Tuesday, August 4, 2015

“ဥ”

 
          အမေရိကန်မှာ ထိပ်တန်းဆရာဝန်ကြီးပါ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က ကိုယ်တို့ရွှေပြည်ကြီးရဲ့ ကျန်းမာရေးစီမံခန့်ခွဲမှုတွေကို စိတ်တိုင်းမကျလွန်းလို့ သူ့လက်သာ အပ်လိုက်ရင်ဖြင့် စင်္ကာပူ၊ ဘန်ကောက်ထက် မသာရင် ပြောချင်တိုင်းပြောတဲ့။ အင်း ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ပါဘူး။ သူ့မှာလည်း သူ့ခံစားချက်နဲ့သူကိုး။ သူ့ပတ်ဝန်းကျင်က ချစ်တဲ့ခင်တဲ့ အရင်းအချာတွေဟာ ဟိုမှာဆိုရင် မသေနိုင်လောက်တဲ့ရောဂါတွေနဲ့ ကိုယ်တို့ဆီမှာ ရေတိမ်နစ်ကြရတာလည်း အမှန်ပါ။ မငြင်းနိုင်ပါဘူး။ ဒါပေသိ ကိုယ်တို့ဆီကလူတွေ မျက်နှာလွှဲ ခဲပစ် မလုပ်ပဲ ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတယ်ဆိုတာလည်း သူအသိဆုံးပါ။ ထင်တိုင်းမပေါက် လျှောက်တိုင်းမရောက်ခဲ့ရတာကို ကိုယ်ကတော့ Capacity ဆိုတာနဲ့ပဲ ရှင်းပြဖြစ်ပါတယ်။ ဆင်မှာ ဆင့်အထွာရှိပေမယ့် ဆိတ်မှာတော့ ဆိတ်အထွာပဲ ရှိပါတယ်။ ငုံးမလေးကို ဘာအားဆေးကျွေးကျွေး ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လောက်ကြာကြာဝပ်ဝပ်၊ ကြက်ဥအရွယ် ထွက်လာမှာတော့ မဟုတ်ဘူး။ နောက်တကြောင်းကတော့ ကိုယ်တို့ကိုင်တွယ်ကုသနေရတဲ့ လူနာတွေရဲ့ သဘောသဘာဝကလည်း ပါပါသေးတယ်။ ဒါကြောင့် သည်ကလူနဲ့ ဟိုလူ ရောဂါချင်းတူတာ တစ်ခုတည်းနဲ့ ကျန်တာတွေ ဘာတစ်ခုမှ တူနိင်မယ် မထင်ဘူးကွယ်။
ကံ စိတ် ဥတု အာဟာရချင်းက တခြားစီ မဟုတ်လား။ အများဆုံး စကားပြောသွားတာကတော့ မြန်မာပြည်မှာ လူဖြစ်လာရတဲ့၊ ကြီးပြင်းနေထိုင်ရတဲ့၊ မစွန့်ခွာနိုင်ပဲ အသက်ထက်ဆုံး ခင်တွယ်နေမိတဲ့ ကံ က အဓိက ဖြစ်မှာပေါ့။ ကံ ကံ၏အကျိုးကို လက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့တော့ ဒီလောက်ပဲ ရှင်းပြတတ်တယ်။


          ဒါပေမယ့် သူပြောတဲ့ အားမလိုအားမရ ခံစားချက်ကြီးကိုလည်း သိပ်ကို နားလည်နိုင်ပါတယ်။ သိတဲ့တတ်တဲ့သူဆိုတာ မဟုတ်မဟတ်လူတွေ မထော်မနှမ်းလုပ်နေရင် အင်မတန် အသည်းယားလေ့ရှိတာကလား။ အခုရက်ပိုင်းအတွင်း သူ့လို မချင့်မရဲ ခံစားချက်နဲ့ ဒေါက်တာကလေးတစ်ယောက်ရဲ့ မချိတင်ကဲ စတေးတပ်စ်တစ်ခု ဖတ်လိုက်မိပါတယ်။ သူ့ကိုသာ သမ္မတကြီးခဏပေးလုပ်၊ အခုလက်ရှိလုပ်နေတာထက် မသာရင် သူ့ဘာသူ သတ်သေသွားမယ်တဲ့။ အခုလောလောဆယ် လူငယ်လူရွယ်တွေထဲမှာ သမ္မတနေရာဆက်ခံနိုင်မယ့် အရည်အချင်းပြည့်မီသူ တစ်ယောက်မှ မရှိတဲ့အတွက် အသက် ၇၀ ကျော်၊ ကျန်းမာရေးမကောင်းတဲ့ ဘဘပျော့စိစိန်က ဗေဒါပျံ အံကိုခဲပြီး နန်းစံလျက်ပဲ ဆက်လုပ်ရဦးမယ် ဆိုလို့ အားနာသွားတယ် ထင်ပါရဲ့။ ဟုတ်ပါတယ်လေ။ ကိုယ့်မိကိုယ့်ဘသာဆိုလည်း သည်အချိန်သည်အရွယ်ကြီးအထိ အရှုပ်ထုပ်ပေါင်းစုံ ခေါင်းပေါ်ရွက်ပြီး ဘဝကူးကောင်းမယ့် တရားဘာဝနာပွားများဖို့ အချိန်မပေးနိုင်တာ သားသမီးတွေအနေနဲ့ သိပ်တကိုယ်ကောင်းဆန်ရာကျသွားပြီ။ တသက်လုံး လုပ်လာတဲ့ ကုသိုလ်တွေ တောင်ပုံရာပုံရှိလည်း ဘဝကူးရင် ကပ်သွားမယ့် ဇောစိတ်စေတနာကသာ ဝုန်းကနဲဒိုင်းကနဲ အကျိုးပေးသန်မှာ မဟုတ်လား။ ဖေ့စ်ဘုတ်ပေါ် တစ်ရက်တက်လိုက်ရင်တောင် အဲ့လောက် အကုသိုလ်များတာ တိုင်းပြည်ကြီးကို တစ်ရက်အုပ်ချုပ်ကြည့်။ ဘယ်လောက် အကုသိုလ်စိတ်တွေ ဖြစ်လိုက်မလဲ။ နေဝင်ချိန်ကို ဒါကြီးတွေနဲ့ ဖြတ်သန်းရင် ပစ္စုပ္ပန် တမလွန် ဘယ်ဟာမှ ကောင်းဖို့ရာ မမြင်ဘူး။ သူ့ခမျာ နားချင်လျက်နဲ့ လူငယ်တွေကို စိတ်မချလို့ ဆက်လုပ်နေရတယ်ဆိုရင်ဖြင့် သေရင်တောင် အသေဖြောင့်နိုင်စရာအကြောင်း မရှိ။ သနားပါတယ်။ ဒီလောက်နှိပ်စက်ရ တော်ရောပေါ့။

           တကယ်တော့ သူက ကိုယ်တို့ဆီမှာ ဟောက်ဆာဂျင်ကို အာကရံပါကရံလောက် ဆင်းသွားခဲ့တာဆိုတော့ အလုပ်ထဲက ဆရာဝန်တွေ နိစ္စဒူဝ ရင်ဆိုင်ရုန်းကန်နေရတာတွေကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကိုယ်တို့တတွေ ပြတ်ကျန်ခဲ့ပြီ။ ယိုးဒယား စင်္ကာပူကို ဘယ်လိုမှ လိုက်မမီနိုင်တော့ဘူး။ တစ်နေ့တစ်နေ့ မင်္ဂလာဒုံကနေတက်သွားတဲ့ လေယာဉ်ကြီးတွေပေါ်မှာ
မြန်မာလူနာတွေ ဘယ်လောက်ပါပါသွားတယ် ထင်သတုန်း။ အရေးကြီးတယ် အသေမခံနိုင်ဘူးဆိုတဲ့ ဂီးဆောင်ကျောင်းတွေမှန်သမျှ စမြင်းဒေါသလေးများ တစ်လာရင် ဟိုဘက်ပြေး ဝမ်းချူပလိုက်ရမှ နေသာထိုင်သာ ရှိသွားတာ မဟုတ်လား။ ကိုယ်တစ်ခါ ပြောဖူးပါတယ်။ ရွှေဖင်နှိုက်ခွင့်ရတဲ့ ကိုယ်တို့ဆီက ရွှေဆာဂျင်ကြီးတစ်ယောက်ဆို လက်တောင် မဆေးနိုင်ပဲ ရွှေချထားမလောက် အာဘွားအာဘွား လပ်ကီးဖင်းဂါးလုပ်နေတာ မြင်ခဲ့ဖူးပါတယ်ဆို။ ငွေကြေးတတ်နိုင်တဲ့သူမှန်သမျှ အရေးရယ်အကြောင်းရယ်ဆို ဟိုမှာပဲ ပြေးကုကြတာ။ မလွှဲသာလို့ ကိုယ်တို့ဆေးရုံရောက်လာတယ်ဆို ခဏတဖြုတ် ခံပွင့်ကို ကုံးဖို့။ ဒါပေမယ့် ကိုယ်တို့ဘက်က အဲ့ဒါတွေကို ဘယ့်နှယ်မှ မခံစားရဘူး။ ခံစားဖို့လည်း အချိန်မပေးနိုင်ဘူး။ ကိုယ်နဲ့ မကုချင်လို့ ကိုယ့်ထက်သာရာရွေးသွားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်။ ကိုယ်တို့ ပြဿနာက သည်မှာ ကိုယ်မကုရင် မျက်စိအောက်တင် အသက်ထွက်သွားမယ့်သူတွေ၊ ကိုယ့်ဆီကလွဲ ဘယ်ကိုမှလည်း မသွားနိုင်တဲ့သူတွေကို ကိုယ်ကလွဲ ဘယ်သူမှ ကုမယ့်သူမရှိလို့ နင်ပြီးနင်ဆင်းကုနေတာ။ အဖိတ်အစင် ဟိုမှာထက် များချင်များလိမ့်မယ်။ ထိုင်ကြည့်နေလို့ အကုန်ဖိတ်ကုန်မှာထက်စာရင် ကိုယ်ကျုံးလို့ရသမျှ အသားတင်လေ။ ငုံးဖင်နဲ့ ဆန့်သလောက် အကြီးဆုံးဥတစ်ဥတော့ မရပ်မနားအုနေတာချည့်ပဲ။ ကြက်ဥမှ လိုချင်သပဆို ကြက်မဖင်သွားနှိုက်ကြ။


          သည်အခါမှာ သူတို့ဘက်က ပြောလာတာက “ဟုတ်တယ်။ အဲ့ဒါ ကိုယ်တို့ မြန်မာနိုင်ငံရဲ့ ပကတိ လက်ရှိအခြေအနေ။” ဒါပေသိ ဒီအခြေအနေကို လက်ခံပြီး ဒီအတိုင်းဆက်သွားနေလို့တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး။ ပြောင်းလဲပစ်ရမယ်။ ဘယ်လိုပြောင်းလဲရမလဲ သူတို့သိတယ်။ သူတို့ဟာ နွားခြေရာခွက်ထဲက ဖားသူငယ်တွေ မဟုတ်တော့ဘူး။ သူများနိုင်ငံမှာ သူများကျန်းမာရေးကို တထောင့်တနေရာက ထိထိရောက်ရောက် ဝင်ထမ်းနေတဲ့သူတွေဖြစ်တယ်။ ဘာတွေကို ဘယ်လိုပြုပြင်လိုက်ရင် ဘယ်လိုပြောင်းလဲသွားမယ် ကောင်းကောင်းသိတဲ့အတွက် သူတို့ကို လုပ်ခွင့်ပေးစေချင်တယ်။ သူတို့လည်း ကိုယ့်တိုင်းပြည်အတွက် လုပ်ပေးချင်တဲ့ စေတနာ ရှိတယ်။ သိပ်ကောင်းတဲ့ အကြံဥာဏ်ပေါ့ဗျာ။ လက်ခံပါတယ်။ အဲ့ဒါ Brain Regain လေ။ သူများတိုင်းပြည်ကို လျှံထွက်သွားခဲ့သော ကိုယ်တို့ဆီက ဦးနှောက်တွေ အရင်းအနှီး အတွေ့အကြုံနှင့်တကွ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ဝင်လာတာ။ သို့သော်လည်း ပြဿနာ တစ်ခုက ရှိနေတယ်။ ကိုယ့်တိုင်းပြည်မှာ သိတဲ့တတ်တဲ့သူတွေ နေရာမရတာ သူတို့မသိဘူးလား။ အပြင်က ပြန်ဝင်လာတဲ့ ဘရိန်း မပြောနဲ့ လောလောဆယ် အရှင်လတ်လတ်ကြီး ပြည်တွင်းမှာ ရှိနေဆဲ ဘရိန်းကြီးတွေတောင် လူမှန်နေရာမှန် သုံးထားတာ ဘာတစ်ခုမှ မရှိဘူး။ “ပြဒါးရှင် ပေးချင်ရဲ့ သည်အရေး။ ဇော်ဂျီမောင် ငါအမှန်စစ်သော်လည်း လော်ဘီကောင်မသာချန်ရစ်လို့ စိတ်ညစ်တယ်လေး။” ဖြစ်နေရပြီ။ သည်မှာက သိတဲ့တတ်တဲ့သူတွေကို နေရာမပေးဘူးလေ။ ကိုယ်နဲ့သိတဲ့သူပဲ တတ်တတ်မတတ်တတ် နေရာပေးထားတာ။

           လက်ငင်းဥပမာ ပြမယ်။ မဟုတ်ဘူးဆို ငြင်း။ ဟီလာရီကြီး လာသွားတုန်းက မြန်မာအစိုးရအဖွဲ့ထဲမှာ မိန်းမဆိုလို့ မူးလို့တောင် ရှူစရာ မရှိဘူး။ အဲ့ဟာမကြီးကလည်း စစ်တပ်ကလူတွေ ဝတ်စုံလဲထိုင်ပါတယ်ဆိုမှ ယောင်္ကျားကြီးတွေချည့် တွေ့တော့မပေါ့။ ယတြာသဘောနဲ့ ချိတ်ထမီတွေ ရောင်စုံဝတ်ပြထားပြီပဲ။ တော်ရောပေါ့။ ခါးကဟာတော့ ဖြတ်ဖောက်ချုပ် လုပ်စရာလား။ ပုန်းနေတောင် အပြင်မှာပဲ ဆွဲစားမယ်။ သည်ထဲမှာတော့ အိုကြီးအိုမတွေ သူငယ်ထောင်စရာ အကြောင်းမရှိ။ ခက်တာက ဟိုအမေရိကန်မက Gender Balance issue နဲ့ ကိုင်ပေါက်လိုက်ရင် ကိုယ့်ဘက်က မပြေးသော် ကန်ရာရှိတာမို့ စတိလောက်ဖြစ်ဖြစ်တော့ ရအောင် ထည့်မှ ဖြစ်တော့မယ်။ အဲ့သမှာတင် မြွေကကိုက်ပြန်ရော။ ဟိုဟာမကြီး အစိုးရအဖွဲ့ထဲ အဝင်ခံလိုက်လို့ကတော့ အကုန်လုံး မျိုးကန်းကုန်မယ်။ သူတို့က သည်ယုန်မြင်လို့ သည်ခြုံထွင်သလားမသိ။ နောက်ဆုံးကြံရာမရတဲ့အခါ အိမ်ကဟာမကြီးရဲ့ ဘော်ဒါဘော်ချက်တွေကို အရည်အချင်းနဲ့ကိုက်ညီ စံမီပါပေသည်ဆို တန်းစီပြီး ဝန်ကြီး ဒုဝန်ကြီး အသီးသီး ပေးပလိုက်လေတယ်။ အိုးခေ။ ဝဲလ်ဒန်း။ ပွဲသိမ်းပြီ။ ဘယ့်နှယ်ရှိစ။ ဘယ့်နှယ်ရှိရမတုန်း၊ အခုလို ရေထဲမိုးထဲကျမှ ခများတို့ ရွှေချထားတဲ့ သစ်ငုတ်တွေက လှုပ်ကို မလှုပ်နိုင်မှန်း သိသာတော့တာ။

          မယုံရင် ပုံပြင်မှတ်ပေါ့ဗျာ။ ကိုယ်တို့မွေးရေဘဘကြီးဟာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ ဝန်ကတော် ဝန်မင်းများကိုပါ တပိုင်တနိုင် မွေးမြူရေး အားပေးတဲ့အနေနဲ့ ဘဲတအုပ်တမစီ လက်ဆောင်နှင်းသတဲ့။ ဘဲတအုပ်တမဆိုတာ သိသလား။ အထီးကတစ်ကောင် အမကခြောက်ကောင် ဆို အနေတော်လောက်ပဲ။ ဘာမှလုပ်စရာမလို တနေ့ ဥတစ်လုံးမှန်မှန်ကျတော့တာ။ သို့သော်လည်း တစ်အိမ်မှာတော့ အကြီးအကျယ် ပြဿနာတက်တော့တယ်။ ဘဲ ၇ ကောင် မွေးထားလျက်နဲ့ နေ့တိုင်း ဘဲဥ ၆ လုံးပဲ ထွက်တာဟာ ဘယ်မအေပေး ဖြတ်စားလပ်စား လုပ်နေသလဲမှ မသိတာ။ လူများ မအဘူးမှတ်နေ။ မိုးလင်းတိုင်း အဆဲခံနေရတာနဲ့ အိမ်ကအစောင့်တွေခမျာ တစ်နေ့ဘဲဥတစ်လုံး ဝယ်ဝယ်ထည့်ပြီး ကိုယ်စားအုပေးလိုက်ကြရသတဲ့။ ပြည်ထောင်စုအဆင့်ဦးနှောက်က အဲသလောက်ကို ငုံးဖင် ကြက်ဆင်ဥမျှော်နေတာ ဘယ်သူ့အလွန်တုန်း။

          ခင်ဗျားတို့မှ မချင့်မရဲ အကုသိုလ်တက်ရတာ မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ခုရက်ပိုင်း ဘာမှ လုပ်ချင်စိတ်မရှိ။ ငုတ်တုတ်မေ့။ လုပ်ပေးချင်ပေမယ့် လုပ်ပေးချင်စိတ်ရှိပေမယ့် လုပ်ပေးနိုင်တဲ့နေရာမှာ မရှိလို့ တိုင်နဲ့ခေါင်းနဲ့သာ ပြေးပြေးဆောင့်ချင်တော့တယ်။ ရှိစုမဲ့စုကလေးတွေ လှူဖို့ကြိုးစား၊ အဝတ်အစားဘီရိုကြီး ဆွဲဆွဲဖွင့်၊ ကယ်ဆယ်ရေးသွားမယ့် သူငယ်ချင်းတွေနဲ့ လိုက်လိုက်တွေ့။ ဒါပဲ တတ်နိုင်တယ်။ သည့်ထက် မပိုတော့ဘူးလား။ ဟိုးတစ်နှစ်က ဂျပန်ကို Disaster Management အတွက် ၂ လ တောင် သွားထားတယ်လေ။ အဲ့တုန်းက သင်လာတဲ့ပညာတွေ ဘယ်ရောက်ကုန်ပလဲ။ ဘယ်မှ မရောက်ပါဘူး။ ဘယ်နားသွားသုံးရမလဲ ပြော။ ဘယ်သူကမှ ကိုယ့်အသုံးမချတဲ့ကိစ္စ။ ကိုယ်တတ်သမျှ မှတ်သမျှ သူများလည်း တတ်ပါစေတော့လို့ ဖေ့စ်ဘုတ်ပေါ်မှာ အိပ်သွန်ဖာမှောက် စာတွေအများကြီး ရေးပြခဲ့တယ်လေ။ ဂျာနယ်တွေထဲလည်း ပါခဲ့သားပဲ။ ကြာပြီဆိုတော့ မေ့လောက်ပြီမို့ ကိုယ့်စာမျက်နှာပေါ်မှာ ပြန်ပြန်ရှယ်ထားတာ ခါတော်မီ ပရိသတ်ဆွယ်ဖို့ မဟုတ်ရပေါင်။ ဖတ်မိကြပါစေ။ သတိထားနိုင်ကြပါစေ ဆိုတဲ့ စိတ်နဲ့ပဲ တင်နေတာ။  

          သည်အခါကျမှပဲ “သူ့ကျွန်မခံပြီ” ရိုက်တုန်းက စံရှားတင်ကြီး ပြောစကားကို နားထဲကမထွက်အောင် ကြားယောင်နေတယ်။ ပါတော်မူခန်းရိုက်တဲ့အခါ ပရိသတ်ကလည်း အုတ်အော်သောင်းနင်းကိုး။ အင်္ဂလိပ်စစ်တပ်ကြီးနဲ့ ဘီဒိုပေါ် မောင်နှံတင်လို့ ဆောင်ပျံပလ္လင် ဂေါဝိန်နန်းကို မြန်းကြွရှာလေပြီ ဆိုတဲ့အခန်း။ ဇာတ်ကားတစ်ကားလုံးရဲ့ အထွဋ်အထိပ်။ ဇာတ်ဆောင်ဇာတ်ကောင်တွေကလည်း တလှေကြီး။ ဆင်ဖြူမရှင် လုပ်တဲ့ စံရှားတင်ကြီးကတော့ ကင်မရာမန်းကို ပြောတယ်။ “ဟဲ့။ နင်တို့ ငါ့မျက်နှာကို သေသေချာချာ ကလို့စ်အပ်ယူစမ်း။ ငါ ဒီမှာ အရမ်းခံစားနေရပြီ။” တဲ့။ အဲ့တုန်းကတော့ “သည်အမယ်ကြီးအိုနှယ်။ ထင်ပေါ်ချင်ပြန်ရော။” လို့ အောင့်မေ့တာ။ အခုမှ နားလည်တယ်။ ကိုယ်ကဘယ်လိုပဲ မုဒ်အပြည့်နဲ့ သေလောက်အောင် ဈာန်ဝင်စားပြီး သရုပ်ဆောင်ပြပါစေ။ ရာသောထောင်သော လူအုပ်ကြီးအလယ်မှာ ရောကောသောကောနဲ့ ဘယ်သူမှ သတိထားမိမယ် မဟုတ်ဘူး။ “ဟောဟိုမှာ စံရှားတင်ကြီးလည်း ပါသကိုး” လောက်ပဲ မြင်မယ်။ ကိုယ်ဖေ့စ်ဘုတ်ပေါ် ရေးနေသမျှ စာတွေဟာလည်း စံရှားတင် ပါတော်မူခန်းထဲ ဝင်လျှောက်နေတာနဲ့ ဘာမှမထူးဘူး။ ဖတ်ချင်တဲ့သူ နည်းနည်းပါးပါး ဖတ်လိမ့်မယ်။ အပြောင်းအလဲအတွက်တော့ တော်တော် မရေရာတဲ့ ကိစ္စ။ အဖြစ်နိုင်ဆုံး အပြောင်းအလဲဟာ သောက်မြင်ကပ်လို့ ထောင်ထဲထည့်ထားတာပဲ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် အခုတတိုင်းလုံးတပြည်လုံး ရေကြီးနေတဲ့ကိစ္စမှာ ကိုယ့်ဘက်က ငါးရိုးမျက်လက်တို ခံစားချက်နဲ့ နေမထိထိုင်မသာကို ဖြစ်ရတယ်။ လုပ်နိုင်တဲ့သူတွေ လုပ်ခွင့်မရဘူး။ လုပ်ခွင့်ရတဲ့သူတွေ မလုပ်နိုင်ဘူး။ အဲ့ဒါ ကိုယ်တို့ရဲ့ ပြဿနာပဲ။ “ပါးစပ်နဲ့ ပြောတာ လူတိုင်းတတ်တယ်။ နင်လာလုပ်ကြည့်။ ဘေးထိုင်ဘုတောမနေနဲ့” လို့ လှမ်းခေါ်ရင် သိပ်ကောင်းမှာပဲ လို့ အောင့်မေ့မိတယ်။

           အင်မတန်ခါးသည်းပြီး ရင်နာစရာကောင်းလှတဲ့ နာဂစ်တုန်းကလို အဖြစ်မျိုးဟာ ကိုယ့်သက်တမ်းအတွင်းမှာပဲ ဒုတိယတစ်ကြိမ် ပြန်ကျော့လာပြီ။ ဘာဖြစ်လို့ အရင်အမှားတွေပဲ ထပ်မှားချင်နေသလဲ စဉ်းစားလို့ကို မရဘူး။ “ဘာမှ မစိုးရိမ်ရဘူး။ စိတ်ချပါ စိတ်ချပါ။” အော်နေတဲ့ ဆည်ကြီးတွေရဲ့ ကြံခိုင်မှုကို သံသယလည်း မရှိပါဘူး။ အငြင်းလည်း မပွားပါဘူး။ ဆည်အောက်က ရွာကလေးတွေရဲ့ ကြံခိုင်မှုကိုလည်း သံသယမရှိသလို အငြင်းလည်း မပွားဘူး။ ကိုယ်တွေ့မျက်မြင်။ ရွာနီးချုပ်စပ် ကိုယ့်အမျိုးချည့်ပဲ။ ဘယ်အချိန်ကတည်းက ဘာတွေ ဖြစ်နေသလဲ သူတို့ဘာမှ မပြောခင်ကတည်းက ခရေစေ့တွင်းကျ အကုန်သိတယ်။ အစိုးရမျက်စိ မရှိပေမယ့် တောပါးစပ် တောနား၊ သွေးကလည်း စကားပြောတယ်။ စာတစ်လုံးမှ မတတ်လည်းပဲ လူရောနွားရောတော့ အသေမခံပါဘူး။ လွတ်အောင်ရုန်းကြတာပေါ့။ ကယ်မယ့်လှေလာရင် လူတွေတောင် တိုက်တန်းနစ်ရုပ်ရှင်ထဲကလို အလုအယက် ထွက်ရတယ်။ မိုးထဲရေထဲ ကူမယ့်ကယ်မယ့်သူတွေ လာမှန်းလည်း သိတယ်။ သူတို့လည်း လုပ်ရင်းကိုင်ရင်းနဲ့ ငါးရိုးမျက်လက်တိုဖြစ်နေတာလည်း သိတယ်။

           လိုနေတာက နိုင်ငံတော်အဆင့် စီမံခန့်ခွဲမှုနဲ့ ကိုင်တွယ်ဖြေရှင်းမှု ပြဿနာ။ အခရာက အခရာ လို မနေဘူး။ ပရဟိတတွေ တုပြီး ရေလယ်ခေါင် ကလေးချီ ဓါတ်ပုံရိုက်ချင်နေတယ်။ သူလာရင် ဒုက္ခသည်တွေ ပစ်ပြီး သူ့ခစားရမှာ မသိဘူး။ သူ့မျက်နှာမြင်ရင် လူတွေအားလုံး ပြုံးပျော်သွားမယ် ထင်နေတာ။ သူ့လက်ထဲက ကလေးရဲ့မျက်လုံးကိုပဲ အဓိပ္ပါယ်ပေါ်အောင် မဖတ်တတ်ရှာ။ လေးဘက်တွားစကလေးလေး ကျီးလန့်စာစား ထွက်ပြေးရလို့ အထိတ်တလန့်ရှိနေချိန်မှာ လူစိမ်းတွေအများကြီးလာပြီး မျက်ကလဲဆန်ပြာလုပ်လို့ အသည်းတုန်အူတုန်ရှိနေတဲ့ရုပ်။ (မယုံ သည်စာဖတ်ပြီး အဲ့ဓါတ်ပုံ ပြန်ကြည့်ချေ။) ဘဲဥပုံစားပွဲဝိုင်းကြီးမှာထိုင်ပြီး အသင့်ရေးမိန့်ခွန်းတွေ နှုတ်ခပတ်တော်ချွေရတဲ့အလုပ်လည်း မဟုတ်သေးဘူး။ နိုင်ငံနဲ့အဝှမ်းက တက်လာသမျှ အဖြစ်အပျက်တွေကို (သတင်းအမှန်တွေကို) ကျွမ်းကျင်သူ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အချိန်မီ အကောင်အထည်ဖော်နိုင်ဖို့ ညွှန်ကြားချက်တွေ လိုတယ်။ ညွှန်ကြားရေးမှူးဆိုတာ ညွှန်ကြားတဲ့အလုပ်ကိုပဲ လုပ်ရတယ်။ ခရုခါးတောင်းကျိုက်ဖမ်းနေလို့မရဘူး။ “အခုလည်း အဲ့တိုင်းလုပ်နေပါတယ်။ နင်လျှာမရှည်ပါနဲ့။” ဆိုလည်း ထိထိရောက်ရောက် ကယ်နိုင်အောင်တော့ လုပ်ပြပါဦး။ သူများတွေ ဘယ်လိုလုပ်နေတယ် မြင်တဲ့အတိုင်းပဲ။

         ကိုယ့်အနေနဲ့ ငုံးဖင်ကို ဆင်မွေးခိုင်းဖို့ ရည်ရွယ်ချက် မရှိဘူး။ သန်းနဲ့ချီတဲ့ ပြည်သူလူထုအတွက် ကယ်ဆယ်ရေး၊ နေရာချထားရေး နဲ့ ပြည်လည်ထူထောင်ရေးကို နိုင်ငံတကာက တတ်သိပညာရှင်တွေကို နေရာပေးပြီး အကူအညီ အကြံဥာဏ်တောင်းသင့်ပြီ လို့ ထင်တာပဲ။ အရင်တစ်ခါ နာဂစ်တုန်းကလို မုန်တိုင်းစဲလို့ ရေတွေကျပြီးသွားတာတောင် ဘယ်သူမှ ကူသူကယ်သူ ရောက်မလာလို့ ကုန်းပေါ်မှာနစ်သွားတဲ့သူတွေ (ရေတိမ်တောင် မဟုတ်ရပေါင်ဗျာ) ထပ်မရှိစေချင်တော့ဘူး။ ကိုယ့်လစ်မစ်ကို ကိုယ်သိကြပါ။ ဒေတာကို သေမှာထက် ကြောက်စရာ အကြောင်းမရှိပါဘူး။ လာချင်တဲ့သူလာ။ လဲနေသူ ထူပေးမှ ထလမ်းလျှောက်နိုင်မှာ မဟုတ်လား။ နာဂစ်တုန်းက ပြည်ပကအကူအညီတွေ လာချင်လျက်သားနဲ့ မြန်မာအစိုးရခွင့်ပြုချက် မပေးလို့ အများကြီး နောက်ကျသွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက ပြစ်တင်ဝေဖန်နေတဲ့စကားပါ။ အဘတို့ မကြားမိဘူးလား ဟင်။ တစ်ရှက်က နှစ်ရှက် မဖြစ်ပါရစေနဲ့ ဘရယ်။ ရှစ်ကြီးခိုးပါရဲ့။ လူတွေ ဒုက္ခရောက်လွန်းလို့ပါ။ ငါ့အဘက စိတ်ကောင်းရှိပြီးသား။ မဟုတ်တာဆို ဘာတစ်ခုမှ မလုပ်တဲ့သူကြီး။ ဟုတ်တာတွေလည်း ဘာတစ်ခုမှ မလုပ်ခဲ့တဲ့သူကြီးအဖြစ် သမိုင်းအတင်မခံရလေအောင် လုပ်တတ်တဲ့သူတွေ လုပ်နိုင်စွမ်းတဲ့သူတွေကို စေလိုရာစေပြီး သူကြီးဘုရား ရွာသားကောင်းမှု ကမ္ဗည်းတွေ တင်ပလိုက်စမ်းပါတော့လေ။ သူများဖင် ငှားအုခိုင်းလိုက်။ ဆင်လောက်ကြီးတဲ့ ဥကြီး ထွက်လာလိမ့်မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...