
မန္တလေးမြို့မှာ နေထိုင်ပြီး ကိုယ်တိုင်လည်းဘောလုံးအားကစားကို ၀ါသနာပါသူ၊ ဘောလုံးကစားချင်တဲ့ ကလေးတွေ တွေ့ရင်လည်း ပံ့ပိုးကူညီနေသူဖြစ်တဲ့ ဦးသုခက “ဘောလုံးဝါသနာပါသူ ဘယ်လောက်အထိ ရှားလည်းဆိုရင် လမ်းမှာ ဘောလုံးကန်တဲ့ ကလေးတွေ လိုက်မှတ်ထားတယ်။ဘယ်သူတွေကန်တယ်။နောက်နေ့ သူတို့ကို ကားပေါ်တင်ပြီး အားကစားပစ္စည်းရောင်းတဲ့ဆိုင်ခေါ်သွားပြီးတော့ ဖိနပ်တွေဝယ်၊အင်္ကျီတွေဝယ်ပေးတယ်။ကားတွေနဲ့ ကြိုပို့ပေးတယ်။ နောက်ဆုံးတစ်ယောက်ချင်းပျောက်သွားတာဘယ်သူမှ မရှိတော့ဘူး” လို့ သူကြုံတွေ့ရတာကိုပြောပြတယ်။
အခုလို အခက်အခဲ အချို့ရှိနေပေမယ့်လည်း အဆိုးထဲက အကောင်းအနေနဲ့  ဘောလုံးကို ရူးသွပ်တဲ့ သူ့တပည့် ဒိုလေးတို့ အုပ်စု အပေါ်မှာ ဦးခင်မောင်လေးက အများကြီးမျှော်လင့်ထားတယ်။
“ဒီအရွယ်နဲ့ ဒီလောက်ရဖို့ဆိုတာ မလွယ်ဘူး။ အကုန်ဖြစ်နိုင်တဲ့သူတွေချည်းပဲ။
တစ်ခုရှိတာကဒီအရွယ်ကနေ ကြီးလာတဲ့အရွယ်ထိ ကံ တွေလည်းပါသေးတာကို။ ကြားထဲမှာ အဲဒါတွေတော့ ရှိတာပေါ့။ဒါပေမယ့် ဒီကလေးတွေကတော့ ပါရမီရှင်တွေပဲ” လို့ ဦးခင်မောင်လေးက သူ့တပည့်တွေကို ကြည့်ပြီးပြောတယ်။
မိုးဖွဲ့ဖွဲ့အောက် ဗွက်ထနေတဲ့ မြေသားပျော့ပျော့ပေါ်မှာ ဘောလုံးကို ပျော်ရွင်စွာ ဆော့ကစားနေတဲ့ ဒိုလေးတို့ ကလေး (၅)ယောက်။ သူတို့တစ်ကိုယ်လုံးမှာ ရွံဗွက်တွေ ပေကျံလို့။
သက်စုအောင်
ဓာတ်ပုံ - The Messenger
ဒီဆောင်းပါးဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် မက်ဆင်ဂျာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...