Friday, August 14, 2015

“ရာသီခွင် နှင့် သိပ္ပံအမြင်”

 
            “ဝသန်ကာလ မိုးတွေကျတော့ တို့မြေကို တ ပါလို့၊ ပါး ပါးကွက် ထားအသားညက် မငြင်းပါဘု ကန်သင်းမှာလာလို့ ပွေ့ပါရော့ မေ။” လို့ ဟိုတနေ့ကမှ ကောက်စိုက်သမတွေနဲ့ ဖက်လှဲတကင်း အရင်းနှီးကြီး ရင်းနှီးပြတဲ့ ဘဘကြီးဟာ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီမှာပဲ မတည်မြဲသော အနိစ္စတရားအရ တာဝန်မှ အနားယူလိုက်ရတယ်။ အုတ်အော်သောင်းနင်း သတင်းထူးသတင်းဆန်းကြီး ဖြစ်နေပေမယ့်လည်း အရိပ်အကဲ အကြောင်းသုံးပါး နားလည်သူတွေအတွက်တော့ ဒါဟာ ဘာမှ မအံ့သြလောက်တဲ့၊ သည်ဖဲမှ မတက်ရင် တခြားဖဲ တက်စရာမရှိတဲ့၊ ဗေဒင်မမေးနဲ့ ဆန်ကုန်တယ် အတတ်ဟောစာတမ်းကြီးပါပဲ။ စပါးမွှေးစူးနေတာကတော့ ကြာပြီမဟုတ်လား။ ၄၃၆ အဆိုတင်သွင်းကတည်းက “တပ်မတော်အပေါ် သစ္စာဖောက်သူကြီးပါ” လို့ လူသိရှင်ကြား စွပ်စွဲပြစ်တင်လာခဲ့ပြီ။ ပြောရေးဆိုခွင့်ရှိသူကြီးက သမ္မတကြီးမှာ ခရိုနီသားသမီး မရှိတဲ့အကြောင်း၊ သူ့အရှိန်အဝါသုံးပြီး လုပ်ပိုင်ခွင့်ပေးထားတာမျိုးလည်း မရှိတဲ့အကြောင်း စောင်းကာမြောင်းကာ လော်ဘီလုပ်သွားကတည်းက သူတို့အကြားက အက်ရာကြီးက လူတကာမြင်ခဲ့တာလေ။
တယ်လီဖုန်းလေး ကားပေါ်မေ့ကျန်ရင်တောင် ပြန်မရတဲ့တိုင်းပြည်မှာ သိန်းသန်းကုဋေ မရေနိုင်သော မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ကားပေါ်က ဖမ်းမိသတဲ့။ ကားနံပတ်ကြီး ပြူးနေအောင် ပါတာတောင်မှ အဲ့ဒါကြီးက ပိုင်ရှင်ရှာမရဘူး။ ယိုးစွပ်တာကတော့ ခမည်းခမက် သူဌေးမင်းကြီးဆိုတော့ အဲသည်ကတည်းက ဘိန်းပစ်ဖမ်းဖို့ ကြံနေပြီလား မသိဘူး လို့ ကိုယ်တွေတောင် သင်္ကာမကင်း ဖြစ်နေရတဲ့အထဲ သူကတော့ “စီးပွားရေးရယ် ကြီးပွားရေးရယ် သမီးရည်းစားအရေးလည်း အောင်ပါစေ” လုပ်နေလို့ ကြက်ကလေး ငှက်ကလေး ကင်သလို အကင်ခံလိုက်ရသလား မသိပါဘူး။ တုတ်တုတ်မှတောင် မလှုပ်နိုင်ဘူး။ သမီးချွေးမ ခမည်းခမက်များတောင် မနေ့မနက်ကတင် လေယာဉ်နဲ့ ထွက်တော်မူနန်းကခွာရသတဲ့။


            အင်မတန်မှကို ဝန်တိုမစ္ဆေရိယအားကြီးတဲ့ ကိုယ်တွေဟာလည်း သူများဟာသူများ သူ့အကုသိုလ်နဲ့သူ အဝှာဖြစ်တာကို ငြိမ်ငြိမ်မနေဘူး။ ပြုံးစိပြုံးစိနဲ့ မျက်နှာပိုးတောင်သတ်မရ။ ယပ်လေအပင့်မှာ ဓါတ်တွေပွင့်ကုန်တုန်းကလည်းပဲ ဟဲဟဲ ဟဲဟဲ နဲ့။ အခုတခါ “အရင်မိန်းမဖို့ရွှေ သည်ရွှေ နောက်မိန်းမဖို့ရွှေ သည်ရွှေ” နဲ့ အရူးကွက်နင်းကုန်တော့လည်း လက်ခုပ်လက်ဝါးတီးမတတ်။ တကယ်ဆို ကိုယ်နဲ့ ဘာမှဆိုင်တာလည်း မဟုတ်။ အလကားနေရင်း အကုသိုလ်အတက်ခံတယ်။ “ငါ ဘာလို့များ စိတ်ပုတ်စိတ်ယုတ်တွေ မွေးနေမိပါလိမ့်နော်” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်တရားချပါတယ်။ ရဘူးဗျ။ တသက်လုံး ကိုယ်ချည့်ပဲ ခံလာရတာ။ အခု ကိုယ်ကပြန်မလုပ်နိုင်သော်ငြား သူ့စားရိတ်နဲ့သူသွားတာများတော့ အရိယာပုဂ္ဂိုလ်မှ မဟုတ်ပဲ။ ဝမ်းမသာ ခံနိုင်ရိုးလား။ “အောင်မယ် မင့်ဘယ်တုန်းက အီးနဲ့တောင်လှည့်ပေါက်ဖူးသတုန်း” လို့ မဆိုပါနဲ့။ သူတို့ပြုသမျှ နုခဲ့ရသော ကိုယ်အပါအဝင် သန်း ၅၀ သော မြန်မာနိုင်ငံသားများ အားလုံး ထပ်တူထပ်မျှ ခံစားကြရတာပါ။ လယ်သူမကြီးတွေနဲ့ ပွေ့ဖက်ပြလို့လည်း “ကျုပ်မောင်ကြီးတော်” ဖြစ်မသွားဘူး။ မယ်ဖျားနဲ့ ဆွယ်တရားတွေဟောနေတုန်းကလည်း ဒါကြီးကို ကိုယ့်လူပါလို့ ခံစားမရခဲ့ဘူး။ ဘာမှလာ မျက်လှည့်မပြနဲ့။ ဒင်း ဟိုပုတ်ထဲက ဟိုပဲစစ်စစ်။

            တတ်သိနားလည်သူ နိုင်ငံရေးပရောဟိတ်ကြီးများကတော့ ဦးရွှေမန်းကို အခုလို ထိန်းချုပ်လိုက်တာဟာ ဘျင်မကြီးကို Check Mate လုပ်လိုက်တာနဲ့ အတူတူပဲ လို့ ဆိုကြပါတယ်။ အတွင်းတော်ကလာသူများ စကားအရလည်း အဲသည်နှစ်ယောက်ဟာ အင်မတန်ရင်းနှီးလို့ ဆိုသကိုး။ နှစ်ယောက်ပေါင်းလို့ လောင်းကျော်သွားရင် ဟိုဘက်ကထိပ်သီးကြီးတွေကို ပလစ်သွားမှာစိုးလို့ မယ်မာယာ အားယူစရာ အင်ကြင်းကိုင်းကလေးကိုပါ ချိုင်ပလိုက်ဖို့ စိတ်ကူးရှိပုံရပါတယ်။ အစောကြီးကတည်းက ပြောဖူးပါတယ်။ သူတို့တတွေ ကျောချင်းကပ်နေတဲ့ အထဲက ဘွားတော်ဘက်ပါသွားတဲ့သူ ရှိရင် အကုန်မျိုးကန်းကုန်မှာစိုးလို့ တစ်ပွင့်ချင်းမဆိုင်စတမ်း သစ္စာရေတွေ သောက်ထားတာ။ ခြောက်ပွင့် မျက်နှာဆိုင်ထားတာတောင် နေကောင်းလားအပြင် ပိုမပြောဝံ့။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် တန်းစီညာညှိ လုပ်ရင်းမိုးလင်းကြရတာပါ လို့။ အခုတော့ သစ္စာဖောက်ကို ဘာလုပ်သလဲ သိပြီ မဟုတ်လား။ နောက်ထပ် သူတို့ထဲက ဓါးရိုးကမ်းရဲ ကမ်းကြည့်။ ဒိုမိုးဒိုမိုး ဖြစ်ကုန်မယ် လို့ သင်ခန်းစာပေးချင်တာလည်း ပါမယ်။ ဘာပဲပြောပြော အခု သည်လိုလက်ဦးမှု အရယူလိုက်တော့ “မင်း ဘာတတ်နိုင်သေးသတုန်း မမြဝင်း။ ညှင်းညှင်းညှင်းညှင်း” လို့ မပြောရုံတမယ်ပါပဲ။ အောင်မယ်ငီး။ ကြောက်တောင်ကြောက်လာပြီ။

            သူတို့အခင်းအကွက်တွေဟာ “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြောင်း” စာအုပ်ရေးထုတ်လာခဲ့တဲ့ တို့မေကြီးအတွက်တော့ မခြောက်ခြားလောက်ပါဘူး။ စကတည်းက ယုံမှတ်လို့ ပုံအပ်ထားမယ့်ထဲမှာ သူ မပါဘူး။ သူက သူ့ဟာသူနေရင်း သည်ဘက်ကလူတွေ အလကားနေ ထသတ်ကုန်ကြတာ ဝမ်းသာမယ်ဆိုရင်တောင် သာလို့ရနေပြီ။ ရယ်ပြီးတော့နေမယ်။ ပြုံးပြီးတော့နေမယ်။ ကျက်သရေရှိအောင်နေမယ်ပေါ့။ ဟုတ်ဘူးလား။ နဂိုကတည်းက သူတပါးအပေါ် အမှီသဟဲလုပ်ပြီးနေတာမှ မဟုတ်တာ။ ညောင်ထောက်ဝါးလုံးကလေး ကျိုးသွားရုံနဲ့ ညောင်ပင်ကြီး ပြိုမသွားဘူး။ မြခြေကျင်းမငွေမြိုင်ဇာတ်ထဲမှာ ရွှေမန်းဝင်ကရုံနဲ့ ကိုတင်မောင်ဇာတ်စီး ဖြစ်သွားတာ မဟုတ်။ သူဝင်ကတာတောင် တူမပေးဒေါ်မြိုင် သီချင်းနဲ့ ဆီးသီးကောက်ထွက်ရတာ စာအုပ်တွေထဲမှာ မယုံဖတ်ကြည့်။ အာဏာရပါတီကြီး ထီကနဲကွဲထွက်သွားတာ အတိုက်အခံက ကမနေသင့်ဘူးလား ပြော။ ဒီ့ထက်ပိုပြီး သေချာတဲ့ အကြောင်းပြချက်ကတော့ ဘွားတော်က သူ့အတ္တ သူ့ကိုယ်ကျိုးစီးပွားအတွက် ကုလားထိုင် အငမ်းမရမျှော်နေတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် လွဲချော်သွားခဲ့ရင် ဝမ်းနည်းစရာအကြောင်း သူ့မှာ မရှိ။ “If တစ်လုံးလောက်များ ရလိုက်လို့ကတော့လေ ပဲရစ်မြို့ကြီးကိုတောင် တစ်ညအတွင်း ပုလင်းထဲသွပ်ပလိုက်လို့ရတယ်” ဆိုတဲ့စိတ်။ “With an if, one night can put Paris in a bottle.” တဲ့။ ဟိုဘက်မှာက “မတော်လို့များ…” လို့ တွေးလိုက်ရင်ကို အိပ်မပျော်စားမဝင် သေလျှင်မဖြောင့် အပယ်ကြောင့်ကျကြီးတဲ့စိတ်။ “Until and Unless” တွေနဲ့ လေထဲ တိုက်အိမ်ဆောက်ထားတာ။ ဘယ်သူက အသာစီးလဲ မြင်အောင်ကြည့်။

            ဆင်သေကို ဆိတ်ရေနဲ့ဖုံးဖို့ တာဝန်ပေးထားခံရသူများကတော့ “နေပြည်တော်မှာ သည်ကနေ့မနက် သာသာယာယာပဲ” တို့။ “သူတို့ဟာသူတို့ ပါတီခိုင်မာတောင့်တင်းအောင် ပြုပြင်ပြောင်းလဲမှုကလေးတွေ လုပ်တာပါ” တို့။ လေပြေလေးထိုးပြီး “တိုင်းပြည်မြို့ သာယာစေသား” လို့ အထဲကလူတွေ အဝတ်လဲချိန်ရအောင် ပရိကံလေးတွေ ပြောပေးနေကြသား။ နောက်ကပေါ်သွားတာက
ဆွေတော်မျိုးတော်တွေ အကုန်ဆွဲစိခံရတာ။ ယူနီယံသတင်းစာတိုက်ကြီး ရပ်ပလိုက်ရတာ။ ချယ်ရီ FM ကြီး အသံမထွက်တော့တာ။ သူရေးထားတဲ့ ခြေဥကို သူကိုယ်တိုင် မလိုက်နာနိုင်တော့ပဲ ပွဲကြမ်းပလိုက်ရတာတွေပါပဲ။ (ပါတီထဲလူလဲတာ သမ္မတငုတ်တုတ်ကြီးက ဝင်လုပ်တယ်လေ။) ပါတီတွင်းအပြောင်းအလဲမှာ စစ်တပ်ကပါရတာကြည့်ရင် တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ မကင်းတာ ဖုံးမရတော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌကို ဘယ်ဥပဒေနဲ့ ဖြုတ်ချမလဲ မသိပေမယ့် ဟိုလူကြီးစကားအရဆိုရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့ ကိုင်မယ့်ဟန် ရှိပါတယ်။ သိပ်မကြာပါဘူး။ နောက် တရက်နှစ်ရက်ဆို သိရတော့မယ့်ဟာ။ ကာယကံရှင်ကို မိုက်ခွက်တစ်ချက်ကမ်းပေးနိုင်ရင်ကို သိရပါတယ်။ ဦးဆန်းဆင့်ကြီး ရုံးထုတ်တုန်းကပုံတွေ မျက်စိထဲကတောင် မထွက်သေး။ ခေတ်ကာလ ကာလဝိဘက်များ မြန်ချက်။

            တိုင်းပြည်စီးပွားရေးရဲ့ အချက်အချာ အကွက်အကွင်း တော်တော်များများကို ချုပ်ကိုင်ထားပြီး နိုင်ငံရေးပါတီတစ်ခုရဲ့ ထိပ်တန်းအကြီးအကဲလုပ်နေတဲ့ ဘဘကြီးဟာ သူကိုယ်တိုင်က သူများကို သည်အကွက်တွေ ခင်းလာခဲ့တာမို့ သူ့အလှည့်ကျရင် ဘာတွေဖြစ် ဘယ်လိုတုန့်ပြန်မယ် လို့ အစီအစဉ်တွေ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ရွှေ့လာခဲ့တဲ့ အကွက်တွေအရ သူ့ကိုကင်တော့မယ်ဆိုတာ မသိပဲ နေစရာ အကြောင်းမရှိ။ ထားပါလေ။ တုန့်ပြန်တာ မတုန့်ပြန်တာကတော့ သူ့အပိုင်းပါ။ ကိုယ်တွေ သိလိုက်ရတာက တို့နိုင်ငံမှာ လွှတ်တော်ဥက္ကဋ္ဌလောက် တက်ဖြစ်နေလည်း ဘာမှ လုံခြုံစိတ်ချမှု မရှိဘူး။ “ဦးဦးဒေါ်ဒေါ် အချိန်မတော် ညသန်းခေါင်ကျော် အော်ဟစ်ကာသာ ဆိုကြပါဗျ။ ထွန်းညွန့် အရီးညွန့် ခံတက်ညွန့်” ဆို ပါသွားရော။ အောင်ဖေ မားကို့စ် ခေတ်ကတည်းက ခုထက်ထိလည်း သည်အတိုင်းရှိသေး။ ကျန်တဲ့လူတွေများဆို စကားထဲကို ထည့်မပြောတော့ဘူး။ ကိုယ့်အသက်ကလေး သည်ကနေ့ထိ ရှင်ခွင့်ပေးထားတာတောင် မေတ္တာရှင် ဂရုဏာရှင်ကြီးများကို ညတိုင်း ဦးသုံးကြိမ်တောင် ချအိပ်သင့်တာ။ အင်တာနက်လေး ဖုန်းလေး ပေးပွတ်ထားလို့ အဟုတ်မှတ်နေ။ တကယ်တော့ မြောက်ကွီးယားနဲ့ ဘာမှ မထူးဘူး။

            တကယ်တော့ ဘဘကြီးဆီမှာရှိတဲ့ နိုင်ငံရေးပါဝါက နည်းနည်းနောနော မဟုတ်ပါဘူး။ စစ်တပ်ကိုလည်း အင်မတန်မီးသေခဲ့တဲ့သူ၊ ပါတီမှာလည်း သမ္မတကြီးပြန်လာမယ်ဆိုရင်တောင် ဖယ်မပေးပဲ နေမယ်ဆိုနေဝံ့လောက်တဲ့သူ၊ စီးပွားရေးအရဆို အခုလာမယ့် သက်တမ်းတစ်ထိုင်စာ မဲတွေကို တစ်နိုင်ငံလုံး ပတ်ဝယ်နိုင်လောက်တဲ့သူပါ။ ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင် ကျိုးသတဲ့။ သူ့လောက်ပွဲသိမ်းကောင်းတဲ့ မင်းသားကြီး ဇာတ်သိမ်းမလှရတာကတော့ သူ့လက်ထဲက မီးသေတယ်ထင်ထားတဲ့ စစ်တပ်ဟာ သူ့မီးကို မသေတော့ပဲ တခြားမီးကို လှမ်းသေပလိုက်တဲ့အတွက် ဖြစ်ပါတယ်။ သေရေးရှင်ရေး အမိန့်ပေးလာခဲ့တဲ့ Commander ဟောင်းကြီးတွေအပေါ်မှာ ဘယ်သူ့ကို သြဇာခံရမလဲဆိုတဲ့ချိန်ခွင်လျှာဟာ အကျိုးစီးပွားတူရာဘက်ကို ယိုင်သွားတာ မဆန်းပါဘူး။ နဂိုကတည်းက လှေမှောက်ရင် နင်လည်းပါသနော် လို့ ခြေချင်းလက်ချင်း ပူးချည်ထားတဲ့ စည်းလုံးညီညွတ်မှုမျိုးလေ။ ကိုယ်နဲ့ တစ်လှေတည်း မဟုတ်တော့ဘူးလို့ သိလိုက်တာနဲ့ ငနီပါရင် လှေမှောက်သကွဆို ထိုးချဖို့ အဆင်သင့်ဖြစ်ပြီးသားပါပဲ။ ဦးစောမောင်မှအစ၊ ဦးထွန်းကြည် ဦးကျော်ဘ၊ ဦးမြင့်အောင်အလယ်၊ ဦးခင်ညွန့်နှင့်အပေါင်းအပါများ အနှောင်းထား၊ အခု လောလောလတ်လတ်ကလေး ထိမ်းသိမ်းလိုက်တဲ့ ဦးရွှေမန်းအဆုံး အရပ်သားလက်ချက် တစ်ယောက်မှ မပါလိုက်ပါဘူး။ ဘယ်ပါမလဲ သူများကဆို လက်ဖျားနဲ့တောင် အရွယ်ခံတာလိုက်လို့။ အချင်းချင်းသာ လည်မျိုတက်နင်းရနင်းရ။

            သည်အခါမှာ ဘာကသိသာလာသလဲဆိုတော့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါသလဲဆိုတာပါ။ ဒါက လူကြားကောင်းအောင် ပြောတာ။ တည့်တည့်အနက်ပြန်လိုက်ရရင် အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ် ဆိုတဲ့ အဓိပ္ပါယ်။ နိုင်ငံခေါင်းဆောင်လုပ်ချင်ရင် တပ်မတော်ကို ကျောထောက်နောက်ခံပြုထားရလိမ့်မယ်။ အဲ့ဒါကိုပဲ ကာကွယ်ရေးအမြင် လို့ ခေါ်ချင်ခေါ် တိုင်းပြည်ကြီးကို ကာကွယ်ဖို့ မဟုတ်ဘူး။ ကိုယ့်အချုပ်အခြာ အာဏာကို ကာကွယ်ဖို့။ ကိုယ့်အသက်ကိုယ့်အာဏာမှ မကာကွယ်နိုင်ရင် တိုင်းပြည်ကြီး စကားထဲထည့်မပြောတော့ဘူး။ ဟော ပြောရင်းပြောရင်း နဲ့ မေးခွန်းထွက်လာပြန်တာက တပ်မတော်ကြီးဟာ ပြည်သူ့တပ်မတော်လား။ သမ္မတကြီးတပ်မတော်လား၊ ကာချုပ်ကြီးရဲ့ တပ်မတော်လား၊ ဆိုတာပေါ့။ ကိုယ့်ဘာသာမေးပြီး ကိုယ့်ဘာသာပဲ ဖြေကြည့်ကြ။ သားဆီမှာတော့ အဖြေမရှိဘူး။ တိဝူး တိဝူး။

           ထူးတော့ပါဘူးလေ။ နောက်ဆို ခြေဥထဲသာ တခါတည်း ထည့်ဆွဲထားလိုက်ပါတော့။ “သမ္မတဆိုတာ ကာချုပ် ဖြစ်ဖူးရမည်” တို့၊ “ကာချုပ်မှ အမိန့်နာခံနိုင်မည့်သူသာ ဖြစ်ရမည်” တို့၊ ဒါပဲ လိုရင်း ဟုတ်ဘူးလား။ ဒီလိုနဲ့ပဲ ကာချုပ်တွေက သမ္မတတက်လုပ်၊ နောက်တက်မယ့် ကာချုပ်က အရင်လက်ရှိ သမ္မတကို ပြန်ထိန်းသိမ်း၊ အဲ့လို အထိန်းသိမ်းမခံနိုင်လို့ နောက်လူကို နေရာပေးမယ်ကြံရင် အရည်အချင်းတွေ ဘာတွေ မစဉ်းစားနဲ့တော့။ ကိုယ့်နောက်ကျော ဒါးနဲ့မထိုးလောက်ဖူးထင်ရသူ တူတော်မောင် ဘရူးတပ်စ်ကိုသာ ဦးစားပေးရွေးချယ်ကြပေါ့နော။ သည်ဓါတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်မတတ်ဖွင့်နေတာ ပြီးမပြီးနိုင်တော့။ ဈေးထဲက ဝက်သားသည်တောင် စိတ်မဝင်စားတော့ဘူး။ သူတို့ ဒါမျိုး လုပ်နေကျ။ မထူးဆန်းဘူး။ ခနနေ ဆင်သတ်ပြီး အရပ်ဝေလိမ့်မယ်။ နတ်ကရာ ကျီးမမောနဲ့ ဘယ်တုန်းကမှ ကိုယ့်အတွက်ပါတာ မဟုတ်ဘူး။ ခေါစာပစ်မှ ပြန်လာကြ။

           မြန်မာပြည်ဟာ သည်အတိုင်းပဲ သွားခဲ့တယ်။ သည်အတိုင်းပဲ သွားနေတယ်။ နောင်ကိုလည်း သည်အတိုင်းပဲ ဆက်သွားနေဦးမှာ။ လူတွေ ပြောင်းပြောင်းသွားတာပဲ ရှိတယ်။ ဖြစ်ရပ်တွေကတော့ အတူတူပဲ။ နောက်ကြောင်းကို ပြန်လှည့်စရာကို မလိုဘူး။ ကရွတ် ကင်းလျှောက်နေတာ။ သည်ဘူတာတင် ဘယ်နှစ်ခါဆိုက်ခဲ့ပတုန်း ကိုယ့်အသက်နဲ့မီသလောက် စဉ်းစားကြည့်။ သည်ကရွတ်ခွေပေါ်က ဆင်းချင်ရင် စက်ခေါင်းထဲ ထိုင်နေတဲ့ ဂတ်ဘိုကြီးကို ခနဖယ်ခိုင်းလိုက်ဦး။ များများမဟုတ်ဘူး။ အခု ငါးနှစ်သက်တမ်းကလေးတစ်ခါပဲ။ လမ်းကြောင်းကလေး ခနပြောင်းခွင့်ပေးပါ။ ပြီးမှ ပြန်တက်မောင်းရင်မောင်းပေါ့။ သည်အဖွားကြီးလက် ၅ နှစ်အပ်လိုက်လို့ တိုင်းပြည်ကြီး စုတ်ပြတ်သပ်သွားမှာ မပူပါနဲ့။ သည့်ထက်လည်း စုတ်ပြတ်သတ်စရာ မရှိတော့ပါဘူး။ “နေပါဦးကွယ်။ ငါက တသက်လုံး ဖင်ရောခေါင်းရော အရင်းတည်ထားရတာ။ အခုမှ စားမလို့ ပါးစပ်ပြင်ရုံရှိသေး။” ဆိုလည်း တစ်စီးလောက် တစ်စီးလောက် နဲ့ ဖြတ်ဝင်တဲ့ ကားတွေလိုပဲ သဘောထားပြီး သည်တစ်ခါ သည်းခံပေးနော်။ လိမ်မာသားနဲ့။ အခုဟာက အမြီးလည်း မကျက်သေးလို့ပါ။ ခေါင်းလည်း မကျက်သေးလို့ပါ။ ဘွားတော်ကြီးက နှူးနှပ်ပြီးမှ မြိန်ရေယှက်ရေ သုံးဆောင်တော်မူ။ ဟုတ်ပြီလား။

           ပြောမယ့်သာ ပြောရတာပါလေ။ အတတ်ဟော အာတပ္ပန ဗေဒင်ဆြာကြီးက တခါတည်း ရှေ့ဖြစ်ပါ ဟောချလိုက်ချင်ပါသေး။ တကယ်လို့များ ရွေးကောက်ပွဲဆိုတာ လုပ်ဖြစ်မယ်ဆိုရင်၊ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုသလို ဒေါ်စုကြီးဘက်က တောင်ပြိုကမ်းပြို နိုင်လာမယ်ဆိုရင် သူတို့လက်ထဲက အာဏာကြီးကို လွယ်လင့်တကူ ရော့ဟဲ့အင့်ဟဲ့ လို့ ရွှေဘောတော်ကောင်းပြီး လွှဲပြောင်းပေးလိမ့်မယ် လို့ လုံးဝအယုံအကြည် မရှိပါကြောင်း အသက်နဲ့ လောင်းကြေးထပ်ဝံ့ပါသဗျား။ အဲသည်အခါကျ နောက်ထပ် ထိန်းချုပ်မှုအဆင့်ဆင့် လာပြန်ဦးမှာပေါ့။ အဲသည်ဘူတာလည်း မဆိုက်ဖူးတာမှ မဟုတ်ပဲ။ အဟုတ်ပြောတာ။ ဘွားတော်ကြီးကို သူတို့က ကြည်ကြည်ဖြူဖြူ အာဏာလွှဲပြောင်းပေးအပ်လိုက်တယ်ဆိုရင်လေ “ဟျောင့် မောင်စံဖား။ မင်းဟောတဲ့ ဗေဒင် မှားသကွ” ဆို လည်ပင်းသာ လာဖြတ်လှည့်။ သည်လူတွေလက်က (ခဏဖြစ်ဖြစ်) တိုင်းပြည်ကြီး လွတ်မြောက်ခွင့်ရတဲ့တနေ့ သေမယ်ဆိုရင်တောင် သေပျော်ပါပြီလေ။ (မမှားလည်း သောက်မြင်ကပ်လို့ လာဖြတ်ကြတော့မယ်။ လစ်ဦးမှ။ ဝှစ် ဝှစ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...