Tuesday, January 6, 2015

နေပြည်တော်မှာ အားသွင်းသည် ။။။

၂၁ ရာစု၏ သိုင်းလောက ဥသျှောင်ဖြစ်သော တိုလီမိုလီ ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်သူ ကျန်းဝူပွသည် သုံးနှစ်သုံးမိုး ဂူပိတ်ကာ အတွင်းအားလေ့ကျင့်မှု အောင်မြင်ခဲ့ပြီးနောက် မိမိ၏ ဂိုဏ်းတည်နေရာ သို့ ပြန်ခဲ့လေသည်။ သို့သော် ရောက်လျှင် ရောက်ချင်း ဂိုဏ်းချုပ်ကြီးပွ တွေ့လိုက်သည်မှာ မိမိ၏ ဂိုဏ်း အဆောက်အဦးများ မဟုတ်တော့ဘဲ ကွင်းပြင်ကြီးသာ ထီးထီး ရှိနေသည်ကို တွေ့ရလေလျှင် ဘေးနားမှ ဖြတ်သန်းသွားသော လူတစ်ဦးအား လှမ်းမေးလိုက်သည်။
“ နောင်ကြီး ဒီမှာ အရင်က ဆောက်ထားတဲ့ အဆောက်အဦးတွေရောငင်”
“ တရုတ်က စက်ရုံတည်မလို့တဲ့ ဘော်ဒူဇွာ နဲ့ ကလော် သွားပြီ”
“ ငင့် ဒါဆို အနော့် မိန်းမ အားမေ ရော အားမေ သူပါ ဘော်ဒူဇွာ နဲ့ ရောပြီး ကလော် ခံလိုက်ရပလား”
“ အိမ်း ကြားရတာတော့ သူ့ကို မိစ္ဆာ ဂိုဏ်းက ဖမ်းသွားတယ် ဆိုပဲ”
“ ဘာ ကတောက် ငါလို သိုင်းလောကဥသျှောင်ရဲ့ မိန်းမ ကိုများ ဖမ်းရဲတယ် ငါ့ အစွမ်းပြရသေးတာပေါ့”

သို့နှင့် မိန်းမ အားဖမ်းထားသော တည်နေ ရာအား Google map မှ တဆင့် ရှာဖွေရာလိုင်းကျနေ၍ တစ်ပတ်ခန့် အကြာမှသာ တွေ့ရှိလေသည်။ ဂိုဏ်းချုပ်ကြီး ပွ သည် ၄င်းကယ်တင်ရာ လမ်းတစ်လျှောက်ရှိ အတားအဆီး များအား စဉ်းစား လိုက်လေရာ တာမွေဗလီကားဂိတ် တွင် တစ်ယောက်၊ ဟံသာဝတီအ၀ိုင်းတွင် တစ်ယောက် ၊ စသည်ဖြင့် ရှိပြီး အားမေ အား ဖမ်းဆီးထားသော နေရာမှာ စော်ဘွားကြီးကုန်းတွင် ဖြစ်၏။ တွေ့ကြပြီပေါ့ မိစ္ဆာဂိုဏ်းရာ။
ပထမ ဆုံး တာမွေ ဗလီ ကားဂိတ် နားရှိ အတားအဆီးမှာ လမ်းဘေးဈေးသည် ဂိုဏ်းချုပ်ကြီး ရှောင်လီယို ဖြစ်လေသည်။ ၄င်းသည် ထိုအနီးနား တစ်ဝိုက်ရှိ လမ်းဘေးဈေးသည်များအား အကောက်ကောက်ကာ အသက်မွေးပြီး တစ်ခါတစ်လေ ဘိုင်ပြတ်ပါက ဘေထုပ်ပါ တွဲရောင်းတတ်သေး၏။ အင်း ဘေထုပ်သည်နား ရောက်ရင်တော့ သတိထားပြီး လက်ဦးအောင် ဆော်မှ။
အချိန်ကား ညနေစောင်း အချိန်။ လမ်းဘေးဈေးသည်များမှာ ညနေစောင်းကတည်းကပင် လမ်းတစ်ဝက်အား အပိုင်ခင်းကာ ဈေးဆိုင်တည်ရန် ကြံစည်နေကြလေရာ ရှောင်လီယို မည်သူဆိုသည်ကို ဝေခွဲမတတ် ပင် ဖြစ်ရလေသည်။ ဘာပဲ ဖြစ်ဖြစ် သတိထား မှ။ ဒါက ဒုတ်ထိုးဆိုင်၊ ဒါက ဖိနပ်ဆိုင်၊ ဒါက ကြွေဗေဒင်၊ ဒါက သူတောင်းစား၊ ဒါက ထမင်းကြော်ဆိုင် စသည်ဖြင့် တဖြည်းဖြည်း ကျော်ဖြတ်လာရာ တစ်နေရာ အရောက် တွင် ဂိုဏ်းချုပ်ကြီး ပွ ခြေလှမ်းများ ရပ်တန့် သွားလေသည်။ အရှေ့မှာ ဘေထုပ်ဆိုင် တစ်ဆိုင်။ အထဲမှာ လူတစ်ယောက် ဘေထုပ်များ ကို တစ်ထုပ်ချင်းစီ ဖြည်နေလေ၏။ ဒါရှောင်လီယို ပဲ ဖြစ်ရမယ်။ ထို့နောက် ဂိုဏ်းချုပ်ကြီးပွ သည် ဆိုင်ထဲသို့ မသိမသာ လှမ်းဝင် လိုက်သည်။ အထဲမှ လူက
“ ဟာ လာပါ အကျီင်္ ဘောင်းဘီ ဘာရှာသတုန်း အကုန် အလတ်စားတွေ ချည်းပဲ”
“ မောင့်ကျက်သရေ ခေါင်းပေါင်း”
“ ဟွင် မောင့်ကျက်သရေ ခေါင်းပေါင်း ကို ဘယ်ဘေထုပ်ဆိုင်မှာ ရောင်းတာ တွေ့ဖူးလို့လားငင်”
“ ဒါဆို ဇာဘော်လီ တစ်ထည်ပေးပါ”
“ အွန့်”
ဂိုဏ်းချုပ်ကြီး ပွသည် လက်ထဲသို့ ဇာဘော်လီ ရောက်လာသည်နှင့် လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ ဇာဘော်လီ ပေးလာသော လက်အား ရုတ်တရက် ဖမ်းဆွဲကာ အကျီင်္ လက်ဖျံအား မကာ ကြည့်လိုက်၏။ မိစ္ဆာဂိုဏ်း လက်အောက်ခံ ဆိုလျှင် အမှတ် အသားရှိရမည်။ သို့သော် ဘာမှ မတွေ့။ တွေ့လိုက်တာက ပွေးတစ်ကွက်။ ငါ ဂူထဲ အောင်းနေတုန်းက ပဲ မိစ္ဆာဂိုဏ်းက ပွေး အမှတ် အသား ပြောင်းသွားတာလား။ ဒါတော့ မဖြစ်နိုင်။
“ ဟေ့ လူဘာလုပ်တာတုန်းဗျ”
“ ဟာ သေချာပြီ ဒါမိစ္ဆာဂိုဏ်း က လူအသံ”
“ ယားးးးးးးးးစ်”
“ ယိစ်”
၂ ဦးသား နေရာ အသီးသီး ယူလိုက်ကြ၏။ သေချာပါပြီ ဒင်းဟာ ရှောင်လီယို။ ဒင်းကလဲ လက်ထဲ ဆွဲမိဆွဲရာ လက်နက် အနေဖြင့် တန်းပေါ်မှ ဘေထုပ် ပါတိတ် ထမီ တစ်ထည် အား လှမ်းယူလိုက်သည်။ ဂိုဏ်းချုပ်ကြီး ပွသည် လက်ထဲမှ ဇာဘော်လီ အား လေပေါ်တွင် ဝှေ့ရမ်း လိုက်၏။
“ ၀ှီး ၀ှီး ၀ှီး”
ရှောင်လီယို ကလည်း အားကျမခံ ပါတိတ် ထမိန် အား လက် ၂ဘက်နှင့် ကိုင်ကာ မာသထက် မာအောင် ကျစ်နေလေ၏။
“ ဗြီး ဗြီး ဗြီး”
ပုံစံကတော့ သွေးရဲရဲ သံရဲရဲ ဖြစ်ကြတော့မည့် သဘော။
“ ၀ှီး ၀ှီး ၀ှီး”
“ ဗြီး ဗြီး ဗြီး”
၅ မိနစ်။ ၁၀ မိနစ်။ ၁၅ မိနစ်။
“ ၀ှီး ၀ှီး ၀ှီး”
“ ဗြီး ဗြီး ဗြီး”
“ အားလားလား ညှောင်းထှာ ဟေ့လူ ခုထိ မတိုက်သေးဘူးလား”
“ အမငီး ကျစ်ရတာ လက်တွေ နာလာပြီ ခင်ဗျား အရင်တိုက်”
“ ဟာ ကြာပါတယ် လာလေရာ့”
“ ၀ှစ်”
ဂိုဏ်းချုပ်ကြီး ပွ လဲ အနားမှာ ရှိသော ဈေးသည်ထံမှ ၀က်သားဒုတ်ထိုး ဖြင့် ကောက်ပေါက်သည်။ ရှောင်လီယိုက အသာလေး ရှောင်ထွက်သွား၏။ ထို့နောက် ဆက်တိုက် သခွားသီး ဒုတ်ထိုး၊ ရွှေရင်အေးပန်းကန်၊ ဆင်ကြယ်ဖိနပ် စသည်ဖြင့် တွေ့သည့် ဈေးသည်ထံမှ ကောက်ပေါက်လေသည်။ ဈေးသည်တွေက များလွန်းတော့ ပေါက်၍ ပင်မနိုင်။ သိုင်းလောက ဥသျှောင် ၂ယောက် ၏ တိုက်ပွဲကား ပြင်းထန် လှပေသည်။ ထို့နောက် ဂိုဏ်းချုပ်ကြီး ပွသည် ရန်သူကို လှည့်စားရန် အတွက် တာမွေကားဂိတ် ဘက်သို့ ဦးတည် ပြေးသည်။ ထိုဘက်တွင် လူရှုပ်သည်။ ဘတ်စ်ကား တွေက နှစ်ထပ်ရပ်တတ်သည်။ ဘဲဥ ကလည်း တစ်ခါတစ်လေမှ ၀ီစီ ထမှုတ်ပြီး ရှင်းတာ။ ဒီတော့ ထိုဘက်တွင် မိမိ အတွက် အခွင့် အရေး ရနိုင်သည်။ ဒါကို ရှောင်လီယို က ရိပ်မိပုံ မပေါ်။ အနောက်ကနေ ထပ်ချပ်လိုက်သည်။ ဟောရောက်ပြီ။ မှန်းထားတာနဲ့ ကွက်တိ။ လူတွေရော ကားတွေဆိုတာ ရှုပ်လိုက်သည့် အမျိုး။
ဂိုဏ်းချုပ်ကြီး ပွလည်း ကားစောင့်နေသော လူများ အကြား မယောင်မလည် ၀င်ရပ်နေလိုက်၏။ ရှောင်လီယို ကား လူများအား တစ်ဦးချင်းစီ သေချာကြည့်ကာ လှမ်းလာနေသည်။ သို့သော် လူရော ကားရော ရောထွေးနေသောကြောင့် မိမိ အား မတွေ့။ ထိုစဉ် မိမိ အနား မှ ဖြတ်သွားတာလဲ တွေ့ရော မပြောမဆို ပင် လက်ထဲမှ ဇာဘော်လီ နှင့် လည်ပင်းကို ပတ်ကာ လည်ပင်းကို ညှစ်လိုက်သည်။
“ မှတ်ပလား မှတ်ပလား”
ရှောင်လီယို ကလည်း မခေ။ လည်ပင်း အညှစ်ခံနေရနေလျက်နှင့်ပင် အနောက်မှ ညှစ်နေသော ဂိုဏ်းချုပ်ကြီးပွ ဆံပင်ကို လှမ်းဆွဲ၏။
“ အားလားလား မသာကောင် အားလားလား နာတယ် ဖြေးဖြေးဆွဲပါဟ “
ဂိုဏ်းချုပ်ကြီးပွ က အနောက်မှနေ၍ ရှောင်လီယို နဖူးအား မေးစေ့ နှင့် ကြိတ်သည်။ ရှောင်လီယို က အရှေ့မှနေ၍ နောက်ပြန် ဂိုဏ်းချုပ်ကြီးပွ ခေါင်းကိုခေါက်သည်။ ကြာလာတော့ မေးစေ့ နှင့် ကြိတ်သည့် ဒဏ်ကို ရှောင်လီယိုတစ်ယောက် မခံနိုင်တော့။
“ အားးးးး အရှုံးပေးပါပြီ အရှုံးပေးပါပြီ ဟောဟိုက ကားပေါ်တက်ပြီးလိုက်သွားလို့ ရပါပြီ”
ဟင်း ဒါမျိုး လာစမ်းလို့ ဘယ်ရလိမ့်မလဲ။ ရှောင်လီယို လက်ညှိုးညွှန်ပြလိုက်သော ကားက ပါရမီ ကား။ ဂိုဏ်းချုပ်ကြီးပွ လျင်မြန်ပေါ့ပါးစွာ ကားပေါ်တက်လိုက်၏။ ကားစထွက်ပြီး များမကြာမီတွင် ဟံသာဝတီ အ၀ိုင်းနား ချဉ်းကပ်လာလေတော့သည်။ အင်း ဒီနားမှာ နောက်ထပ် အတားအဆီး တစ်ခု ဖြစ်တဲ့ ကျန်းချွေးရွဲ ရှိသည်။ ၄င်းသည် ဘတ်စ်ကားများ၏ အရှင်သခင် ဖြစ်ပြီး စပါယ်ယာလိုလို ဒရိုင်ဘာလိုလို အယောင်ဆောင်ကာ ထိုနားတစ်ဝိုက်မင်းမူ လျက်ရှိလေ၏။ ဟံသာဝတီ အ၀ိုင်းနား အရောက်တွင် ကားသည် တုံ့ခနဲ ရပ်လေသည်။ တော်တော် နှင့် ပြန်မထွက်နိုင် ဖြစ်နေသဖြင့် ပြတင်းပေါက်မှ ခေါင်းပြူ ကြည့်လိုက်ရာ
“ ဟင် ဒါက ကားလမ်းလျှောက်ပြိုင်ပွဲလား”
ကြည့်ရတာ ကထိန်လှည့်တာလည်း မဟုတ်ဘူး။ ဘာများဖြစ်နေလို့ပါလိမ့် ဟုတစ်ချက်တွေးပြီး ဘေးမှ ကားပေါ်ကို လှမ်းအကြည့်
“ အမယ် ဂတုံးမလေး တစ်ယောက်ပါလား”
ဂိုဏ်းချုပ်ကြီးပွတွေ့လိုက်တာက ဘေးကားပေါ်မှာ ဂတုံြးေ့ပာင်နေအောင်တုံးထားသော ကလေးမလေးတစ်ယောက်။ မယ်သီလရှင် လူထွက်လာတာထင်သည်။ ထို့နောက် ဟိုတွေး ဒီတွေး တွေးကာ အဆိုပါ ကားပေါ်သို့ တစ်ချက် ပြန်လှည့်အကြည့်
“ ဟမ် ဂတုံးမ မဟုတ်တော့ပါလား ဂုတ်ဝဲကြီး ဖြစ်ဝါးဘီ”
ကြည့်ရတာ ဆံပင်တု ပါပုံရသည်။ ထို့နောက် အတွေးပင်လယ်ထဲ ပြန်စီးမျောကာ နေပြန်လေ၏။ ထို့နောက် အမှတ်မထင် ထိုကားပေါ်သို့ တစ်ချက် ပြန်ကြည့်လိုက်ရာ
“ ဟမ် ဆံပင်ဖားလျားကြီး ဖြစ်ဝါးပြန်ဘီ”
ဆံပင်တု အမျိုးမျိုး ပါပုံရသည်။ ခဏကြာသော် ဒီကလေးမ ဘာဆံပင်များ ထပ်စွပ်အုံးမလဲ တစ်ချက် အကြည့်
“ အားလားလား ဆံပင်တွေ ဖြူဝါးဘီ မိစ္ဆာ မိစ္ဆာ”
ထိုစဉ် ဘေးနားမှ လူက
“ ဘယ်က မိစ္ဆာရမှာလဲ ခင်ဗျားခေါင်းပေါ် သေသေချာချာ ပြန်ကြည့်အုံး”
ဂိုဏ်းချုပ်ကြီးပွ မိမိခေါင်းကို တစ်ချက်ပြန်အကြည့်
“ ငင့် ငါပါ ဆံပင်တွေ ဖြူဝါးဘီ”
ဟင် ဆံပင်တောင် ဖြူကုန်ပြီ။ အခုထိ ဒီကားတန်းက မထွက်နိုင်သေးပါလား။ ထိုစဉ် ဂိုဏ်းချုပ်ကြီးပွတို့ ကားအနောက်မှနေ၍
“ ပွမ် ပွမ် ပွမ်”
ဟင် နောက်ထပ် ပါရမီ ကားတစ်စီး ပါလား။ ဟာ ကားပေါ်မှာ ပါလာတာက ကျန်းချွေးရွဲ။ ပြသနာပဲ။ ဒီမိစ္ဆာကောင် မမီလာခင် ဒီဟံသာဝတီ အ၀ိုင်းကနေ အမြန်ထွက်နိုင်မှ ဖြစ်မည်။ ဒီတွင် ဂိုဏ်းချုပ်ကြီးပွ ဥာဏ်သုံးရတော့သည်။ ပြတင်းပေါက် အပြင်ကို ခေါင်းထွက်၍ ခြင်္သေ့ဟိန်းသံ အတွင်းအား သုံးကာ
“ ၀မ်း အော် ၀မ်း အော် ၀မ်း အော်”
ထိုအသံ ကြားလျှင် ကြားချင်း ပိတ်ဆို့နေသော ကားတန်းကြီးမှာ ချက်ချင်းပြေလျော့သွားလေတော့သည်။ ဂိုဏ်းချုပ်ကြီးပွတို့ကားက အရှေ့မှနေ၍ မိုင်ကုန် မောင်းသည်။ ကျန်းချန်းရွဲ တို့ကားက အနောက်မှ ထပ်ချပ်လိုက်သည်။ တစ်ခါတစ်လေ ဟိုဘက်လမ်းကြောပေါ်တက်မောင်းကာ အသည်းအသန် အမှီလိုက်လာလေ၏။
“ ၀မ်း အော် ၀မ်း အော် ၀မ်း အော်”
ဂိုဏ်းချုပ်ကြီးပွ တို့ ကားဆရာမှာ လည်း ကားကို ဟိုဘက်လမ်းကြော ဒီဘက်လမ်းကြော မရွေးတော့ဘဲ အသားကုန်တင်လေသည်။ အနောက်မှ ကားကလည်း အသားကုန်လိုက်၏။ တော်သေးသည်။ သူတို့ဘာသာ အချင်းချင်း ပြိုင်မောင်း၍သာ ကျန်းချွေးရွဲ လက်မှ ဂိုဏ်းချုပ်ကြီးပွ လွတ်မြောက်သွားလေတော့သည်။
ကဲ လာပါပြီ နောက်ဆုံး အတားအဆီး။ သည် စော်ဘွားကြီးကုန်းတွင် နောက်ဆုံး အတားအဆီး ဖြစ်သော လျန်မိုခ ရှိလေသည်။ ၄င်းသည် ထိုနားတစ်ဝိုက်တွင် ဆိုင်ကယ်တက္ကစီယောင်ယောင် ကွမ်းယာသည်ယောင်ယောင်ဟန်ဆောင်ကာ နေ့စဉ်ဖြတ်သန်းလျက်ရှိသော ကုန်ကားများထံမှ ဆက်ကြေးကောက်ယူလျက်ရှိ၏။ ဟော တွေ့ပါပြီ ဒင်းကို။ လူကြားထဲ ထင်းကနဲ ဖြစ်နေသောကြောင့် လျန်မိုခ အား အထူးတလည် ရှာစရာမလို။ ကားဂိတ်ရောက်လျှင် ရောက်ချင်း ကားပေါ်မှ နေ၍ ဂိုဏ်းချုပ်ကြီးပွ လှစ်ကနဲ ခုန်ဆင်းလိုက်၏။
“ ၀ှစ်”
“ ဟင် ကျန်းဝူပွ”
“ ဟားဟား လျန်မိုခ ငါဒီအထိရောက်လာမယ်လို့ မင်းမထင်ထားဘူး မဟုတ်လား”
“ အေး ပြည်လမ်းက လာမယ်လို့ကို မထင်ထားတာ”
“ တောင်ဥက္ကလာဘက်ကလည်း ကားကြပ်တယ်ဟ”
“ ဟင် ဘာဒေလား ကြာတယ် သိုင်းကွက်ခင်း”
“ ဘယ်မလဲ ငါ့မိန်းမ အားမေ”
“ အေး မင်း သူ့ကိုတွေ့ချင်ရင် ငါ့ကို ကျော်ဖြတ်နိုင်မှရမယ်”
“ ကြိုက်ပြီလေ”
လျန်မိုခ ကား ၄င်း၏ ၀တ်ရုံထဲမှ သူ၏ နာမည်ကျော်လက်နက်အား ထုတ်လိုက်သည်။ ထိုအရာကား ခြင်ရိုက်ဘက်တံ။ ထိုဘက်တံ ဖြင့် သူ၏ ရန်သူ အပေါင်းအား ရှော့ခ်တိုက်ကာ အောင်မြင်ခဲ့ဖူး၏။ ဒါတွေကို ကြိုမြင်သော ဂိုဏ်းချုပ်ကြီးပွ မှာလည်း မိမိလျှို့ဝှက်ယူဆောင်လာသော ခြင်ရိုက်ဘက်တံ အားထုတ်ယူလိုက်သည်။
“ ယားးးး”
“ ယိစ်”
“ ဒရှု ဒရှု”
“ ဒချိ ဒချိ”
တစ်ချီတွင် လျန်မိုခ ၏ ခြင်ရီုက်ဘက်တံသည် ဂိုဏ်းချုပ်ကြီးပွအား ထိမိသွားလေသည်။
“ ဟားဟား သေပေရော့”
သို့သော် ဂိုဏ်းချုပ်ကြီးပွ ကား ဘာမှ မဖြစ်။
" ဟမ် ဘာမှလဲ မဖြစ်ပု"
“ ဟားဟား တွေ့လား ငါ့အတွင်းအား ဘယ်လောက်ကောင်းလာလဲဆိုတာ”
“ လျှောက်ပြောမနေနဲ့ မနေ့က တစ်ညလုံး မီးပြတ်လို့ အားမသွင်းလိုက်ရတာကွ တောက်”
“ ကဲ ရော့ ငါ့ ခြင်ရိုက်ဘက်တံလေး ကို မြည်းစမ်းကြည့်ပါအုံး”
“ ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ်”
“ အမလေး လိုက်တယ်ဟ အလယ်လယ် လိုက်တယ်ဟ ဂတ် ဂတ် ဂတ် ဂတ်”
“ ဟားဟားဟား မှတ်ပြီလား ဟျောင့်”
“ အမလေး ကြောက်ကြောက်ကြောက်ပါဘီ”
“ ပြောစမ်း ငါ့မိန်းမ ဘယ်မှာလဲ”
“ ဟိုဟိုဟိုမမမမှာပါ”
လျန်မိုခ ညွှန်ပြသော နေရာတွင် ဂိုဏ်းချုပ်ကြီးပွအား စိုးရိမ်တစ်ကြီး မျှော်လင့်အားကိုးစွာ ကြည့်နေသော အားမေ။
“ နေနေနေနေပါပပပပါအုံး မင်းခြင်ရိုက်ဘက်တံက ဘဘဘဘာတံဆိပ်လဲ ကေကကာင်းထှာကွာ”
“ တံဆိပ်က မင်းနဲ့ အတူတူပဲလေ ဒါမယ့် ငါက မနေ့က တစ်ညလုံး နေပြည်တော်မှာ အားသွင်းလာတာကွ ဟေးဟေး”
" အွန့်”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...