Saturday, August 22, 2015

ကျနော်တို့ နိုင်ငံမှာဆိုရင်


ဒီသူနာပြုဆရာမလေးက မေရီလို့ခေါ်ပါတယ်… ဆစ်ဒနီမြို့ က ဆေးရုံမှာ အလုပ်လုပ်နေတာ ၃ နှစ်ပြည့်ပါပြီ…
ဒီနှစ်ပိုင်းမှာ ဆစ်ဒနီရဲ့ ရာသီဥတုက အပြောင်းအလဲတွေဖြစ်တော့ ဆေးရုံတက်လူနာတွေက ခါတိုင်းနှစ်ထက်စာရင် အရမ်းကို များလာပါတယ်… သူနာပြုမေရီ ခမျာ အလုပ်ရှုပ်တာ မှတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ပါဘူး…

တစ်နေ့မှာ လူနာတွေကို ဆေးပေးနေတဲ့အချိန်သူဟာ ဘယ်ကနေဘယ်လိုဖြစ်ပြီး ဆေးမှားပေးမိပါတယ်…
ကံကောင်းတာက အချိန်မှီ သိလိုက်ရလို့ အမှားကြီးကြီး မဖြစ်သွားဘူးပေါ့…
ဒါပေမဲ့ ဆေးရုံရဲ့ အုပ်ချုပ်မှု ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးတယူ စုံစမ်းစစ်ဆေးဖို့ ပြုလုပ်ခဲ့ပါတယ်…
အဲဒီ စုံစမ်း စစ်ဆေးရေးက ကျနော့ကို အံ့သြ သင့်စေပါတယ်…
အရင်ဦးဆုံး စုံစမ်းစစ်ဆေးတာကတော့ သူနာပြု ဌာနပါ…
စုံစမ်းစစ်ဆေးသူတွေဟာ ကွန်ပြူတာ ကနေ ဒီရက်ပိုင်း အတွင်းမှာရှိတဲ့ လူနာစာရင်းကို ထုတ်ယူခဲ့ပါတယ်…
အဲဒီမှာ သူတို့ တွေ့ရှိခဲ့တာကတော့ အဲဒီသူနာပြု တာဝန်ယူထားရတဲ့ လူဦးရေဟာ ၃၀ ရာခိုင်နှုန်းတိုးလာပါတယ်… ဒါပေမဲ့ သူနာပြု ဦးရေ ကို တိုးထားပေးခြင်းမရှိပါဘူး…
စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်တစ်ခုက သူနာပြု ဌာနက အချိန်မှီ ၀န်ထမ်းဦးရေ မတိုးပေးနိုင်ဘူး… အဲဒီအတွက်ကြောင့် မေရီရဲ့အလုပ်ဝန် ပိုသွားစေပြီး အလုပ်ပင်ပန်းမှုတွေ ဖြစ်စေပါတယ်… ၀န်ထမ်းဦးရေ ခွဲဝေချထားရေးမှာ ပေါ့လျော့မှု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်…
ပြီးတော့ ၀န်ထမ်းရေးရာ ဌာနက နှစ်သိမ့်ဆွေးနွေး ဆိုင်ရာအပိုင်းကို ဆက်ပြီးစုံစမ်းစစ်ဆေးပါတယ်…
မေရီရဲ့ အိမ်မှာ အခုတလော ဘာပြသနာတွေရှိခဲ့သလဲ?
စုံစမ်း သိရှိလိုက်တာကတော့ မေရီ မှာ ခုလေးတင် ၄ နှစ်ပြည့်တဲ့ သားလေးတစ်ယောက်ရှိတယ်… မူကြို စတက်တော့ အဆင်မပြေဘူး… နေ့နေ့ ညည ငိုနေတယ်… မေရီ ညဖက် ကောင်းကောင်းမနားရဘူး…
စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ နောက်ဆုံးဖြတ်ချက်တစ်ခုက “ဆေးရုံရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုမှာ အချိန်မှီ မပံ့ပိုးနိုင်လို့ စိတ်ကျန်းမာရေးဌာနရဲ့ ပေါ့လျော့မှု” လို့ ချမှတ်ခဲ့ပါတယ်…
နောက် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးပါတယ်…
စုံစမ်းစစ်ဆေးရေး ပညာရှင်တွေ ရဲ့ ထင်မြင်ချက်ကတော့ “ဘယ်သူမှ ဆေးမှားပြီး ပေးချင်မှာ မဟုတ်ဘူး… ဒီထဲမှာ အကြောင်းရင်းတော့ တစ်ခုခုရှိရမယ်…”
သူတို့ ဟာ မေရီ ပေးမှားလိုက်တဲ့ ဆေးတွေကို တန်းစီပြီး ယှဉ်ကြည့်ပါတယ်…
တွေ့ရှိတာကတော့ အဲဒီဆေး အမျိုးအစားတွေဟာ အပြင်ပန်းအရဘဲ ဖြစ်ဖြစ် အရောင်အရဘဲဖြစ်ဖြစ် ဆင်တူဖြစ်နေတာကြောင့် ရောသွားနိုင်ပါတယ်…
သူတို့ဟာ ဆေးကုမ္ပဏီကို စာပို့လိုက်ပါတယ်…
ဆေးရဲ့ အပြင်ပန်းထုတ်ပိုးမှုကို ပုံစံပြောင်းလဲ ဖို့ ဒါမှမဟုတ် ဆေးရဲ့ ပုံသဏ္ဌာန် ကိုပြောင်းလဲဖို့ကို အကြံပြုလိုပါတယ်ဆိုတဲ့အကြောင်း… သူနာပြုတွေ ဆေးပေးမှားတာကို တတ်နိုင်သလောက် လျှော့ချဖို့ ရည်ရွယ်ကြောင်းကို စာပို့ခဲ့ပါတယ်…
ဆေးရုံရဲ့ ဆုံးဖြတ်ချက်က မေရီကို ခွင့်ပေးအနားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်…
အဲဒီရက်ပိုင်းမှာ မေရီဟာ တော်တော်လေးကို စိုးရိမ်ပူပန်ခဲ့ပါတယ်… ဆေးရုံက သူ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာကို တွေးပြီး သောကရောက်ခဲ့ရပါတယ်…
ဆေးရုံက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ သူ့အိမ်ကို သွားပြီး နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးပါတယ်… သူ့ကို လူနာလျောကြေးအတွက် စိတ်မပူဖို့… အာမခံကုမ္ပဏီကနေ တာဝန်ယူပြီး ဖြေရှင်းလိုက်ပြီဆိုတဲ့အကြောင်း သူကိုရှင်းပြပါတယ်… နောက်ပြီး မေရီတို့ မိသားစုနဲ့လဲ ကလေးကို ဘယ်လိုစောင့်ရှောက်ဖို့ လိုအပ်လို့ရှိရင် လူမှုကူညီရေးအဖွဲ့ကနေ ၁၀ နာရီအတွက် ကူညီဖို့ လျှောက်ထားနိုင်ကြောင်း… မေရီ ညဘက် ဂျူတီကျရင် လူမှုကူညီရေးအသင်းက သူတွေဟာ ကလေးကို ကောင်းကောင်းဂရုစိုက်ပေးနိုင်ပြီး သူကောင်းကောင်းအနားယူနိုင်တဲ့အကြောင်း ပြောပြပါတယ်…
တစ်ချိန်တည်းမှာဘဲ ဆေးရုံကလဲ သူ့ သားလေးနဲ့ မူကြို ကျောင်းကို နေသားကျသွားအောင် ကူညီနိုင်ဖို့ သူ့ကို ခွင့်ရက်ပေးလိုက်ပါတယ်… အဲဒီနောက်ပိုင်းမှာ မေရီက အလုပ်မှာ ပိုပြီး အသေးစိတ်နိုင်လာသလို အဲဒီလို အမှားမျိုးကိုလဲ ထပ်ပြီး ကျူးလွန်သူမရှိသလောက်ဖြစ်သွားပါတယ်… သူနဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီအလုပ်ကို အရမ်းနှစ်သက်ပြီး တောက်လျှောက်ဆက်ပြီး လုပ်သွားချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်…
သူနာပြုအလုပ်ဆိုတာ ပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်… သြစတြေးလျမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ လူတွေ လေးစားတဲ့အလုပ်တစ်ခုဖြစ်နေတာ မက်မောစရာကောင်းတဲ့ လုပ်ခနဲ့ ခံစားခွင့်တွေအပြင် တခြားသောအကြောင်းရင်းတွေ အများကြီးရှိဦးမယ်လို့ ကျနော်ယုံကြည်ပါတယ်…

ကျနော်တို့ နိုင်ငံမှာဆိုရင်ကော်ဘယ်လိုဖြစ်သွားမလဲ?
အရင်ဦးဆုံး မေရီကတော့ အဆူခံ အဆဲခံ အထောင်းခံ ရမှာတော့ အမှန်ပါဘဲ…
“ဒီလို ပေါ့ဆမှု ဖြစ်သင့်သလား… အခု မီဒီယာခေတ်မှာ ဆေးရုံက မမှားတာတောင် နေ့တိုင်း ဆဲခံထိနေတာ ဆေးရုံအုပ်ကို ထပ်ပြီး ပြသနာရှာပေးနေတာလား ?”
သူနာပြုဌာနက အရေးပေါ်အစီးဝေးခေါ် … နောက်ဆုံး “ထုချေလွှာ” တင် …
လူနာရှင်ကလဲ သိတော့ ဆေးရုံရှေ့မှာ မဆိုင်သူတွေ စုဝေးရောက်ရှိလာပြီး ကြမ်းကြမ်းတမ်းတမ်း ဆဲဆို ဆန္ဒပြ “ထမိန်အနီဝတ် လူသတ်သမား အလိုမရှိ… လိုင်စင်ရ လူသတ်သမား ချက်ချင်းဖြုတ်… ”
အဲဒီအချိန်မှာ မီဒီယာ သတင်းထောက်တွေကလဲ ဘယ်ကနေဘယ်လိုဖြစ်ပြီးမသိ စုဝေးရောက်ရှိလာခဲ့…
သတင်းထောက်တစ်ယောက်က မေရီကိုမေးတယ်… “ဘာဖြစ်လို့ ဆေးမှားပြီးပေးရတာလဲ?”
မေရီက “ဒါတွေအားလုံးဟာ ကျမအမှားပါ… ကျမ မှာ အပြစ်ရှိပါတယ်… နောက်ကျရင် ဒီလိုအမှားမျိုးထပ်မဖြစ်အောင်ဂရုစိုက်ပါမယ်…”
သတင်းထောက်က ထပ်မေးတယ်… “တခြားအကြောင်းရင်း ဘာများရှိဦးမလဲ?”
မေရီက “အဓိက ကတော့ ကျမ အမှားပါဘဲ…”
သတင်းထောက်ကလဲ ဆက်ပြီး သဘောထားကောင်းကောင်းနဲ့ သူ့ကို ဖွင့်ပြောလာအောင် လမ်းကြောင်းဖွင့်ပေး “ဆရာမကိုဘဲ အားလုံးအပြစ်ပုံချလို့ မရဘူးလေ… တစ်ခြား ခိုင်လုံတဲ့ အကြောင်းပြချက်လေးဘာရှိမလဲ ?”
မေရီကလဲ စဉ်းစားပြီး သိပ်မသေချာပေမဲ့ ဖြေလိုက်တယ်…
“အခုတလော ဆေးရုံမှာ ပုံမှန်ထက် လူနာ ၃၀ ရာခိုင်နှုန်းတိုးလာတယ်… ဆေးရုံ ၀န်ထမ်းဦးရေမလောက်ဘူး… လူနာအရမ်းများတယ်… ကျမတို့ အလုပ်လဲ အရမ်းရှုပ်တော့ မမှားသင့်တဲ့အမှားမျိုး မှားမိတာနေမှာပါ… ဒီအကြောင်းပြချက် ခိုင်လုံလားဟင်?”
သတင်းထောက်ကလဲ ဒါကိုကြားတော့ ပျော်ပြီး အင်တာဗျူးကို အဆုံးသတ်လိုက်တယ်…
နောက်ရက်မှာ သတင်းစာ ဂျာနယ် မျက်နှာဖုံးမှာ... Facebook မီဒီယာမှာ ခေါင်းစဉ်နဲ့ ပါလာတာက မေရီရဲ့ စကားကို ဖြတ်ညပ် လုပ်ထားတဲ့… “ အလုပ်များ… ဒါကြောင့်… အမှားလုပ်…”
ဒါနဲ့ Facebook မီဒီယာမှာ အောက်က ဝေဖန်ရေးသမားတွေက ဝေဖန်ရေး စစ်ပွဲ စလို့ ဆင်နွှဲ…
“နတ်စ်မက ဘာမို့လို့ အလုပ်ရှုပ်တာနဲ့ အမှားလုပ်လို့ဆင်ခြေပေးလို့ရသလား?”
သူပြောပုံအရဆို အလုပ်များတာနဲ့ အမှားတွေ လုပ်လို့ရသလား?
ခွဲစိတ်ဆရာဝန်က အလုပ်များလို့ နေရာမှားခွဲတာ…
မေ့ဆေးဆရာဝန်က အလုပ်များလို့ လူနာကို မေ့ဆေးပေးများသွာတာ…
ကျောင်းဆရာက အလုပ်များလို့ ကျောင်းသားတွေကို အမှားတွေ သင်ပေးလိုက်တာ…
စတာတွေ လုပ်လို့ရသလား?
အသက်ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ… လူ့အသက်ကို လက်မှာကိုင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်များတယ်ဆိုတဲ့ ဆင်ခြေနဲ့ အမှားလုပ်လို့မရဘူး ဆိုပြီး ကလောင်စွမ်းတွေ အပြိုင်ပြကြတာပေါ့…
နောက်ဆုံး အာဏာပိုင် အထိပါရောက်သွားတော့ အထက်က အမိန့် နဲ့ စာလာ… ဆေးရုံက ၁၀ သိန်းလျော… ဆေးရုံတက်စရိတ်အားလုံးငြိမ်း… ၂ ဦး ၂ဖက် သဘောတူပြေငြိမ်း…
ဆေးရုံအုပ်ကလဲ စိတ်ထဲမှာ မကျေနပ်… ရုံခန်းထဲ ပြန်ရောက်တော့ Facebook ဖွင့်လိုက်တယ်… အဲ့မှာ ပေါ်လာတဲ့ဆောင်းပါးက “အသက်ကို ကလေးကစားစရာတစ်ခု လို ထားလို့မရ… အပြစ်ပေးရုံနဲ့ ပြီးရောလား?”
ဆောင်းပါးထဲမှာ ထပ်ရေးထားတာက “မေရီလိုမျိုး သူနာပြု ရဲ့ ပေါ့ဆမှုက လူနာတွေရဲ့ အသက်ကို အဓိက မထားသလိုဘဲ… ဒီလို ၀န်ထမ်းမျိုးကို အမြစ်ပြတ်ချေမှုန်းမှ ပြည်သူ့ ကျန်းမာရေးအတွက် အာမခံချက်ရှိမယ်…”
ဆေးရုံအုပ်ကလဲ စဉ်းစားပြီး “အင်း… ဖြစ်နိုင်တယ်… ” အမိန့်ထုတ်လိုက်တယ်… “မေရီကို အလုပ်ထုတ်စေ…”
မေထရွန်က ဆေးရုံအုပ်ကို တောင်းပန်ရှာပါတယ်… “သူနာပြု ၁၀ ယောက်က လူနာအယောက် ၈၀ လောက် တာဝန်ယူနေရတာ … အခု လက်ရှိတောင်မနိုင်တာ သူ့ကို အလုပ်ဖြုတ်လိုက်ရင် ၉ ယောက်ဘဲ ကျန်မှာ… ဘယ်လိုမှ မနိုင်ပါဘူးရှင်…”
ဆေးရုံအုပ်ကလဲ “သူနာပြုတွေရဲ့ အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ကို မြှင့်တင်ရမယ်… သူတို့ရဲ့ လုပ်နိုင်စွမ်းအားကို မြှင့်တင်ပေးရမယ်…”
မေတရွန်က မကျေနပ်ဘူး… ထပ်ပြောတယ်… “အလုပ်များရင်အမှားလုပ်ဖို့ အခွင့်အရေးပိုများတယ်… အဲဒီအချိန်ကျရင် ကျမတို့ သူနာပြုဘဲ တာဝန်ခံရမှာလားရှုင်?”
ဆေးရုံအုပ်က မျက်စောင်းတစ်ချက်ထိုးပြီး … “အလုပ်များနေလဲ အမှားမလုပ်မိစေနဲ့… သူနာပြုတစ်ယောက်က လူနာ အယောက် ၁၀၀ ကိုင်ရလဲ အမှားမလုပ်မိစေနဲ့…ပေးထားတဲ့ တာဝန်ကိုလဲ ပြီးအောင်လုပ်ရမယ်… သူနာပြုတွေရဲ့ တာဝန်ယူလိုစိတ် နိုက်တင်ဂေး စိတ်ဓာတ်ကို မြှင့်တင်ပေးရမယ်… သဘောပေါက်လား…”
နောက်ဆုံး မေထရွန်လဲ သက်ပြင်း အရှည်ကြီး တစ်ချက်ချပြီး နောက်ဆုတ်လိုက်ရပါတယ်…
နောက်ဆုံးတော့ အလုပ်ထုတ်ခံလိုက်ရတဲ့ သူနာပြုလေးက အဲဒီလူတွေ အားလုံးကို ကျေးဇူးတင်နေမိတယ်… သူ့ကို လူ့ဘ၀ရဲ့ ပိုမိုလှပတဲ့ အရာတွေကို ခံစားရရှိစေတယ်…
နွေဦးရာသီရဲ့ မနက်ခင်းတစ်ခုမှာ… တောင်တန်းပြာပြာမှာ အပြာေ၇ာင်ဖျော့ဖျော့ မြူနှင်းတွေ ဖုံးအုပ်လို့…
ရောင်စုံပန်းမြိုင်တွေလဲ အပြိုင်ပွင့်လို့… မြက်ခင်း စိမ်းစိမ်းမှာ မေရီလို့ခေါ်တဲ့ အမျိုးသမီးလေးက သူ့ အမျိုးသားရဲ့ လက်မောင်းလေးကို ချိတ်ပြီး ကလေးလေးကို လက်တွဲလို့ တောင်တန်းကြားက မြေနီလမ်းမှာ ပြောပြောဆိုဆို ရယ်ရယ်မောမောပေါ့ဗျာ…
သူ သူနာပြုမလုပ်တာ ကြာခဲ့ပါပြီ… သူ သူနာပြု မလုပ်တော့မှ သိမိလိုက်တယ်…
ဒီလောက က ဘယ်လောက်သာယာသလဲဆိုတာ… စနေတနင်္ဂနွေဆို မိသားစုနဲ့ ခရီးထွက်ချင်ထွက်လို့ရတယ်… တရားဝင် ရုံးပိတ်ရက်တွေဆိုလဲ နားနားနေနေ နေလို့ရတယ်… ညဖက်ဆိုလဲ အိမ်မှာ ကောင်းကောင်းအိပ်လို့ရတယ်… နေ့ ဂျူတီ ညဂျူတီတွေနဲ့ ဘ၀က ကမောက်ကမ ဖြစ်နေစရာမလိုတော့ဘူး… အလုပ်ဆင်းတာနဲ့ မိသားစုနဲ့အတူ တီဗွီကြည့် စကားလေးပြော... မိသားစုဘ၀ အရသာ အပြည့်ခံစားနိုင်တော့တာပေါ့ဗျာ…သူကတော့ ဆေးရုံအုပ်… ဂျာနယ်လစ်… Facebook ပေါ်က ဝေဖန်ရေး ဆရာတွေကို ကျေးဇူးတင်လို့ မဆုံးဘူးပေါ့ဗျာ…
ဒါလေးကိုတော့ ကိုယ့်အနီးအနားမှာရှိတဲ့ ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အထိပါရောက်အောင် မျှဝေပေးစေချင်ပါတယ်…
တာဝန်ဆိုတဲ့ နေရာမှာ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဆိုတာ သိစေချင်လို့ပါ… နောက် အထောက်အပံ့ပြုတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတာလဲ သိစေချင်ပါတယ်…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ heart emoticon
Wanna find out more? Like this page or Follow me @ https://www.facebook.com/aungyunaing

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...