ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံး
ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံး ဟာ မီးတွေ လင်းထိန်နေအောင် ထွန်းထားတဲ့ အလှမွေး ငါးကန်အကြီးစားကြီးနဲ့ ဆင်တူတယ်။ ခန်းမတလျောက် ပတ်ပတ်လည်မှာ ကာရံထားတဲ့ မှန်ချပ်တွေဟာ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ထားတာမို့ ကြည်လင်ပြီး အပြင်ကနေ အထဲကိုရော၊ အထဲကနေ အပြင်ကိုပါ ဒိုးယိုပေါက် မြင်နေရတယ်။
ခန်းမထဲမှာ တလှမ်းချင်း လျှောက်နေရင်းက အပြင်ဖက်ကို လှမ်းကြည့်မိတယ်။ ဒီနေ့ လေငြိမ်တယ်။ လမ်းမပေါ်က မီးပွင့်တွေနဲ့ သစ်ပင် သစ်ကိုင်းတွေအားလုံး ပြီးတော့ သူတို့ရဲ့ အရိပ်တွေကပါ ငြိမ်ငြိမ်သက်သက်နဲ့၊ အချိန်ကိုကြည့်လိုက်တော့ ဆယ့်လေးနာရီနဲ့ ဆယ်မိနစ်။ အတူတူပဲ။ ဒါ မနေ့က အချိန်ပဲ။
ဒီခန်းမဆောင် အမှတ် သုံးရဲ့ တနံတလျား၊ အစကနေ အဆုံး အားလုံးကို သူ အလွတ်ရနေခဲ့တယ်။ ခန်းမထဲမှာ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ အလူမီနီယံ ခုံတန်းရှည် စုစုပေါင်း ၁၂၈ ခု ရှိတာ၊ မျက်နှာကြက်က စတုရန်းကွက် စုစုပေါင်း ၈၆၄ ခု ရှိတာ၊ ထိုင်နေကျ ကော်ဖီဆိုင်မှာ မဟော်ဂနီရောင် သစ်သားစားပွဲဝိုင်း ၁၅ ခု ရှိတာ… အဲဒါတွေကို ရေတွက်ဖို့ သူ့မှာ လုံလောက်တဲ့ အချိန်ရှိနေခဲ့တယ်။ ဒါတင်မကသေးဘူး သူ နေ့စဉ် သတင်းစာ ဝယ်နေကျ စာအုပ်ဆိုင်ရှေ့က အပြာရောင်ခုံတန်းရှည်ရဲ့ လက်ကိုင်တန်းကလေးမှာ ဆေးသား အနည်းငယ် ပျက်ယွင်းစပြုနေတာ၊ ခရီးသည်တွေရဲ့ ပစ္စည်းတွေ အလေးချိန် ချိန်တဲ့ စက်ကရိယာရဲ့ လေးထောင့် စတီးလ် ဘောင်ကလေး နံဘေးမှာ အနည်းငယ် ရွဲ့စောင်းနေတဲ့ အနီရောင် မီးသတ်ဗူးတခုရှိတာ၊ ပြီးတော့ သူ စောင့်မျှော်နေတဲ့ လေယာဉ်ပျံအမှတ် ၆၀၈ ဟာ စင်္ကာပူစံတော်ချိန် ဆယ့်လေးနာရီနဲ့ မိနစ်လေးဆယ်တိတိမှာ ဆင်းသက် ရောက်ရှိပါတော့မယ်လို့ ကြေငြာတဲ့ တာဝန်ကျ အမျိုးသမီးလေးရဲ့ အသံချိုချို၊ အဲဒီကြေငြာသံနဲ့ မရှေးမနှောင်းမှာ အဲဒီလေယာဉ် အချိန်မှန် ဆိုက်ရောက်လာလေ့ရှိတာ… အားလုံး သူ အလွတ်ရနေခဲ့တယ်။
ကြည့်နေရင်းမှာပဲ မျက်စိရှေ့က ဖန်သားပြင်ကျယ်ပေါ်မှာ လေယာဉ်ပျံ ဆိုက်ပြီ ဆိုတဲ့ သင်္ကေတ အစိမ်းရောင် မီးလုံးလေး ဖျတ်ကနဲ လင်းသွားတာ တွေ့လိုက်ရတယ်။ အလူမီနီယံ ခုံတန်းဘေးမှာ ချထားတဲ့ ကော်ဖီခွက်ကို လှမ်းယူပြီး တငုံ သောက်လိုက်တယ်။ လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာ အညိုကွက်ကို နည်းနည်း ဆွဲချ ပြုပြင်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို အသင့်ပါလာတဲ့ သားရေအိတ်ထဲကို လှမ်းထည့်လိုက်တယ်။ ပြီးတော့ မျက်စိထဲကို တဖျတ်ဖျတ် ရောက်လာတဲ့ မြင်ကွင်းတွေ၊ အဲဒီမြင်ကွင်းတွေဟာ မနေ့ကနဲ့ အတူတူပဲ။ တကယ်တော့ မနေ့ကနဲ့တင် တူတာ မဟုတ်ပါဘူး။ ဟိုးအရင် တနေ့ကနဲ့လည်း တူတာပဲ။ မနှစ်ကနဲ့လည်း တူတာပဲ။ ကုန်ကုန်ပြောရရင် လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့လည်း အတူတူပဲ ဖြစ်နေမှာ သေချာပါတယ်။ မျက်စေ့ကို ခဏ မှိတ်ထားလိုက်တယ်။ ပုံရိပ်တွေ သူ့အာရုံထဲမှာ တန်းစီလို့ ပေါ်လာလိုက်ကြတာ… ကြည့်ပါအုံး…
လေယာဉ်ပျံဟာ ပြေးလမ်းပေါ်ကို ဘီးချပြီး အရှိန်သတ် ရပ်တန့်သွားတယ်။ လေယာဉ်ပျံ ကိုယ်ထည်ထဲမှာ ငိုက်မြည်းလို့ တဖုံ၊ အိပ်မောကျလို့ တမျိုး ပျင်းရိငြီးငွေ့စွာ စီးနင်းလိုက်ပါလာကြတဲ့ ခရီးသွားတွေ အားလုံး ချက်ချင်းဆိုသလို လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ တချို့က ကိုယ်ကို မတ်မတ် ပြင်ထိုင်တယ်။ တချက် သန်းဝေတယ် ပြီးတော့ ခါးကို ဆန့်ပြီး အညောင်းအညာ ပြေစေတယ်။ တချို့က လေယာဉ်မယ်လေးဆီက တောင်းယူပြီး ခရီးစဉ်တလျောက်လုံး ခြုံထားဖြစ်တဲ့ မီးခိုးရောင် သိုးမွေးစောင်ပါးပါးကို အသာ ခွာတယ်။ တချို့ကတော့ ကိုယ်ပေါ်က အင်္ကျီကို သပ်ရပ်အောင် ဆွဲဆန့်တယ်၊ ရှပ်ကော်လာကို အချိုးတကျဖြစ်အောင် ပြုပြင်ယူတယ်။ ရှူးဖိနပ်ကြိုးကို ခိုင်အောင် ပြန်ချည်တယ်။ တချို့ကတော့ ဂမူးရှူးထိုးဟန်နဲ့ လေယာဉ်ကိုယ်ထည် အနောက်ဖက်က သန့်စင်ခန်းကို အပြေးတပိုင်း သွားနေတယ်။ တချို့က မှေးစင်းနေတဲ့ မျက်လုံးအစုံနဲ့ နားထဲမှာ တပ်ထားတဲ့ နားကြပ်ကို ဖြုတ်ပြီး ဟိုဟိုဒီဒီ မျက်စိကစားတယ်။ တချို့က အခုမှ အိပ်ရေးဝလို့ နိုးလာဟန်၊ မျက်လုံးကို လက်ခုံနဲ့ ပွတ် ဟိုကြည့် ဒီကြည့်နဲ့။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့သလား၊ အိပ်မက် မက်ခဲ့သေးသလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
တချို့က မျက်နှာကြက်က အကန့်တွေမှာ သိုမှီးထားတဲ့ ကျောပိုးအိတ်တွေ၊ ခရီးဆောင်အိတ်တွေကို ဆွဲချကြတယ်။ အချင်းချင်း ကူညီပြီး သယ်ချပေးသူလည်း ရှိ။ ကိုယ့်ပစ္စည်းကိုယ် မြန်မြန်ရအောင် အလောတကြီး ဆွဲယူနေသူလည်း ရှိ။ ရွှေရောင်ဆံပင်ခွေလိပ်လိပ်နဲ့ ကလေးငယ်နှစ်ယောက်ကတော့ လေယာဉ်ပြတင်းပေါက်ကနေ အပြင်ဖက်ကို လှမ်းကြည့်ရင်းက ငါတို့ ရောက်ပြီ ငါတို့ ရောက်ပြီ လို့ ရေရွတ်ပြီး နေရာမှာ မထိုင်နိုင်တော့ပဲ ခုန်ဆွ ခုန်ဆွနဲ့။ သူတို့လေးတွေရဲ့ စိတ်လှုပ်ရှားမှုဟာ ဒီနေရာကို အလည်အပတ် လာကြလို့လား၊ ဒါမှမဟုတ် ကိုယ့်အိမ်ကိုယ် ပြန်ရောက်လာလို့လားဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသူ အမျိုးသားက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အသာ ထုတ်ကြည့်တယ်။ ပြီးတော့ အလွယ်တကူ ပြန်လည်ထုတ်ယူနိုင်မဲ့ ဂျက်ကက်ရဲ့ အတွင်းဖက်ခြမ်းမှာ ထည့်တယ်။ ပြီးတော့ တစုံတခုကို စိတ်မချသလိုနဲ့ တခါ ပြန်ထုတ်ကြည့်ပြီး ခရီးဆောင်ကွန်ပျူတာ လက်ဆွဲအိတ်ရဲ့ အပြင်ဖက်နားမှာ ထည့်လိုက်တယ်။
မျက်နှာကို ပေါင်ဒါရိုက်နေတဲ့ အမျိုးသမီး ရှိတယ်၊ မှန်ဝိုင်းလေးတချပ်ကိုကြည့်ရင်း နှုတ်ခမ်းနီ ဆိုးဆေး ဆိုးနေတဲ့ အမျိုးသမီး ရှိတယ်။ ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ သပ်သူက သပ်၊ ဘီးနဲ့ ဖြီးသူက ဖြီး။ ဒါပေမဲ့ မျက်ရည်ဝဲနေတဲ့သူ မရှိဘူး၊ ဝမ်းနည်းနေတဲ့သူ မရှိဘူး။ အားလုံး နီးပါး စိတ်လှုပ်ရှားနေကြပုံပဲ။ တချို့က ပြုံးရယ်လို့၊ တချို့က လက်ကိုင်ဖုန်းကို ခလုပ်နှိပ်ပြီး ပါဝါ ဖွင့်လိုက်တယ်။ ပြီးတော့ စာလုံးတွေ တတောက်တောက် ရိုက်ရင်း ပြုံးနေပြန်တယ်။ တချို့ကတော့ လက်ကိုင်ဖုန်းကနေတဆင့် ဟဲလို ဟဲလိုဆိုတဲ့ စကားသံတိုးတိုးနဲ့ သက်ဆိုင်သူတွေဆီကို နှုတ်ခွန်းဆက်လို့။ လေယာဉ်ပြတင်းပေါက်နဲ့ ကပ်လျက် ခုံမှာ ထိုင်နေတဲ့ အမျိုးသားကတော့ အေးအေးဆေးဆေး ပြီးတော့ သက်တောင့်သက်သာပဲ၊ ပြတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်း သေးသေးလေးကို ကင်မရာနဲု့ သေသေချာချာ ချိန်နေတယ်။ ပြီးတော့ ကင်မရာခလုပ်ကို နှိပ်လိုက်တယ်။ ဂျက်ကက် နက်ပြာရောင်ဝတ်ထားတဲ့ ခပ်ငယ်ငယ် အမျိုးသမီးကတော့ ထိုင်နေရာကနေ ဟန်မပျက်၊ ဖတ်လက်စ စာအုပ်လေးကို စာအုပ်အမှတ်အသားနဲ့ အသာ ဖိညှပ်ပြီး ပတ်ဝန်းကျင်မှာ လှုပ်ရှားတက်ကြွနေသူတွေကို ခပ်ငေးငေး လှမ်းကြည့်လို့။ သူ့မှာ ကြိုဆိုမဲ့သူ ရှိ မရှိ ဘယ်သူ သိနိုင်မှာလဲ။
လေယာဉ်အရှေ့ပိုင်းက အရေးကြီး ပုဂ္ဂိုလ်တွေ ထွက်ခွာအပြီးမှာ လက်တွန်းလှည်းနဲ့ ကလေးငယ်လေးတွေပါတဲ့ မိသားစုတွေ အလှည့် ရောက်လာတယ်။ သူတို့နောက်မှာ ဘီးတပ်ကုလားထိုင်နဲ့ အဖိုးအိုတယောက်။ အဲဒီနောက်မှာတော့ ကျန်တဲ့ ခရီးသည်တွေ တဖြေးဖြေးချင်း စီတန်းပြီး ထွက်ခွာလာပြီ။ တရွေ့ရွေ့နဲ့။ ဒီလေကြောင်းလိုင်းကို ရွေးချယ် စီးနင်းလိုက်ပါလာတာကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ လေယာဉ်မယ်ကလေးတွေရဲ့ နှုတ်ဆက်သံဟာ သူတို့ရဲ့ ဖေါ်ရွေတဲ့ အပြုံးနဲ့အတူ လေယာဉ်ပျံ တံခါးဝကနေ အဆက်မပြတ် ထွက်ပေါ်နေတယ်။
အဲဒီမြင်ကွင်းတွေပြီးတော့ ခရီးဆောင်အိတ်ကိုယ်စီ တွန်း ဆွဲလို့ အဖြူရောင် ပိုက်လုံးသွယ်ထဲ လျှောက်လှမ်းလာတဲ့ ခရီးသွားတွေ။ တချို့ကတော့ သုတ်သုတ် လျှောက် တချို့ကတော့ အေးအေးဆေးဆေး လျှောက်လာကြတယ်။ ခရီးဝေးကနေ လာခဲ့ကြရသူတွေပီပီ သူတို့ မျက်နှာတွေမှာ နွမ်းနယ်ရိပ် ခပ်ပါးပါးကို တွေ့ရတယ်။ အဲဒီကနေတဆင့် စက်လှေခါး၊ လမ်းလျှောက် စက်လှေခါး၊ ပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေ၊ အကောက်ခွန်အရာရှိတွေဆီ တဆင့်ပြီး တဆင့်။
အဲဒီအချိန်မှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ပစ္စည်းတင် ခါးပတ်ဟာ စတင် လည်ပတ် လာတယ်။ ပစ္စည်းတွေကို ဆွဲယူပြီး တွန်းလှည်းတွေပေါ် တင်ကြတယ်။ တချို့ကတော့ ဒီတိုင်းပဲ ဆွဲယူလာကြတယ်။ နောက်ဆုံးမှာ ပင်မထွက်ပေါက်တခုကနေ တယောက်ချင်းစီ၊ နှစ်ယောက်ချင်းစီ ဒါမှမဟုတ် အစုလိုက် အဲဒီလို ထွက်လာခဲ့ကြတယ်။ အသင့် စောင့်ကြိုနေတဲ့သူတွေဆီကို တန်းတန်းမတ်မတ် သွားတဲ့သူတွေ၊ အချင်းချင်း ပွေ့ဖက် နှုတ်ဆက်နေကြသူတွေကို တွေ့ရတယ်။ လက်ကိုင် ကြော်ငြာဆိုင်းဘုတ်ကလေးမှာ သက်ဆိုင်ရာ အမည်နာမတွေနဲ့ ဟိုတယ်နာမည်တွေ ရေးပြီး စောင့်ကြိုနေသူတွေဆီကို မျက်စိကစား ရှာဖွေနေသူတချို့ကိုလည်း တွေ့ရတယ်။ ဘယ်သူမှ လာမကြို၊ အဲဒီလို ကြိုသူမရှိတဲ့အဖြစ်နဲ့ နေသားတကျ ရှိနှင့်နေပြီးသား ခရီးသည်တချို့ကတော့ အငှားကားတွေရပ်ထားတဲ့နေရာကို ဦးတည်ပြီး လျှောက်သွားကြတယ်။ အရာရာဟာ ပုံမှန်ပဲ။ အဲ… ထူးဆန်းတဲ့ လူတယောက်ကတော့ အနက်ရောင် ခရီးဆောင်သေတ္တာငယ်ကို တွန်းရင်း မှန်တံခါး အပြင်ဖက်ကို ရောက်ပြီးကာမှ ရုတ်တရက် အထဲကို ခပ်သွက်သွက် ပြန်ဝင်သွားတယ်။ လုံခြုံရေးတာဝန်ကျ ယူနီဖေါင်းဝတ် အမျိုးသားသုံးယောက် သူ့ကို အသာအယာ ဝိုင်းရံပြီး အခန်းတခုထဲ ခေါ်ဆောင်သွားကြတယ်။ လူအများစု ကောင်းစွာ အိပ်စက်အနားယူနေကြမဲ့ အချိန်၊ သက်တောင့်သက်သာ အိပ်မောကျနေကြမဲ့အချိန် အဲဒီ မနက်သုံးနာရီပတ်ဝန်းကျင်မှာ အရောင်အသွေး စုံလင်ပြီး အနိမ့်အမြင့် အတိုးအကျယ် မညီညာတဲ့ သံစဉ်တွေနဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံးပါပဲ။
*******
မှန်ခန်းထဲကနေ ခရီးသွားတွေ တဖွဲဖွဲ ထွက်လာနေကြတာကို တွေ့လိုက်ရတဲ့အခါ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်မိတယ်။ လည်ပင်းပေါ်က မာဖလာ အညိုကွက်ကို အနေအထား အချိုးတကျဖြစ်အောင် ပြန်လည် ပြုပြင်နေရင်းက ကော်ဖီခွက်ဆီကို နောက်တခေါက် လက်လှမ်းပြီး ကုန်တဲ့အထိ မော့သောက်လိုက်တယ်။ အဲဒီအချိန် သူ့ပတ်ဝန်းကျင် တခုလုံးမှာ ရုတ်ချည်းဆိုသလို လူတွေ အများကြီး ရောက်လာကြတယ်။ အသံတွေကလည်း ဆူဆူညံလို့။ ဒါလည်း မနေ့ကလိုပါပဲ… ပြီးတော့ နေ့စဉ် ကြုံတွေ့နေကျ မြင်ကွင်းပဲ။
ကုန်သွားတဲ့ ကော်ဖီခွက်ကို အနားက အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို အိတ်ထဲထည့်တယ်။ ပြီးတော့ အိတ်ကို လွယ်ပြီး စုဝေးစောင့်ဆိုင်းနေကြတဲ့ လူတွေကြားထဲကို တရွေ့ရွေ့နဲ့ တိုးဝင်သွားလိုက်တယ်။ အဲဒီလူတွေအားလုံးဟာ သက်ဆိုင်ရာ ခရီးသည်တွေကို လာကြိုကြသူတွေချည်းပဲလို့ ဘယ်သူကများ သေချာတပ်အပ် ပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် အဲဒီလူတွေကြားထဲ ဝင်ရောက် ရောနှောပြီး ခရီးဆောင်သေတ္တာတွေ တွန်းလှည်းတွေ ကိုယ်စီနဲ့ အပြင်ကို ထွက်လာတဲ့ ခရီးသည်တွေကို တယောက်ချင်း သေသေချာချာ လိုက်ကြည့်တယ်။ ပစ္စည်းတွေ ထွက်မလာသေးလို့ စောင့်နေသူတချို့က မှန်ချပ်တွေကနေတဆင့် မြင်နေရတဲ့ သူတို့ကို လာကြိုနေကြသူတွေဆီကို လှမ်းကြည့်ပြီး ပြုံးကာ ရယ်ကာနဲ့ လက်ပြကြတယ်။ အဲဒီလို လက်လှမ်းပြနေတဲ့သူတွေကို တွေ့လိုက်တိုင်း သူကိုယ်တိုင်လည်း ရောယောင်ပြီး ဝမ်းသာအားရနဲ့ လက်ကို ဝှေ့ယမ်းပြတယ်။ တကယ့်ကို ဟန်ပါပါပဲ… အဲ… ပြောရရင် ဘယ်သူက ဘယ်သူ့ကို လက်ပြနေတယ် ဆိုတဲ့ကိစ္စက အရေးမကြီးပါဘူး။ အရေးကြီးတာက အများအမြင်မှာ အနည်းဆုံးတော့ သူလည်း ခရီးသည် တယောက်ယောက်ကို လာကြိုနေသူရယ်လို့ သိသာစေဖို့ပဲ။
လက်ပြနေရင်းနဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်လာတယ်။ လူတွေလည်း ကျဲပါးပြီး ဘေးပတ်ဝန်းကျင်မှာ အသံပလံတွေ တိုးတိတ်လာတယ်။ ခုနက ပျားပန်းခတ် လှုပ်ရှားနေတဲ့ လူအုပ်ကြီးလည်း တစ တစ လူစုကွဲသွားတယ်။ ဒီလိုနဲ့ အနားက လူတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လိုက်တာ၊ သူ့အနားမှာ သူ့ပတ်ဝန်းကျင်မှာ လူသူ ကင်းမဲ့လာလိုက်တာ နောက်ဆုံး တယောက်ဆို တယောက်မှ မရှိတော့တဲ့အထိပဲ။ လူသံတွေ တိတ်ဆိတ် ငြိမ်သက်သွားရုံတင် မက၊ ခုနက ပစ္စည်းတွေအများကြီးကို တင်ဆောင်ပြီး မရပ်မနား လည်ပတ်နေတဲ့ ပစ္စည်းတင် ခါးပတ်မှာလည်း ဘာပစ္စည်းမှ မရှိတော့ပဲ ဆက်လည်ပတ်ဖို့ အားအင်မရှိတော့သလို ဖြေးဖြေးချင်း ရပ်တန့်သွားတယ်။ ဟုတ်တယ် ဒီလိုနဲ့ ဆိုက်ရောက်ခန်းမဆောင် အမှတ် သုံးမှာ လူသံတွေ ကင်းမဲ့ တိတ်ဆိတ်ပြီး ရုတ်ချည်း သွေ့ခြောက်သွားတော့တယ်။
လက်ပြစရာ လူတယောက်မှ မရှိတော့တဲ့အခါ သူ့ရဲ့လက်ကိုသူ တခါမှ မမြင်ဖူးသူ တယောက်လို တွေငေးပြီး အကြာကြီး စိုက်ကြည့်နေမိတယ်။ သူ လက်ပြနှုတ်ဆက်ခဲ့တဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြတာလဲ။ သူ ခေါင်းကို အသာ ခါယမ်းမိတယ်။ ကြည့်နေရင်းမှာပဲ လေယာဉ်မှူးနဲ့အတူ လေယာဉ်မောင် လေယာဉ်မယ်တွေ စကားတပြောပြောနဲ့ ထွက်လာတယ်။ ဒါဆိုရင် သေချာတယ် ဒီနေ့အဖို့ ဒီလေယာဉ်အမှတ် ၆၀၈ ရဲ့ တာဝန်တွေ ပြီးဆုံးသွားပြီ။
ဒီလိုနဲ့ တည ကုန်ပြန်ပြီ။ သူ့နားထဲမှာ လေယာဉ်ပျံအင်ဂျင်စက်သံတွေ ကြားနေသလိုလို၊ တကယ်ကတော့ ခန်းမဆောင်ရဲ့ ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်တဲ့ စက်ရဲ့ မောင်းနှင်သံပဲ။ မကြာခင်မှာ အဲဒီစက် သူ့အနားကို ရောက်လာတယ်၊ စက်ကို မောင်းနှင်နေတဲ့ ညတာဝန်ကျ အမျိုးသားက သူ့ကို ပြုံးပြတယ်။ သူ လည်း ပြန်ပြုံးပြလိုက်တယ်။ ပြီးတော့ အရင်နေ့တွေကလိုပဲ ကောင်းသော မနက်ခင်းပါလို့ တရုတ်ဘာသာစကားနဲ့ နှုတ်ဆက်တယ်။ နေ့တိုင်းနှုတ်ဆက်နေကျ ဒီလူ့နှယ့် မမောနိုင် မပန်းနိုင်၊ မရိုးကို မရိုးနိုင်တော့ပါလား လို့ စိတ်ထဲက မလိုတမာ တွေးမိတယ်။
အဲဒီနောက်မှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ သားရေအိတ်ကလေးကို ခပ်တင်းတင်း ဆုတ်ပြီး အားအင်ချိနဲ့တဲ့ ခြေလှမ်းတွေနဲ့အတူ လိုတာထက်ပိုပြီး အေးစက်စက်နိုင်လှတဲ့ ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံးထဲကနေ တလှမ်းချင်း ပြန်ထွက်လာခဲ့တယ်။ ဒီနေ့ လေယာဉ်နဲ့ ပါမလာတော့လည်း နောက်တစ်နေ့ပေါ့လို့ စိတ်က အားတင်းတယ်။ မနက်ဖြန်မှ ပြန်လာခဲ့မယ် မေလေးရေ… လို့ ခပ်တိုးတိုး ရေရွတ်ရင်း ဆိုက်ရောက်ခန်းမဆောင် အမှတ်သုံးမှာ တရက်ပြီး တရက်၊ တညပြီး တည၊ လေယာဉ်ပျံတွေ တစီးပြီး တစီး၊ လေယာဉ်စီး ခရီးသွားတွေ တယောက်ပြီး တယောက်…
*******
မီးတွေ ထိန်ထိန်ညီးနေတဲ့ ဆိုက်ရောက်ခန်းမဆောင် အမှတ် သုံးကို လမ်းတဖက်ခြမ်းကနေ လှမ်းကြည့်မိလိုက်တဲ့အချိန်မှာ အကောင်အထည်ဖေါ်ပြလို့ မရ၊ လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့ အသိစိတ်တခုဟာ လူရဲ့ ကိုယ်ခန္ဒာထဲကို အတင်း ဆောင့်တွန်းထည့်လိုက်သလို ဝုန်းကနဲ ဝင်လာတယ်။ အဲဒီအချိန်ပိုင်းကလေးမှာ အဖြစ်မှန်ကို ရင်နာနာနဲ့ လက်ခံရပြန်တယ်။ ရစ်ဝဲလာတဲ့ မျက်ရည်ကို မျက်တောင်တွေ ပုတ်ခတ်ပြီး ဖယ်ရှားရတယ်။ ကြိုသူမရှိ ခရီးသွားတယောက်ရဲ့ ခံစားချက်ကို လူတိုင်းနီးနီး ကြုံဖူး တွေ့ဖူးနိုင်မယ်၊ နားလည်နိုင်လိမ့်မယ်။ ဒါပေမဲ့ တနေ့နေ့မှာ ရောက်လာလိမ့်နိုးဆိုတဲ့ စိတ်နဲ့ မျှော်လင့်နေရသူတယောက်ရဲ့ ခံစားချက်ကိုတော့ လူတိုင်း နားလည်နိုင်ဖို့ မလွယ်လှဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဘဝမှာ မျှော်လင့်ချက် တစုံတရာနဲ့ အသက်ရှင်နေထိုင်ရတာ နေပျော်ချင်စရာ မဟုတ်လား။ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သိနေပေမဲ့ မသိစိတ်က လက်မခံနိုင်တာကြောင့် တနေ့ပြီးတနေ့ ဆိုက်ရောက်လာတဲ့ လေယာဉ်ပျံပေါ်မှာ သူ စောင့်မျှော်နေတဲ့ ခရီးသွားတယောက်ကို မျှော်လင့် ကြိုဆိုနေရတာ သူ့ဘဝပါပဲ။
ကုန်လွန်သွားခဲ့တဲ့ နေ့စွဲတွေတိုင်းမှာ နေ့အချိန်တွေကို မှန်ကန်တဲ့ အသိစိတ်နဲ့ လှုပ်ရှားဖြတ်သန်းနေရတဲ့ သာမန်လူသားတယောက်ဖြစ်ပေမဲ့ အမှောင်ဝင်လာချိန်ဆိုရင် သိစိတ်ထဲကို တစုံတရာက အားပြင်းပြင်းနဲ့ ဝင်ရောက်ပူးကပ် ခိုတွယ်လာတတ်တယ်။ အဲဒီအခါမှာ ဘာဆို ဘာမှ မစဉ်းစားနိုင်တော့ပဲ ခြေလှမ်းတွေဟာ ဆိုက်ရောက်ခန်းမဆောင် အမှတ်သုံးကို ဦးတည်မိနေတတ်တယ်။ ပြီးရင်တော့ ချစ်ရတဲ့ မေလေးကို စိတ်နောက်ကိုယ်ပါ မျှော်မိပြန်တယ်။ မှန်ချပ်တွေ ကနေတဆင့် တွေ့မြင်နေရတဲ့ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ ခရီးသည်တွေကြားထဲမှာ လှပ တက်ကြွတဲ့ ရုပ်သွင်နဲ့ အပြုံးတွေဝေနေတဲ့ မေလေးရဲ့ ပုံရိပ်ကို ကြိုးစား ဖွေရှာမိပြန်တယ်။ ဟော… ဟိုမှာ ဂါဝန်အဖြူနဲ့ အဝတ်အိတ် ညိုညိုလေးလွယ်ထားတဲ့ မေလေး၊ သေသေချာချာ နောက်တခေါက် ပြန်ကြည့်တယ်။ အို… မေလေးတွေ အများကြီးပါလား၊ မျက်လုံးကို လက်နဲ့ ပွတ်တယ်။ ပြန်ကြည့်တယ်။ ဟုတ်ပါတယ် ဟိုမှာ မေလေးပါ… မေလေးကို တွေ့ပြီ… အဲဒီအခါ တဆတ်ဆတ် တုန်ယင်နေတဲ့ နှလုံးသားရှိရာနေရာကို လက်နဲ့ အသာဖိလို့ ဝမ်းမြောက်ဝမ်းသာနဲ့ လက်တွေ ညောင်းညာ ကိုက်ခဲလာသည်အထိ လက်ပြကြိုဆိုရပြန်တယ်။ ဒါပေမဲ့ မှန်တံခါးကနေ အပြင်ကို အလျှိုအလျှို ထွက်လာကြတဲ့ ခရီးသည်တွေကြားထဲမှာ မေလေး ပျောက်သွားပြန်တယ်။ အဲဒီလိုပဲ ညစဉ်ညတိုင်း မြင်ကွင်းထဲကနေ မေလေး ပျောက်သွားတတ်တာ တရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်၊ တလလည်း မဟုတ်၊ နှစ်လလည်း မဟုတ်၊ တနှစ်လည်း မဟုတ် နှစ်နှစ်လည်း မဟုတ်… အခုဆိုရင် သုံးနှစ် တိုင်ခဲ့ပြီ။
*******
ရောင်နီလာအံ့ဆဲဆဲ မနက်ခင်းမှာ အလင်းမျှင် အလင်းတန်းတွေ လာရာဖက်ကို မျက်နှာမူပြီး တရွေ့ရွေ့ တိုးဝင်သွားသူတယောက်ဟာ ဒီလိုအဖြစ်မျိုးတွေကို ကြိုတင်သိမြင်နိုင်ခဲ့မယ်ဆိုရင် အဲဒီလေယာဉ်ပျံအမှတ် ၆၀၈ ကို မေလေးထက် တရက်စောပြီး စီးလာဖြစ်မှာ မဟုတ်ဘူးဆိုတာ သိပ်သေချာပါတယ်။
သက်ဝေ
(၃ ဇန်နဝါရီ ၂၀၁၅)
~ ၂၀၁၅ သြဂုတ်လထုတ် Look Magazine ဆွင် ဖေါ်ပြပြီးဖြစ်သည်
0 comments:
Post a Comment