Sunday, August 2, 2015

“ဒေါက်တာသောက်ကောင်း”

        အထည်ချုပ်သမလေးတွေကို တစ်နေ့ ၃၆၀၀ မပေးနိုင်လို့ စက်ရုံတွေပိတ်ပြီး ပြန်မယ်ဆိုတဲ့ တရုတ်နဲ့ ကိုရီးယားအလုပ်ရှင်တွေအကြောင်း ကြားခဲ့တုန်းက အံ့သြမိပါတယ်။ သူတို့ဘက်ကကြည့်တော့ လုပ်ငန်းကျွမ်းကျင်မှုလည်းမရှိ၊ တစ်နေ့တာအလုပ်ချိန်အတွင်း ပြီးစီးတဲ့ အထည်အရေအတွက်ကလည်း မပြောပလောက်တာမို့ အရှုံးတွေ ပေါ်နေတယ် လို့ ဆိုပြန်တယ်။ ကိုယ်တို့မြန်မာတွေက အလုပ်ချိန် အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင် ပိုက်ဆံတောင်းနေကြလိမ့်မယ်တော့ မထင်ပါဘူး။ သူတို့လည်း သူတို့အတိုင်းအတာနဲ့သူတို့ ခါးချိအောင် လုပ်ကိုင်စားသောက်နေကြတာပါ။ ဆရာဝန်ဖြစ်ကာစက ကမာရွတ် စံပယ်ခြံထဲမှာ သူများဆေးခန်း လူစားသွားထိုင်ပေးဖူးတယ်။ အဲသည်ရပ်ကွက်ထဲက
ဖောက်သည်လူနာအများစုဟာ အထည်ချုပ်စက်ရုံမှာ တနေကုန်လုပ်ပြီး ညနေကျတော့ ကိုက်တယ် ခဲတယ် အကြောတက်တယ်ဆို ဆေးလာလာထိုးကြတဲ့ စက်ချုပ်သမလေးတွေ များတယ်။ (ကောင်မလေး ငါ့ကို ကိုက်တယ်ခဲတယ်ဆိုပြီးတော့ ဆိုတာ အဲ့ဒီက စတယ်လေ။) ဆင်းရဲသားရပ်ကွက်ထဲမှာဆိုတော့ ဆေးတစ်ခါထိုးမှ ဘယ်လောက်မှ မယူပါဘူး။
သုံးပြီးသားအပ်ကလေးတွေကို အချောင်းတစ်ရာကျော်လောက် ပွက်ပွက်ဆူအောင် ပြုတ်ပြီး အဲ့ဒါနဲ့ ထိုးရတယ်။ တစ်ခါသုံးအပ် မသုံးနိုင်ဘူး။ ဆေးခန်းတစ်ခါလာပြရင် ဆရာဝန်ခက ဆေးဖိုးထက် နည်းနည်းလေးပဲ ပိုယူထားတာတောင်မှ သူတို့ခမျာ မပြနိုင်တဲ့အခါ ကလေးတွေလွှတ်ပြီး စပ်ဆေးတစ်ခွက်စာ နှစ်ခွက်စာ ပိုက်ဆံအကြွေလေးတွေနဲ့ အဝယ်ခိုင်းတာလည်း ရောင်းပေးရတယ်။ (တစ်ရာဖိုး နှစ်ရာဖိုး ဆို ဝယ်တာခင်ဗျ။ ဘာဆေးပေးပါလို့တောင် မတောင်းဆိုနိုင်ဘူး။)


         ဆင်းရဲသားတွေ ခံစားနေရတဲ့ ဗျာဓိဒုက္ခဆိုတာ အာဂန္တု ဒါမှမဟုတ် နာတာရှည် အနာအဖျားရောဂါများချည့် ဖြစ်လိမ့်မယ် လို့ မထင်နဲ့နော်။ ညနေ အလုပ်သိမ်းပြီး အိမ်ပြန်ရောက်လာရင် ညောင်းချိကိုက်ခဲ ပင်ပန်းနွမ်းနယ်မှုများက အများဆုံးပါတယ်။ မယုံလို့ မေးချင်သပဆိုရင် ဆေးခန်းက အိမ်ရှင်မိသားစုကို အင်တာဗျူးလို့ရတယ်ဗျ။ ဆရာကြီးစိန်ခင်မောင်ရီ မိသားစုနေတဲ့ အိမ်ရှေ့က အခန်းလေးကို ဆေးခန်းငှားထားတာ။ အင်မတန်ဈေးပေါတဲ့ တရုတ်ဆေးတွေပဲ သုံးတာတောင်မှ သူတို့ဆေးခန်းက ဖြုန်းအားအကောင်းဆုံးဆေးတွေဟာ အကိုက်အခဲပျောက်ဆေးတွေချည့်ပဲ။ ကမ္ဘာလောကတလွှားမှာ အဲသလောက် အကိုက်အခဲများသော လူနာများ ရပ်တည်ရွာတည်နေတာ မတွေ့ဖူးခဲ့သေးဘူး။ (အဲ့ဒီအချိန်တုန်းက လှိုင်သာယာ ရွှေပြည်သာဆိုတာ မစည်သေးဘူး။ ၁၉၉၆ လောက်တုန်းက) ဘာဖြစ်လို့ဆိုတော့ သူတို့ရပ်ကွက်မှာ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေ ငှားနေကြတာမို့လို့တဲ့။

          အညာမှာရှိတဲ့ ကိုယ့်နှမဝမ်းကွဲကလေးတွေထဲမှာလည်း နေပူစပ်ခါး ရွှံ့တစ်ပိဿာ ဖင်ထဲဝင်အောင် ကောက်စိုက်ရမှာစိုးလို့ မြို့တော်ရန်ကုန်တက်ပြီး အထည်ချုပ်စက်ရုံတွေမှာ အရိပ်ထဲသနပ်ခါးအဖွေးသားနဲ့ အေးရာအေးကြောင်း စက်ချုပ်စားမယ်ဆိုပြီး လာတဲ့သူတွေ ရှိပါတယ်။ တစ်ယောက်ဆို သက်ဆိုးတောင် မရှည်ရှာဖူး။ ကိုက်ကာခဲကာ လေးဘက်နာဝင်ပြီး ငယ်ငယ်ကလေးနဲ့ အသက်ဆုံးရှာတယ်။ ကိုယ့်သွေးကိုယ့်သားအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာမို့ မဟုတ်မဟတ် လုပ်ဇာတ်တွေဆင်ပြီး ဒရာမာတွေ မချိုးပါဘူး။ ကိုယ်တို့ရွာမှာ ဘယ်သူ့မေးမေးရတယ်။ “အထည်ချုပ်စက်ရုံလုပ်တယ်ဆိုတာ စားရတာနဲ့ ဆေးကုရတာနဲ့ မကာမိပေါင် မောင်ရာ။” လို့ ပြောလိမ့်မယ်။ ကျွန်ခံချင်းခံရင် မရှိရှိတာ ချေးငှားပြီး မလေးလောက်ထွက်ကျွန်ခံတာ ကောင်းလိမ့်မယ်။ ကိုယ့်ပြည်တွင်း အထည်ချုပ်စက်ရုံ ကျွန်ခံရတာက အမြီးနှုတ် ခေါင်းနှုတ် နှုတ်လိုက်ရင် သင်္ဂြိုလ်စားရိတ်တောင် ကြွေးတင်သတဲ့။ ဒီဇာတ်လမ်းက ကိုယ်ဆရာဝန်ဖြစ်စက ဇာတ်လမ်းဆိုတော့ အနှစ်နှစ်ဆယ်တောင် ပြည့်လုပြီ။ အခုချိန်ကျကာမှ အနိမ့်ဆုံးလုပ်ခလစာ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ တက်လာတာကတော့ သမဂ္ဂတွေ ဘာတွေရဲ့ နိုင်ငံရေးကိစ္စ မကင်းလောက်ဘူးလို့ ထင်မိတာပဲ။ ဒါပေမယ့် အဲ့ဒါ ကောင်းသောအခြင်းအရာပါ။ ကိုယ့်နိုင်ငံအတွင်းက အလုပ်သမားများ အခွင့်အရေးကိုမှ ကာကွယ်မပေးနိုင်ရင် အစိုးရဆိုတာကြီးက ဘာလုပ်ဖို့ ရှိနေမှာလဲ။ အစိုးရက လုပ်မပေးလည်း သမဂ္ဂတွေက တောင်းဆိုရမှာပေါ့။ သည်အတွက် သူတို့ ရှိနေတာလေ။

           ခက်တာက ပြည်ပကလာရောက် ရင်းနှီးမြှုတ်နှံသူများအနေနဲ့ကလည်း အလုပ်သမားခတွေ အဲ့သလောက်တိုးပေးရင် ထုတ်လုပ်မှုစားရိတ်တွေ မြင့်တက်လာပြီး လုပ်ငန်းတွေ အရှုံးပေါ်လာတာကြောင့် လုပ်အားခဈေးပေါသော တခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်ကိုင်တော့မယ်တဲ့။ နေစမ်းပါဦး မောင်ကာဠုရယ်။ ကမ္ဘာပေါ်မှာ ကျုပ်တို့တတွေထက် လုပ်ခလစာ ဈေးပေါသောနိုင်ငံရှိသေးတယ် လို့ ဆိုလိုတာလား။ ဘယ်သူများပါလိမ့်။ ယီမင်လား။ ဆူဒန်လား။ တို့နောက်မှာ ဘယ်သူမှ မရှိတော့ပါဘူးမောင်။ အဝီစိအောက်မှာ ဘာငရဲကျန်မယ် ထင်လို့တုန်း။ ကုလသမဂ္ဂက ကျုပ်တို့နိုင်ငံကို လက်ညှိုးတထိုးထိုးနဲ့ လက်ခံခိုင်းတဲ့ လှေစီးဒုက္ခသည်တွေ ထွက်ထွက်ပြေးလာသော မွေးရပ်မြေဘင်္ဂလားဒေ့ရှ်ကို သိတယ်ဟုတ်။ အဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရင်းနှီးမြှုတ်နှံထားတဲ့ လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းတစ်ခုတည်းနဲ့တင် ဒေါ်လာ ၁၇ ဘီလီယံ ရှိပါသတဲ့။ ဘင်္ဂါလီစက်ချုပ်သမတစ်ယောက်ရဲ့ အနိမ့်ဆုံးလုပ်ခလစာကို ကိုယ်တို့မြန်မာမတွေ သိရင် ဘင်္ဂလားထဲခိုးဝင်ကုန်မှာတောင် ကြောက်ရတယ်။ ကိုရင်တို့ သူဌေးကြီးတွေ သင်္ဘောမှောက်နေတာ စက်ချုပ်သမလေးတွေ နေ့တွက်ရှင်းရလို့တော့ ဟုတ်မယ် မထင်ပါဘူး။ သတ္တိရှိရင် အောဒစ်ပေးဝင်မလား။ အန်ဒါတေဘယ်တွေ စာရင်းတင်ချင်သပဆို ဘောက်ချာဖြတ်ပိုင်းလေးတော့ပြ။

           ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်ထားတာပါ လို့ သူ့ကိုယ်သူ ယူဆနေတဲ့ ဝန်မင်းဖျားကတောင် လူတစ်ယောက် တစ်နေ့ နှစ်ထောင်ရှိရင် ဗိုက်ရိုက်စား။ မကုန်ပါဘူး။ ဆိုနေမင့်ဟာ မယ်မင်းတို့က ၃၆၀၀ တောင် တောင်းတယ်ဆိုတော့ သူဌေးဖြစ်ကြံရာ မကျဘူးလား လို့ မေးချင်မေးမှာနော်။ ပြောရတာ မဟုတ်ဘူး။ အိုကွယ် ဒါကတော့ skill labor မဟုတ် ဘာမဟုတ်၊ စာပေမကျ မိဘစုတေ့၊ အလေ့ကျပေါက်ပင်ကလေးတွေ ရတဲ့လစာပဲဟာ။ ကိုယ်တို့ငယ်ငယ်ကနဲ့ ယှဉ်ရင် နည်းမှတ်လို့။ ကလေးတုန်းက စည်ပင်မှာ တံမျက်စည်းလှဲရင် ဘယ်လောက်ရတယ် ထင်သလဲ။ “၃ ကျပ် ၁၅ ပြား ရပါတယ်။ ကလေးတွေများလို့ မလောက်ပါတယ်။ ယောင်္ကျား မှုတ်ဘူး မှုတ်ဘူး။ စိတ်နာတယ်တကယ်။” လို့ ပုလဲသီချင်းကို သံချပ်အဖွဲ့တွေဆိုတာ မှတ်မိလိုက်တယ်။ အခု ကျန်း ၃၆၀၀ ဆိုတာ အဆတစ်ထောင်ကြီးတောင် များလာပြီ မဟုတ်ဘူးလား။

          သူတို့နဲ့ယှဉ်ရင်တော့ ကိုယ့်လစာ ၂သိန်း ၈သောင်းဆိုတာ တစ်နေ့ တစ်သောင်းနီးနီး သုံးနိုင်တယ်ကွယ်။ ဘယ်နေရာတွေမှာ ကုန်အောင်သုံးရပါ့မလဲ မနည်းစဉ်းစားနေရတယ်။ ပိုက်ဆံအိပ်ကြီး ဖောင်းမစိုးလို့ ထောင်တန်တောင် မကိုင်တော့ဘူး။ လခထုတ်ရင် သောင်းတန်ကလေးတွေ ပေးပါ လို့ ဘဏ်က မမလေးကို မေတ္တာရပ်ခံထားရတယ်။ အကြွေတွေပေးရင် သိပ်စိတ်ညစ်တာပဲ။ ဂိုက်ပဲ့သလေ။ (၅၀၀၀ တန်အောက်ဆို အကြွေပဲဟာ နော့။ ကာရာအိုကေက ကလေးမလေးတွေတောင် ပေးမရတော့ဘူး။) အဲ့ဒါတွေ ကုန်အောင်သုံးပစ်တာ တော်တော် အသုံးအဖြုံးကြီးရာကျမှာပဲ။ ကိုယ့်လခက လကုန်တဲ့ထိ ဘယ်တော့မှ မခံဘူး။ ဘာတွေ သုံးမိပါလိမ့်။ ထမင်းစားရိတ်လား။ တစ်ပြားမှ မကုန်ပေါင်။ ဘယ်အိမ်စားစား၊ ရောက်တဲ့အိမ်က အတင်းထမင်းပြင်ကျွေးလို့ ဆာဆာ မဆာဆာ စားခဲ့ရတာချည့်ပဲ။ အရက်တို့ ဘီယာတို့လား။ သောက်တဲ့အခါ သောက်ပါတယ်။ ဒါပေသိ မှန်တာပြော သစ္စာပါဗျာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တော့ တစ်ခါမှ ဝယ်မသောက်ဖူးသလောက်ပဲ။ သူများတိုက်ရင်တောင် ဘာအရက်လဲ ကြည့်ပြီးမှ သောက်တယ်။ (အဲ့သလောက်ကို ချစ်စရာကောင်းပေတာ) အဝတ်အစားလား။ ဝယ်မဝတ်တာကြာပေါ့။ ယောက္ခမကဆင်၊ မိန်းမကဆင်၊ သူများတွေကဆင် ဆင်တိုင်းလှလို့ နေမှာပေါ့ လို့ သဘောထားပြီး ဘာလာလာ ဝတ်တယ်။ အောင်မယ်မင်း အဲသလိုသာ စာရင်းတင်လိုက်ရင် လစာတစ်ပြားမှ မအပ်တဲ့ယောင်္ကျားကို အိမ်ကမိန်းမက ကျိန်းသေပေါက် မယားငယ်ကို ထောက်ပံ့နေတာ လို့ စွပ်စွဲခံရတော့မယ်။ မယားငယ်လည်း ငယ်ပါစေတော့။ မယားကြီးလည်း ကြီးပါစေတော့။ သည်မျှလောက်သော လခကလေးနဲ့ ကိုယ့်သမီး မုန့်ပဲသွားရေစာဖိုးတောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ကလေးက စားလွန်းလို့ မဟုတ်ပါဘူး။ ရန်ကုန်ရဲ့ လူနေမှုစားရိတ် လို့သာ ပြောလို့ရပါမယ်။ ဟောသည်ဖေ့စ်ဘုတ်စာမျက်နှာကြီးရဲ့ ပရိုဖိုင်းဘယ်ဘက်ယွန်းယွန်းလောက်မှာ Places လို့ ရေးထားတာလေးကို နှိပ်ကြည့်လိုက်၊ မုန့်ဆိုင်တွေ ကျလာလိမ့်မယ်။ ကိုယ်တို့သားအဖနှစ်ယောက် ပုံကလေးတွေ တင်တင်ထားတဲ့ဆိုင်တွေလေ။ ကြိုက်တဲ့ဆိုင်သွား။ ကြိုက်တာစား။ ငွေရှင်းတဲ့အခါ ဘယ်ဟာကမှ တစ်သောင်းအောက် မလျော့ဘူး။ အဲ့ဒါပြီးရင်တော့ ကိုယ့်ဆီမှာ စာရင်းတင်စရာ အောက်တိန်းဘောက်ချာကလေးတွေပဲ ကျန်တော့တယ်။ လိုသမျှ စိုက်မယ်ဆိုရင် အကုန်ပြမယ် ကြည့်မလား။ ဆိုလိုတာက ကိုယ့်လစာက ကလေးမုန့်ဖိုးပဲ ရှိတယ် လို့ ပြောချင်တာ။

          ဒါကတော့လေ နင့်ကိုက ဖူဖူကျော်တိန်း ဖွေးဖွေးဂေါင်းလီလုပ်ပြီး အတုံးအကြီးကြီး ပါချင်တာကိုး။ ကလေးကို မုန့်ကျွေးတာများ ထန်းသီးမုန့်၊ မုန့်ဗိုင်းတောင့်၊ မုန့်ပျားသလက် ဝယ်ကျွေးလိုက်လည်း ပြီးတဲ့ဟာကို။ ဘာကုန်တာ လိုက်လို့။ ဟုတ်ကဲ့။ ကိုယ်မွေးထားတာ ရန်ကုန်သူဆိုတော့ အဲသည်အစာမျိုးတွေ စီးတီးမတ်ကတောင် ဝယ်မစားပါဘူး။ မန်ဟက်တန် ကို သွားချင်သွား၊ ပီဇာကုမ္ပဏီ ခေါ်ချင်ခေါ်၊ ဆူရှီဆိုရင်တော့ အိုအိရှိလောက် နဲ့ ချော့ထားရတယ်။ ရှာဘူရှိ မပို့နိုင်ဘူး။ ရန်ကုန်မှာနေပြီး Loteria, BBQ, KFC လောက်ကမှ ဖွင့်တိုင်းမပို့နိုင်ရင် ကလေးက ရှက်ဖို့ကောင်းတာ မဟုတ်ဘူး။ သူ့အဖေဆရာဝန်ကြီးမျက်နှာ ဓါးနဲ့လှီးပစ်ဖို့သာ ကောင်းတော့တာ။ ကိုယ့်ဘာသာကိုယ် အမ်းတုန်းက ဆားနဲ့ပဲစားစား၊ ရန်ကုန်မှာတော့ ရန်ကုန်စာလိုက်မစားလို့ ရမလား။ ဖတ်စစ်ကလပ်ဆိုတာ ဖတ်စစ်ကလပ်က ကြည့်မှ။ အဲသလိုပြောလိုက်တော့ ကိုယ့်မှာ အမ်းကိုတောင် အကြီးကြီး ပြန်လွမ်းသွားမိတယ်။

          အမ်းမှာနေတုန်းက လစာတွေ မတိုးသေးဘူး။ တစ်သိန်းကိုးသောင်းပဲ ရတာ။ ဒါပေသိ သုံးလို့ မကုန်တာတော့ အမှန်ပဲ။ ထမင်းက တစ်လလုံးစား စားချင်သလောက်စားမှ သုံးသောင်းခွဲရယ်။ မနက်အိပ်ယာထ ရခိုင်မုန့်တီစားမလား နှစ်ရာ။ ထမင်းကြော်စားချင် အမဲကြော်နဲ့စားစား ဝက်ကြော်နဲ့စားစား ငါးရာ။ မွင်းငါးလည်းရတယ်။ သုံးလေးရာပေါ့။ ထပ်မရွေးနဲ့။ ရှိတော့ဘူး။ မီနူးဆုံးရင် တစ်က ပြန်စ။ ညနေ ဆေးရုံက ပြန်ရင် အိမ်မှာ ကော်ဖီမစ်တွေ လူနာကန်တော့ထားတာ ရှိပေမယ့် သောက်ပါဘူး။ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ အရသာလိုချင်လို့ အိမ်ရှေ့က ဦးကျားကြီးဆိုင်မှာ အဲသည်ကော်ဖီမစ်မျိုးကိုပဲ တစ်ထုပ်နှစ်ရာပေးပြီး သွားသောက်တယ်။ ရှမ်းခေါက်ဆွဲစားချင် ဆီကုန်ခံပြီး ဆိုင်ကယ်နဲ့ တိုင်းဈေးထိ ရောက်အောင်သွားပြီးမှ စားလို့ရတယ်။ ဘီယာသောက်ချင် လေဆိပ်ရှေ့မှာ ရိုးမချစ်သူရှိတယ်။ ဆိုင်ကယ်ဆီဖြည့်ရင် တစ်ခါဖြည့် တစ်လီတာမှ တစ်ထောင်။ စီးစမ်းပါလေ့။ နယ်စားရိတ် နဲ့ ရန်ကုန်စားရိတ်ဆိုတာ ဘာဆိုဘာမှ မဆိုင်ဘူး။ အခုလည်း သည်လခနဲ့ အမ်းမှာသာဆို လောက်ဦးမှာ။ သေချာတယ်။ ဆိုလိုတာက အနိမ့်ဆုံး လုပ်ခလစာဆိုတာ ဒေသတွင်း ကုန်ဈေးနှုန်းတွေ မကြီးမြင့်လှဘူးဆိုရင်တော့ သက်သာချောင်ချိနိုင်တယ် လို့ ပြောတာ။

          အမ်းမှာ ဘာဖြစ်လို့ ဈေးတွေ သက်သာသလဲ။ အမဲသား ဝက်သား တစ်ပိသာမှ ၄၀၀၀ ဈေးလောက်ပဲရှိတာ ရခိုင်အမဲ ရခိုင်ဝက်တွေ တန်ဖိုးမရှိလို့လား။ မဟုတ်ရပေါင်။ သားသတ်လိုင်စင်ကို တပ်က ကိုင်ထားပြီး စည်ပင်ကို အခွန်အခ မပေးရလို့ သက်သာတာ။ ဘင်္ဂလားထက်ကို သက်သာလို့ အမဲသားငါးဆို ဟိုဘက်ကို အရှင်ရော အသေပါ ထွက်ကုန်လို့ မနည်းတားမြစ်ထားရတယ်။ ကုန်ဈေးနှုန်း ထိမ်းချုပ်ချင်ရင် တပ်ကလွယ်လွယ်ကလေး လုပ်လို့ရတယ်ဆိုတာ သိလိုက်ရတာပေါ့။ (မလုပ်ချင်လို့ ကြည့်နေတာ ကြာပြီ။ သိလား။) ကလေးမလေးတွေကို လုပ်ခလစာ တိုးမပေးနိုင်လည်းပဲ နေရေးထိုင်ရေး စားရေးသောက်ရေးကလေး သက်သာချောင်ချိအောင် လုပ်ငန်းရှင်ဘက်က အစိုးရဘက်က ကူညီပေးနိုင်လို့ရှိရင် အသက်ရှူပေါက်ကလေးရမယ် မဟုတ်လား။ ဒါလည်း သိပ်ခက်တာ မဟုတ်ပေမယ့် အဲသလိုချောင်လည်မသွားစေချင်တာက ခက်နေတာ ဖြစ်ပါလိမ့်မယ်။ သူတောင်းစား ထမင်းဝရင် ငါ့သမီး ရန်ရှာမယ် လို့ အထင်ရှိနေပုံရတယ်။ အခုချိန်ထိ အင်္ဂလိပ်အခက် ဗမာအချက် အတွေးအခေါ်တွေကို မစွန့်လွှတ်နိုင်။ ဝင်း ဝင်း ဆို ဘီယာဆိုင်ပဲ သိတဲ့သူတွေ။

           အေးပေါ့လေ။ သူက ပညာတတ်ကြီးဆိုတော့၊ ဆရာဝန်ကြီးဆိုတော့၊ ခွဲစိတ်အထူးကုကြီးဆိုတော့ သူများသားသမီး အထည်ချုပ်လုပ်ခ မပြောနဲ့ သူရတဲ့လစာတောင် မုန့်ဖိုးပဲဖိုးပဲ ရှိပါတယ်လို့ ထေ့သလိုငေါ့သလိုနဲ့ အကြွယ်ကြီး ကြွယ်သွားတာပေါ့။ ကြွယ်စရာလားဗျာ။ အဲဒီ အေးပေါ့လေကြီး ကိုယ်တိုင်လည်း သူများနိုင်ငံနဲ့ ယှဉ်လိုက်ရင် လှိုင်သာယာ မီးခွက်ဈေးက စက်ချုပ်သမလေးတွေလောက်မှ လူတန်းစေ့လုပ်ခ မရတဲ့အကြောင်း ပြောပြရသေးတာပ။ ကိုယ်တို့ မြန်မာဆရာဝန်တွေ သူများနိုင်ငံသွားတဲ့အခါ ရှက်စရာကောင်းလွန်းလို့ လူသိမခံဝံ့တဲ့ အဖြစ်က ဘာလဲ သိလား။ အဲသည် လုပ်ခလစာပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမဆို ကိုယ်တို့လုပ်ခထက် နည်းသော အထူးကုဆရာဝန်လစာဆိုတာ မရှိဘူး။ ဘယ်သူမှ မသွားချင်လို့ လျှောက်သမျှလူ အကုန်ခေါ်ပြီး လွှတ်တဲ့ ဘူတန်မှာ သွားလုပ်ရင် တစ်လကို USD 1500 ရတယ်။ နေစရာအိမ်က ရေမီးအစုံ၊ ဂုဏ်သရေအပြည့်။ မသွားခင် ဝန်မင်းဖျား မှာတမ်းချွေတော့တောင် လိမ်လိမ်မာမာနေ ပြန်လာရင် ၂ နှစ်လုပ်စာနဲ့ဆို ဘဝကြီးက ပြောင်းသွားပြီ တဲ့။ ဟုတ်တယ်လေ။ ကိုယ့်ဆီ အနှစ် ၂၀ လုပ်လည်း အဲသည် ၂ နှစ်လစာမှ မရတာ။ အထူးကုဆရာဝန်ကို အဲသည်ဈေးနဲ့ ဘယ်မှာမှ မရနိုင်တာမို့ ဟိုကလည်းခေါ်တယ်။ သည်ကလည်း ကိုယ့်ဆီမှာ ဘယ်တုန်းကမှ အဲသည်လစာ မရနိုင်တာမို့ သွားတယ်။ သူကလွဲလို့ တခြားနိုင်ငံ ယိုးဒယား၊ စင်္ကာပူ၊ မလေးရှားမှာ ဆရာဝန်လစာ ဘယ်လောက်လဲ မေးကြည့်စမ်းပါလေ။ ကိုယ်တို့ဆီက ဆရာဝန်တွေ သူတို့ဆီမှာ ဆရာဝန်အလုပ်မရရင် လူနာဆီကသွေးဖောက်တဲ့ Phlebotomist ဝင်လုပ်ရင်လုပ်တယ်။ ဆေးရုံဆင်းလက်မှတ်မှာ အမျိုးအစားခွဲတဲ့ မှတ်တမ်းစာရေး Clinical Coder လုပ်ရင်လုပ်တယ်။ ဟိုကဆရာဝန်တွေ ပေပါရေးဖို့ လက်တိုလက်တောင်း သွေးချိန်ဖောင်ဖြည့် လုပ်ခိုင်းတဲ့ Research Assistant လုပ်ရင်လုပ်ရတယ်။ ဘာပဲလုပ်ရလုပ်ရ ကိုယ့်ဆီက စပါယ်ရှယ်လစ်လစာထက် ကိုးဆယ်ဆ သာလိမ့်မယ်။ ဆရာဝန်များဝင်လုပ်လို့ရရင်ဖြင့် ၂ နှစ်လောက်နေရင် ဘဝကြီး ပြောင်းလဲသွားနိုင်တယ် လို့ ကျန်းမာရေးဝန်မင်းကိုယ်တိုင် ပြောဖူးတာ မှန်သပေါ့ မောင်ရာ။

           အဲ့လိုဆိုရင် ကိုယ်တို့ဆရာဝန်တွေအတွက် အနိမ့်ဆုံး လုပ်ခလစာဆိုတာ ဘယ်လို သတ်မှတ်ကြမလဲ။ ကိုယ်တို့ဆီက အသည်းအစားထိုးတဲ့ ပါမောက္ခဆရာကြီးကိုယ်တိုင်တောင် နိုင်ငံတော်က ၂၅ သိန်းတန် ဆယ်လူလာဖုန်းတစ်လုံး ငှားရမ်းသုံးစွဲခွင့်ပြုလိုက်သည် ဆိုတာကလေးရဖို့ လူနာအသက်ရော သူ့အရှက်ရော လောင်းကြေးထပ်ရတယ်။ ပင်စင်ယူတော့ သူ့ခမျာ နေစရာအိမ် မကျန်ရစ်ဘူး။ ဆေးခန်းက စီစဉ်ပေးရတာ။ အလုပ်ထဲက ဆရာဝန်ဘဝဟာ သူများနိုင်ငံကလူတွေနဲ့ ဘာကိုမှ မနှိုင်းယှဉ်ပဲ စွန့်လွှတ်အနစ်နာခံထားရတယ်ဆိုတာ သူတို့ချည့်ပဲ အသက်စွန့်ရတယ်လို့ ထင်နေတဲ့သူတွေ သိရင် သိပ်ကောင်းမှာပဲ။ ကိုယ်တွေက မတတ်လို့ ကုပ်ကပ်နေတာ မဟုတ်ဘူး။ သူများစကား နားမလည်လို့ ရေငုံပြီး လူတောမတိုးတာ မဟုတ်ဘူး။ တောက်ကြွားဖို့ မြှောက်စားမယ့်သူ မရှိတာ လို့ ပြောချင်ရင်တော့ ပြောလို့ရတယ်။ (သူတို့သားသမီး ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဖလန်းဖလန်းထနေတာ မြင်နေရသားဥစ္စာ) သည်ကနေ့ သည်အချိန် သည်နေရာမှာ သည်လူနာတွေကို သည်လခနဲ့ ကုနေတာဟာ သောက်ရူးမို့လို့ မဟုတ်ဘူးဆိုတာတော့ သိစေချင်တာပါပဲ။

           ဒါကတော့ တိုင်းပြည်က ဆင်းရဲတော့ ဘယ်သူမဆို အနစ်နာခံရစမြဲပဲဟာ။ သမ္မတကြီးတောင် လခကလေးမှ သိန်း ၅၀ တည်း ယူထားတာ ဘယ်လောက် သနားစရာကောင်းလဲ။ လွှတ်တော်ထဲမှာ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ် လုပ်နေရှာသူတွေဆို စဉ်းစားကြည့်စမ်း။ သူများနိုင်ငံကလူတွေ အဲသည်လခနဲ့ဆို မနောက်ပါနဲ့ ဦးလေးရယ် လို့ ပြောမှာ။ တစ်နိုင်ငံလုံး တက်ကုန်ရွက်ကုန် စွန့်လွှတ်စွန့်စားနေတဲ့ကြားထဲ ရေသာခို အချောင်လိုက်စိတ် မမွေးစမ်းပါနဲ့။ ယောင်္ကျား မဟုတ်လို့လား။ အိမ်း ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်။ တက်ညီလက်ညီဆိုတာ သေချာလို့လား။ အနိမ့်ဆုံး လုပ်ခလစာနဲ့ အဆင်းရဲဆုံးနိုင်ငံက ဖုတ်ပူမီးတိုက် မသာအိမ်မှာ လောက်စာလုံးအရွယ် စိန်နားသံသီးကြီး ဓါတ်ပုံထဲတွေ့လိုက်မိသလားလို့။ အချမ်းသာတကာ့ အချမ်းသာဆုံး သေဌေးကြီးတွေ စိတ်ကူးယဉ်ကြည့်လိုက်။ မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲအောင် အပြင်မှာ အရှင်လတ်လတ် ရှိတယ်။ ကမ္ဘာ့ဘဏ်တွေမှာ အပ်ထားတာဆို မနည်းမနောကြီးတဲ့။ သူ့ကုသိုလ်နဲ့သူ အတိတ်ကံနဲ့ ချမ်းသာတာတွေကို နေရင်းထိုင်ရင်း ဝန်တိုမစ္ဆရိယတွေ ပွားမိပြန်ပြီ။ သာဓုပါ အဘရဲ့။ သာဓုပါ။ အဘတို့ ကုသိုလ်များ ပါးစပ်ကလေးနဲ့ ဒိုင်ဗင်ပစ်ပါရစေ။ အမျှလေးတော့ ဝေပါဦး။

           စာတိုက်စာရေးလေးဘဝကနေ တပ်ထဲဝင်လိုက်ရင်လည်း သမီးတစ်ကိုယ်လုံး ဌာပနာတိုက်ထဲက ရွှေကိုယ်လေးများလို စိန်စီလွှတ်လိုက်လို့ရတာ အနိမ့်ဆုံး ဗခမကလစာ နဲ့ ဖြစ်ပေလိမ့်မယ်။ ပွဲခင်းထဲဗိုက်နာလို့ မင်းသားနံမည်ကောက်ပေးလိုက်တဲ့ စစ်သားလေးလည်း ဘောင်းဘီချွတ်လိုက်တဲ့အခါ မြန်မာ့စီးပွားရေး ရင်းနှီးမျြုတ်နှံမှု ပမာဏရဲ့ ထက်ဝက်နီးပါးလောက် လက်ဝါးကြီးအုပ်ထားသော သားလိမ်မာလေးများ လုပ်စာထိုင်စားရသတဲ့။ အနိမ့်ဆုံး ဗခကလစာလေဗျာ။ ရှင်ဘုရင်ဖြစ်လို့ မင်းဘဏ္ဍာပိုင်တာ မနာလို မရှိပါဘူး။ ဒါပေသိ ကိုယ်တော်တို့ အရပ်ဘက်ကြွလာရင် တပ်လစာ အရပ်လစာ နှစ်သီးစား၊ လုပ်ပိုင်ခွင့်မှန်သမျှ ကိုယ့်ချည့်စား၊ အဲ့သလို စားသောက်နေသမျှအားလုံး ရှေးဘုန်းရှေးကံတွေပေါ့နော်။ အောင်မယ်မင်း အတိတ်ဘဝက ဒါနမျိုးစေ့နည်းခဲ့လို့ သည်ဘဝ လူမွှေးလူတောင် မပြောင်ရတဲ့အထဲ သူတော်ကောင်းကြီးတွေကို ပြစ်မှားမိလို့ ငါ့မှာ သူများတွေလို ရာထူးလည်းမတက်၊ နိုင်ငံခြားလည်း မသွားရ၊ ဘွဲ့လွန်တွေလည်း တက်ခွင့်မရ။ သေသော်မှတည့် သြော်ကောင်း၏ ဖြစ်နေတာပါလား။ ပေးထားတဲ့ လခတောင် များနေပြီ။ ပြန်နှုတ်ကြပါဦး။

           တကယ်တော့ သူများဝက်သားစား စားချင်တယ်။ သူများချမ်းသာတော့ ချမ်းသာချင်တယ်ဆိုပြီး ကြေးနှိုင်းကြေးတိုက် လုပ်ချင်တဲ့စိတ် မရှိပါဘူး။ လူဆိုတာ သူ့ကုသိုလ်နဲ့သူပါ။ သူတို့ချမ်းသာသလို ကိုယ်လည်းပဲ ငတ်ပြတ်တော့ မနေပါဘူး။ ဒါပေမယ့် ကိုယ့်အပေါ်မှာ ဂုတ်သွေးစုပ်၊ သာရာစီး၊ အခွင့်ကောင်းမှန်သမျှယူနေတဲ့သူတွေက သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာတွေနဲ့တိုင်းပြီးရင် ကိုယ့်ကို အဘက်မတန်သလိုလို၊ လူစဉ်မမီသလိုလို၊ အစုတ်စားအပြတ်စားတွေလို့ နှိမ်ပြီးဆက်ဆံတာ၊ သူတို့နဲ့ တန်းမတူဘူးလို့ ဆက်ဆံတာတော့ မခံနိုင်ပါဘူး။ မတူတာတော့ မတူဘူးပေါ့ သို့သော် နှိမ်တာတော့ မခံနိုင်။ မင့်အစွမ်းအစနဲ့ ပိုက်ဆံ ဘယ်နှစ်ပြားဝင်အောင် ရှာနိုင်လို့လဲ။ ဟုတ်တယ်။ မရှာနိုင်ပါဘူး။ နိုင်ငံတော်ကပေးသောလခထက် တစ်ကျပ်တစ်ပြားမပို တစ်ကျပ်တစ်ပြားမလျော့တာ ကိုယ့်လစာဝင်ငွေပဲ။ မရှိ မသုံးပဲနေတယ်။ မလောက် အိမ်ကတောင်းတယ်။ အဲသည်လစာဝင်ငွေအတွက် ကိုယ့်ဘက်က ကိုယ်ကျင့်သိက္ခာ တစ်ကျပ်တစ်ပြား အပွန်းမခံနိုင်ဘူး။ ပိုက်ဆံမရှိလို့ အထင်သေးမယ်ဆို သေးပလိုက်။ ပိုက်ဆံပေးခိုင်းရင် ဘာခိုင်းခိုင်းရတဲ့အထဲတော့ အပါမခံနိုင်ဘူး။ ပိုက်ဆံရဖို့ ဘာမဆို လုပ်တဲ့အထဲလည်း မပါဘူး။ လူဆိုတာ ကိုယ်တန်တယ်ထင်ရာ ကိုယ်ဖက်တွယ်ကြတာပဲ။ ကိုယ့်အဖို့ ပိုက်ဆံထက် ဖက်တွယ်စရာကောင်းတာတွေ အများကြီးရှိတယ်။ ပိုက်ဆံမှတပါး အခြားမရှိလို့ ပိုက်ဆံကို ဖက်တွယ်ထားတာ သူ့သဘောပေါ့။ ဒါကြောင့်မို့လို့ ကမ္ဘာပေါ်မှာ အနိမ့်ဆုံး လုပ်ခလစာနဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေရတဲ့အတွက် ကိုယ့်အဖို့ ဂုဏ်ငယ်တယ် မထင်ပါဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ။ သူများထက်ထူး သောက်ရူးလို့တော့ မမှတ်ပါနဲ့ကွယ်။ ကျော်ဆြာဝန်တျောက်ပါ။ သောက်ကောင်း ပါ သောက်ကောင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...