မျိုမကျခဲ့ရတဲ့ဘဝတွေ
ကျွန်တော်က ကျောင်းဆရာပေမယ့် အခွင့်ထူးခံဆိုတာ အလွန်မုန်းတယ်။ ကျောင်းသားကို ခိုင်းစားရတာလည်း မကြိုက်ဘူး။ ရွာမှာကျောင်းဆရာ လုပ်ပေမယ့် ကိုယ်ချိုးမယ့်ရေ ကိုယ်တိုင်ခတ်တယ်။ ကိုယ်သုံးမယ့်ထင်း တောထဲ သွားပြီး ကိုယ်တိုင်ထမ်းတယ်။ ကျောင်းသားတွေကို ဘာတစ်ခုမှ ကျွန်တော့်ဝေယျဝစ္စလာမလုပ်ပေးဖို့ တားမြစ်ထားတယ်။ ရွာထဲက လာလုပ်ပေးလည်း လက်မခံဘူး။
ဒုတိယတန်းမှာ ချစ်စုဆိုတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ အဖေ၊ အမေမရှိတော့ဘူး။
အဖွားနဲ့ နေရတာ။ ဆင်းရဲလွန်းတော့ လူချစ်အောင်နေတယ်။ ဘယ်သူနဲ့မှလည်း
ရင်းရင်းနှီးနှီး မပေါင်းရဲသလိုပဲ။ ကျွန်တော်က မိုးတွင်းဆိုရင်
ကျောင်းကိုထမင်းဘူးလေးယူလာတတ်တယ်။ မိုးရွာတဲ့နေ့လည်ခင်းတွေ
အိမ်မပြန်ချင်လို့ပါ။ ထမင်းဘူးဆိုပေမဲ့ ပဲပြုတ်နဲ့
မျှစ်လောက်ပဲထည့်နိုင်တာပါ။ တစ်ခါတစ်လေ မြို့ပြန်မှ အမေထည့်ပေး လိုက်တဲ့
ငပိကျော်လေး ငါးခြောက်ကျော်လေးစားရတာ။
နေ့ခင်းဘက်ထမင်းစားမကောင်းရင် တဝက်လောက်ပဲစားပြီး ထမင်းဘူးကို ပိတ်ထားလိုက်တာပဲ။ အဲဒီနေ့က ကလေးတွေ လေ့ကျင့်ခန်းစာအုပ်ကို ကျောင်းမုန့်စားလွှတ်ချိန်မှာစစ်နေတုန်း ချစ်စုက ကျွန်တော့်နားရောက် လာတယ်။
“ဆရာကြီး ထမင်းဘူးကို သမီးဆေးပေးမယ်လေ” တဲ့။ ကျွန်တော်ကလည်း နေပါစေသမီး ရပါတယ်လို့ ပြောလိုက်တော့ “ဒီတစ်ခါတော့ ဆေးပေးခွင့်ပြုပါဆရာကြီး” လို့ထပ်ပြီးတောင်းဆိုပြန်တယ်။ ကျွန်တော်က လည်း သူ့ကို စကားမပြန်တာကို သဘောတူတယ်မှတ်ပြီး စားပွဲပေါ်က ထမင်းဘူးလေးယူ၊ ကျောင်းအောက်ကို ပြေးဆင်းသွားတယ်။
ကျွန်တော့်အခန်းအောက်ဘက်မှာ အုတ်ကန်ရှိတယ်။ အုတ်ကန်ဘေးကို ကျွန်တော်ကြည့်လိုက်မိတော့ ချစ်စုက ကျွန်တော့်ထမင်းဘူးလေးဖွင့်ပြီး မျှစ်ကျော်နဲ့ ထမင်းကျန်ကို အားရပါးရစားနေတယ်။ ကျွန်တော် စိတ်ထဲ အရမ်း ထိခိုက်သွားတယ်။ ဟုတ်မှာပေါ့။ သူထမင်း ဘယ်စားလာရပါ့မလဲ။ အဖွားက လယ်ထဲကပြန်မလာမချင်း သူ ထမင်း ဘယ်မှာ စားခဲ့ရမှာလဲ။
နောက်နေ့ကစပြီး ကျွန်တော် ထမင်းပိုထည့်၊ နည်းနည်းပဲစားပြီး “သမီးရေ .. ထမင်းဘူးလေးဆေးပေးပါဦး” လို့ သူလာမယူရင်တောင် ပြောနေရတယ်။
တစ်ပတ်လောက်ကြာတော့ နေ့ခင်းကျောင်းလွှတ်ရင် ထမင်းဘူးဆေးပေးမယ့် နောက်တစ်ယောက်တိုးလာ တယ်။ သူက ဘုန်းကြီးကျောင်းသား လှတိုး။ သူကလည်း ကျွန်တော်ထမင်းစားနေတာကိုစောင့်နေပြီး ဘူးပိတ် လိုက်တာနဲ့ “ဆရာကြီး သားထမင်းဘူးဆေးပေးမယ်” ဆိုပြီး လာပြေးယူတယ်။ သူယူသွားတဲ့နေ့ ချစ်စု ငတ်တာပေါ့။
မကြာပါဘူး ထမင်းဘူးဆေးချင်လို့ လာလုတဲ့သူတွေ များလာတယ်။ ကျွန်တော်ကလည်း နေ့တိုင်း တစ်ဘူးကို တဝက်ပဲစားပြီး ချန်ထားပေးရတာ အကျင့်ပါနေပြီ။ သူတို့က ဆာလို့ ထမင်းဘူးဆေးမယ်ဆိုပြီးလုနေကြပေမယ့် ကြာလာရင် ရွာထဲက ဒီဆရာ ကျောင်းသားတွေကို ခိုင်းစားတယ်ထင်မှာစိုးလို့ နှစ်ပတ်မြောက်မှာ ကျွန်တော် ကျောင်းကို ထမင်းဘူး ယူမလာရဲတော့ဘူး။
တောမှာ တကယ်ငတ်နေတဲ့ ကလေးတွေအများကြီးပါဗျာ။ ဒါပေမဲ့ ဘဲဥတောင် ဝယ်မစားနိုင်ပဲ တောထဲက မျှစ်နဲ့ ပဲပြုတ်လောက်စားနေရတဲ့ကျောင်းဆရာ ကိုယ့်ရင်ထဲ မချိပေမယ့် ပါးစပ်ပေါက်တိုင်းကိုတော့ ဘယ်မှာ ခွံ့ ပေးနိုင်ပါ့မလဲ။ စားသာစားရ မျိုမကျခဲ့ရတာတွေ အများကြီးပဲဗျာ။
၁၅.၈.၂၀၁၅

0 comments:
Post a Comment