Wednesday, August 26, 2015

“မိသားစုထမင်းဝိုင်း”

         မြန်မာအစားအစာနဲ့ သိပ်မရင်းနှီးတဲ့သမီးကို သည်တစ်ခါတော့ ဓနုဖြူဒေါ်စောရီဆီ ခေါ်သွားပြီး အုန်းထမင်းကျွေးကြည့်ပါတယ်။ မဆိုးပါဘူး ဆိုတဲ့ မှတ်ချက်တစ်ခုဟာ ခေါ်သွားရတာ တန်တယ်လို့ ပြောရမှာပါပဲ။ (အဖေတူတာဗျ။ ကိုယ့်တုန်းကလည်း မြောင်းမြက ကိုယ့်အဖွားချက်တဲ့ ဟင်းကို မဆိုးပါဘူး လို့ အကဲဖြတ်မိလို့ မီးဖိုချောင်ထဲတင် ကလော်တုပ်ခံရတယ်။) အချဉ်အစပ် အဖန်အခါးတွေ စားလေ့မရှိတဲ့ သမီးအတွက် ထမင်းချိုချိုမွှေးမွှေးကလေးဟာ သူ့ခံတွင်းနဲ့ တွေ့စေတယ် ထင်ပါရဲ့။ သူသဘောကျတုန်းကလေး ကိုယ့်ဘက်ကလည်း ကြော်ငြာဆက်ဝင်ရမှာဆိုတော့ မြန်မာ့ရိုးရာစားစရာ အုန်းထမင်းနဲ့ ပတ်သက်ပြီး ကိုယ့်သမီးဆီမှာ Product Launching လုပ်ရပါတော့တယ်။ အခု သမီးစားနေတဲ့ မဆိုးပါဘူး အုန်းထမင်းဟာ ဘာမှ မဟုတ်သေးဘူး။ အုန်းထမင်းအရသာ သက်သက်ပဲ ရှိတာ။ ကိုယ့်ဘာသာကိုယ် အိမ်မှာချက်စားတဲ့ အုန်းထမင်းကမှ သည်ကနေ့ထိတိုင်အောင် တသသ တဖွဖွ ပြန်တမ်းတနေရတဲ့ အရသာမျိုးစုံ အကုန်ရောပြွန်းနေလေတယ်။ အုန်းထမင်းမှာ အုန်းထမင်းအရသာအပြင် ဘာအရသာတွေ ရှိရဦးမှာတုန်းဆိုတော့ ရှိတာပေါ့။ အများကြီးပဲ။ ပြောပြမယ်။ သေချာနားထောင်။



         ကိုယ်တို့ငယ်ငယ်တုန်းက အုန်းထမင်းဆိုတာ ဆိုင်မှာ ဝယ်စားရတာ မဟုတ်ဘူး။ အိမ်မှာပဲ ချက်စားကြတာ။ အမြဲတမ်းလည်း ခဏခဏ ချက်နေတာ မဟုတ်ဘူး။ တစ်ခုခု အထိမ်းအမှတ် အထင်ကရရှိမှ တကူးတက ချက်ယူရတာ။ အနည်းဆုံးတော့ အိမ်မှာ လူစုံတယ် ဆိုမှ ပျော်ပျော်ပါးပါး ချက်စားကြတဲ့ စားကောင်းသောက်ဖွယ် တစ်မျိုးပေါ့။ ပင်ပန်းတယ်။ ကရိကထများတယ်။ ဒါပေမယ့် ပျော်စရာကောင်းတယ်။ အရသာလည်းရှိတယ်။ မိသားစု လက်ရေတပြင်တည်း ဝိုင်းဖွဲ့စားသောက်ရတဲ့ မြန်မာထမင်းဝိုင်းကြီးတစ်ခု ဆိုပါတော့ကွယ်။ ကိုယ့်တစ်ယောက်တည်း နှစ်ယောက်တည်း ငေါင်းစင်းစင်းနဲ့ တိုရေရှားရေ ချက်လို့ ဘယ်လိုမှ စားမကောင်းတဲ့ ထမင်းဟင်းလျာပေါ့။ အိမ်မှာ အုန်းသီးရလာရင် ဘယ်နေ့အုန်းထမင်း ချက်စားကြမလဲ။ ဒါမှမဟုတ် အုန်းနို့ခေါက်ဆွဲ ချက်စားကြမလဲဆို ပြက္ခဒိန်ကြည့် ရက်သတ်ရတဲ့ အမျိုးဗျ။ သူများတွေက အဆီအအိမ့် တက်စာ၊ သွေးတိုးစာ လို့ သတ်မှတ်ကြပေမယ့် ကိုယ့်အဖို့တော့ အုန်းထမင်းဆိုတာ အပူစာ မဟုတ်ဘူး။ အအေးစာ၊ အပျော်စာ။ သူတို့အနောက်နိုင်ငံကလူတွေ Thanks Giving Day မှာ ကြက်ဆင်သား ရို့စ်လုပ်စားတာနဲ့ တူတယ်။

         အုန်းထမင်းချက်ဖို့ အဓိကလိုအပ်တာ အုန်းသီး လို့ ပြောရင် နောက်နေတာ မဟုတ်ဘူး။ အတည်။ အုန်းထမင်းပါဆိုမှ အုန်းသီးမပါပဲ ဘယ်လိုချက်မလဲ။ သည်ခေတ်မှာ စတိုးဆိုင်တွေက ဝယ်လို့ရတဲ့ အုန်းနို့စည်သွပ်ဗူးတွေနဲ့ ချက်ရင် အရသာ မကွာပေမယ့် အဲ့ဒါ အုန်းထမင်းအတုကြီး လို့ ခံစားရတယ်။ ဂျယ်လီသကြားလုံးထဲက စတော်ဗယ်ရီအရသာဟာ တကယ့်စတော်ဗယ်ရီသီးအစစ်ကို စားရတာနဲ့တော့ ဘယ်လိုမှ မတူနိုင်ဘူး။ သွေးတိုးသမားတွေအတွက် အုန်းနို့မပါပဲ နို့နဲ့ ချက်တယ်ဆိုတဲ့ နို့ခေါက်ဆွဲကိုတောင် ကိုယ်က အရာသွင်းတာ မဟုတ်။ မတည့် မစားပဲနေမယ်။ အယောင်ဆောင် အတုလုပ်ပြီး ရသေ့စိတ်ဖြေတော့ မစားချင်ပေါင်။ အုန်းသီးတောင် မှ အုန်းသီးတိုင်းဟာ အုန်းထမင်းချက်လို့ မကောင်းဘူး။ မနုလွန်း မရင့်လွန်း အနေတော်ကလေးမှ။ ရင့်လွန်းရင် အဆီတွေ တက်ပြီး အရသာမချိုဘူး။ နုလွန်းရင် အနံ့မမွှေးဘူး။ အချိုလည်း ပေါ့တယ်။ ကိုယ်ရထားတဲ့ အုန်းသီးဟာ ဘယ်လိုအနေလောက် ရှိမလဲဆိုတာ အကဲခတ်ပြီးမှ အဲ့ဒါကို အုန်းထမင်းချက်ရမလား။ ဆီထမင်းထိုးရမှာလား။ အစိတ်လိုက် အခိုင်လိုက် အုန်းသီးကပ်စေးနဲ လုပ်စားရမှာလား ဝေခွဲတယ်။ အုန်းသီးကမှ စ မကောင်းရင် ဘယ်လိုမှ အုန်းထမင်းကောင်း မရနိုင်ဘူး။

        ကလေးတွေ ပါးစပ်ထဲရှိရာ သီချင်းလုပ်ဆိုတဲ့အခါ မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် နို့စို့မယ် ပြီးတော့ ဖေဖေလာရင် အုန်းသီးခွဲစားမယ် ဆိုတာကလေးနဲ့ အဆုံးသတ်တယ်။ ဆိုလိုတာက အုန်းထမင်းချက်ဖို့ အုန်းသီးပြီးရင် ဖေဖေကလည်း လိုသေးတယ်။ အဲ့ဒါကြောင့် အုန်းထမင်းအရသာထဲမှာ မိသားစု မိစုံဖစုံ ဥမကွဲသိုက်မပျက်ရှိခြင်း ဆိုတဲ့ အရသာ ပါတယ်။ ဖေဖေ မေမေ ကိုယ်တိုင် ချက်ကြပြုတ်ကြတဲ့ အရသာ လည်းပါတယ်။ အဲ့ဒါကြောင့်မို့ ပျော်စရာကောင်းတာပေါ့။ အုန်းသီးခြစ်တာများ ဖေဖေ မအားလည်း ဈေးထဲသွား ခြစ်သည် ညှစ်သည်မှာ အပ်လိုက်ရင် ဘယ်လောက်မှ မပေးရဘူး။ ဆယ်လုံး ညှစ်ချင်သလား၊ အလုံးနှစ်ဆယ် ညှစ်ချင်သလား။ ငါးမိနစ်တောင် မကြာ။ ဒါပေမယ့် အဲသည် ခြစ်သည် ညှစ်သည်က အုန်းနို့ဟာ ဖေဖေကိုယ်တိုင်ခွဲတဲ့ အုန်းသီးလို အရသာမရှိဘူး။ ဖေဖေက ဓါးတစ်ချောင်းနဲ့ အုန်းသီးခွဲနေရင် မေမေ ရေချိုးခန်းထဲ ကြမ်းတိုက်ဖို့ အုန်းခွံအကြမ်းကြီးတွေလည်း ရတယ်။ မမ ပန်းကန်ဆေးတဲ့အခါ ဆပ်ပြာနဲ့ရော တိုက်ဖို့ အုန်းဆံဖတ်တွေလည်း ရတယ်။ ဘေးနားမှာ ဝင်ရှုပ်နေတဲ့ သားသားသောက်ဖို့ အုန်းရည်ချိုချိုလေးလည်း ရတယ်။ ညီမလေး အငိုတိတ်အောင် ချော့ဖို့ သဂျီထွေး လို့ ခေါ်တဲ့ အုန်းသီးအတွင်းက ဖြူဖြူပွပွ အသားကြီးလည်းရတယ်။ ရစ်သီရစ်သီနဲ့ ပတ်မျှော်နေတဲ့ ကိုယ်တို့အတွက် အုန်းသီးစိပ်ကလေးဘာလေးလည်း စားရတယ် မဟုတ်လား။ မစို့မပို့ စားရတဲ့ အရသာ ဟာ ဘာနဲ့ မတူဘူးကော။

         ဖေဖေက အုန်းသီးခွဲတဲ့အချိန်ဆို မေမေကလည်း ဘာလချောင်ကျော် ကျော်နေပါပြီ။သမီးမစားတဲ့ အဲသည် ငရုပ်သီးအစပ်တွေဟာ အုန်းထမင်းနဲ့ တွဲဘက်စားစရာ မပါမပြီးတဲ့ အဓိက ဟင်းရံတွေပါပဲ။ တခါမှ မစားဘူးတော့ ဘာလချောင်ကျော်ရယ် ငပိကျော်ရယ် ငံပြာရည်ကျော်ရယ် မတူဘူးဆိုတာ တောင် သိမှာ မဟုတ်ဘူး။ အဲ့ဒါ မြန်မာဖြစ်ရတဲ့ အရသာ အစစ်။ ပုဇွန်ခြောက်ကို မှုန့်နေအောင် ထောင်းပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ ညှော်နံ့တွေ မွှန်နေအောင် ကျော်တာချင်းတော့ တူတယ်။ မန်ကျည်းမှည့်ရည်လေး နည်းနည်းထည့်ကျော်လို့ အချဉ်ဓါတ်ကလေး ပါလေကာ စွက်ထားရင် ဘာလချောင်ကျော်။ ငပိစိမ်းစားမွှေးမွှေးကလေးနဲ့ဆို ငပိကျော်၊ ငံပြာရည်စိုရုံကလေးထည့်တော့ ငံပြာရည်ကျော်။ ငံပြာရည်တွေ အိုင်နေအောင် ထည့်လိုက်ရင် ငံပြာရည်ဆီသတ်။ ကျိုချက်ထားတဲ့ ငံပြာရည်မှာ ငရုပ်သီးကြက်သွန် ဆီသတ်ကလေးနဲ့ ရေပေါ်ဆီကလေး ဝေ့နေအောင် ချက်တော့ ငံပြာရည်ချက်။ ဆီမသတ်ပဲ ငရုပ်သီးအကြက်မှုန့်ကလေးဖြူးပြီး ကြက်သွန်ဖြူ ပုဇွန်ခြောက် မညက်တညက်ထောင်းကလေး ခတ်လိုက်တော့ ငံပြာရည်ဖျော်တဲ့။ တစ်မျိုးစီ၊ တစ်ဘာသာစီ၊ အရသာ တခြားစီပါ။ သူ့ချည့်သာလော ဆိုရင်တော့ တို့စရာလေးနဲ့ပါဖျားပေါ့။ မရမ်းသီးအရွယ်လောက်ရှိတဲ့ သရက်သီးစိုင်သီး ကျွတ်ကျွတ်ကလေးတွေကို အစေးမပေါက်အောင် ရေစိမ်တို့တော့ ကိုက်ထည့်လိုက်ရင် ရွရွကိုဆတ်နေတာပဲ။ မချစ်စု ဝင်းရောင်သန်းကလေးနဲ့များဆို ထမင်းကိုတောင် အရေးမလုပ်မိတော့ဘူး။ သူ့ချည့်ပဲ ငံပြာရည်ခွက်ထဲ ဆူရှီတို့သလို တို့စားပစ်တယ်။ ဗိုက်နာကာမှ နာရော။ ခံရတာ တန်တယ်။ စားကောင်းလွန်းလို့။ တို့စရာချည့်ပဲတောင် ဒီလောက်ကောင်းနေတာ အုန်းထမင်းနဲ့များသာဆို စဉ်းစားကြည့်စမ်းပါလေ။

         အုန်းထမင်းချက်ဖို့ အခရာကတော့ အိုးသူကြီးလုပ်သူ မေမေပါပဲ။ ဒီအုန်းသီး ဘယ်နှစ်လုံးကို ဆန် ဘယ်နှစ်လုံးချက်နဲ့ ချက်မလဲ။ ဒါ သူ့ပညာ။ တစ်အိမ်လုံးစာလည်း လောက်မှဖြစ်မှာ။ ပင်ပင်ပန်းပန်း တရင်းတနှီးချက်ထားရတဲ့ အုန်းထမင်းအိုးကြီးဟာ ပျော့သွားလို့လည်း မဖြစ်ဘူး။ မာသွားလို့လည်း မဖြစ်ဘူး။ တူးသွား ကပ်သွားလို့လည်း မဖြစ်ဘူး။ Rice cooker ခလုပ်နှိပ်ရုံပဲ တတ်တဲ့ မြို့ကြီးသူတွေနဲ့ လားလားမှ မအပ်စပ်သော အရာသာ ဖြစ်တယ်။ မီးသွေးမီးဖိုကလေးမှာ အထက်အောက် အကျက်ညီအောင် ချက်ပြီးတာနဲ့ တအိုးလုံး နှံ့နှံ့စပ်စပ် နပ်ဖို့ရာ မီးဖိုထဲက မီးခဲကလေးတွေကိုလျော့၊ ထမင်းအိုးအဖုံးပေါ်တင်၊ သူ့အတွင်းက အပူငွေ့ကလေးနဲ့သူ မီးအေးအေးကလေးနဲ့ အနံ့ကလေးသင်းနေအောင် နှပ်ရတာ။ အုန်းထမင်းကလေးက ကျက်ကာနီး၊ ငပိကျော်ကလေးက ညှော်နံ့သင်းလာရင် ကလေးတွေဆိုတာ မီးဖိုထဲ ယင်အုံသလို အုံပြီး တဝဲလည်လည် နေတော့တယ်။ မေ့လို့ မေ့လို့ ထမင်းအိုးထဲက ကြက်သွန်နီဥကြီးတွေလည်း အိစက်နေအောင် နူးရဦးမယ်။ အဲ့ဒါမှ ချိုမှာလေ။ အုန်းထမင်းဟာ ချိုးမပါလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အဲသည်ထမင်းချိုးက နီရောင်ကလေးပဲ သန်းပြီး ဆီနဲ့လှော်ထားသလို မွှေးနေရမယ်။ တူးစော်မနံရဘူး။
 
          အုန်းထမင်းနဲ့ လိုက်ဘက်တဲ့ ဟင်းလျာကတော့ ဆိတ်ကလီစာကို ပျဉ်းတော်သိမ်ကလေးနဲ့ ချက်ရင်ချက်၊ ဒါမှမဟုတ် ကြက်သား အာလူး ဆီမပြန့်တပြန်လေးနဲ့ဆိုလည်း လိုက်တယ်။ ထမင်းမှာ အဆီတွေ ပါပြီးသားမို့ ဟင်းကို အရေစပ်စပ်ကလေးနဲ့ အနှစ်ရအောင် ချက်တာပဲ ကောင်းတယ်။ အုန်းသီးမှာ အနုအရင့် အလောတော်ရဖို့ အရေးကြီးသလိုပဲ ချက်မယ့်ကြက်သားကလေးကလည်း မနုလွန်း မရင့်လွန်း အလောတော်ရဖို့ လိုပြန်တယ်။ အိမ်မှာဆို မောင်နှမက များတော့ အသဲအမြစ် ကြိုက်သူတွေအတွက် အသည်းအမြစ်ကလေး တစုံလောက် ဈေးသည်ဆီက အဆစ်တောင်းတန် တောင်းခဲ့ရတယ်။ ကိုယ့်ဖို့ဆိုရင်တော့ ကြက်အူကလေးတွေကို အညစ်အကြေး စင်အောင်ထုတ်ပြီး အထုံးကလေးတွေ ထုံးလို့ ထည့်ချက်ပေးတယ်။ ဆီဗူး ကြိုက်သူ ဆီဗူး၊ တောင်ပံကြိုက်သူ တောင်ပံ၊ ခြေထောက်တွေ ခေါင်းတွေမှ ကိုက်ချင်သပဆိုလည်း စိတ်တိုင်းကျစေရမတဲ့။ နှစ်သက်ရာ တစ်ခုခုကို ဝေပုံကျ အသားကလေးနဲ့ တွဲပြီးရင် အာလူးကိုတော့ သဘောရှိ ကလောဟိ ရနိုင်တယ်။ ဒါပေသိ မလိုပါဘူးလေ။ အုန်းထမင်းဆိုတာ ဘာဟင်းမှ မပါရင်တောင် စားလို့ကောင်းပြီးသား ဥစ္စာ။

         လူကြီးတွေကတော့ ဟင်းချိုရေ အရည်သောက်ကလေး မပါရင် ထမင်းနင်တတ်သတဲ့။ အဲသည်အတွက်တော့ ဓါတ်ချဉ်ပေါင် (ချဉ်ပေါင်အဖြူ)ကလေးကို ခရမ်းသီးကလေး လေးစိတ်ကွဲ၊ ငရုပ်သီးစိမ်းကလေး အလျားလိုက်ခွဲ၊ ကြက်သွန်အဖြူအနီကလေး ပါလေကာခတ်လို့ မှန်ရောင် ဟင်းချို ကျဲကျဲကလေး ချက်ပေးတယ်။ အအီပြေပေါ့။ အချဉ်သုပ်ကလေး လုပ်ချင် သခွားသီးကလေး နုတ်နုတ်စင်းပြီး ငရုတ်သီးစိမ်း ပူစီနံကလေး ရိပ်ရိပ်ပါအောင်လှီး၊ ရှာလကာရည်လေး ဆမ်းလိုက်ရင် ရပြီ။ ကိုယ်ကတော့ မုန်လာဥနီကို ရေစင်စင်ဆေးလို့ အစိမ်းလိုက် ကိုက်ကိုက်ပြီးစားတာ ချိုလို့ မွှေးလို့။ ထမင်းစားပြီးရင် လက်တောင် စင်စင်မဆေးဘူး။ ကိုယ့်ဘာသာ ပြန်ပြန်နမ်းဖို့ ချန်ထားတယ်။ ငါတို့အိမ်မှာ ဒီနေ့ အုန်းထမင်းချက်တယ်လို့ သူများအိမ်တွေကို ပြန်ကြွားရဦးမှာလေ။ သည်ထမင်း သည်ဟင်းတွေက ဆိုင်မှာဝယ်စားလည်း မနီးရိုးစွဲ အရသာရှိရှိ စားလို့ရပါတယ်လေ။ လက် ရေစိုစရာတောင် မလိုဘူး။ ထမင်းပွဲရှေ့ရောက် ဇွန်းခက်ရင်းကလေးနဲ့ သမီးကိုယ်တိုင် စားခဲ့တယ် မဟုတ်ဘူးလား။ ဒါပေမယ့် ဘယ်မလဲ မိသားစု။ ကိုယ်စားခဲ့တုန်းကလို ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း ချစ်ချစ်ခင်ခင်နဲ့ လက်ဆုံစားခဲ့ရတဲ့ အရသာက ဘယ်မတုန်း။ သမီးမှာ အလွန်ဆုံး ပြန်စဉ်းစားနိုင်ရင် သူ့အဖေ သူ့ကို ဒေါ်စောရီမှာ လိုက်ကျွေးတယ်ဆိုတဲ့ မှတ်ဥာဏ်ထက် မပိုဘူး။

           ဒီအခါမှာ မနေ့က သမီးနဲ့ အတူသွားကြည့်မိတဲ့ ကာတွန်းကားကလေးကို ပြန်သတိရသွားတယ်။ “Inside Out” တဲ့။ လူတိုင်းလူတိုင်းမှာ သူ့အတွင်းစိတ်ဆိုတာ ရှိတယ်။ အဲသည် အတွင်းစိတ်ထဲမှာ စိတ်ခံစားမှုတွေကို ခံစားလိုက်ပြီးရင် မှတ်ဥာဏ်အဖြစ် သိုမှီးထားတယ်။ စိတ်ခံစားမှုဆိုတာက ပြီးပြီးပျောက်ပျောက်ပဲ။ တဒင်္ဂကလေးပဲ ခံတယ်။ ပျော်စရာရှိ ပျော်တယ်။ ငိုစရာရှိ ငိုတယ်။ စိတ်ဆိုးစရာ ရှိတော့ စိတ်ဆိုးတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်တဲ့အခါလည်း ဖြစ်တာပေါ့။ (အူရီဒူးလေ အူရီဒူး) အဲ့ဒါတွေ အားလုံး ဥပဒ် ဋ္ဌီ ဘင်၊ ဖြစ် တည် ပျက် နဲ့ သွားတယ်။ ဒါပေမယ့်လည်း လူ့ရဲ့ ဦးနှောက်က သူနက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတဲ့ တချို့စိတ်ခံစားချက်တွေကို မှတ်ဥာဏ်အဖြစ် သိုမှီးသိမ်းဆည်းပလိုက်တယ်။ အဲသည်မှတ်ဥာဏ်တွေကမှတဆင့် အတိတ်ဖြစ်ရပ်တွေကို စိတ်ကူးအာရုံပေါ်တင်ပြီး အသစ်တဖန် အပြန်ပြန်တလဲလဲ ခံစားယူလို့ရတယ်။ အုန်းထမင်း စားတဲ့အခါ သမီးလျှာပေါ်မှာ တင်ပြီး ခံစားလိုက်တဲ့ ချို ချဉ် စပ် ခါး ဆိမ့် ငန်၊ ခြောက်ပါးသော အရသာတို့ဟာ သိမှု အာရုံနဲ့တင် ပြတ်သွားပြီး သမီးရဲ့ အတွင်းစိတ်ထဲကို မှတ်ဥာဏ်မတင်ဘူး။ အခုနေ ပြန်စဉ်းစားလိုက်ရင် “မဆိုးပါဘူး။ ကောင်းသားပဲ” ထက် ဘာမှ မပိုတာ။ ဒါပေမယ့် သူ့အဖေ အာရုံထဲမှာ စားမြုံ့ပြန်နေတဲ့ အုန်းထမင်းက လျှာဖျားကလေးနဲ့ အရသာ ခံထားတာ မဟုတ်ဘူး။ သူတို့ မိသားစု စုံစုံညီညီ၊ ပျော်ပျော်ပါးပါး၊ လက်ရေတပြင်တည်း ဆိုတဲ့ စိတ်ခံစားမှု အရသာတွေ ပါနေတယ်။ အဲ့ဒါတွေက လျှာနဲ့ ခံစားတဲ့ အရသာ မဟုတ်ဘူး။ စိတ်နဲ့ခံစားတဲ့အရသာ။ အဲ့ဒီအရသာကတော့ နောင်နှစ်ပေါင်း လေးငါးဆယ်ကြာလို့ သည်အရွယ်ကြီး ရောက်တာတောင် အခုပြန်စဉ်းစား အခု အရသာပေါ်တယ်။ အဲသလိုပဲ သူခံစားရတဲ့ အရသာအကြောင်း စီကာပတ်ကုံး ဖွဲ့နွဲ့ရေးသားပြတဲ့အခါ စာဖတ်သူတွေရဲ့ စိတ်ထဲမှာလည်း သူတို့ငယ်ငယ်က သူတို့မှတ်ဥာဏ်ထဲမှာ ရှိတဲ့ မိသားစုဘဝကလေးကို ပြန်လည်ပုံဖော်ပြီး ကိုယ့အရသာနဲ့ကိုယ် ဆက်ခံစားလို့ ရနိုင်တယ်။

          သည်အခါမှာ သမီးကို သိစေချင်တာက ချောကလက်စားရင် ချိုတယ်။ ငရုပ်သီးစားရင် စပ်တယ် ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းသော ရုပ်ဝတ္ထု ခံစားမှု အာရုံတွေကို ကျော်လွန်ပြီး သိမ်သိမ်မွေ့မွေ့ စိတ်နဲ့သာ ခံစားလို့ရတဲ့ ချစ် ရွှင် သနား၊ တည်ကြား ကြမ်းကြုတ်၊ စက်ဆုပ် ရဲဝံ့၊ ကြောက်ရွံ့အံ့သြ၊ အစရှိသော မနောရသတွေကိုလည်း ခံစားတတ်အောင် သင်ပေးချင်တာပေါ့နော်။ အချိုကိုသာ အလိုရှိသည်၊ အခါးတွေ အစပ်တွေ လျှာပေါ်တောင် အတင်မခံချင် ဆိုတာမျိုးကလည်း မဟုတ်သေးဘူး။ ကာတွန်းကားထဲမှာ ပတ်ဝန်းကျင်နဲ့ ဝေးကွာပြီး စိတ်ခံစားမှုတွေ၊ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့ စိတ်ကျဝေဒနာသည် ကလေးမကလေးကို သူ့မိသားစုရင်ခွင်ထဲ အရောက်ပြန်ပို့တဲ့ စိတ်ခံစားမှုဟာ သူတချိန်လုံး တကောက်ကောက် လိုက်ရှာနေတဲ့ ပျော်ရွင်မှု (Joy) မဟုတ်ဘူး။ သူမလိုချင်လို့ မနှစ်သက်လို့ တချိန်လုံး ချိုးနှိမ်ထားတဲ့ ပူဆွေးသောက (Sadness) သာလျှင် ဖြစ်တယ်။

           အသက်ကလေးရလာတဲ့အခါ သမီးရဲ့စိတ်ထဲမှာ အချိုတွေချည့်ပဲ ခံစားမယ်။ အချစ်တွေချည့်ပဲ လိုလားမယ်။ လို့ ပုံပြင်ဆန်ဆန် စိတ်ကူးယဉ်နေလို့ မရဘူး။ တကယ့် လက်တွေ့ဘဝမှာ အရာအားလုံးကို ခံစားနိုင်ရမယ်။ အရာအားလုံးဟာ ကိုယ့်အတွက် အားသစ်ခွန်သစ် ဖြစ်စေရမယ်။ ချိုသည်ပဲဖြစ်စေ၊ ခါးသည်ပဲဖြစ်စေ၊ ဒါ သမီးမိသားစုပဲ။ ဒီမိသားစုဘဝဆိုတာ သမီးအတွက် ထာဝရပိုင်ဆိုင်ရလိမ့်မယ် မထင်နဲ့။ သင်္ခါရသဘောတရားဆိုတာ ရှိတယ်။ ဒီအခါမှာ သမီးဟာ မိသားစုနဲ့ မကွဲမကွာ အတူရှိနေခိုက် သာယာချိုမြိန်သော အရသာတွေကို မိန့်မိန့်မူးမူး ခံစားရင်း နောင်တချိန်မှာ ပြန်လည်တမ်းတခံစားနိုင်မယ့် မှတ်ဥာဏ်တွေကို တည်ဆောက်နေရမယ်။ အုန်းထမင်းကလေးဟာ အခုစားတော့ ချိုတယ်လေ။ သူ့အဖေနဲ့ အတူစားတော့ ပိုချိုတယ် မဟုတ်လား။ ထားပါတော့။ အဲ့လောက်လည်း မဟုတ်ပါဘူး။ ဒါပေသိ သူ့အဖေက အုန်းထမင်းလေးတစ်နပ်လိုက်ကျွေးပြီး တကမ္ဘာလုံးသိအောင် ကြော်ငြာဝင်တာတော့ လွန်တာပေါ့။ ဟာဟ။ ကြော်ငြာတော့ မဝင်ပါဘူး။ လက်ချာပဲ ရိုက်တာပါ။ လူဆိုတာ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ အတူရှိတဲ့အချိန်ကို သာယာချိုမြိန်တယ်လို့ မှတ်ယူခံစားကြတယ်။ အဲသည်လို အတူရှိတဲ့အချိန်ဆိုတာ မတည်မြဲပေမယ့်လည်း နောင်ကျ အကြောင်းတိုက်ဆိုင်လို့ အတိတ်စာမျက်နှာတွေ ပြန်လှန်ကြည့်မိတဲ့အခါ နဂိုတုန်းက ခံစားခဲ့တဲ့ အရသာ အဟောင်းအနွမ်းကလေးတွေဟာ အသစ်တဖန် ပြန်လည် လတ်ဆတ်လို့ လာစေဦးမပေါ့။ လွမ်းရတယ်ဆိုတာလည်း အရသာ တစ်မျိုးပါပဲလေ။ ဟုတ်ဘူးလား။ နောက်တခါ မန်းလေးရောက်ရင်တော့ ဒေါင်းလန်းကြီးမှာ လိုက်ကျွေးမကွယ်။

“လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်မောင်။ မကြည်အောင် ခပ်ငယ်ငယ်။ ဒေါင်းလန်းကြီးနဲ့ ထမင်းတွေပုံ၊ ဟင်းဇလုံ အလယ်မြှုပ်ပါလို့ တစ်လုပ်စီ သည်မောင်နှမတွေရှင် စား … စားကြပျော်ရွှင်။ တေးဆိုကြ။ မြူးပျော်ကြ။ ဟေ့ သူငယ်ချင်းရေ။ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း မိုး ရွာမလိုလိုနဲ့ပဲ။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...