“ဘာဝယ်ခဲ့လဲ မရွှေဖဲ”
သုဝဏ္ဏက ကြက်ဘဲဈေးနား ရောက်တဲ့အခါ အနံအသက်တွေ ဘယ်ကလာမှန်းမသိတဲ့သမီးကို အတွင်းဘက်မှာ ကြက်တွေ ဘဲတွေ အရှင်ရောင်းတဲ့ လက္ကားဒိုင်ကြီး ရှိတဲ့အကြောင်းရှင်းပြရပါတယ်။ သူ့ရှေ့တင် ကားလမ်းပေါ်မှာ စက်ဘီးတွေနဲ့ ဇောက်ထိုးဆွဲသွားတဲ့ ကြက်အရှင်တွေကိုလည်းပြရတာပေါ့။ သူအိမ်မှာ စားနေတဲ့ ကြက်သားတွေဟာ အဲသည်လိုနေရာမျိုးက လာတဲ့အကြောင်းလည်းသိစေအပ်ပါတယ်။ သူက ဈေးမှမလိုက်ဘူးတာကိုး။ စီးတီးမတ်တို့၊ အိုးရှင်းတို့မှာ ဆေးကြောသန့်စင်ဖော့ကဒ်ကလေးပေါ်တင် ပလပ်စတစ်အကြည်လေးအုပ်ထားတဲ့ ကြက်သားတုံးကလေးတွေပဲ သူမြင်ဖူးလိမ့်မယ်။အိမ်မှာလည်း ကိုယ်တို့ငယ်ငယ်တုန်းကလို မနက်ခင်းဈေးဝယ်တဲ့ ဓလေ့မရှိတော့ဘူး။ သူ့ကျူရှင်ပို့ရင်းအဆင်ပြေတဲ့ဆီမှာ ဝင်ဝင်ဝယ်တာလေ။ လောကကြီးမှာ သူမသိသေးတာတွေကလည်း အများကြီး။ ကိုယ်ကမပြောပြရသးတာတွေကလည်း အများကြီး။ အဲသည်အများကြီးတွေထဲကနေ သည်တစ်ခါတော့ ကိုယ်တို့ငယ်ငယ်ကအဖွားနဲ့ ဈျေးခြင်းတောင်းဆွဲပြီး လိုက်ခဲ့ရတဲ့ ပျံကျဈေးကလေးတွေအကြောင်း ပြောပြဦးမှပါလေ။
ကိုယ်တို့ငယ်ငယ်တုန်းက အိမ်ရှင်မဆိုတာ မနက်လင်းရင် ဈေးသွားရတယ်။ အိမ်ကလူတွေမနိုးခင် ဝေလီဝေလင်းကတည်းက မီးဖိုထဲဝင် မီးမွှေး၊ ထမင်းအိုးတည်၊ ရေနွေးအိုးတည်၊ကော်ဖီဖျော်၊ ထမင်းကြမ်းကျန်ရင် ပဲပြုတ်ကလေးနဲ့ကြော်၊ ဘုရားရှိခိုးပြီးရင် ဈေးခြင်းတောင်းလေးဆွဲလို့ဈေးသွားတာပဲ။ အဲ့ဒါကြောင့်မို့လို့ ပဲပြုတ်သည်များဟာ မနက်အစောကြီး တစ်လမ်းဝင်တစ်လမ်းထွက်အော်ရောင်းကြတာ။ အသုဘအိမ်မှာ မိုးအလင်းဖဲရိုက်နေတဲ့သူများတောင် ပဲပြုတ်သည်လာပြီဆိုဝိုင်းသိမ်းရတယ်။ မနက်ဝေလီဝေလင်းအော်တဲ့ ပဲပြုတ်သည်ရဲ့အသံဟာ ကိုယ်တို့အတွက်တော့ နှိုးစက်လိုပဲအချိန်မှန်တယ်။ ကိုယ်တို့ငယ်ငယ်က မနက်ခင်း ထမင်းကြမ်းကြော်စားရင် အခုခေတ်လို ဟင်းတွေနဲ့မစားတတ်ဘူး။ ပဲပြုတ်ကလေးနဲ့ဖြစ်ဖြစ်၊ ကြက်ဥကလေးနဲ့ဖြစ်ဖြစ် ဆနွင်းရောင်ဝင်းဝင်းကလေးကြက်သွန်ဖြူနံ့သင်းသင်းကလေးနဲ့ စားတာ။ ဒါကလည်း ထမင်းကြမ်းကျန်တဲ့နေ့မှ။ အရင်နေ့က ထမင်းကြမ်းမကျန်ရင်ဈေးကပြန်လာမှ မုန့်ဟင်းခါးလေး ခေါက်ဆွဲသုပ်ကလေး စားရတယ်။ အဖွားနဲ့ ဈေးခြင်းတောင်းဆွဲလိုက်သွားရင်တော့ဈေးထဲမှာ ကိုယ်စားချင်တဲ့မုန့်ကို လက်ညှိုးထိုးလို့ စားနိုင်တယ်။ ထန်းသီးမုန့်၊ ရွှေထမင်း၊ခေါပြင်၊ မုန့်စိမ်းပေါင်း၊ မြန်မာမုန့်မျိုးစုံ ဈေးထဲမှာ ရတယ်။
ဈေးကိုရောက်ရောက်ချင်း အဖွားအရင်ဆုံး သွားလေ့ရှိတာက သားငါးတန်းပါ။အဲဒီမှာ စောစောသွားမှ ကိုယ်လိုချင်တဲ့ သားငါးဟင်းလျာ လတ်လတ်ဆတ်ဆတ်ရမယ်။ ဈေးပေါင်ကျိုးမှဆိုသူများရွေးကျန်ပဲ ရတာတဲ့။ သူတို့တုန်းက အသားငါးဝယ်ပုံကလည်း သမီးတို့လိုဆို ဝယ်တတ်မှာမဟုတ်ပါဘူး။ ဈေးမှန်၊ အလေးမှန်၊ ပစ္စည်းမှန်ဆိုတာ တော်ရုံသမ္ဘာနဲ့ လွယ်တာမှတ်လို့။ နေ့တိုင်းဝယ်နေကျရောင်းသူရော ဝယ်သူပါ တစ်ယောက်တစ်ယောက် သိနေတာပေမယ့်လည်း အမှတ်တမဲ့ဆို အမှတ်တမဲ့လို့သာအောင့်မေ့လိုက်။ ဟိုတုန်းကတော့ ရေခဲသေတ္တာဆိုတာ သူဋ္ဌေးအိမ်တွေမှာသာ ထားနိုင်တာမို့လို့လူတော်တော်များများက တစ်ပတ်စာ ဈေးဝယ်လေ့မရှိကြပါဘူး။ တစ်နေ့ချက်စရာ တစ်နေ့စာပဲ ဝယ်လေ့ရှိကြတယ်။အခါတွင်းဈေးပိတ်မယ်ဆိုမှ အခြောက်အခြမ်း၊ ကုလားပဲ၊ အာလူးကလေးတွေဝယ်ပြီး သင်္ကြန်တတွင်းလုံးဈေးမသွားပဲ ရှိတာလေးနဲ့ ချက်ပြုတ်စားသောက်တယ်။ သွားလည်း အဲသည်ရက်က အခါကြီး ရက်ကြီးဆိုတော့သားသတ်ရုံတွေ ပိတ်ပြီး အမဲ သားငါး ဘယ်သူမှ မရောင်းကြဘူးလေ။
သားငါးတန်းဆိုတာ ဈေးထဲမှာ နံနံစော်စော် အရှိဆုံးဆိုင်တန်း၊ ရေတရွှဲရွှဲ၊ဗွက်အလူးလူးနဲ့မို့ ပုဆိုးထမီ မ လျှောက်ရတဲ့အတန်း၊ ဒါပေမယ့် တစ်နေ့စာ ဈေးဖိုးပိုက်ဆံတော်တော်များများကိုသုံးပလိုက်ရတဲ့နေရာလည်း ဟုတ်ပါတယ်။ အဲသည်ဈေးတန်းထဲက ဈေးသည်တွေဟာ မုန့်ဆိုင်တန်း၊ ကုန်စိမ်းတန်းလိုကျပ်စွန်းပြားစွန်း အမြတ်ကလေး ဖြစ်ဖြစ်မြည်အောင်ရဖို့ တနေကုန်ထိုင်ရောင်းနေကြသူတွေမဟုတ်ဘူး။ အရင်းကြီးသလို အမြတ်လည်း နင့်နင့်နဲနဲ ရလို့ ရွှေလက်ကောက်ကြီး တံတောင်ဆစ်ထိဝတ်ပြီးသားစိမ်းငါးစိမ်းတွေ ကိုင်ရောင်းနေတာ။ ရန်ဖြစ်တဲ့နေရာမှာတော့ တံခွန်စိုက်ထားသူမို့မြန်မာဝေါဟာရနယ်ပယ်မှာ ငါးစိမ်းသည် လို့ ပြောလိုက်ရင် ဘယ်လိုလူကို ဆိုလိုမှန်း အားလုံးသဘောပေါက်တယ်။လက်ရဲဇက်ရဲ ရှိတဲ့နေရာမှာလည်း သူတို့ကို ဘယ်သူမှ မမီဘူး။ ဈေးခုံပေါ် ဖြတ်ဖြတ်လူးနေတဲ့ငါးကိုလက်ထဲရှိတဲ့ ကျည်ပွေ့နဲ့ ကောက်ထုလိုက်ရင် ဘယ်အကောင်မှ နှစ်ချက်စာ မရှိဘူး။ ချိန်ခွင်ပေါ်ဖတ်ကနဲရောက်တယ်။ ကိုယ့်အိမ်ကတော့ ငါးအရှင်တွေဆို ဝယ်စားလေ့မရှိဘူး။ သူတို့လည်း သွားပြောလို့မဖြစ်ဘူး။“အသေလိုချင်လို့လား။ ရော့ ဟောသည်မှာ သေပြီ။” ဆို လက်ကမြန်ချက်။ အကင်းပါးတဲ့ဈေးသည်ကျတော့ ဝယ်သူမလာခင်ကလေးတင်ကိစ္စတုံးအောင် စီရင်ထားလိုက်တော့ ကိုယ့်အတွက်ရည်ရွယ်ပြီး သတ်တာ မဟုတ်ဘူးလေ ဆို အိမ်ကလည်းဝယ်ရဲတယ်။ တကယ်တော့ ကွာတာ မိနစ်ပိုင်းရယ်။ ငါးကျည်း ငါးခူ မဟုတ်ရင်တော့ သူတို့လည်းရေခဲရိုက်တွေ ရောင်းပါတယ်။
အဲသလို ရောင်းနိုင်ဖို့အတွက် မနက်မိုးမလင်းခင်ကတည်းက ငါးဝယ်ထွက်ကြရတာငယ်ငယ်ကတော့ မသိခဲ့ပါဘူး။ ကြည့်မြင်တိုင်ကမ်းနားဈေးက ဗဟိုစံပြငါးဈေးကြီးဆိုတာမှာ သွားဝယ်ရတာ။အဲသည်မှာ ငါးဒိုင်တွေရှိတယ်။ မြစ်ဝကျွန်းပေါ်ဘက်က စက်လှေနဲ့လာတာတွေရယ်၊ ဒလ၊ ကမာကဆစ်၊ကြည့်မြင်တိုင်တဘက်ကမ်းကနေ သမ္ဗာန်တွေနဲ့ လာရောင်းတာတွေရယ်ကို ငါးဒိုင်တွေက ဝယ်တယ်။ဈေးသမားတွေက မနက်ခင်း မိုးမလင်းခင် သုံးနာရီ လေးနာရီလောက်မှာကတည်းက အဲသည်ငါးဒိုင်တွေမှာသွားဝယ်၊ တနိုင်တပိုင်ဆို အဲသည်အချိန်ထွက်တဲ့ ဘတ်စကားနဲ့။ ပစ္စည်းများရင် လေးဘီးကားငှားသယ်။ကိုယ်ရောင်းမယ့်ဈေးကို အရောက်နှင်ရတယ်။ တခါတခါမှာတော့ သန်လျင်ဘက်ကလာရောင်းတဲ့ တောသည်ဆိုတာတွေဈေးထဲမှာ တွေ့တတ်တယ်။ ရုံထဲမှာ မရောင်းနိုင်ဘူး။ ဈေးအပြင်ဘက် လမ်းပေါ်မှာ ဈေးကောက်ကလေးပေးပြီးတနိုင်တပိုင် ခင်းရောင်းတယ်။ တောသည်အစစ်ဆိုရင်တော့ ပစ္စည်းလတ်ဆတ်ပြီး ဈေးသက်သာတယ်။ မကြည့်တတ်ရင်တော့အညာမိတာပေါ့။ အမြဲရောင်းနေကျအသည်မှ မဟုတ်တာ။ ပျံကျတွေ။
ငါးသည်တွေလိုပဲ ကြက်ဘဲသည်များကျတော့ စောစောကပြောတဲ့ မေတ္တာညွန့်ထိပ်က ကြက်ဘဲဒိုင်တွေမှာ သွားဝယ်ရတယ်။ သူတို့က အသေမရောင်းဘူး။ အရှင်ပဲ ရောင်းတာ။ ဝယ်လာပြီးကိုယ့်ဘာသာ ကပ္ပိ။ ရေနွေးဖျောပြီး အမွှေးပါနှုတ်ထားရတယ်။ ဟလ္လာသမားတွေအတွက် ဟလ္လာလုပ်တတ်ရင်လုပ်၊ မလုပ်တတ်ရင် ဟလ္လာဆိုင်က လုပ်ပြီးသားဝယ်ရတာပေါ့။ ပြီးရင် ရင်ခွဲ အသည်းအူနှုတ်ပြီးရင်အသည်း အမြစ်က သပ်သပ်ရောင်း၊ အူကိုအရှည်လိုက်ခွဲ ဆားပက် ရေစင်စင်ဆေးပြီးရင် အူအထုံးကလေးတွေနဲ့အချင်းတိုင်နဲ့က သပ်သပ်ရောင်းတယ်။ လောက်ကိုင်ရောက်တော့မှ တွေ့ဖူးတာကတော့ ကြက်ဖင်ဆီဗူးကလေးတွေချည့်ပဲတစ်ရာထုပ်ကလေးတွေနဲ့ သပ်သပ်ချိန်ရောင်းတယ်။ ပြည်မထဲကလူတွေ မစားပေမယ့် အကင်ဆိုင်တွေကတော့ဖေးဗရိတ်မို့နဲ့ တူပါတယ်။ ကြက်အကောင်လိုက် အမွှေးနှုတ်ပြီးသားကို ချိန်ခွင်ပေါ်ချိန်ပြီးဝယ်တဲ့ဈေး၊ဖျက်ပြီး တုံးပြီး ကိုင်ပြီးသား ကြက်သားကို ဝယ်တဲ့ဈေး မတူပါဘူး။ စီးတီးမတ်က ဖော့ပြားပေါ်ရောက်သွားတော့နောက်တစ်ဈေးပေါ့။ ဇလုပ်ပါတာ မပါတာ၊ ရေလွတ်တာ မလွတ်တာ၊ အများကြီး စကားပြောတယ်။ ဟိုတုန်းကတော့မွေးမြူရေးကြက်လို့ခေါ်တဲ့ CP ကြက်တွေကို လူသိပ်မကြိုက်ကြပါဘူး။ ဖြူဆုတ်ဆုတ် ပွယောင်းယောင်းနဲ့ချက်လိုက်ရင် အဆီတွေထွက်လာပြီး အရသာလည်း သိပ်မရှိဘူး။ ကြော်စားဖို့သာ ကောင်းသတဲ့။ အိမ်ကတော့ဗမာကြက်လို့ခေါ်တဲ့ ကြက်ပိန်ကလေးတွေပဲ ဝယ်ချက်ပါတယ်။ အသားနည်းပေမယ့် ချိုတယ်လေ။
ကြက်သားသည်တွေလိုပဲ ဝက်သား၊ အမဲသား၊ ဆိတ်သားသည်တွေဟာလည်း စည်ပင်လိုင်စင်နဲ့သားသတ်ရုံတွေမှာ သွားဝယ်ရတာပါပဲ။ ဆင်မလိုက်မှာ ဝက်သတ်ရုံရှိတယ်။ အခု မင်္ဂလာဈေးအနားမှာတော့ဟိုတုန်းက အမဲဈေးလို့ခေါ်တဲ့ နွားသတ်ရုံရှိတယ်။ တိရိစ္ဆာန်ဆရာဝန်နဲ့စစ်ဆေးပြီး သားသတ်လိုင်စင်ရှိမှအသားပေါ်လို့ရတယ်။ ရုံထဲမှာသာ ဆိုင်ချင်းမျက်နှာချင်းဆိုင်ရောင်းတာ။ မနက်မိုးမလင်းခင်သူတို့သွားဝယ်ရတဲ့ ဒိုင်တွေက တစ်နေရာစီမှာပါ။ အမ်းမှာနေတုန်းက ရန်ကုန်မှာထက် သားဈေးငါးဈေးတွေအရမ်းသက်သာနေရတဲ့အကြောင်းကတော့ စစ်တပ်က အဲသည်သားသတ်လိုင်စင်တွေကို ထိန်းချုပ်ထားပြီးအဖိုးနှုန်းသက်သက်သာသာနဲ့ ရောင်းနိုင်ဝယ်နိုင်အောင် လုပ်ပေးထားလို့ဆိုတာ သွားတွေ့တယ်။ဘင်္ဂလားဘက်ကို မှောင်ခိုမထွက်အောင်လည်း တင်းကြပ်ထားတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းမတက်အောင်လုပ်ချင်တယ်ဆိုရင် သိပ်ခက်လှတယ်တော့ မဟုတ်ဘူး။ သူတို့လုပ်တတ်ပါတယ်။ တမင်တက်စေချင်တဲ့အခါသာလွှတ်ထားတာ လို့ သဘောပေါက်မိတယ်။ ဘယ်အရပ်မှာမဆို တပ်မိသားစုဝယ်တဲ့ဈေးကလေးတွေ သွားကြည့်အပြင်ဈေးနဲ့ ဘာမှမဆိုင်ဘူး။ ဆေးရုံမှာ ထမင်းချက်စားမယ်လုပ်တဲ့အခါတိုင်း အမ်းဈေးထဲမှာဘယ်တော့မှ မဝယ်ဘူး။ ဝေလီဝေလင်းမှာ တပ်ကဈေးသွားဝယ်တာချည့်ပဲ။ ဒိုင်ကဝယ်လာတဲ့အသားတွေကိုတော့ဆိုင်က အမဲဖျက်ပြီး ခေါင်းသပ်သပ်၊ ခြေထောက်သပ်သပ်၊ ကလီစာသပ်သပ်၊ သုံးထပ်သား၊ မိုးခိုသား၊နံရိုး၊ အသည်း၊ သူ့ဈေးနဲ့သူ အမျိုးအစားခွဲလို့ ရောင်းပါတယ်။ ရန်ကုန်ကအသည်တွေက အခေါက်ပေါ်ကအမွှေးအမျှင်တွေကိုရေနွေးဖျော ဒါးနဲ့ခြစ်ပစ်ပြီး လောက်ကိုင်ကတရုတ်တွေကတော့ မီးမြိုက်ပလိုက်ပါတယ်။ ဝယ်ပြီးပြန်ရောင်းရုံသက်သက်မဟုတ်ပဲ ကုန်ပစ္စည်းကို သန့်စင်ပြုပြင်ပြီး Processing လုပ်ရပါသေးတယ်။ အဓိကလိုအပ်တာကတော့လတ်ဆတ်သန့်ရှင်းမှုပါပဲ။ ဝယ်နေကျ အိမ်ရှင်မတွေကတော့ မြင်ရုံနဲ့ ကုန်ပစ္စည်းအရည်အသွေးကိုအကဲခတ်တတ်ပါတယ်။ အဲဒီနောက်မှာ လိုလာတာက ဝယ်သူဘက်က ဈေးဆစ်နိုင်မှု၊ အလေးပြည့်မပြည့် မှန်းဆနိုင်မှု၊ကောင်းတာလေးတွေ ရွေးယူနိုင်မှု အရည်အချင်းတွေက စကားပြောပါတယ်။
အသားဟင်းချက်စရာ တမယ်နှစ်မယ်ရရင် သူနဲ့တွဲစပ်စရာ ဟင်းသီးဟင်းရွက်ကလေးတွေလည်းဝယ်ရပါဦးမယ်။ ဒါဆို ကုန်စိမ်းတန်းကို ဆက်ရတာပေါ့။ ကုန်စိမ်းသည်တွေကတော့ သားဈေးငါးဈေးများလိုအရင်းအနှီး မကြီးလှပါဘူး။ ကီလီဈေးလို့ခေါ်တဲ့ ကုန်စိမ်းဒိုင်ကြီးတွေဆီမှာ မနက်မိုးမလင်းခင်ရောက်အောင်သွားပြီး ဝယ်ရပါတယ်။ သူကတော့ ပုပ်ကုန်သိုးကုန်မို့လို့ နေ့မကူးခင်လည်း ကုန်အောင်ရောင်းရပြန်ပါသေးတယ်။ မြန်မာအိမ်ရှင်မများအတွက် ကန်စွန်းဟင်းရံ မှိုနားတိုဆိုတာ ထွေလီကာလီအမျိုးအမည် စုံစီနဖာ များစွာဆန်းပြားလှပါတယ်။ ပျဉ်းတော်သိမ်၊ ပင်စိမ်း၊ ရှောက်ရွက်၊ကြက်သွန်မြိတ်တွေတင်မကပါဘူး။ နံနံပင်လို့ ပြောလိုက်ရင်တောင် ဗမာနံနံလား၊ တရုတ်နံနံလား၊ရှမ်းနံနံလား၊ ပူစီနံလား လို့ ပြန်မေးပါလိမ့်မယ်။ သူ့ဟာနဲ့သူ ဟင်းစပ်သုံးရတာချင်းမှမတူတာ။ ကိုယ်ချက်မယ့်ဟင်းအတွက် ဘာပါမှဖြစ်တယ်ဆိုတာ သိမှရတာပါ။ ဘယ်အိမ်ရှင်မမှ လက်ထဲမှာဝယ်စရာ ဈေးစာရင်းစာရွက်ကလေးနဲ့တိုက်ပြီး မဝယ်ပါဘူး။ ကိုယ်ချက်မယ့်ဟင်း ကိုယ့်ဘာသာသိတာကိုး။အဲ့လို စာရွက်နဲ့ဝယ်တာ အိမ်ရှင်ထီးတွေမဟုတ်ရင် များသောအားဖြင့် အိမ်အကူကလေးမလေးတွေသာများပါတယ်။
အသားငါးလည်းရပြီ။ ဟင်းရံအသီးအရွက်ကလေးလည်း ရပြီဆိုရင် အိမ်ရှင်မတွေရဲ့အတွက်အချက်ထဲမှာ အိမ်ကမီးဖိုချောင်ရဲ့ Ground Stock ကိုလည်း ပြန်စစ်ရပါပြီ။ ငရုတ်သီး၊ကြက်သွန်အိမ်မှာ ဘယ်လောက်ကျန်သေးသလဲ။ ချင်း၊ ကြက်သွန်ဖြူကရော လောက်ငှပါ့မလား။ ဆီ၊ ဆန်၊ငံပြာရည်၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ မဆလာ၊ အစရှိတဲ့ ကုန်ခြောက်တွေကရော ကုန်ခါနီးနေတာလိုနေတာတွေ မရှိဘူးလား။ အားလုံးကို စိတ်နဲ့ပြန်စစ်ရပါတယ်။ လိုရင် တခါတည်းဝယ်။ နို့မို့အိမ်ရောက်မှ တခေါက် ပြန်လာနေရမယ်။ မပါပဲနဲ့ ပြီးမှမပြီးပဲကို။ ဒါလေးက အကင်းပဲ ရှိပါသေးတယ်။တကယ့်ပညာခန်းကတော့ သည်ကနေ့ဈေးဖိုးကို ဘယ်လောက်နဲ့လောက်အောင်သုံးမှာလဲ။ ဘတ်ဂျက်နဲ့ အသုံးနဲ့အနှုတ်မပြအောင် စီမံရတာပါ။ ကိုယ်တို့အသိုင်းအဝိုင်းမှာ လက်ကိုင်ထားတဲ့ဆိုရိုးနှစ်ခုကတော့“စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဆိုတာနဲ့ “ဥစ္စာဖြို စားဖိုက” ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ပိုက်ဆံအိပ်ကြီးချိုင်းကြားညှပ်ပြီး တစ်ဈေးလုံးပတ်လို့ အားရပါးရ ဝယ်ပလိုက်မယ်ဆိုတာ အိမ်ရှင်မတိုင်းရဲ့အိပ်မက်ပါ။
အိမ်ရှင်မတွေ ဈေးဝယ်ထွက်တဲ့အချိန်ဟာ လွန်ရောကျွံရော နာရီဝက် တစ်နာရီထက်တော့ပိုကြာရိုးထုံးစံ မရှိပါဘူး။ အိမ်ပြန်ရောက်ရင် အချိန်မီ ချက်ရပြုတ်ရဦးမှာကိုး။ စားသည်ဖြစ်စေမစားသည်ဖြစ်စေ။ ဆယ်နာရီ ဆယ်နာရီခွဲဆို အားလုံး ချက်ပြီးပြုတ်ပြီး ဖြစ်ရပါတယ်။ ဆွမ်းခံကိုယ်တော်တွေလောင်းဖို့က ရှိသေးတာလေ။ ဒါကြောင့် သူတို့ဈေးပတ်ပြီး ပြန်ခါနီးဝယ်လေ့ရှိတာက အိမ်ကကလေးတွေစားဖို့မုန့်ပဲသွားရည်စာနဲ့ ဘုရားပန်းပါပဲ။ ဆန်တို့ မီးသွေးအိပ်တို့လို သူတို့မသယ်နိုင်တဲ့ပစ္စည်းတွေဆိုရင်တော့ အလုပ်သမားငှားပြီး တစ်ခါတည်း အိမ်သယ်ပို့ပေးအောင် စီမံရပါတယ်။ဒါကြောင့် မြန်မာအိမ်ရှင်မတိုင်းဟာ မနက်မိုးလင်းရင် သူတို့အိမ်နဲ့ လမ်းလျှောက်လို့သိပ်မဝေးလှတဲ့ ရပ်ကွက်ထဲက ပျံကျဈေးကလေးတွေကို နေ့စဉ်မပြတ် ဈေးဝယ်သွားကြပါတယ်။
ဒါကြီးကို ဘာလို့ တခုတ်တရ ဇာတ်ကြောင်းပြန်နေရသလဲဆိုတော့ သမီးတို့ခေတ်မှာတိမ်မြုတ်ပျောက်ကွယ်စပြုလာလို့ပါ။ အခုပဲ သမီးကို အရုပ်ရေးပြသလို သရုပ်ဖော်နေရပြီကော။သူတို့ခေတ်မှာ သူတို့ဈေးဝယ်ပုံဝယ်နည်းက ဗမာဝယ်မဝယ်ပဲ ဘိုဝယ်ဝယ်နေသလိုပါပဲ။ ဟိုမတ်သည်မတ်တွေမှာလက်တွန်းလှည်းကလေးနဲ့ လိုချင်တာကောက်ထည့်၊ ကောင်တာမှာ တန်းစီငွေရှင်းတဲ့စံနစ်နဲ့ပဲဝယ်ကြတော့တယ်။ ကြက်သွန်မြိတ်ကလေး သုံးပင်လောက်ပတ်စည်းထားပြီး ၂၀၀ိ/ လို့ စာတမ်းကပ်ထားပေမယ့်လည်းမီးနီကလေးလင်းနေတဲ့ဆီမှာ တီကနဲ မမြည်ရင် Frozen Counter က တစ်ယောက်လောက် လာပါဦး။Code No ဘယ်လောက်လဲလို့ မေးပြီး နံပတ်ရိုက်ထည့်မှ ငွေချေလို့ရတယ်။ တစ်နဲ့တစ်ပေါင်းနှစ်ဖြစ်လည်း ကွန်ပြူတာကြီးက တွက်မပေးမချင်း နှစ်လို့ မမှတ်ရသေးဘူး။ ဝယ်လာတဲ့ပစ္စည်းမှာရက်လွန်သက်တမ်းပါပေမယ့်လည်း ဘယ်နှစ်ခါ ပြင်ကပ်ထားပြီးသားမှန်းလည်း မသိဘူး။ (ဒါမျိုးမလုပ်ဘူးလို့တော့ကက်ကက်လန်ပြန်ပြောပါလိမ့်မယ်) သည်နေ့ရောင်းမကုန်တဲ့ပစ္စည်းတွေကို နောက်တနေ့ဘယ်လိုစီမံပစ်သလဲဆိုတာဘယ်သူမှ မသိနိုင်ဘူး။ နေပြည်တော်က အိုးရှင်းမှာ ဈေးဝယ်တော့ တော်တော်အံသြသွားတယ်။ အရမ်းခမ်းနားလွန်းတဲ့မဟာ့မဟာဈေးဆိုင်ကြီးမှာ ဘယ်အရာမှ လိုလေသေးမရှိရအောင် စုံလင်စွာခင်းကျင်း ရောင်းချထားတယ်။တစ်ဆိုင်လုံးမှာ ဝယ်သူက ကျိုးတို့ကျဲတဲရယ်။ လင်ခရူဆာကြီးနဲ့ မိန်းမငယ်ငယ်လေးနဲ့ ဈေးလာဝယ်တဲ့ကိုယ်တို့ဘဘကြီးမိသားစုကိုတော့ တွေ့လိုက်မိပါတယ်။ အဲ့လိုလူတွေလောက်ပဲ လာဝယ်ပုံရပါတယ်။ကိုယ်တို့ကတော့ ဧည့်သည်ဆိုတော့ ချက်ပြုတ်စားစရာတွေ မဝယ်ပါဘူး။ ဒါပေသိ တဆိုင်လုံးမှာတင်ရောင်းထားသမျှ သစ်သီးဝလံ၊ သားငါးဟင်းလျာတွေတင်မကပါဘူး။ အသင့်ချက်ပြီး စားမြိန်ရိက္ခာများပါလတ်ဆတ်သန့်ရှင်းစွာ ရောင်းချထားပါတယ်။ ကိုယ့်စိတ်ထဲမှာ စဉ်းစားလို့မရတာက အဲသည်ပစ္စည်းတွေရောင်းမကုန်တဲ့အခါ (အကုန်ရောင်းပလိုက်ရတယ်။ လက်ကျန်တောင် မရှိဘူးဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်။) သူတို့ ဘယ်လိုစီမံကြသလဲ။ ဂျပန်ကိုရောက်တုန်းကလည်း အဲသည်က စူပါမားကက်တွေမှာသည်လိုပဲ ရောင်းကြပါတယ်။ ထူးခြားတာက အသင့်စားသုံးရုံ ထမင်းဟင်းလျာ အစားအစာများကိုပါအမည်စုံစွာ ရောင်းချထားပါတယ်။ အားလုံးမှာ အသင့်ကပ်ပြီး ဈေးနှုန်းများနဲ့ပါ။ ဒါပေမယ့်သားသားတို့အကြိုက် မွန်းလိုက်ကတော့ ညနေအလုပ်ကပြန်လာပြီး ၇ နာရီ ပတ်ဝန်းကျင်လောက်မှာအဲသဟာတွေ သွားဝယ်ရင် ထက်ဝက်ဈေးနှုန်းလောက်နဲ့ ရနေပါပြီ။ အနံ့အသက်လည်း မရှိဘူး။ ဟော်တယ်ရောက်လို့မိုက်ကရိုဝေ့ဖ်ထဲထည့်လိုက်ရင် ပူပူနွေးနွေးနဲ့ မူလအရသာအတိုင်း သုံးဆောင်နိုင်ရော။ ကိုယ်တို့ဆီမှာတော့များစွာသော ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာအမျိုးမျိုးကို မကုန်နိုင်မခမ်းနိုင် အမြင်လှလှတင်ရောင်းပြီး ရောင်းမကုန်ရင် အကုန်လွှင့်ပစ်လိမ့်မယ် လို့တော့ မထင်ပါဘူး။
အမှန်အတိုင်းပြောရရင် ကိုယ်တို့အမေအိမ်ရော၊ ယောက္ခမအိမ်မှာပါ ဟိုတုန်းကပုံစံမပျက်ဈေးဝယ်ထွက်ကြပေမယ့် ကိုယ်တို့ သားအမိသားအဖတွေ ဈေးဝယ်ရင်တော့ လွယ်လွယ်ကူကူ အဲ့လိုလက်တွန်းလှည်းကလေးနဲ့ပဲဝယ်ဖြစ်တာများပါတယ်။ တန်လည်းမတန်၊ ကောင်းလှတယ်လည်း မဟုတ်၊ (မကောင်းဘူးလို့တော့ မဆိုလိုပါဘူး)ပိုက်ဆံကို ကိုယ့်ဘယ်လောက်ရှိလို့ ရှိမှန်းမသိ။ ကိုယ်ဘယ်လောက်သုံးလို့ သုံးမှန်းမသိ။လိုချင်တာတွေ တစ်နေရာတည်း အကုန်ရခဲ့ရင် ပြီးရောပေါ့။ ဆိုပြီး ဝယ်တဲ့သူများနဲ့သာ သင့်တော်တယ်ထင်ပါတယ်။ ကိုယ့်သမီးကျရင် ဈေးဆိုတာ အဲ့လိုဝယ်ရတာလို့ စိတ်ထဲမှာ မှတ်သွားမှာလည်း စိုးမိပါသေး။မဝယ်ကာမှ နေရော၊ မချက်ကာမှ နေရော၊ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာဆိုတာ ဝင်းဦးကားထဲကလိုဘုရားလေးရှိခိုးပြ၊ ထမင်းအိုးလေးငှဲ့ပြရုံနဲ့ မပြီးသေးဘူး။ ကိုယ့်မိသားစု အိမ်ထောင်တစ်ခုလုံးကိုအစစအရာရာ စီမံခန့်ခွဲတတ်ဖို့တော့ လိုသေးတယ် လို့ သိစေချင်ပါသေးတယ်။ ရှင်ဘုရင်ဖြစ်မယ့်မဂဒူးတောင် ကြွေစေ့တစ်စေ့နဲ့ ဟင်းနုနွယ်စေ့ တစ်လက်ညှိုးစာ ရအောင် ဝယ်တတ်သေးတာပဲဟာ။ရောင်းရေးဝယ်တာမှာ တန်ရာတန်ကြေးကိုလည်းသိ၊ ကုန်ပစ္စည်းအရည်အသွေးကိုလည်းကြည့်။ ဝင်ငွေထွက်ငွေနဲ့လည်းညှိတတ်အောင် ဈေးဝယ်လေ့ကျင့်ခန်း သင်ခန်းစာပေးလိုက်ရပါတယ်လေ။
Soe Min
0 comments:
Post a Comment