Thursday, January 1, 2015

သေခြင်းတရား


မနေ့ညက လူတစ်ယောက် အသက်ငင်နေတာကို ထိုင်ကြည့်နေခဲ့ရတယ်။ သူ့အဆွေအမျိုးတွေ အားလုံးလည်း ညှိုးငယ်တဲ့သူတွေက ညှိုးငယ်ကြလို့၊ ငိုကြွေးတဲ့သူတွေက ငိုကြွေးကြလို့။
ဒီပုံရိပ်တွေကို ကြည့်ရင်းခဏ ကျုပ်ငယ်စဉ်က ဖြစ်ရပ်အချို့ ပြေးသတိရမိတယ်။ ရွာတစ်ရွာရဲ့ သဂြိုလ်ပွဲ တစ်ခုကို ပထမဆုံး ရောက်ခဲ့စဉ်က။ အလောင်းစင်ကို မီး စရှို့လိုက်ပြီ။ လူတွေ ဟိုတစ်စု ဒီတစ်စု စကားစမြည်ပြောနေကြပြီ။ အဲ့ဒီတုန်း အဲ့ဒီရွာက ကဗျာဆရာ တဲ့၊ အမှတ်တမဲ့ ထပြောတယ်။ "သေခြင်းတရားကို ကြောက်ရွံ့စရာ မလိုဘူး မိတ်ဆွေတို့၊ သေခြင်းတရား ဆိုတာ ကျုပ်တို့အားလုံးရဲ့ မိတ်ဆွေပဲ" တဲ့။

အဲ့ဒီကတည်းက သူနဲ့ အလားသဏ္ဍာန်တူတဲ့ စကားမျိုးတွေ လူအမျိုးမျိုးဆီက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ကြားလာခဲ့ရတယ်။ ဒါပေမယ့် အဲ့လို ပြောတဲ့သူတွေရဲ့ မျက်လုံးအိမ်ထဲ ကျုပ် အမြဲ ကြည့်မိတဲ့အခါ၊ သူတို့ ပြောတဲ့ ကြောက်စရာ မလိုဘူး ဆိုတာဟာ ကြောက်နေရတဲ့ စိတ်က ထွက်လာတာပဲ ဆိုတာ ကျုပ် သိလိုက်ရတယ်။ သူတို့ အကြောက်တရား ကြောင့်ပဲ မကြောက်လန့်ဘူး ဆိုတဲ့ စကားလုံးတွေ သွင်သွင် သုံးနေတယ် ဆိုတာ သိလိုက်ရတယ်။
သေခြင်းတရားကို လှလှပပ ဘယ်နာမည်တွေ ပေးပေး ပြောင်းလဲသွားမှာမှ မဟုတ်ဘဲ။ ဟုတ်တယ် ဟုတ်။ တကယ်က လူအများ ကြောက်ရွံ့တယ် ဆိုတာဟာ သေခြင်းတရားကို မဟုတ်ပါဘူး။ မတူညီတဲ့၊ မရင်းနှီးတဲ့၊ ဘာမှန်းမသိရခြင်း သက်သက်ကို ကြောက်တာရယ်ပါ။ သေလွန်ခြင်းဟာ ဘာလဲ။ ကွဲပြား ချုပ်ပျောက်သွားတဲ့ နောက် ဘာဖြစ်သွားလဲ။ အဲ့ဒီ မသိရခြင်းကြောင့် ကျုပ်တို့ သဏ္ဍာန်မှာ အကြောက်တရား ပေါ်လာတာပဲ မဟုတ်လား။
စင်စစ် လိုအပ်တာက သေခြင်းတရားဟာ ဘာလဲ ကျုပ်တို့ အကျွမ်းတဝင် သိဖို့ပဲ။ သေခြင်းတရားကို အကျွမ်းတဝင် သိသွားရင် ခင်ဗျားရင်ထဲမှာ အကြောက်တရား ရှိတော့မှာ မဟုတ်ဘူး။ ... ဘာလို့လဲ။ ဘာလို့လဲ ဆိုရင် သေခြင်းတရား ဆိုတာ စင်စစ် တကယ် မရှိနေဘူးလို့ အဲ့ဒီလူဟာ သိသွားလို့ပဲ။
အဲ့ဒီလို ဘယ်လို သိမှာလဲ ဆိုတဲ့ ခရီးကို ဘာသာရေး လို့ ကျုပ် နားလည်ထားတယ်။ သေခြင်းတရားဟာ စင်စစ် တကယ် ရှိနေ၊ မနေကို သိမြင်ဖို့ ကြိုးစား အားထုတ် လျောက်လှမ်း တဲ့ ခရီးဟာ ဘာသာရေး လမ်းခရီးပဲ ဖြစ်တယ်။
ဘာသာရေး လမ်းခရီးရဲ့ အဆုံးသတ် ဖြစ်တဲ့ "သမ္မာသမာဓိ" ရဲ့ အလွန်မှာ အမှောင်တွေ ပျောက်သွားတဲ့ နောက်၊ သေခြင်းတရားကို ရှင်းရှင်းလင်းလင်း သိလိုက်ရလိမ့်မယ်။ သေခြင်းတရားဟာ ရန်သူလည်း မဟုတ်ဘူး ဆိုတာ၊ မိတ်ဆွေလည်း မဟုတ်ဘူး ဆိုတာ။ ဘာလို့ဆို သေခြင်းတရားဟာ နကိုကတည်းက ရှိမနေဘူး ဆိုတာ။ အဲ့ဒီနောက်တော့ ကြောက်ရွံ့စိတ်နဲ့ ထိတ်ပြာနေတာရော၊ ငါ မကြောက်ဘူးလို့ အားမာန်တင်း နေရတာရော ဘာမှ မလိုအပ်ဘူး ဆိုတာ.. အဲ့ဒီ လူတစ်ယောက်ဟာ ရိုးရိုးရှင်းရှင်းလေး သိမြင်သွားတော့တယ်။
ဒါ့ကြောင့်လည်း မသိခြင်း ဟာ အကြောက်တရားရဲ့ အရင်းခံ၊ သံသရာရဲ့ အရင်းခံ ဖြစ်ပြီး၊ သိမြင်ခြင်း ဟာ အကြောက်တရားရဲ့ ဆိတ်သုဉ်ခြင်း၊ သံသရာရဲ့ ချုပ်ငြိမ်းခြင်း ဖြစ်ရတာပဲ။
OSHO
............................
Letters from Osho. ~
Dec 31st 2014 at 2:58 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...