Saturday, August 15, 2015

မောရှမ်းမောင်နှမ ခုနစ်ဖော်က ထိန်းသိမ်းထားသည့် အသက်ရှည်နည်းလျှို့ဝှက်ချက်


လူသားတိုင်း တရှိုက်မက်မက် တောင့်တ ရှာဖွေနေကြသော ထိပ်တန်း လျှို့ဝှက်ချက်ကြီးတစ်ခု တောင်ကြီးမြို့ရှိ ရှုမဝတိုက်ကြီး အတွင်း၌ ရှိနေသည်။ ထိုလျှို့ဝှက်ချက်ကို မောရှမ်းမောင်နှမ ခုနစ်ဖော်က ထိန်းသိမ်းထားသည်။
ထိပ်တန်း လျို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားသော မောရှမ်း မောင်နှမတစ်စု၏ ထူးခြားချက်က အသက်ရှည်ကြခြင်းပင်။ မည်မျှအထိ အသက်ရှည်သနည်းဟု ဆိုလျှင်-

အကြီးဆုံး အစ်မကြီး အဘွားခင် (ဒေါ်ဒေါ်ခင်) သည်ပင်လျှင် လာမည့် မတ်လ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ ကျင်းပတော့မည်။ ကျန်မောင်နှမများသည်လည်း အဘွားခင်နည်းတူ သက်တော် ရှည်များပင်။
အဘွားကြည် (ဒေါ်ခင်ကြည်) က ၉၅ နှစ်၊ အဘွားမြ (ဒေါ်ခင်မြမြ) ၉၂နှစ်၊ အဘိုးသိန်း (ဦးခင်မောင်သိန်း) ၉၀ နှစ်၊ အဘွားလှ (ဒေါ်ခင်လှလှ) ၈၇ နှစ်၊ အဘွားသောင်း (ဒေါ်ခင်သောင်းရီ) ၈၅နှစ်နှင့် အငယ်ဆုံးညီမလေး အဘွားထွေး (ဒေါ်ခင်ထွေးကြည်) သည်ပင် ၈၁ နှစ် ပြည့်ခဲ့ပြီ။
ယနေ့ခေတ် လူ့သက်တမ်းအရ ၇၅ နှစ်ဆိုသည့် သက်တမ်းအထိ နေရရန်ပင် လွန်စွာခဲယဉ်းသည်။ ထို့ထက်ပို၍ ရခဲသည်က ယခု မောရှမ်းမောင်နှမ တစ်စုကဲ့သို့ သက်တမ်းကျော် နေရရေး ဖြစ်သည်။ ယင်းတို့ထက်သာ၍ ရခဲသည်က သက်တော်ရှည် မောရှမ်းမောင်နှမများကဲ့သို့ တစ်ဦးတစ်ယောက်မျှ ချွတ်ချော် တိမ်းပါးခြင်းမရှိဘဲ သက်ရှိထင်ရှား တစုတစည်းတည်း အေးငြိမ်းကျန်းမာ ချမ်းသာစွာ ရှိနေခွင့်ရခြင်းပင်။
ထို့ကြောင့်ပင် အဘွားခင်၏ အသိမိတ်ဆွေများက -
“အဘွားတို့ မိတ်ဆွေတွေက အဘွားတို့ကိုလေ နတ်ပြည်ကလာတဲ့ ညီအစ်မတွေလို့ စကြတယ်” ဟုအဘွားခင်က နှစ်လိုဖွယ် အပြုံးမျက်နှာဖြင့် ဆိုလာသည်။
ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် အဘွားခင်၏ သွင်ပြင်က သွက်လက်သည်။ ပေါ့ပါးသည်။ ခါးရိုးသည်လည်း ညွှတ်ကိုင်းခြင်း အလျှင်းမရှိ။ အဘွားခင်သည် အစဉ်သဖြင့် ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျရှိပြီး ခါးကိုင်းနားထိုင်း အိုအိုစာစာ မရှိခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကြည့်၍ အကဲဖြတ်မည် ဆိုပါက အဘွားခင် အသက်တစ်ရာ ရှိပြီဟု မည်သို့မျှ ယုံနိုင်စရာမရှိ။
သို့သော် ကုန်လွန်ခဲ့သော သက္ကရာဇ်တို့က ငြင်းကွယ်မရခဲ့။ လာမည့် တပေါင်းလဆန်း ၁၄ ရက်နေ့ (မတ်လ ၃ ရက်) တွင် အသက်တစ်ရာပြည့်ပြီ။
အဘွားခင်၏ မျက်နှာသည် အစဉ်သဖြင့် ပြုံး၍ ကြည်နေသည်။ ဒေါသ၊ မာန်မာနဟူ၍ မြူမှုန်မျှ မတွေ့ရချေ။
“အဘွားခင် ဒေါသဖြစ်တယ်ဆိုတာ အဘွားတို့တစ်သက် မတွေ့ခဲ့ဖူးဘူး” ဟု ဆိုလာသူက အဘွားခင်၏ စတုတ္ထမြောက် ညီမ အဘွားလှပင်။
အဘွားလှ စကားကို ကြားသည့် အခိုက် အဘွားခင်က တစ်ဖက်တွင် ညီအစ်မများနှင့် ပြောနေသည့် စကားစကိုဖြတ်ကာ- “ဒေါသ ဘုရားလှူထားတယ်” ဟု ဧည့်သည်များ ရှိရာဘက်သို့ လည်ပြန် လှည့်၍ ဆိုလာသည်။
အဘွားခင်၏ လက်တစ်ဖက်တွင် တူနာငါး အသားညှပ်မုန့်များ ထည့်ထားသည့် ပန်းကန်တစ်ချပ်ကို ကိုင်ထားသည်။ ၎င်း၏ ညီအစ်မများကို တစ်လှည့် ဧည့်သည်များကို တစ်လှည့် လိုက်ကျွေးနေသည်။ သူကိုယ်တိုင်သည်လည်း စားနေသည်။ အဘွားခင်တို့ မောင်နှမများက အစားအသောက်တွင် အကြိုက်တူကြသည်ဟု ဆိုရမည်။
အဘွားခင်၏တူမ ဒေါ်မြတ်မွန် အေးကမူ မျက်နှာချင်းဆိုင် ဆိုဖာခုံတန်းရှည်တွင် ကျပ်ကျပ်တည်းတည်း ပူးကပ်ထိုင်ကာ တစ်ဦးကိုတစ်ဦး မုန့်ခွံ့ ကျွေးနေသည့် အဒေါ်လေးယောက်၏ လှုပ်ရှားမှုများကို ကြည့်၍ ကြည်နူးဟန်ဖြင့်-
“အဘွားတို့က အသီးအနှံကို ပိုကြိုက်တယ်။ အသားတွေကို သိပ်မကြိုက်ကြဘူး။ ငါးရံ့ခြောက်ဖုတ်တော့ ကြိုက်တယ်။ မုန့်ဆိုရင်တော့ ချိစ်နဲ့ လုပ်တဲ့မုန့်ဆိုရင် ညီအစ်မတွေ အကုန်လုံး ကြိုက်ကြတယ်” ဟု ဆိုလာသည်။
အဘွားခင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ ရှုမဝတိုက် စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင်ကြီး ဦးခင်နှင့် ဒေါ်ရွှေတို့က မွေးဖွားခဲ့သည့် သမီးကြီး ဖြစ်သည်။ အဘွားခင်သည် ငယ်စဉ်က မိသားစုနှင့် အတူနေခွင့်နည်းခဲ့သည်ဟု ဆိုရမည်။ (မိခင်ကြီး ဒေါ်ရွှေ၏ ညီမဝမ်းကွဲဖြစ်သူ) စဝ်ရွှေသိုက် (မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ) ၏ အစ်ကိုစဝ်စိန်ပွင့်နှင့် ဇနီးက သားသမီး မထွန်းကား၍ သမီးအဖြစ်ခေါ်ယူ မွေးစားခဲ့ခြင်းကြောင့် ဖြစ်သည်။
အဒေါ်ဖြစ်သူ၏ ခေါ်ယူမွေးစားမှုကြောင့် ဟော်နှင့်နန်းနှင့် ချွေရံသင်းပင်း အခိုင်းအစေများဖြင့် နေခဲ့ရသော်လည်း အဘွားခင်သည်က မာန်မာန အလျှင်းမရှိခဲ့။ အခိုင်းအစေ များကိုပင် တလေးတစား ဆက်ဆံပြောဆို ပေးကမ်းမှုပြုခဲ့သူဟု ညီမဖြစ်သူ အဘွားလှက ပြန်ပြောင်း၍ ဆိုလာသည်။
မာန်မာနမရှိ အေးဆေးစွာ နေတတ်ခြင်းက ထိုမောရှမ်း မောင်နှမတစ်စု၏ ပင်ကိုဗီဇ ဖြစ်ဟန်တူသည်။ အဘွားခင် အပါအဝင် မောရှမ်း မောင်နှမတစ်စု၏ ရုပ်သွင်ပြင်သည် အစဉ်သဖြင့် အေးချမ်းလျက်ရှိပြီး နှုတ်ထွက် စကားများကလည်း ချိုသာ၍ နှစ်လိုစွာ ဆိုတတ်ကြသည်။ ပျော်ပျော်လည်း နေတတ်ကြသည်။
ယခုလည်း အဘွားခင်နှင့် တူမဖြစ်သူ ဒေါ်မြတ်မွန်အေးတို့ တရားစခန်းတစ်ခုတွင် ကြုံခဲ့ရသည့် စင်္ကြံလျှောက် တရားမှတ်သည့် ဖြစ်စဉ် အလွဲလေးကို အဘွားခင်က မတ်တတ်ရပ်၍ ခြေဟန်လက်ဟန်ဖြင့် သရုပ်ပြနေခြင်းကြောင့် မောရှမ်း ညီအစ်မများ ရယ်ပွဲကျနေကြသည်။ ကလေးငယ်များအသွင် လွတ်လပ် ပျော်ရွှင်နေကြသည်။
ထိုမောရှမ်းအဘွားများ စကားဝိုင်းတွင် ယခုခေတ်တွင် တွေ့ရမြင်ရခဲသည့် အပြုအမူတစ်ခုကို တွေ့ရသည်။ အခြားတော့မဟုတ်။ ကြီးသူကို ရိုသေခြင်းဆိုသည့် မင်္ဂလာတရားပင်။ အဘွားခင်ကို စကားပြောလိုသည့် အခါတိုင်း ကျန်အဘွားများက လက်အုပ်လေးများချီ၍ အရိုအသေပြု ပြောဆိုကြခြင်းပင်။
တရားစခန်း သာမက အလှူအတန်း ပြုလျင်လည်း မောရှမ်း ညီအစ်မများတစု တဝေးတည်း ပြုလေ့လုပ်လေ့ ရှိသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ညီအစ်မများ စု၍သွားကြသည်သာ။ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း မောရှမ်း ညီအစ်မများစုကာ အင်းတိုင် ခိပ္ပါဘိညာသဒ္ဓမ္မရံသီ တရားရိပ်သာတွင် တစ်လတရားစခန်း ဝင်လေ့ရှိသည်။
တရားစခန်းတွင် စင်္ကြံလျှောက်တော့လည်း အတူတူ။ တရားထိုင်တော့လည်း အတူတူ။ ဆွမ်းစားဆောင်တွင်လည်း အတူတူ တစ်စုတစ်ဝေးနှင့် စိတ်တူကိုယ်တူ ရှိလှသည့် မောရှမ်းညီအစ်မ တစ်စုကို မြင်ရသူတိုင်း စိတ်ချမ်းမြေ့စရာ။
“ဆောင်းဦးပေါက်ဆိုရင် အဘွားတို့က ဒီ (ရန်ကုန်) ကို ဆင်းလာကြတယ်။ ဆောင်းကုန်လို့ နွေကူးရင် တောင်ကြီးကို တက်ကြတယ်။ အခုလည်း အဘွားခင် မွေးနေ့ပြီးရင် ညီအစ်မတစ်တွေ တောင်ကြီးကို တန်းသွားကြမှာ။ တောင်ကြီးက ပျော်စရာကောင်းတယ်။ လာခဲ့နော်” ဟု ဖိတ်ခေါ်သမှု ပြုလာသူက အဘွားခင်၏ ဒုတိယမြောက် ညီမအဘွားမြပင် ဖြစ်သည်။
အဘွားမြသည် သွားလေရာခရီး၊ ရောက်လေရာ အရပ်တိုင်းတွင် အလှူအတန်း ပြုရမှကျေနပ်၊ နေတတ်သည့်သူ ဖြစ်သည်။ သူနှင့်အတူ လှူစရာ၊ ဒါနပြုစရာ မုန့်ပဲသရေစာနှင့် ဝတ္ထုပစ္စည်းများကို အထုပ်ကလေးများထုပ်ကာ တစ်ပါတည်း ယူသွားလေ့ ရှိသည်။ အဘွားမြလာလျှင် လှူစရာ ပေးစရာ ပါရမည်သာ။
အဘွားမြ နည်းတူ ကျန်မောရှမ်း အဘွားများလည်း စိတ်တူကိုယ်တူ ရက်ရောစွာ လှူတတ်ကြပြန်သည်။ ထိုအထဲ တွင် အဘွားလှသည်လည်း အပါအဝင် ဖြစ်သည်။ အဘွားလှသည် ရန်ကုန် တက္ကသိုလ်၏ အင်္ဂလိပ်စာကထိက (ငြိမ်း) တစ်ဦးလည်း ဖြစ်သည်။ တပည့်များနှင့် အလုပ်အပေါ်တွင် သံယောဇဉ် ကြီးလှသော အဘွားလှတစ်ယောက် နှစ်စဉ် ဆရာကန်တော့ပွဲများသို့ မပျက်မကွက် တက်ရောက်မြဲ။ ချီးမြှင့် မြဲ။ ဆရာကန်တော့ပွဲ ရငွေများကို အဘွားလှ အကျိုးအတွက် သုံးခဲ့သည်ဟူ၍ မရှိ။ ရသည်ထက် ပိုသောပမာဏကို လိုအပ်သည့် နေရာများတွင် ပြန်၍လှူမြဲဟု အဘွားလှက ဆိုလာသည်။
“သုံးသိန်းရလို့ လေးသိန်းလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟု ရှမ်းရိုးရာ သီချင်းကို သီဆိုလျက် လက်ကလေး မြှောက်၍ ရှမ်းအကကို အဘွားလှ တစ်ယောက် ဂုဏ်ယူကျေနပ်ဟန် အပြည့်ဖြင့် ကပြနေပြန်သည်။
ကျန်အဘွား သုံးယောက်က ပီတိလွှမ်းသည့် အပြုံးမျက်နှာ ကိုယ်စီဖြင့် အဘွားလှ ကပြနေသည်ကို အားပေးနေကြသည်။
အဘွားမြ၊ အဘွားကြည်နှင့် အဘွားလှတို့ သုံးဦးသည် အစ်မကြီးဖြစ်သူ အဘွားခင် နေထိုင်ရာ သုဝဏ္ဏနေအိမ်သို့ လာရောက်၍ မတ်လ ၃ ရက်နေ့ မွေးနေ့ပွဲ ပြုလုပ်မည့် အစီအစဉ်များကို တိုင်ပင် ဆွေးနွေးနေရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်း ပြောကြရင်းဖြင့် အကြည်နူးကြီး ကြည်နူးနေကြသည်။
“အဘွားတို့ လေးယောက်က အခုကတည်းက အထုပ်ကလေးတွေ ပြင်ထားတယ်။ အထုပ်ကလေးတွေ ပိုက်ပြီး အဘွားထွေးကို လေယာဉ်ကွင်းမှာ သွားကြိုကြမှာ။ ပြီးရင် ဆရာတော်ကျောင်းကို တန်းသွားကြမှာ။ အဲဒီနေ့ဆိုရင် အဘွားသောင်း၊ အဘိုးသိန်း၊ အဘွားထွေး ခုနစ် ယောက်လုံးဆုံပြီလေ။ ပျော်စရာကြီး” ဟု အလိုပြည့်သွားသည့် ကလေးတစ်ယောက်၏ အသွင်မျိုးဖြင့် အဘွားလှက ရွှင်မြူးစွာ ဆိုလာသည်။
အဘွားခင်၊ အဘွားမြနှင့် အဘွားလှတို့ သုံးဦးက ရန်ကုန်မြို့တွင် နေထိုင်ကြပြီး ကျန်မောင်နှမလေးဦးက ဇာတိမြေ တောင်ကြီးမြို့တွင်သာ နေထိုင်ကြသည်။
သို့သော် အဆက်အသွယ်က မပြတ်။ မောရှမ်း မောင်နှမများသည် ဆောင်းရန်ကုန်၊ နွေတောင်ကြီး အစီအစဉ်ဖြင့် တစ်လှည့်စီ နေထိုင်လေ့ ရှိခြင်းကြောင့် ဖြစ်သည်။ မောရှမ်းတစ်စုသည် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ နေထိုင်ကြရသော်လည်း မွေးရပ်မြေ တောင်ကြီးကိုတော့ဖြင့် သံယောဇဉ် တွယ်ကြရှာသည်။ တောင်ကြီးမြို့၌ နေရသည်ကို ပို၍ နှစ်ခြိုက်ကြဟန် ရှိသည်။
နေရာဒေသ ပြောင်းရွှေ့နေထိုင်ကြသော်လည်း မောရှမ်းမောင်နှမများ၏ စိတ်နေစိတ်ထားနှင့် နေထိုင် စားသောက်မှု အမူအကျင့်များက စိုးစိမျှ မပြောင်းလဲ။ ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ ကျင့်ကြံနေထိုင် ကြသည်သာ။ သီတင်းပတ်တိုင်း ဥပုသ် သီလဆောင့် တည်ကြသည်။ နေ့စဉ်တွင်လည်း တစ်ကြိမ်လျှင် တစ်နာရီနှုန်းဖြင့် တစ်ရက်လျှင် လေးကြိမ် တရားရှုမှတ်ကြသည်။ ပြီးလျှင် စင်္ကြံလျှောက် တရားမှတ်သည်။ ဤသည်က အစ်မကြီး အဘွားခင်မှသည် မောရှမ်းမောင်နှမများ၏ နေ့စဉ် နေထိုင်မှု လမ်းစဉ်အသွင်။
“အဘွားတို့က အစားအသောက်ကို အတိုင်းအတာနဲ့ စားသောက်တယ်။ မာတဲ့ အစာတွေ မစားဘူး။ မနက် ၇ နာရီဆို နွားနို့ပူပူလေး သောက်တယ်။ မနက် ၁၀ နာရီခွဲဆိုရင် နေ့လယ်စာ စားတယ်။ ညနေဆိုရင်တော့ ပေါင်မုန့် ဒါမှမဟုတ် အာဟာရဖြည့်စွက်စာ (Ensure) လိုမျိုး သောက်တယ်။ ထမင်း မစားတော့ဘူး။ ညစဉ် ၇ နာရီဆို အိပ်တယ်။ မနက် ၄ နာရီ ထတယ်” ဟု အဘွားခင်နှင့် အဘွားကြည်တို့က မောရှမ်းမောင်နှမများ၏ နေ့စဉ်နေထိုင်မှု အမူအကျင့်များကို ထုတ်ဖော်လာသည်။
ရခဲလှသည့် လူ့ဘဝ ခဏရောက်ခိုက် သင်၏ တန်ဖိုးရှိလှသော အသက်ရှင်သန် ရပ်တည်ခွင့်ကို မည်သို့ စောင့်ရှောက် နေပါသနည်း။
နိုင်ငံခြား ဆေးဝါးကောင်းများ၊ ကမ္ဘာကျော် သမားတော်ကြီးများ၊ အကောင်းစား ဆီဦးထောပတ်များဖြင့် စောင့်ရှောက်ခြင်းဖြင့် လုံလောက်မည်ဟု သင်ယူဆထားပါသလား။
အဘွားခင်၊ အဘွားမြ၊ အဘွားကြည်တို့ မောရှမ်း မောင်နှမများကတော့ ရုပ်ခန္ဓာသာမကစိတ်ကိုပါ စောင့်ရှောက်နိုင်ရမည်ဟု ဤသို့ မှတ်ချက်ပြုလာသည်။ “အဘွားတို့က အခုခေတ်စားနေတဲ့ (သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို၊ ကင်ဆာ) ရောဂါတွေကင်းတယ်။ အာဂန္တုကိုက်တာ ခဲတာလောက်ပဲ ဖြစ်တယ်။ အပြင်က အပူမီးတွေကို အဘွားတို့ ကိုယ်တွင်းကို အဝင်မခံဘူး။ တရားနှလုံး သွင်းနိုင်အောင် ကြိုးစားတယ်။ အစားအသောက် အနေအထိုင်လည်း ဆင်ခြင်တယ်ပေါ့။ အဘွားတို့ကို ဘုရားရဲ့ တရားတော်က အမြဲစောင့်ရှောက်နေတယ်” ဟူ၍။
ဟုတ်ပါသည်။ မောရှမ်း အဘွားများသည် ပြင်ပမှ ဝင်ရောက်လာမည့် မည်သည့် ပူပင်သောကကိုမျှ လက်မခံပါ။ နှလုံးသား၌ တရားကိန်း၍ အပူမှန်သမျှကို တွန်းလှန် တိုက်ထုတ်နိုင်သူများလည်း ဖြစ်သည်။
အဘွားမြနှင့် အဘွားခင်တို့၏ သားသမီးများသည် မိဘများထက် ဦးစွာ လောကကြီးအတွင်းမှ ထွက်ခွာ နှုတ်ဆက် သွားကြလေပြီ။ နှုတ်ဆက်ကြသည့် ပုံစံသာ ကွဲသည်။ အဘွားမြ၏ သားနှစ်ဦးသည် နိုင်ငံခြား ရေနံသင်္ဘောအရာရှိများ ဖြစ်ပြီး ညီအစ်ကို နှစ်ဦးလုံးသည် သင်္ဘော ပေါက်ကွဲမှုကြောင့် တစ်ချိန်တည်းမှာပင် လူ့လောကကြီးက ထွက်ခွာသွားခဲ့ရသည်။ သို့သော် အဘွားမြ မတုန်လှုပ်ခဲ့။ တရားကိုသာ နှလုံးသွင်း၍ မမြဲခြင်း အနိစ္စတရားကို ဆင်ခြင်နိုင်ခဲ့သည်။ အဘွားခင်သည်လည်း ထိုနည်းတူစွာပင်။
ဤသို့ဆိုလျှင် -
သက်တော်ရှည် မောရှမ်းမောင်နှမ တစ်စု၏ သက်ရှည်ကျန်းမာ စိတ်ချမ်းသာခြင်း၏ ထိပ်တန်း လျှို့ဝှက်ချက်သော့ချက်ကို စာဖတ်သူအပါင်းလည်း မြင်အံ့။ ရအံ့။
============
The Voice

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...