Saturday, January 10, 2015

“ရွှေတိဂုံကို မြင်လျှင်”

   Soe Min


       ရန်ကုန်မြို့ကြီးရဲ့ အချက်အချာ နှလုံးသည်းပွတ်ကို ပြပါဆိုရင် လူတော်တော်များများကမြို့လည်ခေါင် ဗဟိုချက်က ဆူးလေစေတီကြီးကို ပြကြမှာ ဖြစ်ပေမယ့် ကိုယ်ကတော့ မြို့ထဲနဲ့မလှမ်းမကမ်းက ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပြချင်တာပါပဲ။ စက်ဝိုင်းတစ်ခုရဲ့ ဗဟိုချက်ကိုပြချင်တာမှ မဟုတ်တာ။ သည်အရပ် သည်ဒေသမှာ ရန်ကုန်ရယ်လို့ မြို့ကြီးပြကြီး တည်ဆောက်နေဖြစ်အောင်မြန်မာလူမျိုးတွေရဲ့ နှလုံးသည်းပွတ်ကို နှောင်ဖွဲ့ရစ်တွယ်ထားတဲ့ သာသနိက အဆောက်အဦကြီးတစ်ခုမဟုတ်လား။ ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို ပြန်ကောက်တိုင်း

ရွှေတိဂုံစေတီတော်ကြီးရဲ့ ဗုဒ္ဓဝင်ဇာတ်ကြောင်းကမပါမဖြစ် ပါလာရဦးမှာပဲ။ ဒါပေမယ့်လည်း ကိုယ်နဲ့ဘာသာမတူတဲ့လူတွေကို ပြောပြတဲ့အခါမှာတော့ မယ်လမုမင်းသမီးလေးနဲ့ ဘိုးတော်သိကြားမင်း က ဥက္ကလာပမင်းကြီးကို ဖွားမြင်တယ် ဆိုတဲ့အပိုင်းကျရင်သူတို့ကLegendary တွေ ပါလာပြီ လို့ ပြောစရာဖြစ်တယ်။
နိုင်ငံခြားသား ဧည့်သည်တွေ ရင်သပ်ရှုမောအံ့သြရတဲ့အပိုင်းကတော့ ထူးခြားတဲ့ ပိသုကာလက်ရာနဲ့ ရွှေတန်ချိန်ပေါင်းများစွာ ကပ်လှူပူဇော်ထားတာရယ်၊အဖိုးတန် ကျောက်မျက် ရတနာတွေ စီခြယ်ထားတဲ့ စိန်ဖူးတော် ငှက်မြတ်နားတော်မြတ်တွေရယ်ပဲရှိမှာပေါ့။ ဘုရားပေါ်မှာ မြင်တွေ့နိုင်တဲ့ မြန်မာမှု အနုပညာလက်ရာတွေကတော့ ဓမ္မစေတီမင်းကြီးခေတ်လောက်ကအစောဆုံး ရှိလိမ့်မယ်။ တော်တော်များများက ကုန်းဘောင်ခေတ်လက်ရာနဲ့ ကိုလိုနီခေတ်လက်ရာတွေပါ။ငွေကြေးအားဖြင့် ရေတွက်နိုင်တဲ့တန်ဖိုး၊ ယဉ်ကျေးမှုလက်ရာ၊ သမိုင်းအမွေအနှစ်အားဖြင့်အဖိုးမဖြတ်နိုင်တဲ့တန်ဖိုးတွေထက် နှိုင်းယှဉ်မရအောင် အထွတ်အမြတ်ထားသင့်တာကတော့ ကိုယ်တို့ကိုးကွယ်တဲ့ဘာသာရေးအရ အစားထိုးမရနိုင်တဲ့ တစ်ခုတည်းသော သာသနိကအဆောက်အဦ ဖြစ်နေတာပါပဲ။ သိလွန်းအားကြီးလို့ဟုန်နေတဲ့ အဲသည်အကြောင်းကလေးကို သည်တစ်ခါတော့ သေသေချာချာ မှတ်မှတ်သားသား ရှိအောင် ပြောပြချင်ပါတယ်။ကိုယ့်သမီးအပါအဝင် နှောင်းလူတွေ နားမျက်စိလျှံနေမစိုးလို့။

          ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် စေတီပုထိုးတွေ ဘယ်လောက်ပဲ တည်ထားကိုးကွယ်ပလေ့စေ။ သည်ရွှေတိဂုံစေတီတော်မြတ်ကြီးလောက် အဦးအဖျား ရှေ့သွားပထမ ဖြစ်တာ မရှိဘူး။ဘာဖြစ်လို့ဆိုတော့ သက်တော်ထင်ရှား မြတ်စွာဘုရားအမှတ်နဲ့ နောင်လာနောက်သားများ ရှိခိုးကော်ရော်ဖူးမြှော်စရာ ဌာပနာတော်မြတ် ဖြစ်တဲ့ ဆံတော်ရှစ်ဆူကို ကုန်သည်ညီနောင် လက်ခံရတဲ့အချိန်တုန်းကသာသနာတော်မှာ ကိုးကွယ်စရာ ရတနာ ၃ ပါးတောင် မပြည့်သေးဘူး။ ပဉ္စဝဂ္ဂီ ငါးဦးကို တရားဦးမဟောရသေးတဲ့အတွက် သံဃာရယ်လို့ မရှိသေးဘူး။ ဘုရားဖြစ်တော်မူပြီးနောက် ၇ နေရာမှာ ၇ ရက်တိုင်တိုင်မဂ်ဖိုလ်ချမ်းသာခံစားတဲ့ သတ္တဌာနထဲက လင်းလွန်းပင်သတ္တာဟမှာ စံတော်မူစဉ် ပေါက္ခရဝတီမြို့ကလာတဲ့ကုန်သည်ညီနောင်က ဖူးမြင်မိပြီး ကြည်ညိုလွန်းလို့ ပျားမုန့်ဆွမ်းတွေ ဆက်ကပ်ပြီး ဥပသိကာအဖြစ်ကိုးကွယ်တဲ့အချိန်မှာ ဘုရားရှင်က သူတို့ကို တရားမဟောနိုင်သေးဘူး။ အတိတ်ရှေးဘဝက ဆုပန်လာတဲ့ဧတဒဂ်ဥပသိကာတွေမို့ သူတို့ဟာ မြတ်စွာဘုရားကို မြင်ရုံနဲ့ အတိုင်းမသိ ကြည်ညိုတယ်။ နောင်ကိုလည်းကိုယ်စားတော်အဖြစ် ရည်စူးကိုးကွယ်စရာ တောင်းတဲ့အခါ မြတ်စွာဘုရားက မဏိတော်ကို လက်တော်နဲ့သပ်လိုက်တော့ ဆံတော် ၈ ဆူ ပါလာသတဲ့။ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနဲ့ဘုရားရှင်က ပေးသနားလိုက်တဲ့ ဆံတော် ၈ ဆူဆိုတာ ကိုယ်ပွားတော် ၈ ဆူအလား တန်ဖိုးရှိပေတယ်။ကိုယ်တို့မြတ်စွာဘုရား ဆင်းတုတော်တွေမှာ ရဟန္တာ မထေရ်မြတ်များလို ဦးပြည်းဆံချ မဟုတ်ပဲဘီးဆံထုံးကလေး ထိပ်ကတင်ထားသလို ထုလုပ်ပူဇော်ကြတယ် မဟုတ်လား။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့အနော်မာမြစ်ကမ်းကို ဖြတ်ကူးပြီးတဲ့အခါ သျှောင်တော်မြတ်ကို လက်ကကိုင်ပြီး သံလျက်တော်နဲ့ဖြတ်လိုက်တော့ အဓိဋ္ဌာန်ရှိတဲ့အတိုင်း ဆံတော်တွေက ကောင်းကင်မှာ ပန်းဆိုင်းနဲ့ ဆွဲထားသလိုတည်နေသတဲ့။ မဏိတော်မှာ ကျန်ရစ်တဲ့ ဆံတော်များဟာလည်း အထက်ကောင်းကင်သို့သာ ညွှတ်လျက် လက်တော်နဲ့စုစည်းထားတဲ့အတိုင်း တည်သတဲ့။ အဲသည်ကျမ်းဂန်တွေထဲမှာ ပါတဲ့အတိုင်း ရုပ်ပွားတော်တွေထုလုပ်ကိုးကွယ်ကြတော့ သည်ကနေ့ ကိုယ်တို့ဖူးမြင်ရတဲ့ ဆင်းတုတော်တွေ အတိုင်းတွေ့ရတာပေါ့။အဲ့ဒီတော့ ကိုယ်တို့ ဗုဒ္ဓဝင်သမိုင်းမှာ ဗုဒ္ဓနဲ့ ပတ်သက်လာရင် ဆံတော်ဟာ အထွဋ်အမြတ် ထိပ်ခေါင်ပဲ။ပထမဦးဆုံး ချီးမြင့်တော်မူခဲ့တာ ဖြစ်သလို နောက်ထပ် တခြားသူတွေကို ထပ်ပြီးချီးမြင့်ခဲ့တယ်လို့ဘယ်ကျမ်းဂန်မှာမှ မဖတ်မိဘူး။ အဲသည်ရှားတောင့်ရှားပါး ဆံတော်များကို တည်ထားကိုးကွယ်တဲ့စေတီဆိုတာ ကိုယ်တို့မြန်မာပြည်မှာပဲ ရှိတယ်လေ။ ရန်ကုန်မှာပဲ ရှိတယ်လေ။ ရွှေတိဂုံမှာပဲရှိတယ်လေ။ အဲ့ဒါ ကိုယ်တို့ရထားတဲ့ ဗုဒ္ဓရဲ့အမွေအနှစ် စစ်စစ်ပဲ။ သာသနာဦးကတည်းက ဆက်ခံထိမ်းသိမ်းလာခဲ့တာသည်ကနေ့ထိတိုင်အောင် တင့်တယ်စွာ စံပယ်လျက်ရှိတုန်းပဲ။

          ဆံတော်အမွေတွေခံယူခဲ့တဲ့ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ မြန်မာပြည်သားတွေပါလို့ မှတ်ပုံတင် မပြနိုင်ပေမယ့် ဆံတော်များကို လက်ခံယူပြီး စေတီတည်ထားကိုးကွယ်မယ့် ဘုရင်မင်းမြတ်ကတော့ ဒဂုံနေပြည်တော်က ဥက္ကလာပမင်းကြီး ဖြစ်တယ်။ သူဟာလည်း သာသနာတော်မှာပထမဦးဆုံး ဘုရားဒါယကာ ဥပသိကာကြီးမို့လို့ ရှေးဘဝဆုတောင်းနဲ့လာတာပဲ။ သိကြားမင်းနဲ့မယ်လမုကို မယုံချင်နေ၊ ရွှေတိဂုံစေတီကြီးရဲ့ မူလပထမ ဘုရားဒါယကာကြီးဆိုတာတော့ မယုံလို့မရဘူး။သမိုင်းအထောက်အထားတွေအရ ကိုယ်တို့မြန်မာပြည်မှာ ဗုဒ္ဓဘာသာထွန်းကားလာတာက အနော်ရထာမင်းနဲ့ရှင်အရဟံတို့ သုဝဏ္ဏဘူမိက ပင့်ဆောင်လာတယ်ဆိုပေမယ့် သမိုင်းမတင်မီခေတ်က ဥက္ကလာပမင်းကြီးရွှေတိဂုံစေတီတည်ခဲ့တယ်ဆိုရင် အဲသည်အချိန်ကတည်းက သူတို့က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးနေလို့ပေါ့။ ဒါပေမယ့်လည်း စာတွေပေတွေနဲ့ ကျောက်စာရေးထိုးမှတ်တမ်းတင်နိုင်တာ ပျူ၊ ဟန်လင်း၊ သရေခေတ္တရာ၊ ပုဂံခေတ်လောက် ရောက်မှဆိုတော့ သူ့ရှေ့ကဟာတွေကို ပါးစပ်ရာဇဝင်မှာပဲ ထားတယ်။ ဘာသာရေးအထွဋ်အမြတ်ပစ္စည်းမို့လို့ဆံတော်ကို ကာဗွန်သက်တမ်းစစ်ဆေးတယ်တို့။ ဒီအန်န်အေစစ်တယ်တို့ဘာတို့ မကြားမိဘူး။ မယုံချင်တဲ့သူတွေမယုံနဲ့ပေါ့။ အတင်းမယုံခိုင်းပါဘူး။ ဒါပေမယ့် ကိုယ်တို့ကတော့ ယုံတယ်။ မယုံပါနဲ့လို့ပြောချင်သလိုပြော။ သက်သေတွေ ပြချင်သလိုပြ။ ယုံမှာပဲ။ အဲ့ဒါကို သရဏဂုံလို့ခေါ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုတာစကြာဝဠာ အနန္တကို မယုံလည်းရတယ်။ ရတနာသုံးပါးကိုသာ မမှိတ်မသုန် ယုံကြည်ဖို့လိုတာ။

          မဇ္ဖိမမှာ အုတ်ပုံကမူအဖြစ် အထောက်အထားအခိုင်အမာရှိနေတဲ့ ဗုဒ္ဓဝင်သာသနိကအဆောက်အဦများလိုပဲ ကိုယ်တို့မြေပေါ်မှာတော့ ရွှေတဝင်းဝင်းနဲ့ မညှိုးမမှိန် ဂုဏ်ရှိန်တဝင့်ဝင့်လက်ညှိုးထိုးပြစရာ စေတီတော်ကြီး ရှိတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာဝင်များအတွက်အလေးအမြတ်ပြုစရာ၊ မြတ်နိုးကိုးကွယ် ဖူးမျှော်စရာ၊ အံ့ဖွယ်ရာ အမွေအနှစ်ကြီး ဖြစ်နေတာ။ဘုရားတည်သူ ဥပသိကာ ဒါယကာတော်ကြီးများကသာ ရှေးဘဝဟောင်းက ဆုတောင်းပါရမီနဲ့ လာခဲ့ကြတာမဟုတ်ဘူး။ ဘုရားတည်ရာ မဟာပထဝီမြေကြီးကလည်း ကိုယ်တို့ မြန်မာပြည်ပေါ်မှာ ဘူမိနက်သန်မှန်လို့တည်နေတာ။ သည်မြေသည်နေရာမှာ ရှိကိုရှိရမယ်ဆိုပြီး လာတာ ဂေါတမမြတ်စွာဘုရားရှင်ရှေ့ ပွင့်တော်မူပြီးသောကကုဿန်၊ ကောဏဂုံ၊ ကဿပမြတ်စွာဘုရားရှင်တို့ရဲ့ တောင်ဝှေးတော်၊ ရေသနုတ်တော်၊ သင်းပိုင်တော်များကိုပါပြန်လည် တူးဖော်ဌာပနာထားတယ်။ နောင်ပွင့်တော်မူမယ့် အရိမတ္တေးယျဘုရားရှင်လက်ထက်ကျရင်လည်း သည်နေရာမှာပဲ စေတီတည်ထားဦးမှာ။ အဲ့ဒါကတော့ သိင်္ဂုတ္တရကုန်းတော်တဲ့။ ဘဒ္ဒကမ္ဘာအဦးအစက ကြာနိမိတ်ပေါ်တဲ့နေရာဗြဟ္မာကြီးတွေ လာကြည့်တဲ့နေရာလိုပဲ ဘုရားရှင်အဆူဆူတို့ရဲ့ ဓါတ်တော်မွေတော်များ ကိန်းအောင်းရာနေရာဆိုတာကမ္ဘာပေါ်မှာ တခြား ဘယ်နေရာမှာမှ မရှိဘူး။ ကိုယ်တို့ မြန်မာပြည်မှာပဲ ရှိတယ်။ ရန်ကုန်မှာပဲရှိတယ်။

          ရွှေတိဂုံစေတီတော်ကြီးနဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်မှာ အမှတ်တရတည်ထားခဲ့တဲ့ ဘုရားစေတီတွေ ရှိသေးတယ်။ ဥက္ကလာပမင်းကြီး ဗိုလ်ခြေတစ်ထောင်နဲ့ စစ်အင်္ဂါလေးပါးခင်းပြီးမြစ်ထဲ ရင်ခေါင်းမြုတ်သည့်တိုင်အောင် ဆင်းကြိုတဲ့ သန်လျက်စွန်းအနားက ကမ်းနားမှာ ဆံတော်ကြိုစေတီတစ်ဆူတည်ပြီးဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ လို့ တည်ထားတယ်။ အဲသည်ဘုရားက ဆံတော်ကြုပ်ထဲမှာဗုဒ္ဓရဲ့ ဆံတော်ကို မျက်ဝါးထင်ထင် ဖူးမြင်နိုင်တယ်။ ဆံတော်ကို မင်္ဂလာဆင်တော်နဲ့ ပင့်လာတော့လမ်းမှာ ဆင်တော်ကဝပ်ပြီး ဆံတော်ကြုပ်ပွင့်လို့ ရောင်တော်ကွန့်မြူးတယ်ဆိုတဲ့နေရာမှာရွှေဘုန်းပွင့်စေတီဆိုပြီး တည်ထားတာ ရေကျော်အရပ်မှာ။ သိင်္ဂုတ္တရကုန်းတော်ဆိုတာ ဘယ်နားမှန်းမသိလို့နတ်သက်အရှည်ဆုံး ဘုမ္မစိုးနတ်မင်းကြီးတွေကို ပင့်ဖိတ်ပြီး မေးမြန်းဖို့ ဗိုလ်တထောင်ဘိုးဘိုးကြီးကဤနေရာ၌ စုလေဆိုပြီး လက်ညှိုးညွှန်တဲ့အရပ်မှာ စေတီတည်တာက အခုတော့ ဆူးလေစေတီတဲ့။ ဒါကြောင့်ဗိုလ်တထောင်ဘိုးဘိုးကြီးက ဆူးလေဘက် လက်ညှိုးညွှန်ပြီး ဆူးလေဘိုးဘိုးကြီးက ရွှေတိဂုံဘက်လက်ညှိုးညွှန်တာ။ (ရွှေတိဂုံဘိုးဘိုးကြီးကတော့ ငါ့ဟာတွေ အဲ့သည်ကောင်တွေဆီ ပါသွားပြီဆိုပြီးဒဂုံစီးတီးရှိတဲ့ဘက် လက်ညှိုးထိုးတယ်ဆိုလား။)

          ရွှေတိဂုံစေတီတော်ကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ဘုရားရှင်ပွင့်တော်မူတဲ့အချိန်ကာလကတည်းက တည်ရှိခဲ့တယ်ဆိုပေမယ့်လည်း သမိုင်းအထောက်အထား ပြစရာလိုချင်ရင် ဆံတော်တွင်းထဲဆင်းမှ ရမယ်။ ဒါပေမယ့် ဘုရားကြီးကို ပြုပြင်ခဲ့တဲ့ မင်းအဆက်ဆက် ဘယ်သူကမှ အဲသည်ထဲ ဆင်းတယ် ဘာတွေတွေ့တယ် လို့ မပြောဖူးဘူး။ ကိုရင်လေးတစ်ပါးပဲ ရောက်ဖူးသလိုလို။ အာမေးနီးယန်းလူမျိုးတစ်ယောက်ယောက်ပဲ ဆင်းဖူးသလိုလို မရေရာတဲ့ ပုံပြင်တွေပဲ ကြားဖူးခဲ့တယ်။ ဒါပေမယ့် ကိုယ်တို့မြန်မာရာဇဝင်တွေထဲမှာ ဘယ်ရှင်ဘုရင်ပဲဖြစ်ဖြစ် ဥက္ကလာ ဒဂုံတိုင်းကို ရောက်လာရင် တိဂုံဆံတော်ရှင်စေတီကြီးကို အထွဋ်အမြတ်ထား ဝင်ဖူးရတာချည့်ပဲ။ သာသနာတော်ဟာ ပုဂံခေတ်မတိုင်မီ သမိုင်းမှတ်တမ်းမရှိတဲ့ ကာလကတည်းက မြန်မာပြည်ကို ရောက်ခဲ့တယ်ဆိုပေမယ့် အဲသည်နောက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ညိုးမှိန်ပျောက်ကွယ်နေခဲ့ပုံရတယ်။ ဒါပေမယ့် ရှိတော့ ရှိနေဆဲပဲ။ ဘာဖြစ်လို့ဆိုတော့ ပဲခူးရွှေမောဓောဘုရားသမိုင်းမှာ မွန်မင်းသမီးကလေးဟာ ဗုဒ္ဓဘာသာမို့ မိစ္ဆာအယူရှိသော မင်းနှင့်ပရိသတ်အပေါင်းကို အယူဝါဒ စင်ကြယ်စေခဲ့တယ် ဆိုတာ ပါတယ်။ ဟံသာဝတီ ပဲခူးကို စတည်တော့ ကျေးကုလားများနဲ့အငြင်းပွားပြီးမှ အဲသည်ကျွန်းနုမြေအရပ်ဟာ မွန်တွေအပိုင်ဖြစ်ကြောင်း သက်သေပြရတာ။

           ရွှေတိဂုံဘုရားကြီးနဲ့ပတ်သက်လို့လည်း အစောဆုံး သမိုင်းအထောက်အထားကို ရှာချင်ရင် မွန်ရာဇဝင်တွေထဲမှာ လေ့လာမှရမယ်။ ရာဇာဓိရာဇ် ဖြစ်လာမယ့် အပသုန်ဗန်စက်ဟာ သူ့ခမည်းတော်ကို ပုန်စားတော့ ဒဂုံဘက် ဒလဘက်ဆင်းပြီးတိမ်းရှောင်ရသတဲ့။ ဟိုဘက်မှာ မြောင်းမြစားလောက်ဖျားတို့ သန်လျင်စား၊ မုတ္တမစားတွေကသူ့အတွက် ရန်သူတွေလေ။ ငယ်မယား တလမေထောကို ပစ်ပြီး ဘုရားစောင်းတန်းက ပန်းသည်မလေး မွေမနိတ်ကိုယူတယ်ဆိုတော့ သူတို့ချင်း ရွှေတိဂုံဘုရားမှာ တွေ့ကြတာလားတောင် မသိ။ ဒီအထိက မသိချင်လည်းထားလိုက်တော့။ သက်သေမရှိဘူး။ ဒါပေမယ့် ရာဇာဓိရာဇ်ရဲ့ သမီးတော် ရှင်စောပုမင်းသမီး အင်းဝကထွက်ပြေးလာတော့မောင်ဖြစ်တဲ့ ဟံသာဝတီဘုရင်က လက်မခံရဲလို့ ကြခတ်ဝါးရံမြို့ သန်လျင်မှာ၊ (တချို့ကလည်းဒလမှာတဲ့) နန်းတည်ပြီး စံမြန်းရတယ် လို့ဆိုတယ်။ ဒါပေမယ့် ရှင်စောပုရဲ့ အသက်ဟာ ဒဂုံဆံတော်ရှင်မှာတည်တယ်။နေ့တိုင်းမပြတ် ဖူးမျှော်ပြီး နန်းတော်ကိုတောင် စေတီတော်ကြီးကို မြင်နေရတဲ့အရပ်မှာဆောက်သတဲ့။ ရှင်စောပုရဲ့ မောင်တော်၊ တူတော်တွေ အချင်းချင်း ပြန်သတ်ပြီး တိုင်းပြည်မငြိမ်မသက်နဲ့ ဟံသာဝတီမင်းဆက် ပြတ်မလိုဖြစ်တဲ့အခါ မူးတွေမတ်တွေက မြန်မာရာဇဝင်မှာ တစ်ခါမှမရှိဖူးတဲ့ ဘုရင်မကြီး အဖြစ် ရှင်စောပုကို နန်းတင်ကြတယ်။ မွန်ဘာသာနဲ့ မင်းအို လို့ ဘွဲ့တော်ခံသတဲ့။ အသက်ခြောက်ဆယ်ကျော်မှ နန်းစံရတဲ့ရှင်စောပုက တိုင်းပြည်ငြိမ်သက်ရေးတွေ တဘက်ကလုပ်သလို စိတ်ရောကိုယ်ပါ အဓိကပြုသွားတဲ့ကောင်းမှုတော်ကတော့ ရွှေတိဂုံစေတီတော်ကြီးပါပဲ။ ရှင်စောပုလွန်တဲ့အခါ သူ့ကို အင်းဝကနေလှေတစ်စင်းနဲ့ ကယ်ထုတ်ခဲ့တဲ့ မွန်ပဉ္ဇင်းလူထွက်ကလေးက ဓမ္မစေတီဘွဲ့ခံပြီး နန်းတက်တယ်။သူကိုယ်တိုင် စာတတ်ပေတတ် ရဟန်းဘဝကလာတာမို့ သူရှင်ဘုရင်ဖြစ်တဲ့အခါ သူ့အလေးချိန်၊ ရှင်စောပုအလေးချိန်၊သူ့မိဖုရားကိုယ်အလေးချိန်အတိုင်း ရှိတဲ့ ရွှေကိုယ်လေးများကို အရည်ကျိုပြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်သတဲ့။ (မြန်မာရှင်ဘုရင်တွေဟာ နန်းတက်တာနဲ့ ရွှေကိုယ်လေးငွေကိုယ်လေးတွေထုလုပ်ပြီး နန်းဆောင်နဲ့ ကိုးကွယ်ရတဲ့ ဓလေ့ရှိတယ်လို့ ကုန်းဘောင်ရာဇဝင်တွေထဲမှာလည်းပါဖူးတယ်။) ရှင်စောပုလှူခဲ့တဲ့ ဝတ္တကမြေတွေက ကျယ်လွန်းအားကြီးလို့ ရေရှည်မှာ ထိမ်းသိမ်းဖို့မဖြစ်နိုင်တာကြောင့် ဝိနည်းတော်နဲ့အညီ စီမံပြီး ဘုရားကြီးကို ရွှေတွေ ပုံလှူခဲ့တာ လို့ပြောတယ်။ ဘုရားကြီး လက်ရှိဥာဏ်တော်အမြင့်ကို တည်ခဲ့တာလည်း သူ့လက်ထက်မှာပဲ။ ဘုရားကြီးရင်ပြင်တော်ပေါ်ကဒေါ်ငွေဇင်တန်ဆောင်းဘေးမှာ ဓမ္မစေတီမင်းကိုးကွယ်တဲ့ နန်းဦးရုပ်ပွားတော်နဲ့ စေတီရှိတယ်။သွေးဆေးကန်ဘက်ကနေ ခပ်လှမ်းလှမ်းဆင်းသွားရင် မျဉ်းပြိုင်လိုဖြစ်နေတဲ့ လမ်းနှစ်လမ်းကိုရှင်စောပုလမ်း နဲ့ ဓမ္မစေတီလမ်း လို့ နံမယ်ပေးထားတာလည်း အကြောင်းရှိမှာပေါ့။ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အောက်နားကသခင်ကိုယ်တော်မှိုင်းအုတ်ဂူတို့၊ ဦးသန့်အုတ်ဂူတို့ နံဘေးမှာ ရှင်စောပု ဘုရင်မကြီးရဲ့အုတ်ဂူရှိတယ်။

            မြန်မာရာဇဝင်ထဲမှာရွှေတိဂုံစေတီတော်ကြီး အထင်အရှားပါခဲ့တာက အလောင်းမင်းတြားကြီး ပထမမြန်မာနိုင်ငံတော်တည်ထောင်တဲ့အခါ (ထားပါတော့လေ။ သမိုင်းထဲ သည်အတိုင်း ရေးထားလို့ပါ) ရွှေတိဂုံစေတီတော်ရင်ပြင်မှာ အောင်မြေနင်းပြီး သူ့အတွက် ရန်တွေကုန်သွားလို့ ရန်ကုန်လို့ အမည်တွင်စေရမယ်လို့နံမယ်အသစ်ပေးသွားတာတဲ့။ ရန်ကုန်မြစ်ထဲ ခုထက်ထိဆည်လို့မရသေးတဲ့ ခေါင်းလောင်းတော်ကြီးဆိုတာသူ့တူတော် စဉ့်ကူးမင်းရဲ့ ကောင်းမှုတော်လေ။ ဘကြီးတော်လက်ထက် အင်္ဂလိပ်နဲ့ စစ်ဖြစ်တဲ့အခါဟိုင်းကြီးကျွန်းတို့ ရှင်မဖြူကျွန်းတို့နဲ့ အကြောင်းရင်းခံခဲ့တယ်ဆိုပေမယ့် ခဏခဏ ရန်စငဖြိုးဖြစ်ရတာကရန်ကုန်မြို့ဝန် နဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေနဲ့ပဲ။ ဟိုးတုန်းကလို မုတ္တမ၊ ပုသိမ်ကို ဆိပ်ကမ်းမထားတော့ပဲရန်ကုန်ကို ဆိပ်ကမ်းအဖြစ် သုံးလာကြပြီမို့ပါ။ ရန်ကုန်ဟာ အတွင်းရန်သာ ကုန်ချင်ကုန်မယ် အပရန်ကိုတော့ မကုန်စေနိုင်သေးပဲကိုး။ မင်းတုန်းမင်းကြီးလက်ထက်မှာ အောက်မြန်မာပြည် အင်္ဂလိပ်အောက်ရောက်သွားတော့ ရေမြေ့ရှင်ကြီးခမျာ အင်္ဂလိပ်ကို ခခယယတောင်းပန်ပြီး ရွှေတိဂုံစေတီတော်ကြီးကို ထီးတော်တင် ရွှေသင်္ကန်းကပ်လုပ်ခဲ့သေးသတဲ့။

            အင်္ဂလိပ်ကိုလိုနီခေတ်မှာရွှေတိဂုံဘုရားကြီးဟာ တစတစနဲ့ စည်ပင်လာတာတော့ အမှန်ပဲ။ ဘုရင်မင်းတြားကြီး ကောင်းမှုချည့်မဟုတ်တော့ဘူး။တိုင်းသူပြည်သား အများကောင်းမှုတွေ ပါလာပြီ။ စက်လှေကားစောင်းတန်းကတက်ရင် အလှူကမ္ဗည်းထိုးထားတာတွေလိုက်ဖတ်ကြည့်။ အဲသည်စောင်းတန်းက တန်ဆောင်းကြီးတောင်မှ နှစ်ပြားတန်ဆောင်း လို့ခေါ်တယ်။ သိမ်ကြီးဈေးကို လာသမျှ ဈေးသည်ဈေးဝယ်တွေဆီက တစ်ယောက် နှစ်ပြားကောက်ပြီး ဆောက်ထားလို့။ အရင်တုန်းကတော့ မြောက်ဘက်မုခ်အတက်နားက တန်ဆောင်းတစ်ခုမှာ ကြာပွတ်ကြီးကိုင်ထားတဲ့ အိန္ဒိယအမျိုးသားရုပ်ထုတစ်ခုကိုတွေ့ဖူးတယ်။ အခု မရှိတော့ဘူး။ ပထမကျောင်းသားသပိတ်အစပြုခဲ့တဲ့ ကျောက်စာတိုင်တစ်ခုလည်းဘုရားပေါ်မှာ တွေ့ရမယ်။ ထူးခြားတာက ဘာသာလေးမျိုးနဲ့ ထွင်းထုထားတဲ့အထဲမှာ ရုရှားဘာသာလည်းပါနေပြီ။ မြန်မာပြည်မှာ ပထမဦးဆုံး လက်ဝဲဘက်ယိမ်းတယ်လို့ ပြောရမယ့် အထောက်အထားပဲ။ သို့သော်တရုတ်လိုတော့ မပါ။ ဂန္ဓာလရာဇ်လက်ရာ တရုတ်နဂါးနဲ့ ခြင်္သေ့ရုပ်ထုတွေကို စနေထောင့်က နေလဘုရားနားမှာတွေ့ရမယ်။ တရုတ်ဗုဒ္ဓဘာသာလို့ ရေးထားတဲ့ တန်ဆောင်းတွေ ဘုရားပေါ်မှာ တွေ့နိုင်လိမ့်မယ်။ မဇ္ဇိမအရှိန်အဝါ လွှမ်းတာဆိုလို့ဒဂုန်ခင်ခင်လေးတန်ဆောင်းကြီးပဲရှိမယ်။ တော်တော်များများက မြန်မာမှု မြန်မာဟန်တွေချည့်ပဲ။ သိသာမြင်သာတဲ့ စေတီရံတွေထဲမှာ ဂဠုန်ဦးစောကောင်းမှုလည်းတစ်ခုပါတယ်။

              သူ့ထက်သိသာတဲ့အလှူရှင်ဘဘကြီးတွေရဲ့ ကမ္ဗည်းမော်ကွန်းတွေကတော့ သည်ကနေ့ပဲ နဖူးစည်းထိပ်တန်း ဗြန်းဗြန်းကွဲအထင်ကရရှိနေပေမယ့် မနက်ဖြန်ကျ နံမည်တစမှ မကျန်စေနဲ့ဆို အကုန်ဖြုတ်သိမ်းပလိုက်ရတာတွေလည်းရှိတယ်။ ဒါလည်း အင်မတန် ထူးခြားတဲ့ မြန်မာ့ရိုးရာ။ “ချစ်အမျှ” ဇာတ်ကားထဲမှာဆို လင်မယားချင်းကွဲသွားပြီးနောက်ဘုရားစောင်းတန်းက သူ့နံမယ်မပါတော့တဲ့ အလှူကမ္ဗည်းလေး လက်ညှိုးထိုးငိုပြီး အသက်ထွက်သွားတယ်မဟုတ်ဘူးလား။ သူတို့လူကြီးချင်းကွဲရင် အင်မတန်ကို စိတ်နာတတ်ပုံရတယ်နော်။ ရွှေမော်ဓောဘုရားကအောင်မြေမှာ မင်းသားတွေ တက်တက်ပြီး ထီးနန်းအဓိဋ္ဌာန်ကြလွန်းလို့ ဗောလောကျန်းထော ဆုတောင်းပြီးတဲ့နောက်ဘယ်မင်းသားမှ အတက်မခံခဲ့ဘူးလို့ ဆိုကြတယ်။ ရွှေတိဂုံဘုရားကြီးရဲ့ အောင်မြေအထင်ကရ ဆုတောင်းပြည့်ဘုရားတွေဆီမှာလည်းလူကြီးတွေ တက်တက်ပြီး ယတြာချေကြလွန်းလို့ ဘယ်သူတွေ ဘာလာလုပ်သလဲ သိရအောင် စီစီတီဗီကင်မရာတွေတပ်ထားရတယ် လို့လည်း ကောလာဟလတွေ ကြားဖူးမိသား။ တောင်ဘက်မုခ်က ဂေါပကရုံးခန်းရှေ့မှာဗီအိုင်ပီတန်ဆောင်းဆိုပြီး ရာဇယတြာစီရင်ဖို့ အထူးသီးသန့်ထားတဲ့ နေရာတစ်ခုလည်း ရှိသတဲ့။ရောက်တဲ့အခါ အပြင်က ချောင်းကြည့်လိုက်ကြတာပေါ့နော်။

              ဟိုးတုန်းကတော့ရွှေတိဂုံဘုရားဟာ ပွဲတော်ရက်မဟုတ်ရင် ကြိတ်ကြိတ်တိုး စည်ကားနေလေ့မရှိဘူး။ ကျားတွေဘာတွေတောင်တက်ဖူးတယ်။ “ရွှေတိဂုံ ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာ။” လို့ လူပြက်တွေ သီချင်းလုပ်ဆိုတယ်လေ။အခုများတော့ ကျားတက်ဖို့နေနေသာသာ ကြက်ပျံတောင် မကျဘူး။ ဘုရားဝတ်ပြုစရာ ကြက်မတဝပ်စာလောက်နေရာလပ်သွားရင် သူများမထိုင်ခင် ဦးအောင်ဝင်ထိုင်ပြီး ပုဆိန်ပေါက်ရတယ်။ ဆယ်တန်းအောင်ကာစတုန်းကလိုတန်ဆောင်းတကာလှည့် အဓိဋ္ဌာန်ပုတီးစိတ်၊ ရင်ပြင်တော်ပေါ် စိတ်အေးလက်အေးထိုင်တယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ဘုရားလာတာ ဘာလုပ်ဖို့လဲ။ “ရွှေကပ်မလား။ ရွှေသင်္ကန်းကပ်မား။ ကိုယ်တိုင်ကိုယ်ကျ ရွှေချလို့ရပါတယ်။”ဆိုတဲ့ဆီမှာ ရွှေဆိုင်းဝယ်ပြီး တန်ဆောင်းထဲက ရွှေချခံရုပ်ပွားတော်တွေကို ဖောင်တော်ဦးဘုရားမဖြစ်မချင်း ကပ်ချင်သလား။ “ဘာနေ့သမီးလဲ။ ပန်း၊ ရေချမ်း၊ ဆီမီး၊ ထီး၊ တံခွန်၊ ကုက္ကားလိုချင်ရာ ပြောကြည့်လေ။ ရင်ထဲပေါ့သွားတာပေါ့။” (ဟုတ်ပေါင် ယောင်လို့) အဲ့လိုအဲ့လိုတွေဆုထူးပန်မှာလား။ “အဘိုး အဘိုး။ တိုး၍ မတော်မူပါအဘိုး။ အင်္ဂါသားကြီး ကြင်ယာမယားဆီ ပြန်ရောက်ဖို့မောင်းမတွေဆီက ပြန်ခေါ်ပေးတော်မူပါ အဘိုး” လို့ ကန်တော့ပွဲကြီး ကိုးချင်သလား။ (ကစ်ကစ်လေးကတော့မြောက်ဘက်မုခ်က ယက္ခမယ်တော်ကြီးဆီ ကန်တော့ပွဲသွားပေးလိုက်တာ အကယ်ဒမီကို တန်းရသွားတယ်ဆိုပဲ) ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာကို သိုးသိုးသွက်သွက်လုပ်၊ဘုရားလည်း ဦးတော်ဦးတော်ချ၊ ဆယ်လဖီလေးဘာလေး ရိုက်တင်၊ တက်သုတ်နှင်ဖို့ပဲ ရှိမယ်။ ဘုရားပေါ်မှာလူတကာနဲ့ လေတွေဖောင်နေရင် လှည့်ကြည့်စရာမလို။ အဲ့ဒါ ဂိုက်တွေ။ သူတို့အလုပ် သူတို့လုပ်နေတာ။နတ်ကရာ ကျီးမောမနေနဲ့။ သူတို့ဧည့်သည် လာလုတယ်ထင်လို့ မျက်စောင်းထိုးခံရလိမ့်မယ်။ နောက်ဆုံးတော့ကိုယ်တို့ဘုရားကြီးဟာ ဘုရားဖူးရတဲ့အရသာ မရှိတော့ပဲ မီးခိုးမဲ့စက်ရုံကြီးတစ်ခု ဖြစ်နေပြီ။

              ကိုယ်ငယ်ငယ်ကကိုယ့်အဖေတွေအမေတွေဟာ အင်္ဂါနေ့တိုင်း ဘုရားတက်ကြတယ်။ ကိုယ့်လက်ထက်မှာ အဲ့သလို မှန်မှန်မတက်နိုင်တော့ဘူး။ မိန်းမက တနင်္ဂနွေနေ့တိုင်း ဘုရားတက်တာတောင် လိုက်မပို့နိုင်ဘူး။မြင်တဲ့အရပ်က လက်အုပ်ကလေးပဲချီဖြစ်တယ်။ ဆူးလေဖူးသလိုဖူးတာ။ သမီးက သွားချင်တယ်ဆိုမှတကူးတက လိုက်ပို့ရတယ်။ အခါကြီးရက်ကြီးဆို ပိုဆိုး။ ဘုရားနားကတောင် ဖြတ်မမောင်းနိုင်ဘူး။ကားတွေ ပိတ်လို့။ ကိုကိုလေးရဲ့ မှော်ဆရာ့မှတ်တမ်းတွေထဲမှာ အကုသိုလ်များတဲ့ အင်းသူကြီးတစ်ယောက်ဟာရွှေတိဂုံဘုရားကြီး လာဖူးတော့ ဘုရားကို မမြင်ခဲ့ရဘူးလို့ ဖတ်ရတယ်။ ကိုယ့်အဖို့မှာလည်းအကုသိုလ်တွေ တော်တော်များနေပြီလား မပြောတတ်ပါဘူး။ ဘုရားတက်ဖူးပေမယ့် ဘုရားကို အာရုံရောက်ဖို့တော်တော် ကြိုးစားရတယ်။ ရှိခိုးတော့နေသားပဲ။ အာရုံမှာ ညွှတ်နူးမှု မဖြစ်ဘူး။ ဟိုးတုန်းကလိုတန်ဆောင်းတစ်ခုခုက လှေကားထစ်ကလေးတွေပေါ်ထိုင်ပြီး ရင်ပြင်တော်ကို ငေးကြည့်နေတဲ့ စိတ်အေးချမ်းသာမှုမျိုးလည်းရှာမရတော့ဘူး။

              တံငါနားလည်းမနီးမုဆိုးနားလည်းမနီး။ ဘယ့်နှယ့်ကြောင့် ကိုယ့်စိတ်တွေ ကြမ်းတမ်းကုန်မှန်း မသိဘူး။ ကန့်လန့်တွေတွေးပြီးကန့်လန့်တွေ မြင်မိတယ်။ မီးပွိုင့်မှာ ကျောင်းဆောင်သစ်ဆောက်ဖို့ ၁၂ရာသီ အလှူခံနေရတဲ့ကလေးတွေကျောင်းကောမတက်ရဘူးလားလို့ စဉ်းစားမိတယ်။ သူတို့ကျောင်းကြီးကလည်း သည်တစ်သက် ဆောက်လို့ပြီးမယ့်ပုံမပေါ်။ တရားပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ “သွေးအေးလို့ မနေသင့်ပြီ။” လို့လာနှိုးဆော်ရင် “သွေးဆူတဲ့အထဲ ငါတော့ မပါနိုင်ပါဘူး။” လို့ နောက်ဆုတ်သွားတာ။ တရားကိုတစ်ပုဒ်ကြားကြား တစ်ကြောင်းကြားကြား ကြားတဲ့အရပ်က နာပါတယ်။ ဒါပေသိ ဘယ်ကိုယ်တော်ဟောတဲ့တရားဘယ်လိုကောင်းတာ လို့တော့ မနာဖြစ်ဘူး။ တရားပွဲတွေဟာလည်း ဘစ္စနက်ကြီးတစ်ခု ဖြစ်လာတာ စိတ်မကောင်းဘူး။ရက်တက်ရည် နဲ့ ပတ္တမြား လဲစားလို့ ရသေးတာပဲ ကျေးဇူးတင်ရမလို။ အေးလေ။ ရွှေတိဂုံဘုရားကြီးတောင်မှသူ့ဘာသူမနေရပဲ သပ္ပုရိသအပေါင်း သူတော်ကောင်းတို့အတွက် တစ်ခုမျှလျှက် အသက်မွေးကျောင်းဖြစ်တုံရှောင်း၏ လို့ အရိပ်အာဝါသတွေပေးပြီး နိုင်ငံခြားငွေတွေ ရှာဖွေပေးနေရသေးတာ။ ကိုယ်တို့မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဘုရားလေးကို သည်လိုကန်တော့ပြီး ရေလေးကို သည်လိုလောင်းတာ လို့ အိုက်တင်တွေ လုပ်မပြရတာပဲတော်လှပေါ့ကွယ်။ သူများတွေ ဘယ်သူမှ မကိုးကွယ်ရသေးခင်မှာ တရားဒေသနာ တစ်ပါဒမျှတောင်မှမနာယူရသေးပဲ မြတ်စွာဘုရားရှင်ကို အတိုင်းမသိ ကြည်ညိုလေးစားလေသူ ကုန်သည်ညီနောင်က ရည်စူးကိုးကွယ်သွားတဲ့ဘုရားကြီးရင်ပြင်တော်ပေါ်မှာ စေတီကြီးကို ထိုင်ထိုင်ရှိခိုးနေရင်းက ပိုက်ဆံကိုသာ တစိုက်မတ်မတ်ကိုးကွယ်နေတဲ့သူ၊ ဝပ်စင်းကော်ရော် ဖူးမြှော်မာန်လျှော့တဲ့ စိတ်မပါပဲ အာဏာကို အာသာငမ်းငမ်းရည်မှန်းတမ်းတ ယတြာချေနေတဲ့သူ၊ ဘုရားဂုဏ်တော်တွေကို မမြင်နိုင်ပဲ သူများလှူတန်းထားတဲ့ရွှေငွေကျောက်သံပတ္တမြားတွေကို ရင်သပ်ရှုမော ဖြစ်နေတဲ့သူ ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့လို့ဆုတောင်းမိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...